23 01
အခန်း ၂၃
သူမသည် အသက် ၅၀ ခန့်သာရှိသေးသော်လည်း ဆံပင်များသည် ဖြူလို့နေပြီး ပါးရေနားရေများပင် တွန့်နေလေသည်။ တစ်စုံတစ်ဦးသည်သာ သူမကို အသက် ၆၀ ဟု ပြောမည်ဆိုလျှင်တောင် ယုံနိုင်ကြမည် မဟုတ်ပေ။
ထိုသူ၏ဘဝသည် ဖြောင့်ဖြူးသာယာခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်ဟု မြင်သူတိုင်း ပြောနိုင်သော အခြေအနေမျိုးဖြစ်သောကြောင့် အန်းရှသည် ထိတ်လန့်မိလေသည်။
ထိုအမျိုးသမီးသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်မှတဆင့် သူမမြင်တွေ့ခဲ့ဖူးသော သူနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် များစွာကွဲပြားနေလေသည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်တော့ သူမသည် ပန်းလေးတစ်ပွင့်ကဲ့သို့ပင် လှပချောမောလှသူ ဖြစ်သည်။
သူမသည် ပညာသိပ်မသင်ခဲ့ရဘဲ မြို့သူတစ်ဦး မဟုတ်ခဲ့သော်လည်း လှလှပပ ဝတ်စားဆင်ယင်ရခြင်းကို တပ်မက်သူဖြစ်လေသည်။
သို့သော် အန်းရှ၏ အရှေ့တွင်ရပ်နေသော ထိုအမျိုးသမီးသည် လှလှပပ ဝတ်စားပြင်ဆင်မှုတို့နှင့် လားလားမျှ မသက်ဆိုင်သူတစ်ဦးကဲ့သို့ ဖြစ်နေလေတော့သည်။
ထိုအမျိုးသမီး၏ ဆံပင်များမှာ ဖြူနေ၍ ကောက်လိမ်နေသည့်အပြင် အသားအရည်မှာလည်း ကြမ်းတမ်း၍ ဝါညစ်နေလေသည်။ သူမ၏ ရုပ်ဆင်းသွင်ပြင်သည် ချောမောလှပနေသည် ဆိုလျှင်တောင် သူမ၏အတွင်းစိတ်သည် အိုမင်းကြမ်းတမ်းနေပြီ ဖြစ်သောကြောင့် ခပ်ဝဝအန်တီဝမ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် များစွာနိမ့်ပါးနေတော့သည်။
အန်တီဝမ်သည် အသက်အရွယ်အားဖြင့် ပို၍ငယ်ရွယ်လေသည်။
မူလပိုင်ရှင်၏အမေသည် သူမကို ဆူနေသည့်အချိန်တွင် အန်းရှသည် ကြက်သေသေနေလျက် မည့်သည့်စကားကိုမျှ ပြန်မပြောခဲ့ပါ။ “နင် ဒီကို ဘာလာလုပ်တာလဲ။ နင် ငါတို့ကို အထင်သေးနေတာ မဟုတ်ဘူးလား။ နင် ငါတို့အိမ်ကို ပြန်မလာချင်တော့ဘူးမလား။ အခု ဘာလာလုပ်တာလဲ”။
“သမီးက…”
အန်းရှသည် မျက်နှာပင် နီမြန်းလာ၍ မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေလေသည်။
သူမသည် မည်သို့ ပြန်ဖြေရမည်ကိုပင်မသိခဲ့ပါ။ အမှန်တကယ်ဆိုလျှင် မူလပိုင်ရှင်၏ ကိုင်တွယ်ဖြေရှင်းနည်းမှာ လက်မခံနိုင်ဖွယ်ရာ ဖြစ်သည်ကိုတော့ သူမလည်း ခံစားမိလေသည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူမ၏ မိဘများနှင့် ဆွေမျိုးများသည် သူမကို လွန်စွာ ချစ်မြတ်နိုးကြလေသည်။
မူလပိုင်ရှင်သည် မိသားစုဝင်များထဲတွင် အချစ်အခံရဆုံးသော ကလေးတစ်ယောက်ဟုပင် ဆိုနိုင်လေသည်။ တစ်မိသားစုလုံးမှ ချစ်မြတ်နိုးရဆုံးသော ထိုကလေးသည် သူမကိုမချစ်ခင်သော ယောက်ျားတစ်ယောက်ကြောင့် မိသားစုကိုစွန့်ပယ်ခဲ့၍ သူတို့ကို အထင်အမြင်သေးခဲ့လေသည်။
မူလပိုင်ရှင်သည် ထိုကဲ့သို့ မပြုလုပ်ခဲ့သင့်ပေ…။
“လျိုချင်း…ကလေးကို မဆူပါနဲ့တော့။ သူအခု အိမ်ပြန်လာပြီပဲဟာကို။ ကြည့်ပါဦး…သူ ရှင်တို့အတွက် လက်ဆောင်တွေလည်း အများကြီးဝယ်လာတာကို”။
အမေနှင့် သမီးဖြစ်သူကြားတွင် အခြေအနေတင်းမာနေသောကြောင့် အန်တီဝမ်ကပင် ကြေအေးစေရန် လုပ်ဆောင်လိုက်လေသည်။
သူမ၏စိတ်ထဲတွင်တော့ အန်းရှအမေ၏လုပ်ရပ်က မှန်ကန်သည်ဟု ခံစားမိသည်။
ကောလိပ်တတ်စေရန် လွှတ်လိုက်သော မိန်းမငယ်လေးသည် ဘွဲ့ရပြီးသည်နှင့် ချက်ချင်းဆိုသလို လက်ထပ်ခဲ့ပြီးနောက် အိမ်ကိုပင် ပြန်မလာခဲ့တော့ချေ။ သူမသည် လက်ထပ်ပွဲသို့ သူမ၏ မိသားစုကိုတောင် မဖိတ်ခေါ်ခဲ့ပါချေ။
သူတို့၏သမီးဖြစ်သူသည် မည်သူနှင့် လက်ထပ်လိုက်သည်ကိုပင် သူတို့မသိခဲ့ရပေ။ ထိုဆင်းရဲနွမ်းပါးလှသော လင်မယားသည် သူတို့ကိုလက်ညှိုးငေါက်ငေါက်ထိုးနေကြ၍ သူတို့၏နောက်ကွယ်တွင် ပြောနေကြသော အတင်းအဖျင်းများကြောင့် ခေါင်းပင်မတ်မတ် မမော့ရဲခဲ့ဘဲ ဒုက္ခဆင်းရဲနှင့် ကြုံတွေခဲ့ရသည်။
23 02
ထိုအကြောင်းအရာများကို တွေးမိလိုက်သောအခါ သူမသည် အိမ်ကို ငါးနှစ်မျှကြာအောင် ပြန်မလာခဲ့ဘဲ လက်ဆောင်များ သယ်ဆောင်သွားခဲ့ခြင်း မရှိလျှင်တောင် သူတို့၏ သမီးပင်ဖြစ်သည်ဟု ခံစားမိလိုက်လေသည်။
“ရှရှ…မင်းအမေကို မြန်မြန်တောင်းပန်လိုက်လေ။ ဒီနှစ်တွေအတွင်း မင်းမိဘတွေ ဘယ်လောက်တောင် ခက်ခဲနေရလဲဆိုတာကို မင်း သိမှာမဟုတ်ဘူး”။ သစ်သားချောင်းကြီးကဲ့သို့ တောင့်တောင့်ကြီးရပ်နေသော အန်းရှကို အန်တီဝမ်က ဆွဲခေါ်လိုက်လေတော့သည်။
အန်တီဝမ်၏ တိုက်တွန်းမှုဖြင့် အန်းရှသည် မျက်နှာများပင် နီမြန်းသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ “အမေ…အမေ…သမီး တောင်းပန်ပါတယ်…အားလုံး သမီးရဲ့အမှားတွေပါ…စိတ်မဆိုးပါနဲ့”။
ယခင်ရှင်သန်ခဲ့ရာ ဘဝတွင်တော့ အန်းရှသည် သူမ၏အိမ်တွင် လေထုကဲ့သို့သာ မရှိသကဲ့သို့ နေထိုင်ခဲ့သူဖြစ်သည်။
သူမ၏ မိဘများသည် လွန်စွာအလုပ်များသူများ ဖြစ်လေသောကြောင့် သူမသည် မိဘများနှင့်ပတ်သက်၍ ခံစားချက် သိပ်မရှိသူ ဖြစ်လေသည်။ ထို့ကြောင့် မိဘများနှင့် ပြောဆိုဆက်ဆံရာတွင် အတွေ့အကြုံနုနယ်လှသည်။
သို့သော်လည်း သူမတွင် ထိုအရာနှင်ပတ်သက်၍ ခံစားချက်များတော့ ရှိလေသည်။ မူလပိုင်ရှင်၏ မိခင်သည် သူမကို ဆူပူကြိမ်းမောင်းနေမှုမှတဆင့် ပြင်းထန်သော ခံစားချက်တစ်ခုကို ရရှိလိုက်လေသည်။
ရိုက်နှက်ခြင်းသည် နာကျင်စေချင်ခြင်း ဖြစ်ပြီး ဆူပူကြိမ်းမောင်းခြင်းသည် ချစ်ခြင်းမေတ္တာကို ပြသခြင်းဖြစ်လေသည်။ မူလပိုင်ရှင်၏အမေသည် သူမကို မချစ်ဘူးဆိုလျှင် သူမသည် ဤကဲ့သို့ ပြုမူနေမည်ပင် မဟုတ်ပါ။
မူလပိုင်ရှင်၏ အမေဖြစ်သူထံမှ ထိုကဲ့သော ပြင်းထန်သော ခံစားချက်မျိုးကို ကြုံတွေ့လိုက်ရသောကြောင့် အန်းရှသည် တွန့်ဆုတ် ကြောက်ရွံ့မိတော့သည်။
သူမ၏ အပေါ်ယံဆန်သော တောင်းပန်မှုကြောင့် သူမ၏ အမေဖြစ်သူကို ပိုမို၍စိတ်ဆိုးသွားစေတော့သည်။ “ကောင်မစုတ်…နင်ဘာလို့ အရမ်းကို ရက်စက်နိုင်ရတာလဲ။ နင် အိမ်ကို ပြန်မလာတာ ငါးနှစ်တောင်ရှိနေပြီ။ နင် ဒီမိသားစုနဲ့ မပတ်သက်ချင်တော့တာနဲ့ပဲ ဒီလောက်အကြင်နာမဲ့ရလား”။
သူမသည် လက်ရွယ်လိုက်၍ အန်းရှ၏လက်မောင်းကို ရိုက်လေတော့သည်။ အန်းရှသည် နာကျင်မှုကြောင့် တစ်စုံတစ်ရာ မတုံ့ပြန်လိုက်ခင်မှာပင် မူလက မျက်ရည်ဝဲလျက်ရှိသော အမေဖြစ်သူ၏ မျက်လုံးများမှ မျက်ရည်များကျဆင်းလာတော့သည်။
သူမသည် အန်းရှကို စိုက်ကြည့်နေရင်းဖြင့်ပင် မျက်ရည်များကို သုတ်လိုက်သည်။
အန်းရှသည် ပို၍ပင် စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။
“အမေ…အမေ…မငိုပါနဲ့တော့။ သမီးအမှားပါ…သမီးမှားသွားပါတယ်။ နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး”။
သူမလည်း ငိုချင်လာတော့လေသည်။
“ဟုတ်ပါပြီ…ရှရှအမေရယ်။ မငိုပါနဲ့တော့။ အန်းရှလည်း အခု အိမ်ပြန်ရောက်နေပြီမလား။ စိတ်ကို အရမ်းတင်းမထားပါနဲ့တော့”။
သူတို့သည် ခံစားချက်များကို မထိန်းချုပ်နိုင် ဖြစ်နေသော အန်းကတော်ကို နှစ်သိမ့်နေစဉ်တွင် လျှောက်လမ်းဆီမှ အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။ “ဘာဖြစ်တာလဲ…ဘာဖြစ်ကြတာလဲ၊ မိန်းမ…မင်း ဘာဖြစ်လို့ ငိုနေတာလဲ”။
အန်းချောင်ရှုန်းသည် ဆားအနည်းငယ် သွားဝယ်နေခဲ့ခြင်းဖြစ်ပြီး သူပြန်ရောက်လာသောအခါ တံခါးဝတွင်ငိုနေသော မိန်းမဖြစ်သူကို တွေ့မြင်လိုက်ရလေသည်။
“ဦးလေးအန်း…မြန်မြန်လာပြီး လျိုချင်းကို ဖျောင်းဖျပေးပါဦး။ ရှရှပြန်လာပြီလေ။ ရှင်တို့ ပျော်ရွှင်သင့်တာပေါ့”။
အိမ်နီးချင်းထံမှ ထိုစကားကို ကြားလိုက်ရသောအခါ အန်းချောင်ရှုန်းသည် ငါးနှစ်ခန့်ကြာအောင် မတွေ့ခဲ့ရသော သူ့သမီးဖြစ်သူ အိမ်ပြန်ရောက်နေသည်ကို တွေ့လိုက်ရတော့သည်။
မူလက သူ့ဇနီးကြောင့် စိတ်ပူနေရာမှ ရုတ်တရက် မှင်သက်သွားလေသည်။
23 03
သူသည် ငါးနှစ်မျှကြာအောင် မတွေ့မြင်ခဲ့ရသော သမီးဖြစ်သူကို အံ့သြစွာ စိုက်ကြည့်နေရင်း ချက်ချင်းဆိုသလိုပင် သူ၏လက်များသည်ပင် တုန်ခါလာပြီး မျက်လုံးများမှာလည်း နီစွေးလာတော့သည်။
“ရှရှ…ရှရှ သမီး တကယ်အိမ်ပြန်လာတာလား..အဖေ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်”။
ထိုသူ၏မျက်နှာတွင် ဖခင်မေတ္တာများဖြင့် ဖုံးလွှမ်းသွားလေသည်။ သူသည် သူမကို အန်းရှဟူ၍ ကြင်ကြင်နာနာ ခေါ်လိုက်သောကြောင့် အန်းရှသည် နေထိုင်ရပင် ခက်သွားလေသည်။
“ဟုတ်တယ်အဖေ…သမီးက ရှရှပါ။ သမီးတကယ် ပြန်ရောက်လာတာပါ”။ သူမသည် တွေဝေခြင်းမရှိဘဲ ပြန်ပြောလိုက်လေသည်။
အန်းချောင်ရှုန်းသည် သူ၏လက်ကို ကတုန်ကယင်ဖြင့် မြှောက်လိုက်၍ ယခင်တုန်းကကဲ့သို့ အန်းရှ၏ ဦးခေါင်းကို ပုတ်လိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ကြမ်းတမ်း ညိုမဲနေသော လက်ဖဝါးကို မြင်လိုက်ချိန်တွင် တုံ့ဆိုင်းသွားလေတော့သည်။
“ဟုတ်ပါပြီ…အရင်ဝင်ခဲ့ပြီးမှ ဆက်ပြောကြတာပေါ့။ ငါတို့ အိမ်နီးချင်းတွေကို နှောင့်ယှက်နေသလို ဖြစ်နေပြီ”။
နောက်ဆုံးတွင်တော့ အန်းရှသည် အိမ်တံခါးဝမှ အောင်မြင်စွာ ဖြတ်သန်း ဝင်ရောက်နိုင်သွားပြီ ဖြစ်သည်။
မူလပိုင်ရှင်၏ မိခင်ဖြစ်သူသည် မျက်မှောင်ကြုတ်လျက် ရှိနေသော်လည်း သူမနားလည် သဘောပေါက်မိပါသည်။
မူလပိုင်ရှင်သည် တရားလွန်လှလေသည်။ သူမသည် တစ်ခွန်းမှ မပြောခဲ့လေဘဲ လက်ထပ်ခဲ့သလို သူမလက်ထပ်လိုက်သူကိုလည်း မိဘများကို အသိမပေးခဲ့ချေ။