အခန်း ၂၄၇ ။ ဆရာနဲ့တပည့် ပြန်ပေါင်းစည်း
လေးရက်အကြာ။
“စားဖိုမှူး”
“ဆရာ”
“ဘာတွေဖြစ်နေတာလဲ”
“ဒါ… ကျွန်တော်လည်း မသိပါဘူး၊ ဖြစ်နိုင်တာက မိစ္ဆာနတ်ဘုရားပြောသလိုမျိုးပဲဖြစ်မယ်ထင်တယ်၊ ကောင်းကင်မြေအောက်ဘုံက သုံးဘုံရဲ့လောကတွေထဲ အကြီးဆုံးဖြစ်ပြီး သေမျိုး၊ အမတဘုံတွေနဲ့ ကွာခြားတယ်လေ၊ ဒါကြောင့် တချို့ပြောင်းလဲမှုတွေကတော့ မျှော်လင့်ထားရမှာပဲ”
“ဖြေရှင်းဖို့နည်းလမ်းရှိလား”
“ဒါက… ဒါက အတော်လေးတော့ခက်လောက်တယ်၊ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်မြေအောက်ဘုံလေ၊ ကျွန်တော် သေမျိုး ဒါမှမဟုတ် အမတဘုံဆီပြန်သွားမှပဲ ပြောင်းလို့ရလောက်တယ်”
“အော် ဒါဆို ငါတို့ဘာလုပ်ကြမလဲ”
“ကျွန်တော် အရင်လို ဖြစ်အောင် အကောင်းဆုံး ကြိုးစားပါ့မယ်”
“အိုး ဒါဆိုလည်းကံကောင်းပါစေ” ရှန်းရင် ခေါင်းညိတ်ပြီး ကလေးလေးရဲ့ပခုံးကိုပုတ်လိုက်တယ်။
“ကောင်းကင်ဘုံမှာက ဝက်၊ နွားနဲ့သိုးတွေလို တိရစ္ဆာန်လေးတွေ မရှိဘူး၊ ငါဒီမှာစားရတာ နေသားမကျဘူး”
“ဟုတ်ကဲ့ဆရာ” ခုံရှည်နှစ်ခုံဆင့်မှ မီးဖိုကို မှီတဲ့ယိချင်းက အသည်းအသန်ခေါင်းညိတ်လိုက်တယ်။ သူက ယောက်မကို ခက်ခက်ခဲခဲကိုင်ကာ ပြောလိုက်တယ်။
“ဒီနဂါးအသူတစ်ရာချောက်နက်ရဲ့ ဝိညာဉ်ဝက်က တင်းမာတဲ့အသားရှိပြီး အဆီ လုံလုံလောက်လောက်ပါတယ်၊ ကျွန်တော် သူ့ကို ဝက်သားအရသာနဲ့တူအောင် သေချာပေါက်လုပ်နိုင်မှာပါ”
“ကောင်းပြီလေ နင့်ကိုလွှဲထားလိုက်တော့မယ်”
“ဟုတ်”
“အော် ဟုတ်သား၊ ငရုတ်သီးပိုထည့်နော်၊ ငါ့စားစရာတွေကိုစပ်တာကြိုက်တယ်”
“ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူးဆရာ” တစ်စုံတစ်ယောက်သောလူက ယောက်မကို အားပိုထည့်ဝှေ့ယမ်းတော့တယ်။
ကြည့်နေသော ကျောင်းလုံ ။ ။ “…”
ဒီနှစ်ယောက် ဘာလုပ်နေကြတာလဲ။ လုံကျန်းသားက သက်သာလာအောင် အနားယူနေသေးတာ မဟုတ်ဘူးလား။ ဘာလို့ လှုပ်နိုင်ပြီဆိုတာနဲ့ ဒီကိုပြေးလာရတာလဲ။ ဘာလို့ အဲဒီအိုးခွက်ပန်းကန်တွေနဲ့ ဟင်းချက်ဖွယ်ရာတွေအားလုံးကို ယူလာရတာတုံး။
ပြီးတော့ ကြီးမြတ်တဲ့နတ်ဒေဝါကရော ဘာဖြစ်နေတာလဲ။ သူက ဘာရှက်ရွံ့မှုမခံစားရတဲ့အပြင် ဘေးကနေ ပန်းကန်လုံးတောင်ကိုင်ထားပြီး ကြည့်နေတယ် သူမက သွားရည်တောင်ကျနေတာပဲ ဟေး အဲဒီ ကျွမ်းကျင်တဲ့ အမိန့်ပေးသံကရောဘာလဲ။
သေချာကြည့်ပါဦး အိုးထဲမြုပ်လုနီးပါးဖြစ်နေတဲ့လူက ကလေးတစ်ယောက်နော်၊ သူက ကလေးတစ်ယောက် အသိစိတ်လေးဘာလေး မထိခိုက်ဘူးလား။
“ဆရာ ပြီးသွားပါပြီ” ယိချင်းက ယောက်မနဲ့မွှေတာရပ်ပြီး လက်နှစ်ဖက်လုံးနဲ့ သူ့ကိုယ်ထက်တောင် ကြီးတဲ့ပန်းကန်ကို မလိုက်တယ်။
“ကောင်းပြီလေ စားကြစို့” ရှန်းရင်လည်း မတ်တပ်ရပ်ပြီး ချက်ပြုတ်ထားတဲ့ ဟင်းပွဲတချို့ကို ကောက်ယူလိုက်တယ်။ သူမ အပြင်ထွက်ဖို့လုပ်ပေမဲ့ တံခါးဝမှာ အူကြောင်ကြောင် ရပ်နေတဲ့ ကျောင်းလုံကိုတွေ့သွားတယ်။
“မြွေနဂါးရှည်၊ ငါတို့ကို ဟင်းပွဲတွေ ကူပြီးတည်ခင်းပေးပါဦး”
“အိုး…” ကျောင်းလုံ အလိုလိုတုံ့ပြန်မိပြီး အထဲဝင်လာကာ မီးဖိုပေါ်ကတခြားဟင်းပွဲတွေကို ကောက်ယူလိုက်တယ်။ သူ တံခါးအပြင်ထွက်တော့မို့ရှိသေး တစ်စုံတစ်ယောက်သောကလေး ဟင်းချက်နေပုံကို သတိထားမိသွားတယ်။ ကလေးက ခွေးခြေခုံရှည်ပေါ်ရပ်နေပြီး အောက်က မြေကြီးကို ကြည့်နေကာ သူ့မျက်နှာကတော့ အထုပ်လိုမျိုးတွန့်လိမ်ကောက်ကွေးနေတယ်။ သူ… ဆင်းလာလို့ မရတာလား။
ကျောင်းလုံ အမြန် လက်ထဲကပန်းကန်တွေကိုချပြီး သူ့ကိုလက်ယမ်းပြလိုက်တယ်။
“မင်းဆင်းဖို့ ကူညီပေးရ…” မလား။
သူစကားတောင် မဆုံးသေး လက်လေးက ရုတ်တရက် ယမ်းသွားပြီး လက်သိုင်းကွက်တစ်ခု ထုတ်လေတယ်။ အဖြူရောင်အမတဓားတစ်ချောင်းက သူ့ခြေထောက်အောက် ပေါ်လာပြီး ဓားကိုစီးကာ ပျံသန်းသွားတော့တယ်။ နောက်အခိုက်အတန့်မှာ တည်ကြည်ပေမဲ့ နူးညံ့တဲ့အသံတစ်သံ ထွက်လာတယ်။
“ဆရာ ဒီဝိညာဥ်ဝက်ကောင်လုံးကြွပ်ကြွပ်ကြော် စားကြည့်ပါ”
လက်ဆန့်ထုတ်ထားဆဲ တစ်ကောင်သောနဂါး ။ ။ “…”
နဂါးမျိုးနွယ်က ကလေးတွေက မွေးမွေးချင်းဓားပျံစီးတတ်ကြတာလား။
ကျောင်းလုံ တစ်ခဏတာ မှင်တက်သွားပြီး နောက်ဆုံးတော့ မီးဖိုပေါ်က ဟင်းပွဲတွေကိုကောက်ယူခဲ့ကာ အိမ်ထဲဝင်လာခဲ့တယ်။
အိမ်ထဲမှာတော့ နှစ်ယောက်က ထိုင်နေပြီ။ သူတို့က တကယ်ဗိုက်ဆာနေတာပဲ ဖြစ်ရမယ်။ ရှန်းရင်က အလင်းလိုအရှိန်နဲ့ စစားသောက်နေပြီး စားပဲပေါ်က ပန်းကန်ဆယ်ခုကျော်လောက် ဝါးပြီးပြီ။
အရသာရှိတယ်၊ အရသာရှိတယ်၊ အရသာရှိတယ်…။
ဘေးမှာထိုင်နေတဲ့ စားဖိုမှူးက ပန်းကန်လုံးအလွတ်ကို ကိုင်ထားပြီး လက်ကိုဆန့်ထုတ်ကာ ထမင်းအိုးဆီ ရောက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူ့အရပ်ကြောင့် ဘယ်လောက်ကြိုးစားကြိုးစား မမှီ။ သူ မျက်မှောင်ကြုတ်ပြီး ထိုင်ခုံပေါ်ထိုင်ချကာ ထမင်းအိုးကို သူ့ဆီဆွဲယူကာ ခက်ခက်ခဲခဲ ခူးလိုက်ရတယ်။ နောက်တော့ တစ်ဖက်လှည့်ပြီး ဘေးကလူဆီ ပေးလိုက်တဲ့ပုံစံက သဘာဝကျချက်ပဲ။
“ဆရာ၊ ထမင်း”
“အော်” တစ်ယောက်သောသူက အရှက်မဲ့စွာ ယူပြီး ပျော်ရွှင်စွာနဲ့ စားသောက်တော့တယ်။
ကျောင်းလုံ ။ ။ “…”
ဘာလို့ ဒီမြင်ကွင်းက သူကြည့်လေ ထူးဆန်းဖို့ကောင်းလာလေဖြစ်လာတာလဲ။ တကယ်ဆို ပြောင်းပြန်ဖြစ်ရမှာ မဟုတ်ဘူးလား။
နှစ်နာရီအကြာ…။
နောင်ဆုံးတော့ ဗိုက်ပြည့်သွားတဲ့ တစ်ယောက်သောသူက စားပွဲပေါ်မှောက်နေလေပြီ။ ထင်ထားတဲ့အတိုင်း စားဖိုမှူးက ရက်ရှည်ခရီးတွေအတွက် မရှိမဖြစ်ပဲ။
“ဒီဝိညာဉ်ဝက်ကောင်လုံးရဲ့အရသာက အတော်လေးကောင်းတာပဲ၊ တကယ်လို့ ငါတို့ ကောင်းကင်မြေအောက်ဘုံမှာ အမဲသား၊ သိုးသားဘာညာ ရှာမတွေ့ရင် တစ်ခါမှမစားဖူးတဲ့ ပင်လယ်စာတွေ ရှာလို့ရတာပဲ”
“ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ” ထိုင်ခုံပေါ်ထိုင်နေတဲ့ တစ်ယောက်သောသူက မှတ်စုစာအုပ်ထုတ်ပြီး ‘ပင်လယ်စာ’ ဆိုတဲ့စာလုံးကို ရေးလိုက်တယ်။
“အော်၊ ဟုတ်သားပဲ၊ ယုန်၊ ကြက်သား၊ ဘဲနဲ့ တခြားတိရစ္ဆာန်လေးတွေလည်း ရှိတယ်…”
ကလေးက သူမပြောသမျှကို သူ့မှတ်စုစာအုပ်လေးထဲ ဆက်ချရေးနေတယ်။
“မစိုးရိမ်ပါနဲ့ဆရာ၊ ပါဝင်ပစ္စည်းတွေက ကောင်းကင်မြေအောက်ဘုံမှာ ရှာရခက်ပြီး အမတနဲ့ သေမျိုးဘုံလို သာမန်တိရစ္ဆာန်တွေမရှိပေမဲ့ အရသာတူတဲ့ ဝိညာဉ်သားရဲတွေရှာဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်”
“ကံကောင်းပါစေ၊ နင်လုပ်နိုင်မယ်လို့ ငါယုံတယ်”
“ဟုတ်ကဲ့ဆရာ”
“…” ကျောင်းလုံ နားထောင်လေ ပိုပြီးဇဝေဇဝါဖြစ်လာလေပဲ။ ခဏ ဒီစကားဝိုင်းက ဘာလို့အဲလောက်တောင် ထူးဆန်းရတာလဲ။ ဒီကလေးက မွေးကာစမဟုတ်ဘူးလား။ ပြီးတော့ ချက်ပြုတ်တာနဲ့တင် ဒီနှစ်ယောက်က သဘာဝကျကျအပြူအမူတွေနဲ့ အတော်လေး သိကျွမ်းတဲ့ပုံပေါ်နေတယ်။
“ခင်ဗျားတို့စကားကိုနားထောင်ကြည့်ရတာ… ဟိုးအရင်တည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြပုံပဲ”
“သိကြတယ်လေ”
“ဟမ်”
စားဖိုမှူးက မတ်မတ်ရပ်ကာ ဂုဏ်ယူစွာ ကြေညာတော့တယ်။
“ကျုပ်က ဆရာ့ရဲ့တစ်ဦးတည်းသောတပည့်ပဲ” သူက တစ်ဦးတည်းသော ဆိုတဲ့စကားကို သေချာဖိပြောပြီး တစ်ခဏစဉ်းစားပြီးတဲ့နောက် ထပ်ဖြည့်ပြောလိုက်တယ်။
“ထျန်းလန်လောကသုံးခွင် တစ်လျှောက်လုံးပဲ”
“ထျန်းလန်လောကသုံးခွင်” ကျောင်းလုံ မျက်လုံးပြူးပြီး သူ့ကိုကြည့်လိုက်တယ်။
“နောက်တာတော်တော့” သူက မွေးလာတည်းက နဂါးလေ၊ ဘယ်လိုလုပ် အောက်ဘုံတွေဆီ သွားဖူးမှာလဲ။
“ဒီလိုပြောကြရအောင်” ကလေးက မျက်နှာထားတည်တည်ဖြေတော့တယ်။
“ကျုပ်တာအိုနာမည်က ယိချင်းပဲ”
“ယိ… ချင်းလား၊ ယိချင်းပဲ” ကျောင်းလုံက လန့်ဖျပ်သွားတော့တယ်။
“မင်းက ကြီးမြတ်တဲ့နတ်ဒေဝါရှာနေတဲ့ ယိချင်းပဲ၊ အဲဒါဝူတိဂိုဏ်းက… မင်းက လုံကျန်းသား မဟုတ်ဘူးလား”
ကလေးရဲ့မျက်နှာလေးက မျက်မှောင်ကြုတ်လိုက်တယ်။ သူလည်း တကယ်မသိတာမို့ ဘေးကလူကို ကြည့်လိုက်တယ်။
ရှန်းရင်နောက်တော့ စားပွဲကနေ ထရပ်ကာ အရွယ်အစားတော်တော်ကျုံ့သွားခဲ့တဲ့ စားဖိုမှူးကို ကြည့်လိုက်တယ်။
“ငါမေးဖို့မေ့နေတာ၊ နင်ဘာလို့ ဒီလိုမျိုးဖြစ်သွားတာလဲ”
“ဒါ… ကျွန်တော်လည်း ဘာဖြစ်သွားမှန်း မသိလိုက်ဘူး” ယိချင်း ခေါင်းလေးယမ်းလိုက်တယ်။
“ကျွန်တော် ကောင်းကင်ဘုံဆီ ပို့ခံလိုက်ရချိန် အဲဥထဲရောက်နေပြီ၊ ပြီးတော့ ကျွန်တော့်ကိုယ်က ရုတ်တရက်ကြီး အားအရမ်းနည်းသွားတယ်၊ ပြီးတော့ ကျွန်တော် ဆရာ့ရဲ့အရှိန်အဝါကို ခံစားမိတာမို့ အဲအနောက်ကနေလိုက်လာပြီး ဆရာက ကျွန်တော့်ကို အဲဥထဲကနေ ထုတ်ပေးခဲ့တာပဲ”
“ဝင်ပူးတာများ… ဖြစ်နိုင်”
ကျောင်းလုံမျက်လုံးပြူးသွားတယ်။
“အု”
သူ စကားမဆုံးခင် ရှန်းရင်ရဲ့ တူနဲ့ နောက်စေ့ကို ရိုက်တာခံလိုက်ရတော့တယ်။
“ဟင့်အင်း”
“အမှန်ပဲ၊ ဒါက တကယ်ပဲကျွန်တော့်ခန္ဓာကိုယ်လားလို့လေ” ယိချင်းက သေချာစွာ ခေါင်းညိတ်လိုက်တယ်။
“ဒီလိုမျိုးဖြစ်လာတာကလွဲရင် ကျွန်တော့်ကျင့်ကြံဆင့်၊ ဝိညာဉ်ကြောနဲ့ သွေးကြောတွေအားလုံးက အရင်ကအတိုင်းပဲ၊ ဒါကျွန်တော့်အရင်ခန္ဓာကိုယ်ပဲ”
ကျောင်းလုံ ။ ။ “…” မဟုတ်ဘူးဆိုရင်တောင် သူက ဘာလို့ရိုက်ခံရမှာလဲ။
“ဒါဆို… လုံကျန်းသားအစစ်က ဘာဖြစ်သွားတာလဲ”
“ကျွန်တော်မသိဘူး” သူ ခေါင်းယမ်းလိုက်တယ်။
“ကျွန်တော် နဂါးဥထဲရှိနေချိန် အထဲမှာ ကျွန်တော်တစ်ယောက်ပဲရှိတာ၊ တခြားလူအရိပ်အယောင် မတွေ့ဘူး”
“ဘာတွေဖြစ်နေတာလဲ” ကျောင်းလုံက ဇဝေဇဝါဖြစ်လာတယ်။ သူ ဆက်နားထောင်လေ ပိုပြီးမူးလာလေပဲ။
“အဲဒါ နဂါးဥဆိုတာ အသိသာကြီးလေ” အစတည်းက ဗလာကျင်းနေတာတော့မဟုတ်ပါဘူးနော်။
“…” ယိချင်းလည်း တိတ်သွားတယ်။ သူလည်း ဘာဖြစ်နေလဲ မသိဘူး။
ရှန်းရင်က သူမဘာသာ လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီး ဘေးကကျောင်းလုံကိုတွန်းလိုက်တယ်။
“လုံမြွေနဂါးလား ဘာလား… ဘယ်သူပဲဖြစ်ဖြစ် သူ့ကိုသွားခေါ်လာခဲ့ချေ”
“ဘယ်သူ” ကျောင်းလုံ အူလည်လည်ဖြစ်သွားတယ်။
ရှန်းရင်က စားဖိုမှူးကို လက်ညှိုးထိုးပြလိုက်တယ်။
“သူ့အမေပေါ့”
“… အိုး” ဟုတ်သားပဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သိသူတစ်ယောက်ယောက်ရှိရင် လုံကျန်းပဲဖြစ်လိမ့်မယ်။
ဒါပေမဲ့… သူနားလည်တာတောင် ဘာလို့အဲစကားတွေက သူမ တစ်ယောက်ယောက်ကို ဆူနေတဲ့လေသံပေါက်နေတာလဲ။
…