အခန်း ၂၄၆ ။ ပေါက်သွားသောဥ
ကျောင်းလုံက ကောင်းကင်ထဲ တိုးလာတဲ့ နဂါးအရေအတွက်ကို ကြည့်ပြီး ရင်ထဲ တင်းကြပ်သွားတယ်။ သူချက်ချင်း ခေါင်းမော့ကာ အော်လိုက်တယ်။
“ရှန်းကျွင်း၊ ဥကဒီမှာပါ”
ဒေါသထွက်နေတဲ့ နဂါးကြီးက လေထဲတုံ့ဆိုင်းသွားပြီး နန်းတော်ရှေ့ကိုလှမ်းကြည့်လိုက်တယ်။ သူမ ဘေးကဥကိုမြင်ချိန် မျက်လုံးတွေပြူးသွားပြီး မြေပေါ်က လူကို ချက်ချင်းမှတ်မိသွားတယ်။
“နင်ကိုး” သူမ ဟိန်းဟောက်ပြီး သူတို့ဆီ သူမရဲ့နဂါးဖိနှိပ်မှုက ပြေးဝင်လာတယ်။
ကျောင်းလုံ ပထမဆုံးအကြိမ် ရှန်းကျွင်းတစ်ယောက်ရဲ့ ဖိနှိပ်မှုကိုခံစားရတာပဲ။ ချက်ချင်း သူ့နှလုံးထဲကနေ သွေးတွေ ပျို့တက်လာပြီး အန်ထုတ်မိလုနီးပါး ဖြစ်သွားခဲ့တယ်။ သူမ အမျက်ဒေါသထွက်နေမှန်း သူသိတာမို့ အသည်းအသန် ရှင်းပြလိုက်တယ်။
“ရှန်းကျွင်း အထင်လွဲနေပါပြီ၊ ဥကိုခိုးတာ ကျွန်တော်မဟုတ်ပါဘူး”
လေထဲက နဂါးကြီးက အောက်ကိုဆင်းလာပြီး တခြားနဂါးတွေအားလုံး သူတို့ရဲ့လူအသွင်ပြောင်းကာ ခြံဝန်းထဲ ဆင်းသက်လာကြတယ်။
“ကျွန်တော်လည်း ဥက ဒီနေရာကို ဘာကြောင့်လိမ့်လာလဲမသိဘူး၊ ကျွန်တော် ခုလေးတင်ပြန်ပို့မို့ပါ”
ကျောင်းလုံ အသည်းအသန်ရှင်းပြလိုက်တယ်။
“မစိုးရိမ်ပါနဲ့၊ နဂါးဥက…” အဆင်ပြေပါတယ်။
ဂျွတ်
သူ စကားမဆုံးခင် သူ့နောက်ကနေ အက်ကွဲသံတစ်သံကို ကြားလိုက်ရတယ်။
သူ ချက်ချင်း မကောင်းတဲ့ခံစားချက်ရသွားလေရဲ့။
သူ လှည့်ကြည့်လိုက်တော့ ကျောက်စိမ်းလိုဖြူစွတ်နေတဲ့ ကြက်ဥခွံက ထိပ်ကနေ အက်ကွဲကြောင်း တစ်ခု ပေါ်လာတယ်။ ချက်ချင်း တောမီးလိုမျိုး နဂါးဥတစ်ခုလုံးဆီ ပျံ့သွားတယ်။ ဘေးမှာတော့ တစ်စုံတစ်ယောက်သော အစားသရဲလက်ပေါ်မှာ ကြက်ဥခွံအပိုင်းလေးရှိနေတယ်။
ကျောင်းလုံ ။ ။ “…”
ကြီးမြတ်တဲ့နတ်ဒေဝါ… ကျွန်တော့်ကို တစ်ခါလောက် ဒုက္ခရောက်အောင် မလုပ်ဘဲ မနေနိုင်ဘူးလား။
(ಥ_ಥ)
“သား” လုံကျန်းက အာခေါင်ခြစ် အော်ပြီး သူ့မျက်လုံးတွေက အက်ကွဲနေတဲ့ဥဆီမှာ။ ချက်ချင်းပဲ သူမက အမျက်ချောင်းချောင်းထွက်ပြီး အော်ဟစ်တော့တယ်။
“ငါ နင်တို့ကိုသတ်မယ်”
သူမက အဲလိုပြောပြီး နဂါးအသွင်ဆီ ပြန်ပြောင်းတယ်။ ကြည့်ရတာ သူမက ဒေါသကြောင့် ရူးသွားပြီး သူမရဲ့ မှော်ပညာတွေ၊ အစွမ်းတွေအားလုံးကို မေ့သွားတဲ့အတိုင်း သူမရှေ့က လူနှစ်ယောက်နဲ့ နန်းတော်ကိုပါ တိုက်ရိုက်ကိုက်ချဖို့လုပ်တော့တယ်။
“ခဏနေပါဦး၊ ရှန်းကျွင်း” ကျောင်းလုံ တစ်ခုခုပြောချင်သေးပေမဲ့ နောက်ကျလွန်းသွားပြီ။ နဂါးဖိနှိပ်မှုက သူ့ကို မြေကြီးဆီ ဖိကပ်သွားစေတယ်။
သူတို့ ပတ်လည်မှာ နန်းတော်က ပြိုလဲသွားလို့ ဝရုန်းသုန်းကားသံတွေထွက်လာတယ်။ ချွန်မြတဲ့ နဂါးသွားက အမိုးကိုဖောက်ပြီး ကောင်းကင်ကနေဆင်းသက်လာတာက သူတို့နှစ်ယောက်လုံးကို မျိုချတော့မဲ့အတိုင်းပဲ။
မြေကြီးပေါ်မှာတော့ ရှန်းရင်က သူမလက်ကိုဆန့်ထုတ်ပြီး သူမခေါင်းပေါ်က အရှည်ဆုံးနဂါးသွားကို ဆုပ်ကိုင်လိုက်တယ်။ နဂါးခေါင်းတစ်ခုလုံး သူ့အနေအထားအတိုင်း ရှိပေမဲ့ မလှုပ်နိုင်တော့ဘူး။ သူမ ဘယ်လောက်ပဲကြိုးစားကြိုးစား ပါးစပ်ပိတ်မရတော့ဘူး။
သူမ လက်ကို ဘေးလွှဲယမ်းလိုက်တော့ နဂါးကြီးက မြေကြီးဆီ ပစ်လှဲခံလိုက်ရပြီး လက်ကို နဂါးခေါင်းပေါ် ဘာရယ်မဟုတ် တင်လိုက်တယ်။
လုံကျန်း မှင်တက်သွားတယ်။ သူမ ရုန်းဖို့ ကြိုးစားကြည့်ပေမဲ့ သူမခေါင်းပေါ်က လက်က အတော်လေးကို လေးနေတာ သိလိုက်ရတယ်။ သူမတစ်ကိုယ်လုံး ဖိနှိပ်ခံထားရပြီး လှုပ်မရတော့ဘူး။
“စိတ်အေးအေးထား” အတက်အကျမရှိတဲ့အသံတစ်သံက ပျင်းရိတဲ့လေသံရောစွက်ပြီး သူမခေါင်းပေါ်ကနေ ထွက်လာတယ်။
လုံကျန်း သူမရှေ့က အမျိုးသမီးကို သေချာကြည့်မိပြီး တုံ့ဆိုင်းဆိုင်းဖြစ်သွားတယ်။
ဒါပေမဲ့ အမျိုးသမီးက သူမကို ကြည့်မနေဘဲ ဘေးက အက်ကွဲကြောင်းတွေနဲ့ပြည့်နေတဲ့ ဥကို လှည့်ကြည့်နေတာ သတိထားမိလိုက်တယ်။
ဖြစ်နိုင်တာက တစ်ဖက်လူရဲ့တည်ငြိမ်မှုကြောင့်ထင် သူမသားကို ဆုံးရှုံးလိုက်ရတဲ့ ဒေါသက ပျောက်သွားပြီး နဂါးဥကို လိုက်ကြည့်မိခဲ့တယ်။
ဥကအက်ကွဲနေဆဲဖြစ်ပြီး အက်ကွဲကြောင်းတွေ အများကြီးက ပင့်ကူအိမ်လိုဖြစ်နေတယ်။ နောက်ဆုံးတော့ ဥခွံလေးတွေက ကွာကျလာပြီး ရွှေရောင်အလင်း ထွက်လာတယ်။ ကျဆင်းလာတဲ့ အခွံအရေအတွက်များလာလေ ရွှေရောင်အလင်းကပိုတောက်ပလာတယ်။
အခွံလုံးဝ မကျွတ်ကျခင်ထိ ရွှေရောင်အလင်းတန်းက နေရာအနှံ့ လင်းထိန်လာပြီး ချော်ရည်ကြောင့် နီရဲနေတဲ့ကောင်းကင်တောင် ရွှေရောင်သန်းကုန်တယ်။
“ဒါ… ဒါက…” လုံကျန်း ရွှေအလင်းတန်းအလယ်ကို မယုံနိုင်စွာကြည့်နေမိတယ်။ နဂါးဥက အောင်အောင်မြင်မြင် ပေါက်သွားခဲ့ပြီ
ရွှေရောင်အလင်းတန်း အထိန်လင်းဆုံးအလယ်တည့်တည့်မှာတော့ လူအသွင်တစ်ခု ဖြစ်ပေါ်လာတယ်။ မကြာခင်မှာပဲ ရှန်းရင်ခါးလောက်အရပ်ရှည်တဲ့သူတစ်ယောက် လေထဲပေါ်လာလေရဲ့။ နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းတန်းက နောက်ဆုံးတော့မှိန်သွားပြီး ရှန်းရင် အလိုလို လက်ကို ဆန့်ထုတ်ကာ ကျလာတဲ့သူကို လှမ်းဖမ်းလိုက်တယ်။
သူမ ခေါင်းငုံ့လိုက်တော့ ရင်ခွင်ထဲ ၆နှစ်၇နှစ်အရွယ် ကလေးတစ်ယောက် မျက်စိမှိတ်လျက်သား လှဲနေတာ မြင်လိုက်ရတယ်။ သူ့မျက်နှာက အရမ်းကို ပိန်လှီပြီး အထဲချိုင့်ဝင်နေတာများ ဥကြီးဆီက အာဟာရဓာတ်တွေ သူ့ဆီ မရောက်တာ သိသာတယ်။
“ရော့ ရှင့်သား” ရှန်းရင်က ကလေးကို လုံကျန်းဆီ တွန်းပေးလိုက်တယ်။
လုံကျန်းတုံ့ပြန်မှုက အရမ်းမြန်တယ်။ သူမ ချက်ချင်းပဲ ကလေးကို လက်ခံလိုက်ပြီး ရင်ခွင်ထဲက ကလေးကို ဝမ်းသာစိုးရိမ်မှုတို့နဲ့ ကြည့်နေရှာတယ်။
“သား… သားလေး နောက်ဆုံးတော့ ပေါ်လာပြီပဲ” သူမ သူ့ကိုယ်ကိုခြုံပေးဖို့ ဝတ်ရုံတစ်ထည် အမြန်ဆွဲထုတ်လိုက်တယ်။ သူမ ကလေးကို သေချာကြည့်ပြီး သံသယအကြည့်တို့ မျက်နှာပေါ် ပေါ်လာခဲ့တယ်။
“သူက အသွင်ပြောင်းနိုင်နေပြီကို ဘာလို့ အဲလောက်အားနည်းနေသေးတာပါလိမ့်”
“ဖြစ်နိုင်တာက သူ မွန်းကျပ်နေတာနေမှာပေါ့” ရှန်းရင်က ပြန်ဖြေရင်း သူမခုလေးတင် ခွာထုတ်ထားတဲ့ ဥခွံကို ယမ်းပြလိုက်တယ်။
လုံကျန်း တုံ့ဆိုင်းသွားပြီး နောက်ဆုံးတော့ သဘောပေါက်သွားခဲ့တယ်။
“ကျွန်မတောင်းပန်ပါတယ် ရှင့်ကို လုံကျန်းအထင်လွဲမိသွားပြီ”
သူမသားက အားနည်းလွန်းတော့ အခွံကနေ ဖောက်မထွက်နိုင်ဘူး။ ဒါကြောင့် အပြင်ကနေပဲ ခွဲမှရမှာ။ ဒါပေမဲ့ နဂါးမျိုးနွယ်က သူ့သန်မာတဲ့ ကိုယ်လုံးကိုယ်ထည်တွေကြောင့် နာမည်ကြီးတာ၊ ပြီးတော့ အခွံထဲ ဘယ်သူမှ ပိတ်မလှောင်ခံရဖူးဘူး။ ထူးဆန်းတာက သူ့သားက ဥထဲကနေ လူအသွင်ကို ပင်ကိုယ်သဘာဝ ပြောင်းလဲနိုင်ပေမဲ့ ဘာလို့ ဥထဲကနေ ဖောက်မထွက်နိုင်တာလဲ။ ပြီးတော့ အခု သူ့အားနည်းတဲ့ ကိုယ်လုံးကိုယ်ထည်ကို ကြည့်ရတာ သူတို့သာ ဥကို ခွဲဖို့ နည်းနည်းထပ်နောက်ကျသွားခဲ့ရင် သူတကယ်ပဲ…။
လုံကျန်းက ဆက်မစဉ်းစားရဲတော့ဘူး။ သူ သူမသားကို နတ်ဘုရားစွမ်းအင်ကူးပြောင်းပေးရင်း ရှန်းရင်ကို ကြည့်လိုက်တယ်။
“ကျွန်မသားကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ သူ့ကျေးဇူးရှင်ကို ကျွန်မ ဘယ်လိုများ ခေါ်ဆိုသင့်ပါသလဲ”
“အော် ရှန်းရင်ပါ” ရှန်းရင်က ပေါ့ပေါ့ပါးပါးပဲပြန်ဖြေပြီး သူမလက်ထဲက ဥခွံကိုဆက်ကြည့်ကာ အတွေးထဲ နစ်မျောနေတယ်။
“တာအိုရောင်းရင်းရှန်း” လုံကျန်းက သူမရင်ခွင်ထဲက ကလေးကိုကြည့်ပြီး ကျေးဇူးတင်တဲ့အကြည့်နဲ့။
“ရှင်စိတ်မကွက်ဘူးဆိုရင် ရက်နည်းနည်းလောက် နဂါးနန်းတော်မှာ ထပ်နေလို့ရမလား၊ ကျွန်မသားကိုယ်စား ရှင့်ကိုကျေးဇူးတင်ချင်လို့ပါ”
“မလိုပါဘူး” သူမက လုံကျန်းရင်ခွင်ထဲက ကလေးကိုလှမ်းကြည့်လိုက်တယ်။
“ရှာရမဲ့လူ ရှိသေးလို့”
“အော် ဘယ်သူ့ကိုများ ရှာနေတာလဲ၊ ကျွန်မတို့ နဂါးအသူတစ်ရာချောက်နက်က ကူညီပေးနိုင်လောက်ပါတယ်”
“အိုးတကယ်လား”
“တကယ်ပေါ့”
“ကျွန်မရှာနေတာက…”
“ကြီးမြတ်တဲ့နတ်ဒေဝါ…” သူတို့ စကားမဆုံးခင် ဝူဟုန်က ရုတ်တရက် ခါးခါးသီးသီး ကြားဖြတ်ပြောလာတယ်။
“ကျွန်တော်တို့ လူရှာဖို့လောနေတာမှမဟုတ်တာ၊ နှစ်ယောက်သား စကားပြောနေချိန် ကျွန်တော့်ပေါ် တက်မနင်းလို့ရမလား၊ ကျွန်တော် မြေကြီးပေါ်မှာပဲရှိသေးတယ်”
ရှန်းရင် ။ ။ “…”
လုံကျန်း ။ ။ “…”
သူ ဘယ်ချိန်က မြေကြီးပေါ် လှဲနေတာလဲ။
နှစ်ယောက်သား ခြေထောက်ကို ရွှေ့လိုက်ကြတယ်။ လုံကျန်းက သူမသားက လက်ထဲရှိနေတာကို သတိရသွားပြီး မေးလိုက်တယ်။
“တာအိုရောင်းရင်းရှန်း၊ ကျွန်မသားက ခုအားနည်းလွန်းသေးတယ်၊ ပြန်သက်သာအောင် သူ့ကို ချီသွားခွင့်ပြုပါ၊ နောက်ကျ ရှင်နဲ့အတူရှာဖို့ အသေးစိတ်ကိုဆွေးနွေးကြတာပေါ့”
“သေချာပေါက်ပေါ့” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
လုံကျန်းက သူမသားကိုပင့်ချီပြီး တစ်ဖက်လှည့်ကာ အပြင်ကအစေခံကို ညွှန်ကြားလိုက်တယ်။ သူမသားကို အနောက်နန်းဆောင်ဆီ ခေါ်သွားမလို့ရှိသေး သူမကရုတ်တရက်ရပ်လိုက်ကာ ခေါင်းငုံ့လိုက်တယ်။ အိပ်နေတဲ့သူမသားက ရုတ်ခြည်းမျက်စိဖွင့်လာပြီး ရှန်းရင်ဝတ်ရုံလက်ကို ဆွဲထားတာပဲ။
“သား ဒါက…”
ရှန်းရင် သူမဝတ်ရုံလက်ကိုဆွဲတာခံစားလိုက်ရတော့ ကြောင်အမ်းသွားတယ်။
“ဘာလဲဟ” သူမ လက်ပြန်ရုတ်ဖို့လုပ်လိုက်ပေမဲ့ ကလေးက ပိုတောင်အားထည့်ဆွဲတော့တယ်။ သူက အသံထွက်ဖို့အားကုန်ထုတ်ဖို့ကြိုးစားနေသလိုမျိုး အသည်းအသန်ပါးစပ်ဟတယ်။
တစ်အောင့်နေတော့ သူ စကားလုံးတစ်လုံး ထုတ်ပြောနိုင်ခဲ့လေတယ်။
“ဆ…ရာ”
ရှန်းရင် ။ ။ “…”
လုံကျန်း ။ ။ “…”
ကျောင်းလုံ ။ ။ “…”
ဘာတွေဖြစ်နေတာလဲ။
သူတို့သုံးယောက် မှင်တက်ကုန်ပြီး လုံကျန်းက ပြောစရာပျောက်နေတယ်။ သူမသားကရုတ်တရက် ဘာလို့ ဆရာခေါ်တာလဲနားမလည်ပေမဲ့ မကန့်ကွက်ဘဲပြုံးလိုက်တယ်။
“ကြည့်ရတာ ကျွန်မသားက ရှင့်အပေါ် ခင်မင်မှုရှိတယ်ထင်တယ်၊ လက်ဆောင်ကြီးကြီး ပြင်ရတော့မှာပဲ”
ကျောင်းလုံလည်း ဗလုံးဗထွေး ရေရွတ်လိုက်တယ်။
“ဒီငနဲလေးက အပြောချိုတဲ့သူပဲ” မွေးလာတည်းက အားကြီးသူကို ဘယ်လိုဖားရမလဲ သိတယ်။
ဒါပေမဲ့ ရှန်းရင်ကတော့ မျက်မှောင်ကြုတ်ပြီး ခပ်ပိန်ကိန်ကောင်လေးကို သေချာကြည့်ကာ ရုတ်တရက် ပြောလိုက်တယ်။
“စားဖိုမှူးလား”
ကလေးမျက်လုံးတွေထဲ ကြယ်မိုးရွာသွန်းသလိုမျိုး တောက်ပသွားတယ်။
သူက တကယ်ပဲ။
(⊙ o ⊙)
သူမ သူ့လက်လေးကနေ ကိုင်ထားလိုက်ပြီး ခေါင်းစောင်းလိုက်တယ်။
“နင် ဟင်းချက်နိုင်သေးလား”
နိုးခါစ ကလေးက အူကြောင်ကြောင် ဖြစ်သွားတယ်။ သူ့မျက်နှာလေးက ဖောင်းကားလာပြီး ဆရာလို့ အားနည်းတဲ့ခေါ်သံနဲ့ မတူတော့ဘဲ ခိုင်မာတဲ့လေသံနဲ့ ပြောလိုက်တယ်။
“ဟုတ်”
တော်လိုက်တဲ့ စားဖိုမှူး
လုံကျန်း ။ ။ “…”
ကျောင်းလုံ ။ ။ “…”
သူမ ခုလေးတင်ပြောလိုက်တာတွေကို သူတို့ ဘာလို့ တစ်လုံးမှနားမလည်ရတာပါလိမ့်။
…