အခန်း ၂၄၄ ။ နဂါးအသူတစ်ရာချောက်နက်မှ နဂါးနန်းတော်
“မလိုတော့ဘူး” မှန်ထဲကလူကပြန်ဖြေတယ်။
“အတိတ်ကကိစ္စတချို့နဲ့ ပတ်သက်ရုံပါ၊ သတိရသွားမိလို့ သိချင်ရုံပဲ” မှန်ထဲက ပုံရိပ်က ဖျော့တော့လာပြီး ပျောက်ကွယ်တော့မယ်။
“ခဏ” အဘိုးကြီးက တစ်စုံတရာကိုမှတ်မိသွားပုံပဲ။
“မင်း ခြေတစ်ထောင်တောင်မှာ ရှိနေသေးတာတော့ မဟုတ်ဘူးမလား”
“…” မှန်ထဲကလူက ပြန်မဖြေ။ သူက တိတ်ဆိတ်မှုနဲ့ ဒါကို အသိအမှတ်ပြုနေတာပဲ။
“အာ မင်း ဘာလို့ဒီလိုလုပ်ရတာလဲ”
အဘိုးကြီးက သက်ပြင်းချတယ်။
“အဲဒီအဆင့်မြင့်နတ်ချန်းယွဲ့က မင်းကို လိမ်ဖို့မရည်ရွယ်ခဲ့ဘူးထင်တာပဲ – သူတကယ်မသိရုံပါ၊ မင်း အဲမှာဆက်နေပြီး သူနဲ့ကိစ္စတွေ ရှင်းအောင် လုပ်တော့ရော ဘာထူးလဲ”
“တကယ်လို့ သူတကယ်မသိရင်တောင်…” အဲလူက အသံတိုးသွားပြီး ဝမ်းနည်းမှုရောစွက်လျက်ပြောလာတယ်။
“သူမ သေချာပေါက်ပေါ်လာမှာ”
“မင်း…” အဘိုးကြီး အသံက ခုတော့အေးစက်သွားပြီ။ တစ်ခဏနေတော့ သူခေါင်းယမ်းတယ်။
“ဘာပဲဖြစ်ဖြစ်ပါ၊ မင်းရှာနေတဲ့လူကိုတွေ့ပါစေ မျှော်လင့်မိတယ်”
တစ်ဖက်ကနေ တုံ့ပြန်မှုမရှိ။ ကြေးမုံက မဆိုစလောက်တုန်ရီသွားပြီး ရေအဖြစ် ပြောင်းကာ ကန်ထဲပြန်ကျသွားခဲ့တယ်။
အဘိုးကြီးက သူ့မုတ်ဆိတ်မွှေးကို ထိပြီး ထပ်သက်ပြင်းချလိုက်တယ်။
အာ၊ ဒီလူငယ်တွေကတော့။
——————
နဂါးနန်းတော်။
အထက်အမြင့်မှာထိုင်နေတဲ့ အမျိုးသမီးက သတင်းတင်ပြသူကို ထူးထူးဆန်းဆန်းကြည့်လေတယ်။
“နဂါးနက်တစ်ကောင်လား၊ အဲဒါ ကောင်းကင်မြေအောက်ဘုံဆီ တက်လှမ်းလာကာစ အသူတစ်ရာချောက်နက်ထဲက နဂါးနက်လေးပဲမလား”
“ရှန်းကျွင်းကို တင်ပြပါတယ်၊ အမှန်တကယ်ပဲ သူပါ”
“သူ အရင်က ဆန္ဒမရှိဘူးထင်နေတာ၊ ဘာလို့ သူက အခု ဒီကိုပြန်ပြေးလာတာလဲ” လုံကျန်းက မျက်မှောင်ကြုတ်ပြီး သိသိသာသာ မရွှင်မပျဖြစ်နေတယ်။
“ငါ အပြစ်ပေးမှာကို သူကကြောက်နေသေးတာများလား၊ သူ့ကိုအခက်တွေ့အောင် လုပ်မှာမဟုတ်ကြောင်းနဲ့ ငါ သူ့ခစားမှုကို မလိုအပ်တဲ့အကြောင်း ပြောလိုက်ပါ”
“ဟုတ်ကဲ့”
အစေခံမိန်းကလေးက နောက်ပြန်ဆုတ်သွားတယ်။ ဘေးမှာရပ်နေတဲ့ မိန်းကလေးက အမြန်တားလေတယ်။
“ကျေးဇူးပြုပြီး ခဏစောင့်ပါဦး”
သူမက လုံကျန်းဘက်လှည့်ကာ လက်နှစ်ဖက်အုပ်မိုးပြီး ပြောလေတယ်။
“ရှန်းကျွင်း ဒီနှစ်တွေအားလုံးမှာ ကျွန်မတို့ နည်းအများကြီးစဉ်းစားခဲ့တယ်လေ၊ အဆင့်မြင့်နဂါးတွေအများကြီး ကြိုးစားခဲ့ပေမဲ့ ရလဒ်ကတော့ အချည်းနှီးပဲ၊ ဖြစ်နိုင်တာက သခင်လေးရဲ့ဒီကိစ္စက ကျင့်ကြံဆင့်နဲ့ လုံးဝမဆိုင်တာလည်း ဖြစ်နိုင်တယ်၊ ဒီနဂါးနက်ကခုမှတက်လှမ်းလာကာစ၊ သူအောင်မြင်နိုင်လောက်တယ်၊ ကြိုးစားကြည့်လို့ အန္တရာယ်မရှိဘူးမလား’
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက တက်လှမ်းလာကာစလေ၊ ပြီးတော့ နဂါးနက်တစ်ကောင်လေ” လုံကျန်းက သိသိသာသာ တုံ့ဆိုင်းနေတယ်။
“ရှန်းကျွင်း၊ ကျွန်မတို့က စောင့်ဆိုင်းလို့ရပေမဲ့ သခင်လေးကတော့ စောင့်လို့မရပါဘူး”
သူမ အမူအရာက ဝမ်းနည်းညှိုးငယ်နေတယ်။ တစ်အောင့်နေတော့ သူမက သက်ပြင်းချတယ်။
အစေခံမိန်းကလေးဘက်လှည့်ပြီး သူမကပြောလိုက်တယ်။
“ကောင်းပြီလေ ငါတို့ တစ်ချက်စမ်းကြည့်တာပေါ့၊ သူ့ကိုနဂါးကန်ဆီ ခေါ်သွားလိုက်၊ ငါအဲကိုခဏနေလာခဲ့မယ်”
“ဟုတ်”
အစေခံမိန်းကလေးက နောက်တစ်ကြိမ်ထပ်ဆုတ်သွားခဲ့တယ်။
***
“သူမ… သူမ သဘောတူလိုက်တယ်” ကျောင်းလုံက နားကိုတောင်မယုံနိုင်။ ပထမဆုံးအကြိမ် သူ နောက်ထပ်နဂါးတစ်ကောင် နောက်ထပ် မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားခဲ့တာပဲ။ သူတို့တွေ အစကြမ်းတမ်းပြီး သူ့ကြောင့် အစတုန်းက စိတ်တိုသွားတယ်ထင်ခဲ့တာ။ သူ အစတုန်းက ကြီးမြတ်တဲ့နတ်ဒေဝါကို ကြိုးစားခွင့်ပေးဖို့ တောင်းပန်ခဲ့ချိန် တစ်ချက်စမ်းကြည့်ဖို့ပဲ ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ သူ့မှာ အောင်မြင်ဖို့ မျှော်လင့်ချက် အစစ်အမှန် မရှိခဲ့ဘူး။
သူမ တကယ်ကို သဘောတူလိုက်တယ်ဆိုတာ သူမယုံနိုင်ခဲ့ဘူး။ သူ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ် အဲအမျိုးသမီးက သူ့ကို… စဉ်းစားကြည့်ရုံနဲ့တင် ဟီးဟီးဟီး။
သူ သူမကို နိမ့်ပါးတဲ့အဆင့်ကနေပဲ ခစားရမှာဆိုပေမဲ့ အနည်းဆုံးတော့နီးစပ်ဖို့ အခွင့်အရေးရှိပြီ။ ပြီးရင် သူတို့ ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်တည်လာပြီး အချိုးအကွေ့တစ်ခုကို ရောက်လာလိမ့်မယ်။
“ကြီးမြတ်တဲ့… ကြီး-ကြီး-ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်ဒေဝါ” သူ ရှန်းရင်ဝတ်ရုံလက်ကို ဆွဲပြီး စိတ်လှုပ်ရှားနေတယ်။
“သူသဘောတူလိုက်တယ် ကြားလိုက်လား၊ သူ သဘောတူလိုက်တယ်”
“အော်” ရှန်းရင်က ဧည့်ခန်းထဲထိုင်နေပြီး ကျောင်းလုံရဲ့ဆွဲဆောင့်မှုကြောင့် ခန္ဓာကိုယ်ကစောင့်သွားတယ်။ သူမ အသီးကို ဝါးရင်း အသီးပန်းကန်ကို ပိုတောင်တင်းတင်းဆုပ်ကိုင်လိုက်ရတော့တယ်။ သူမ ကျောင်းလုံကိုခါထုတ်ဖို့ ကြိုးစားလိုက်တယ်။
“အစားအစာကို တန်ဖိုးထားပြီး ဒီအချစ်ရေးကိစ္စ ပြဿနာတွေကနေ ဝေးဝေးထားရမယ်”
သူ မြွေနဂါးအဆင့်လေးပဲရှိတုန်းက တခြားမြွေနဂါးတွေက လက်တွဲဖော်ရှာဖို့ အရမ်းခက်မယ်ဆိုတဲ့အကြောင်းနဲ့ ရှိသမျှအားလုံး ပုံအပ်ဖို့အတွက် အသင့်ပြင်ထားဖို့ လိုတယ်ဆိုပြီး ပြောခဲ့ကြတယ်။ ကြည့်ရတာတော့ အဲလောက်မခက်ပါဘူး ဟီးဟီးဟီး သူက တကယ်ကိုထူးခြားတဲ့နဂါးပဲ။
“ကျေးဇူးပြုပြီး နဂါးရေကန်ဆီ လိုက်ခဲ့ပါ၊ ရှန်းကျွင်းက ရှင့်ကိုတွေ့ချင်နေပါတယ်”
အစေခံမိန်းကလေးက လာပြောတယ်။
“မြန်လိုက်တာ” ကျောင်းလုံ ထခုန်မိလိုက်တယ်။ သူ အမျိုးသမီးကို အဲလောက်မြန်မြန် ပြန်တွေ့ရမယ်လို့ မထင်ခဲ့ဘူး။
“ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ”
သူ လှည့်ပြီး ရှန်းရင်ကို ထရပ်ဖို့ အော်ချင်ပေမဲ့ အစေခံမိန်းကလေးက ပြောလာတယ်။
“ရှန်းကျွင်းမှာ ရှင့်ကိုမေးစရာရှိတာမို့ ရှင့်ကိုပဲတွေ့ချင်ပါတယ်တဲ့”
“အော်…” ကျောင်းလုံက ရှန်းရင်ဘက် မြန်မြန်လှည့်ပြီး တုံ့ဆိုင်းစွာမေးလိုက်တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ… ကျွန်တော် သွားနေတုန်း ဒီမှာနားနေရင်ရော”
“အိုး” ရှန်းရင် ပြန်ဖြေပြီး အသီးဆက်ဝါးနေတယ်။
“ကျွန်တော်မကြာခင်ပြန်လာပါ့မယ်” သူမ ဘာမှထူးထူးခြားခြားကိစ္စ မရှိတာမြင်တော့ မြွေနဂါးက ချက်ချင်း အစေခံမိန်းကလေးနောက် လိုက်သွားတော့တယ်။
ရှန်းရင် အဲလောက်စိတ်ထဲမထား။ သူမ စားစရာရှိတာ အရမ်းကိုကြာခဲ့ပြီမို့ ဗိုက်ဆာနေတာ။
အင်း… အသီးတွေက နည်းနည်းချဉ်တယ်။ ဝူတိဂိုဏ်းကလောက် မကောင်းဘူး။
သူမ… စားဖိုမှူးကို လွမ်းမိသလိုပဲ။
***
အစေခံမိန်းကလေးက ကျောင်းလုံကို အနောက်ဆောင်ဆီ ဦးဆောင်ခေါ်လာခဲ့တယ်။ သူတို့က လုံးဝကို သီးသန့်ကန့်ထားတဲ့ နယ်နိမိတ်ထဲ ဝင်လာသလိုပဲ။ အပူချိန်က မြင့်တက်လာလို့ နဂါးတွေတောင် နွေးလာဝယ်။ သူတို့ လမ်းကြားလေးတစ်ခုထဲဝင်ချိန် အစေခံမိန်းကလေးကရပ်သွားပြီး သူ့ကိုဆက်သွားဖို့ အမူအရာပြတယ်။
ကျောင်းလုံက အများကြီးမစဉ်းစား။ သူ အစေခံမိန်းကလေးကို ထူးထူးခြားခြား ကျေးဇူးတင်ပြီး လမ်းကြားလေးထဲ လျှောက်လာခဲ့တယ်။ ထူးထူးခြားခြားနွေးထွေးတဲ့ အရှိန်အဝါက လေနဲ့အတူ ပါလာပြီး သူ တစ်လှမ်းလှမ်းတိုင်း အပူချိန်တိုးလာတာကို ခံစားရတယ်။ သူ ဇဝေဇဝါဖြစ်သွားတော့တယ်။ ဘာကြောင့် သာမန်နဲ့မတူ လှပတဲ့ ရှန်းကျွင်းက အဲလိုနေရာမျိုးမှာ သူ့ကိုတွေ့ချင်ရတာလဲ။
နောက်အခိုက်အတန့်မှာ သူလမ်းကြားလေးအဆူံကိုရောက်ပြီး နေရာကျယ်ကြီးထဲ ဝင်လာခဲ့တယ်။ မီးတောင်ရဲ့ဗဟိုချက်နဲ့ တူသလိုပဲ။ သူ့ရှေ့မှာက ချော်ရည်ကန်။ မီးတွေက ပြတ်တောင်းပြတ်တောင်း မြင့်တက်လာတ။်။
လုံကျန်းက ချော်ရည်ကန်ဘေးရပ်နေတယ်။ သူမက အရင်ကထက်ပိုပြီး အထက်တန်းကျကျ ဝတ်စားထားတာကို ကျောင်းလုံ သတိပြုမိလှတယ်။ သူမရဲ့ကျော့မော့တဲ့ကိုယ်ခန္ဓာကို အသားပေးထားတဲ့ ခပ်ပါးပါးအင်္ကျီကို ဝတ်ထားတာပဲ။ ကျောင်းလုံ သူမကိုလှမ်းကြည့်ပြီး တစ်ကိုယ်လုံး နီမြန်းလာသလိုခံစားလိုက်ရတယ်။ သူ့ရင်တွေခုန်လာပြီး တစ်ယောက်ယောက်က ဂါထာတစ်ခု မန်းထားတဲ့အတိုင်းပဲ။
သိပ်… သိပ်သိပ်လှတယ်
သူ့နှာဖျားဝမှာ အပူတွေမြင့်တက်လာတယ်။ ကျောင်းလုံ သွေးစီးဆင်းမှုကို အမြန်ထိန်းချုပ်လိုက်တယ်။ အနာဂတ်ဇနီးရှေ့ အမြင်ကောင်း ကျန်ရစ်စေချင်တယ်လေ။ အဲဒါက သူ စွမ်းဆောင်ဖို့ မျှော်လင့်ထားတာဆိုပေမဲ့ အဲအမျိုးသမီးကို ပြန်မကြည့်ဘဲမနေနိုင်ဘူး။ အဲဒါကိုပြောရရင်… သူက သူမအစေခံလုပ်ဖို့ ဒီကိုရောက်နေတာလေ။ သူမကို စိုက်ကြည့်ဖို့က ပုံမှန်ပဲမလား။
“နင်ရောက်လာပြီလား” လုံကျန်းက အေးစက်တဲ့အသံနဲ့မေးကာ သူ့ကိုလှမ်းကြည့်ပြီး အရင်လို ခေါင်းညိတ်ပြတယ်။
“ဒီလာခဲ့”
“အဲလောက်မြန်မြန်လား”
“အမ်”
“အာ…” ကျောင်းလုံက တုန်ရီနေတယ်။ သူ့စိတ်ထဲက ပုံရိပ်တွေအားလုံးကို ခါထုတ်ဖို့ကြိုးစားပြီး ပြောလိုက်တယ်။
“ကျွန်တော့်ကို ရှာနေတာလားလို့… ဆိုလိုတာပါ”
ကျောင်းလုံ သူမဆီ ငေးမောစွာလျှောက်သွားရင်း နှလုံးခုန်မြန်လာတယ်။ သူ့နားထဲ တဝီဝီကလွဲ ဘာမှမကြားရတော့သလိုပဲ။
“အင်း” လုံကျန်းက မာကြောတဲ့အမူအရာနဲ့ ခေါင်းညိတ်တယ်။ သူမက သူ့ကိုခေါင်းစခြေဆုံးကြည့်ပြီး မေးလေတယ်။
“နင်တကယ်ပဲ ငါ့အစေခံ ဖြစ်ချင်တာလားလို့ အတည်ပြုချင်လို့”
“သေချာပေါက်ပေါ့” သူ ခေါင်းညိတ်ပြလိုက်တယ်။
“အဲလိုဆိုရင်…” လုံကျန်းက သူ့ကိုစေ့စေ့စပ်စပ် လေ့လာနေတဲ့ပုံ။ စိုးရိမ်တဲ့အကြည့်က သူမမျက်နှာထက် ဖြတ်ပြေးသွားတယ်။
“ငါနင့်ကို ပြောရမဲ့ကိစ္စတစ်ခုရှိတယ်၊ နင် ငါ့အစေခံအဖြစ် စတင်လိုက်တာနဲ့ ပြန်နောက်ဆုတ်လို့မရဘူး၊ နဂါးအသူတစ်ရာချောက်နက်မှာပဲ နေရပြီး အပြင်ကို တစ်လှမ်းတောင် ထွက်ခွင့်မရှိဘူး”
ကျောင်းလုံ သူမကိုစိတ်အေးအောင်လုပ်ပေးချင်စိတ်တွေ ပေါ်လာတယ်။ အလိုလို သူပြန်ဖြေမိလိုက်တယ်။
”ကောင်းပါပြီ”
“ငါနင့်ကို ထူးခြားတဲ့စွမ်းရည်တစ်မျိုး ပေးမယ်၊ နင်ငါနဲ့အတူ လေ့ကျင့်ပြီး ပေါ့လျော့လို့မရဘူး ဆန္ဒရှိလား”
“ရှိပါတယ်”
“ဒီစွမ်းရည်တစ်စုံက ထူးခြားတယ်၊ နင် တစ်ကြိမ်လေ့ကျင့်တိုင်း အနည်းဆုံး၂နာရီ လေ့ကျင့်ပြီး ကြားထဲ နားလို့မရဘူး၊ အဲဒါကိုကိုင်တွယ်နိုင်ရဲ့လား”
“ရပါတယ်”
“နင်လေ့ကျင့်နေချိန် ငါနဲ့အဝေးကြီး သွားလို့မကဘူး၊ နင့်အသွင်အစစ်ကိုလည်း ပြောင်းထားရမယ်”
“ကျွန်တော်နားထောင်ပါ့မယ်”
“ကောင်းပြီလေ…” သူမက သက်ပြင်းချပြီး သူ့ကို ခေါင်းစခြေဆုံး
စစ်ဆေးလိုက်တယ်။
“အဝတ်တွေချွတ်လိုက်”
“ကောင်းပါပြီ”
တစ်ခဏနေသော်…
“ဘာ”
Σ(°△°|||)
…