အခန်း ၂၄၃ ။ ရှန်းကျွင်းနဂါးနတ်သမီး
တောက်လောင်နေတဲ့ အရှိန်အဝါက သူတို့ဆီ ဦးတည်လာတယ်။
ပတ်လည်ကအရာအားလုံးဟာ ဟုန်းဟုန်းတောက်နီနေပြီး သူတို့ရှေ့ ချော်ရည်တွေက ငရဲမီးနဂါးအဖြစ် ပုံစံဖွဲ့သွားလေတယ်။ အနီရောင်အတိဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက်က ငရဲမီးနဂါးခေါင်းပေါ် မတ်တပ်ရပ်နေတယ်။ သူမဆံပင်တွေက အင်မတန်ရှည်လျားပြီး ပတ်လည်မှာတော့ အပြာရောင်ကောင်းကင်စွမ်းအင်တွေ။ သူမက တမင်သက်သက် အားနည်းအောင်လုပ်ထားပုံပဲ။ အဝေးကနေတောင် ကြောက်ခမန်းလိလိ အားကောင်းတဲ့ ဖိနှိပ်မှုကိုခံစားရတယ်။ အရေးကြီးဆုံးကတော့ သူမရဲ့ အသွင်အပြင်က သိပ်လှနေတာ – သူမက မြင်ရခဲတဲ့ သူရဲကောင်းပုံစံမျိုးနဲ့တောင် နည်းနည်းတူနေတယ်။
ဝိုး ယွိကျဲ(၁)အငွေ့အသက်ပဲ
[မှတ်ချက် ။ ။ ရင့်ကျက်သန်မာတဲ့ ၂၀-၃၆အရွယ် အမျိုးသမီး]
ကျောင်းလုံ တန့်သွားပြီး ရုန်းဖို့တောင်ခဏမေ့သွားခဲ့တယ်။
“နှုတ်ခွန်းဆက်သပါတယ်၊ ရှန်းကျွင်း” ကျောင်းလုံရဲ့ အကြေးခွံတွေကို ရက်ရက်စက်စက်တိုက်ခိုက်နေတဲ့ နဂါးနှစ်ကောင်လည်း ရုတ်တရက် တန့်သွားတော့တယ်။ သူတို့က မိန်းကလေးနှစ်ယောက်ပုံစံ ပြန်ပြောင်းပြီး ငရဲမီးနဂါးရှေ့ ဒူးထောက်ချလိုက်တယ်။ သူတို့မျက်လုံးတွေက တလက်လက်တောက်ပနေတယ်။
“မြန်သားပဲ ရှန်းကျွင်း”
“အင်း” အမျိုးသမီးက ခေါင်းညိတ်တယ်။ သူမက သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး ငရဲမီးနဂါးပေါ်က ဆင်းလာတယ်။ သူမလှုပ်ရှားမှုတိုင်းက တခြားသူတွေဆီ ကောင်းကင်ဖိနှိပ်လှိုင်းတွေ ပို့လွှတ်နေတယ်။ သူမ မြေကြီးပေါ် ရောက်ရောက်ချင်း ငရဲမီးနဂါးက ချော်ရည်တွေအဖြစ် ပြန်ပြောင်းသွားတယ်။
“ဒီမှာဘာတွေဖြစ်နေတာလဲ”
သူမက မြေကြီးပေါ်က နဂါးအကြေးခွံတွေကို ဝေ့ဝဲကြည့်ပြီး မဆိုစလောက်မျက်မှောင်ကြုတ်လိုက်တယ်။
“ရှန်းကျွင်းကို ဖြေကြားပါတယ်” ဝတ်ရုံစိမ်းနဲ့ မိန်းကလေးက ပြောတယ်။
“ကျွန်မတို့ နဂါးနက်တစ်ကောင်က ပိုင်နက်ထဲ ကျူးကျော်လာတာကို တွေ့ခဲ့ပါတယ်၊ သူ့ကို နဂါးနန်းတော်ဆီပို့မိုပါ၊ ဒါပေမဲ့ သူက ရုန်းကန်နေပြီး မလိုက်ချင်ဘူးတဲ့လေ၊ ရှန်းကျွင်းကိုတောင် ရိုင်းပျခဲ့ပါသေးတယ်၊ အဲဒါကြောင့် ကျွန်မတို့…”
အမျိုးသမီးအကြည့်က နဂါးနက်ဆီရောက်သွားတယ်။
“နဂါးနက်လား”
“…” ကျောင်းလုံ မတုံ့ပြန်မိ။ သူ မလိုစလောက်တွန့်သွားပြီး အမျိုးသမီးကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။
အရမ်း… အရမ်းလှတယ်။
“ဒါနဂါးချီ…” အမျိုးသမီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်တယ်။ သူမ ကျောင်းလုံကိုယ်ထဲက မပျောက်သေးတဲ့ ဝိညာဉ်ချီကို လှမ်းကြည့်လိုက်တယ်။
“ခုမှ အောက်ဘုံကနေ တက်လှမ်းလာကာစ နဂါးလေးပဲ”
“…”
“ဘာပဲဖြစ်ဖြစ်ပါ” အမျိုးသမီးက သက်ပြင်းချပြီး လက်ကိုယမ်းလိုက်တယ်။
“ဒီနေရာကို တမင်ကျူးကျော်လာတာ မဟုတ်ဘူးထင်တာပဲ၊ သွားခွင့်ပေးလိုက်ပါ”
“ဒါပေမဲ့ ရှန်းကျွင်း နဂါးအသူတစ်ရာချောက်နက်ရဲ့ စည်းမျဉ်းအရဆို ဒီကိုရောက်လာတဲ့ ဘယ်နဂါးမဆို စမ်းသပ်ခံရမယ်…”
ဝတ်ရုံစိမ်းနဲ့ မိန်းကလေးက ဆက်ပြောချင်ပေမဲ့ အမျိုးသမီးက လက်မြှောက်ကာ ပြောနေတုန်း တားလိုက်တယ်။ သူမလေသံက အတော်လေး စည်းကမ်းတင်းကြပ်သွားတယ်။
“ငါက သူများတွေကို ဖိအားပေးရတာ ကြိုက်တဲ့သူမဟုတ်ဘူး၊ တကယ်လို့ သူဆန္ဒမရှိရင် သူ့ကို နဂါးအသူတစ်ရာချောက်နက်ကနေ ထွက်ခွင့်ပေးမယ်”
အဲလိုနဲ့ပဲ ချော်ရည်တွေက ငရဲမီးနဂါးအဖြစ် ပြန်စုဝေးသွားပြန်တယ်။ အမျိုးသမီးက တက်စီးပြီး မီးတောင်အောက်ခြေက နန်းတော်ဆီ ပျံသန်းသွားတယ်။
“ဟုတ်ကဲ့” မိန်းကလေးနှစ်ယောက်က တလေးတစားဂါဝရပြုပြီး အနီရောင်ဝတ်ရုံအမျိုးသမီး အဝေးဆီ ပျောက်မသွားခင်ထိ ထမရပ်ခဲ့။ သူတို့က ကျောင်းလုံကို စိန်းစိန်းဝါးဝါးလှည့်ကြည့်ကြတယ်။ သူတို့ရဲ့မကောင်းတဲ့ ရည်ရွယ်ချက်တွေက အထင်းသား။ အထက်စီးဆန်မှုက သူတို့မျက်နှာအပြည့်ရေးထားပေမဲ့ ထပ်ပြီးပြဿနာမရှာတော့ဘူး။ အဲအစား သူတို့က သူ့ကိုလက်ညှိုးထိုးပြီး အေးစက်စက်ပြောတယ်။
“ဟမ့် ကံကောင်းသွားတယ်မှတ်”
ဝတ်ရုံစိမ်းနဲ့ မိန်းကလေးက ရှေ့တက်လာပြီး ကျောင်းလုံလက်သည်းပေါ်တက်နင်းတယ်။
“ငါတို့ရဲ့ရှန်းကျွင်းက နဂါးတွေအားလုံးကြားထဲ ကျင့်ကြံဆင့်အမြင့်ဆုံးပဲ၊ သူမက တန်ဖိုးအရှိဆုံး ရှေးဟောင်းခန်းလုံသွေးကြောတွေလည်းရှိပြီး ငါတို့ရဲ့နဂါးနတ်ဘုရားမ နင်ကတော့ သွေးနှောအဆင့်နိမ့် နဂါးတစ်ကောင်သာသာပဲ – ရှန်းကျွင်းကို ဘယ်လိုတောင် ဝေဖန်ရဲတာလဲ”
“အမှန်ပဲ၊ အပြင်မှာ ကောင်းတဲ့နဂါးမရှိဘူးပဲ၊ သူတို့တွေက အနိုင်မရတော့ ရှန်းကျွင်းနောက်မှာ ပုန်းပြီး ကောလာဟလမျိုးစုံ ဖြန့်နေတာ၊ ဒီတစ်ကြိမ် နင့်ကို လွှတ်ပေးဖို့ ရှန်းကျွင်းက ငါတို့ကိုပြောလို့နော်၊ တကယ်လို့ နင် သူ့အပေါ် မလေးမစား ထပ်လုပ်ရဲရင် ငါတို့ နင့်ကိုတွေ့တိုင်း ရိုက်မယ်”
နှစ်ယောက်က အလှည့်ကျစကားပြောပြီး ကျောင်းလုံ မတုံ့ပြန်တာ နားလည်လိုက်ချိန် ညာဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ထွက်ပေါက်က အဲဘက်၊ နဂါးအသူတစ်ရာချောက်နက်ထဲကနေ ချက်ချင်းထွက်သွား”
အဲလိုနဲ့ သူတို့ကတစ်ဖက်လှည့်ပြီး ပျံသန်းသွားလေတယ်။
ကျောင်းလုံ ထူးထူးဆန်းဆန်းခွန်းတုံ့မပြန်မိသလို ဒေါသတောင်မထွက်မိ။ အဲအစား နေရာမှာတင်ထိုင်နေပြီး မိန်းကလေးတွေ ပျောက်သွားတဲ့နေရာကို အူကြောင်ကြောင်စိုက်ကြည့်နေတယ်။
“မြွေနဂါးရှည် နင်… အသက်ရှိသေးရဲ့လား၊ မြွေနဂါးရှည်” ရှန်းရင် ထပ်တလဲလဲ အော်ပေမဲ့ ကျောင်းလုံက လုံးဝမတုံ့ပြန်။ သူက မှင်တက်နေသလိုမျိုး မီးတောင်ဘက်ကိုပဲ ဆက်ကြည့်နေတယ်။
“ဟေး” ရှန်းရင် နဂါးခေါင်းဆီ လျှောက်သွားပြီး သူ့မျက်စိရှေ့လက်ယမ်းပြလိုက်တယ်။
“အိပ်ရာကထတော့ ရိုက်ခံရပြီး လွတ်သွားပြီလား”
“ကြီးမြတ်တဲ့နတ်ဒေဝါ” ကျောင်းလုံက ရုတ်တရက်ထခုန်ပြီး မျက်လုံးတွေ တလက်လက်တောက်ပနေတဲ့ လူအဖြစ် ပြောင်းလဲသွားတယ်။
“ကျွန်တော့်ကို ပြောပါဦး၊ အခု သူ့အစေခံလုပ်ဖို့ သဘောတူလိုက်ရင် အခွင့်အရေးရှိမယ်ထင်လား”
“…” သောက်ကျိုးနည်းငကြောင်ပဲ နင်က အသားနာရတာ ကြိုက်တဲ့သူလား။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်တို့ နဂါးတောင်ကြားထဲသွားပြီး လျှောက်မေးကြည့်ရင်ရော၊ ကျွန်တော် သူ့နာမည်သိချင်တယ်၊ သူ-”
“ဟင့်အင်း” ရှန်းရင် ချက်ချင်း ကန့်ကွက်လိုက်တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ…” ကျောင်းလုံ ဂနာမငြိမ်ဖြစ်လာတယ်။ သူ့မျက်လုံးထဲ မျက်ရည်တွေနဲ့ ရှန်းရင်ခြေထောက်ကို ဖက်ကာ တောင်းပန်တော့တယ်။
“ဒါ မိန်းကလေးတစ်ယောက်အပေါ် ကျွန်တော ပထမဆုံးအကြိမ် ဒီလိုခံစားရတာပါ၊ တကယ်လို့ ဒီအခွင့်အရေးကို ဆုံးရှုံးသွားရင် ကျွန်တော် နောက်တစ်ကြိမ် ထပ်ရလောက်တော့မှာမဟုတ်ဘူး၊ ကျွန်တော် တစ်သက်လုံး မိန်းမရဖို့ကနေ တားမြစ်ရက်လို့လား”
“တားမြစ်နိုင်တယ်”
“…” အဲလောက်တောင် ပွင့်လင်းဖို့လိုလို့လား။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် အခုသွားမေးလိုက်တယ်၊ တကာ်လို့ ကျွန်တော့်ကို လက်မခံရင် ချက်ချင်း ပြန်လာခဲ့ပါမယ်” ကျောင်းလုံက ထပ်ကံစမ်းကြည့်လိုက်တယ်။
“ပြီးတော့ နဂါးချီက ဒီမှာအရမ်းကိုပေါကြွယ်ဝတာ၊ တခြားနဂါးတွေ အများကြီးရှိမှာပဲ၊ ကြီးမြတ်တဲ့နတ်ဒေဝါ လမ်းမေးဖို့ အဆင်ပြေမှာပါ”
“ဟင့်အင်း” သူတို့ စောနကတွေ့ခဲ့တဲ့ မြေပုံဆီ ပြန်သွားတာပိုကောင်းမယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ… ကျွန်တော့်ကို ဒီတစ်ကြိမ်လေးပဲခွင့်ပြုပါနော်၊ မီးတောင်က နဂါးတွေအတွက် အရေးကြီးနေရာဆိုတာ သိသာတယ်၊ အပြင်ကကြောက်ဖို့ကောင်းပေမဲ့ အထဲမှာတော့လုံးဝကိုကွဲပြားနေမှာ သေချာတယ်၊ ကျွန်တော်တို့ သိရသလောက်တော့ တန်ဖိုးရှိတဲ့ကောင်းကင်ကျောက်တုံးတွေ၊ ဆန်းပြားတဲ့အပင်နဲ့သစ်သီးတွေ၊ အရသာရှိတဲ့ စားသောက်စရာတွေရှိမှာ၊ ကြီးမြတ်တဲ့နတ်ဒေဝါ၊ သေချာရဲ့လား… အာ၊ ဘယ်ရောက်သွားတာလဲ၊ ကြီးမြတ်တဲ့ နတ်သမီး၊ ကြီးမြတ်တဲ့နတ်သမီးရေ”
“ဘာလို့ရပ်နေသေးတာလဲအဲမှာ၊ သွားကြရအောင်” ရှန်းရင် သူ့ကိုလက်ယမ်းပြလိုက်တယ်။ အထဲမှာ စားစရာတွေရှိမှာ ဘာလို့ကြိုမပြောတာတုံး။
“…” ကျောင်းလုံက နှုတ်ခမ်းသပ်ပြီး ချက်ချင်း အမှီလိုက်တော့တယ်။
“ကောင်းပြီလေ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကိစ္စမရှိဘူး ကြီးမြတ်တဲ့နတ်ဒေဝါ ဒီလမ်းပါ ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒါကထွက်ပေါက်နော်”
“အော်” ရှန်းရင်တစ်ဖက်လှည့်ပြီး မီးတောင်ဆီ ဦးတည်ခဲ့တယ်။ သူမက လမ်းလျှောက်ရင်း သူ့ဘာသာရေရွတ်နေတယ်။
“ငါအစက နင်နဲ့လမ်းခွဲပြီး ငါ့ဘာသာစားဖိုမှူးကို ရှာဖို့လုပ်ထားတာ၊ ကြည့်ရတာ ငါတို့နည်းနည်းထပ်ပြီးကြာကြာ ပူးပေါင်းရဦးမယ်ထင်တယ်”
“…” ဘာ။
ငါ-ိုး သူခုလေးတင် ဘာကြားလိုက်တာ။
လမ်းခွဲမယ်တဲ့လား။ ကြီးမြတ်တဲ့နတ်ဒေဝါက သူ့ကို လွှတ်ပေးချင်ခဲ့တာပေါ့။
…
ဟင့်အင်း ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်စကားနားထောင်ပါ – ခုလမ်းခွဲလည်း နောက်မကျသေးပါဘူး
“ပြီးတော့လေ… မြွေနဂါးရှည်၊ နင် ဝတ်ရုံလဲသင့်တယ်မထင်ဘူးလား၊ ကြေးခွံအဝတ်ကို သုံးနေတာရပ်တော့၊ အရင်တစ်ခေါက်က နင့်ဖင်ပဲပေါ်တာ၊ ခုက နင့်ကိုယ်အောက်ပိုင်းတစ်ခုလုံး ပေါ်နေပြီ၊ အအေးမိမယ် မဟုတ်ဘူးလား”
ဖွီ…။
ရှန်းရင် မျက်လုံးထောင့်ကနေ သူသွေးအန်တာ မြင်လိုက်ရတော့တယ်။
——————
လင်ထိုက်တောင်ထိပ်မှာ ဆံပင်ဖြူနဲ့အဘိုးကြီးတစ်ယောက်က ရေကန်ဘေးရပ်နေတယ်။ သူ့ရှေ့မှာတော့ ကြေးမုံတစ်ခုက မျောလွင့်နေပြီး ညင်သာသာရယ်ကာ စကားပြောတယ်။
“ငါတို့မတွေ့တာ နှစ်သောင်းချီပြီ၊ မင်းဘာလို့ ရုတ်တရက် ငါ့ကိုအသံဆက်သွယ်မှု ရုတ်တရက် ပို့လာရတာလဲ”
“လူတစ်ယောက်အကြောင်း မေးဖို့” အေးစိမ့်တဲ့အသံတစ်သံက ကြေးမုံကနေထွက်လာတယ်။ မှန်ပေါ် ရေပွက်တွေ ပေါ်လာပြီး ဝတ်ရုံဖြူလူတစ်ယောက်ရဲ့ ခပ်ဖျော့ဖျော့ပုံရိပ် ထင်ဟပ်သွားတယ်။
အဘိုးကြီးက ပိုတောင်ပြုံးသွားတယ်။
“မင်းကိုယ်တိုင် လာဖို့လိုတယ်လို့ခံစားရလောက်တဲ့အထိ ဘယ်သူက အဲလောက်အရေးကြီးနေတာလဲ”
“နဂါးနက်တစ်ကောင်၊ ဟိုတလောကမှ တက်လှမ်းလာတာ”
“နဂါးနက်လား” အဘိုးကြီးက ခဏစဉ်းစားနေတယ်။
“ငါ နဂါးနက်တစ်ကောင် မကြာသေးခင်ကတင် လင်ထိုက်တောင်ကို ကျူးကျော်လာတာတော့ တကယ်ကြားခဲ့တယ်၊ ငါ့ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို ဖျက်ဆီးသွားတဲ့နဂါးနဲ့ တူတယ်ထင်တာပဲ ဒါပေမဲ့ ဓမ္မညီလာခံမစခင် တရားနားထောင်ဖို့ရောက်လာတဲ့ ကောင်းကင်မျိုးနွယ်တွေက မောင်းထုတ်ပြီး အပြစ်ပေးလိုက်ကြတယ် မင်းက ဒီနဂါးနဲ့ပတ်သက်နေတာလား”
မှန်ထဲကလူက မျက်မှောင်ကြုတ်တယ်။
“မင်း စိုးရိမ်စရာမလိုပါဘူး – ဘယ်သူမှဒီအကြောင်း မသိဘူး၊ မင်း နဂါးအသူတစ်ရာချောက်နက်က လူတွေအကြောင်း ကောင်းကောင်းသိမှာပါ၊ သူတို့က သူ့အသက်ကို အခက်တွေ့အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တာပဲ” အဘိုးကြီးက နှစ်သိမ့်တယ်။
“မင်းမှာ ဆောင်ရွက်စရာကိစ္စတစ်ခုခုရှိရင် နဂါးကို ဒီပြန်ခေါ်လာဖို့ ငါလူလွှတ်ပေးလို့ရတယ်လေ”
…