အခန်း ၂၄၁ ။ ကျောင်းလုံဖမ်းဆီးခံရမှု
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်ဒေဝါ” ကျောင်းလုံက ရှန်းရင်ဘက်လှည့်ပြောတယ်။
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
“ကိစ္စမရှိဘူး၊ အရင်ဝင်ကြရအောင်” ရှန်းရင်က မျက်စိတစ်ဖက် မှိတ်ပြပြီး ခပ်တိုးတိုးပြောလိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ခုလည်း နင်က နဂါးဆိုတာ ဘယ်သူမှ မပြောနိုင်တာ”
“တကယ်လား… ကျွန်တော်တို့ တကယ်ဝင်လို့ရတာလား”
“စိတ်အေးအေးထားပါ၊ လွယ်လွယ်လေး” ရှန်းရင်က ယုံကြည်ချက်ရှိရှိဖြေပြီး တစ်ခဏစဉ်းစားကာ ထပ်ဖြည့်ပြောလိုက်တယ်။
“ငါရှိနေရင် နင်ဘာကြောက်စရာလိုလဲ”
ဟုတ်သားပဲ၊ ကြီးမြတ်တဲ့နတ်ဒေဝါ ရှိသေးတာပဲ။ ကျောင်းလုံ စိတ်အေးအေးထားပြီး တံခါးထဲ ခြေချလိုက်တယ်။
ချက်ချင်း ရွှီးခနဲ လေတိုးတဲ့အသံလှိုင်းပေါ်လာပြီးအနားမှာ ဝိညာဉ်ဓားတွေ ဒါဇင်နဲ့ချီ ပေါ်လာတယ်။ ကျောင်းလုံရဲ့ ခြေထောက်အောက်ဘက်နားဆီ ထိုးစိုက်ပြီး သူ့ခြေထောက်ပတ်လည်မှာ ရဲရဲတောက်နေတဲ့ အနီရောင်အလင်းတွေနဲ့ ဝိုင်းထားတော့တယ်။
တစ်ချိန်တည်းမှာပဲ ဓားသန်းချီက သူ့ခေါင်းပေါ် ပေါ်လာတယ်။ ဓားတွေက သူ့ဆီ မိုးလိုမျိုး ထိုးစိုက်ဖို့လုပ်တော့တယ်။
ကျောင်းလုံ ။ ။ “…”
အားလုံး ။ ။ “…”
အဆင်ပြေမယ်လို့ သူပြောတယ် မဟုတ်ဘူးလား/
Σ(°△°|||)
ကျောင်းလုံက ဘယ်လိုပဲဖြစ်ဖြစ် နဂါးတစ်ကောင်ပဲ။ ဓားအင်းကွက်က ရုတ်ခြည်း ပေါ်လာပေမဲ့ သူ့တုံ့ပြန်မှုက အရမ်းမြန်ပြီး နဂါးအသွင်ဆီ အလိုလိုပြောင်းလဲလိုက်ကာ ရှေ့ကို အရှိန်မြှင့် ဓားမိုးကို လက်မတင်လေး ရှောင်လိုက်တယ်။ ချက်ချင်း နဂါးကြီးတစ်ကောင် သူတို့ဆန့်ကျင်ဘက်က ကြာပန်းတွေစိုက်ထားတဲ့လမ်းပေါ် ပေါ်လာတယ်။
ခုလေးတင်နှုတ်ဆက်နေကြတဲ့ နတ်တွေအကုန် တိတ်ဆိတ်ကုန်တယ်။
အကြည့်ထောင်ချီက ကျောင်းလုံပေါ်ရောက်လာတာမို့ သူ ချက်ချင်း မကောင်းတဲ့ခံစားချက် ရလေတော့တယ်။
“နဂါး နဂါးတစ်ကောင်ပဲ” ရုတ်တရက် တစ်ယောက်က အော်လိုက်တော့ လူအုပ်ကြီးက မီးမြှိုက်ခံရသလို မျက်လုံးပြူးကုန်ကြတယ်။
“ကျောင်းလုံ၊ ကျောင်းလုံပဲ”
“ရှန်းကျွင်းရှာနေတဲ့ တစ်ကောင်ဖြစ်ရမယ်”
“ဖမ်းဆီးကြ” ချက်ချင်း လူအုပ်ကြီးက အသည်းအသန် သူတို့ဓမ္မအသုံးအဆောင်တွေ ဆွဲထုတ်ကာ ဂါထာတွေ ရွတ်ကြတယ်။ လူပင်လယ်ကြီးက အမည်းစက်လေးဆီ ပြေးသွားကြပြီး လင်ထိုက်တောင်အနားကနေတောင် လူတွေအများကြီး ပျံသန်းထွက်လာတယ်။
ကျောင်းလုံ ကောင်းကင်က ဓမ္မအသုံးအဆောင်တွေကို ရိုက်ချဖို့ မိုးကြိုးကိုပဲဆင့်ခေါ်ရတော့တယ်။ သူက ရှန်းရင်ကို ကြည့်ကာမေးလိုက်တယ်။
“ဘာ… ဘာလုပ်ကြမလဲ” နဂါးကို ကယ်ပါဦး…။
“ဟမ်…” ရှန်းရင် သူမရှေ့ကလူအုပ်ကြီးကို ကြည့်ပြီး လိုရင်းတိုရှင်းပြောလိုက်တယ်။
“ပြေး”
နောက်အခိုက်အတန့်မှာ သူမက တစ်ဟုန်ထိုးပြေးသွားပြီး ကြာပန်းစင်မြင့်ပေါ် ဖုန်အလိမ့်လိုက်ကြီးပဲ ကျန်ခဲ့ရှာတယ်။ လူတွေက အများကြီးပဲ၊ ရန်ဖြစ်နေရင် ပင်ပန်းမှာပေါ့။
ကျောင်းလုံ ။ ။ “…” သူ့ကိုကာကွယ်ပေးဖို့က ဘာဖြစ်သွားပြီလဲ။
ကျောင်းလုံ သူ့အတွက်သူ ဝမ်းနည်းချိန်မရဘဲ ဘေးကလူကို အမြီးနဲ့ယမ်းထုတ်ကာ လှည့်ပြီး သူ့အသက်အတွက်သူ စတင်ပြေးတော့တယ်။
လူအုပ်ကြီး ။ ။ “…”
မြန်လိုက်တာ၊ ဒါပေမဲ့… သူက ဘာလို့ ရှန်းကျွင်းရဲ့ လင်ထိုက်တောင်ဘက်ကို ပြေးနေတာလဲ။ သူက သူ့ရန်သူ တည့်တည့်ဆီ ဝင်တိုးတာပဲ။
နှစ်ယောက်သား လင်ထိုက်တောင်ခြေရောက်တော့မဲ့အချိန် ရွှေကြာပန်းတစ်ပွင့် ကောင်းကင်ကနေ ဆင်းသက်လာပြီး သူ့ပွင့်ဖတ်တွေက ကျောင်းလုံကို ချက်ချင်းအထဲထည့်ပတ်လိုက်တယ်။ ကျောင်းလုံ သူ့ကိုယ်သူ မရပ်နိုင်ဘဲ ပန်းပွင့်ဖတ်တွေကို ခေါင်းနဲ့ဝင်တိုက်မိတော့တယ်။ သူ ချက်ချင်း ကြယ်တွေလတွေမြင်သွားပြီး သူ့အစွမ်းတွေ ချိပ်ပိတ်ခံလိုက်ရတော့တယ်။
ကြာပန်းအပြင်မှရှန်းရင် ။ ။ “…” လခွမ်းဟေ့ ဘက်မှားပြေးမိပြီ။
ကျောင်းလုံ ။ ။ “…”
ဒဏ်ရာရတဲ့သူက ဘာလို့ အမြဲသူဖြစ်နေရတာလဲ။ ဘာလို့အမြဲ သူပဲလဲလို့။
——————
လင်ထိုက်တောင်၊ ဖူဟွားနန်းတော်။
ကြောက်ခမန်းလိလိ ဖိနှိပ်မှုက နန်းတော်တစ်ခုလုံးကို လွှမ်းခြုံနေတယ်။ ကျင့်ကြံဆင့်မြင့်တဲ့ ကောင်းကင်နတ်ဘုရားဆယ်ယောက်က ဘေးနှစ်ဖက်စလုံးမှာ ရပ်နေပြီး ကြာပန်းထဲ ပိတ်လှောင်ခံထားရတဲ့ ကျောင်းလုံကို ဒေါသတကြီးကြည့်နေတယ်။
“ရိုင်းပျတဲ့နဂါး မင်းက ရှန်းကျွင်းရဲ့ ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို ဖျက်ဆီးပြီး လင်ထိုက်တောင်တန်းကို ရောက်လာ၊ ဆိုးဆိုးရွားရွား ပြုမူရဲသေးတယ်ပေါ့လေ၊ မင်းအပြစ်တွေကို ဝန်ခံလား”
“ဘာကောင်းကင်စိတ်တန်ခိုးကျောက်တုံးလဲ” ကျောင်းလုံ အူလည်လည်ဖြစ်ပြီး သူတို့ကို ဒေါသတကြီး ကြည့်တော့တယ်။
“ဒီကို အတင်းကျူးကျော်လာတာ ကျုပ်အမှားဆိုပေမဲ့ မလုပ်တဲ့ကိစ္စကိုတော့ လာခြောက်မချနဲ့”
“မင်းလိမ်ဖို့ ကြိုးစားသေးတယ်ပေါ့” အဲလူအမူအရာက အေးစက်သွားပြီး ဂါထာရွတ်လိုက်တယ်။ ရေကြေးမုံက နန်းတော်ထဲပေါ်လာပြီး ပုံရိပ်တစ်ခု ခပ်ရေးရေးပေါ်လာတယ်။
“ဒီနေရာကိုမှတ်မိသေးလား”
ကျောင်းလုံ အနီးကပ်ကြည့်လိုက်တော့ တောအုပ်တစ်ခုနဲ့တူတာ သိလိုက်ရတယ်။ မြက်ခင်းစိမ်းတွေက တကယ်ကို ရင်းနှီးနေတယ်။ အထူးသဖြင့် မြေကြီးပေါ်က တစစီဖြစ်နေတဲ့ကျောက်တုံးတွေ…။
ခဏနပေါဦး
အဲဒါ ကြီးမြတ်တဲ့နတ်သမီး သူ့ကို စောနက ဆောင့်နင်းခဲ့တဲ့ကျောက်တုံး မဟုတ်လား။ သူ ကျောက်စကျောက်နားတွေကြား သူ့ပုံရိပ်ကောက်ကြောင်းကို မြင်နိုင်သေးတယ်။ သူညှပ်နေခဲ့တဲ့ ကောင်းကင်စိတ်တန်ခိုးကျောက်တုံးက ရှန်းကျွင်းရဲ့ဟာလား။
“ကျုပ်…. ကျုပ် တကယ်ပဲအဲကိုရောက်ခဲ့တယ်” ကျောင်းလုံ ချောင်းဟန့်လိုက်တယ်။
“ဒါပေမဲ့ ကျောက်တုံးကို ကျုပ်ဖျက်ဆီးတာ မဟုတ်ဘူး”
“ဒီညှို့စားတောအုပ်ထဲက ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို ဟုန်ယွီရှန်းကျွင်းထားထားပြီး အားဖြည့်ပေးဖို့ သူကိုယ်တိုင် အင်းကွက်အစီအရင်ချထားတာ”
အဲလူက အေးစက်စက် နှာမှုတ်ပြီး သူ့လေသံက ပိုတောင်မကျေမချမ်းဖြစ်လာတယ်။
“ငါအဲကိုသွားကြည့်တာ ကျောက်တုံးတွေကြား ကျန်နေခဲ့တဲ့ အရှိန်အဝါက မင်းဟာလေ၊ တကယ်လို့ မင်းဟာ မဟုတ်ရင် ဘယ်သူ့ဟာလဲ”
“ဒါ… ဒါ…” ကျောင်းလုံ နင်နေတယ်။ ဘယ်သူလဲဆိုတာ သူ မပြောရဲဘူး။
o(>_<)o
“ငါပဲ” ရှန်းရင် လက်မြှောက်ပြလိုက်တယ်။
“ဘယ်သူလဲ” အဲလူက လန့်သွားပြီး ဟိုဟိုဒီဒီကြည့်လိုက်တယ်။ နောက်တော့ ကျောင်းလုံဘေးရပ်နေတဲ့ မိန်းမကို သတိထားမိသွားတယ်။
“မင်းက ဘယ်သူလဲ၊ ဘယ်တုန်းက ကျူးကျော်ဝင်ရောက်လာတာလဲ”
သူတင်မက နန်းတော်ထဲက နတ်ဘုရားတွေအားလုံး မှင်တက်ကုန်တယ်။ ကျောင်းလုံထွက်မပြေးအောင် တခြားသူတွေ ဘယ်သူမှဝင်မလာတာသေချာစေဖို့ သီးခြားစည်းအင်းကွက်တစ်ခု ထားထားတာ။ ဒီမိန်းမပေါ်လာချိန် သူတို့လုံးဝကို အာရုံမခံမိခဲ့ဘူး။
“အာ… ငါဒီမှာတစ်ချိန်လုံးရှိနေတာလေ” ရှန်းရင်နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူတို့ ကျောင်းလုံကို ဒီထဲ ခေါ်လာတည်းက သူမ ဒီမှာရှိနေခဲ့တာလေ။
သူမကို မေးခွန်းထုတ်တဲ့လူက ငေးငိုင်နေတဲ့ အမူအရာနဲ့ စေ့စေ့စပ်စပ်ကြည့်လာတယ်။ သူမမှာ နတ်ဘုရားစွမ်းအင် တစ်စက်မှမရှိတာ နားလည်သွားတယ်။ သူက ချက်ချင်း စိတ်အေးသွားတယ်။ ဒီလိုမပြောပလောက်တဲ့ နတ်ဘုရားစွမ်းအင်နဲ့ နတ်သေးသေးလေးကို သတိမထားမိတာ မဆန်းတော့ဘူး။
“မိန်းကလေး၊ ခုမင်းစကားလုံးတွေက ဘာဆိုလိုတာလဲ”
“အဲကျောက်တုံးက…” ရှန်းရင် ရေကြေးမုံကိုလက်ညှိုးထိုးပြလိုက်တယ်။
“ငါ… ခြေမွှမိထားတာဖြစ်နိုင်တယ်”
ကျောင်းလုံက ချက်ချင်း ဖားယားတော့တယ်။
“မင်းတို့ ကြီးမြတ်တဲ့နတ်ဒေဝါကို အပြစ်တင်လို့မရဘူး၊ မင်းတို့ကျောက်တုံးကမှ ပျော့လွန်းနေတာ၊ ကြီးမြတ်တဲ့နတ်ဒေဝါက တစ်ချက်လေးထိုးမိတာကို ကျေမွသွားတာပဲ” သူတို့က ကောင်းကင်စိတ်တန်ခိုးကျောက်တုံးဆိုပြီး ခေါ်ရဲသေးတယ်ပေါ့။
“ဒီအမျိုးသမီးက ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို ခြေမွှပစ်ခဲ့တယ်လို့ ပြောနေတာလား” အဲလူအမူအရာက ပိုမည်းမှောင်လာပြီး ကျောင်းလုံကို အေးစက်စက်မေးတယ်။
“အမှန်ပဲ”
“အဓိပ္ပာယ်မရှိတာတွေ” အဲလူက ပိုတောင်ဒေါသထွက်လာပြီး စားပွဲကိုထုကာ ထရပ်တော့တယ်။
“အရှက်မရှိတဲ့ကျောင်းလုံ ပထမဆုံး ရှန်းကျွင်းရဲ့ ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို ဖျက်ဆီးတယ်၊ ခုကျ နောင်တတရားမဲ့စွာနဲ့ တခြားသူကိုအပြစ်ဖို့ဖို့ ကြိုးစားနေတယ်ပေါ့”
“ဟေးဟေးဟေး ကျုပ်ပြောတာ အမှန်ပဲ”
“ပါးစပ်ပိတ်ထား ကောင်းကင်စိတ်တန်ခိုးကျောက်တုံးက ကောင်းကင်မြေအောက်ဘုံမှာ အမာဆုံးပဲ၊ ဇာမဏီမျိုးနွယ်ရဲ့ မီးတောက်စစ်တွေတောင် မသန့်စင်နိုင်လောက်ဘူး၊ ဘယ်လိုလုပ် တစ်ချက်တည်းနဲ့ ပဲ့ထွက်နိုင်မှာလဲ၊ ငါကန်းနေတယ်များထင်နေလား”
“…” မင်းတို့တကယ် ကန်းနေတာဟ
သူက စကားပိုပြောလေ ဒေါသပိုထွက်လာလေနဲ့ နဂါးကို ထုထောင်းချင်နေတဲ့ပုံ။ ဘေးက တခြားနတ်ဘုရားတွေပါ ကျောင်းလုံကို ဒေါသနဲ့ ဝေဖန်ကြတော့တယ်။
“ကောင်းကင်မျိုးနွယ်လေးခုရဲ့ တစ်ခုဖြစ်နဲ့ နဂါးမျိုးနွယ်မှာ ဒီလိုအရှက်မရှိတဲ့နဂါး ရှိနေမယ်မထင်ခဲ့ဘူး”
“အမှန်ပဲ၊ ပေါက်တတ်ကရတွေပဲပြောနေတာ သူ့ကိုယ်သူ အပြစ်ရှောင်ဖို့ ဒီလိုဆင်ခြေကိုတောင် လိမ်လည်ပြောဆိုတယ်”
“ဒီမိန်းကလေးက ခုမှတက်လှမ်းလာကာစ နတ်ဖြစ်ပုံပဲ၊ သူမမှာ ဘယ်လိုလုပ် အဲလောက် နတ်ဘုရားအစွမ်းရှိမှာလဲ”
“ဒါကနောင်တမရတဲ့နဂါးပဲ၊ ငါတို့ သူ့ကို အပြစ်ပြင်းပြင်းထန်ထန်ပေးရမယ်”
“အမှန်ပဲ၊ ရှန်းကျွင်းက မကြာခင် ပို့ချတော့မှာ၊ သူပြန်မလာခင် ဒီကိစ္စဖြေရှင်းရမယ်”
ကျောင်းလုံ ။ ။ “…” ဘယ်သူမှအမှန်တရားကို မယုံတော့ဘူးပဲ။
ရှန်းရင် ။ ။ “…” သူမလည်း ဒီလောက်ထိပဲလုပ်နိုင်တယ်။
“တာအိုရောင်းရင်းတို့ ဒီနဂါးကို ဘယ်လိုစီရင်သင့်တယ်ထင်လဲ” ဘယ်ဘက်အစွန်ဆုံ
းက လူက ရှေ့တက်လာပြီး လက်နှစ်ဖက်ယှက်မိုးကာ တခြားနတ်ဘုရားတွေကို ကြည့်လာခဲ့တယ်။
…