အခန်း ၂၄၀ ။ ကြာပန်းညီလာခံ
လမ်းကြောင်းနဲ့ ပတ်သက်ရင် အရမ်းကိုလမ်းပျောက်တတ်ပြီး တောအုပ်ထဲ လနဲ့ချီ ပိတ်မိခဲ့သူတစ်ယောက်အနေနဲ့ ရှန်းရင် မနေနိုင်ဘဲ သူမရဲ့ဘေးက မြွေနဂါးရှည်ကို ချီးကျူးလိုက်တယ်။
“တော်တယ် မြွေနဂါးရှည်ကြီး”
“ရပါတယ် ရပါတယ်”
ကျောင်းလုံက နှိမ့်ချစွာပြုံးလိုက်တယ်။ တောအုပ်က စတည်းက အဲလောက်မှမကြီးတာ။
“ကြီးမြတ်တဲ့နတ်သမီးရဲ့ အစီအစဉ်တွေကရော ဘာများပါလဲ”
“အာ…” ရှန်းရင် တစ်ခဏစဉ်းစားနေပြီး သူမရှေ့က လမ်းကျဉ်းလေးကို ကြည့်လိုက်တယ်။
“ငါလူများတဲ့နေရာတွေ သွားပြီး လျှောက်ကြည့်ရမယ်” စားဖိုမှူးက သူမကိုရှာနေလောက်တယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဝင်တိုက်မိနိုင်တယ်လေ။ အဓိကကိစ္စက…
“နင့်မှာ စားစရာပါလာလားဟေ” သူမ စားစရာအစားအသောက်မရှိတာနဲ့ နေသားမကျဘူး။
“ဘာကို စား… စား… စားမှာလဲဟင်” ကျောင်းလုံ တုန်ရီပြီး ဟိုးအရင်က အပိုင်းပိုင်းခုတ်ခံခဲ့ရတဲ့ ပင်လယ်သားရဲကို ပြန်စဉ်းစားနေမိတယ်။ သူ့တစ်ကိုယ်လုံး သွေးရောင် မရှိတော့ဘူး။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်က ငယ်ငယ်တည်းက အစေ့အဆန်လွတ်ကျင့်စဉ်ကို ကျင့်သုံးလာခဲ့တာပါ၊ ဒါကြောင့်… ကျွန်တော်… ကျွန်တော်…”
“အော်” ရှန်းရင် ကြည့်ရတာ စိတ်ပျက်သွားပုံ။ သူမက ဟိုဟိုဒီဒီလှည့်ပြီး ကျောင်းလုံကို ခေါင်းစခြေဆုံး ကြည့်တော့တယ်။ တစ်ခုခုကို ရှာတွေ့သွားသလိုမျိုး သူမကပြောလာတယ်။
“မြွေနဂါးရှည်၊ နင်…”
ဘွန်း
ရှန်းရင် စကားမဆုံးခင် ကျောင်းလုံခြေထောက်တွေ ပျော့ခွေပြီး ဒူးထောက်ကျသွားတော့တယ်။ သူက ငိုယိုတော့တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ ကျွန်တော့်ကို စားလို့မရပါဘူး… ကျွန်တော် ခင်ဗျားကို လမ်းပြရဦးမယ်လေ၊ ပြီးတော့ ကျွန်တော့်အသားအရသာက အရမ်းကိုဆိုးပါတယ်၊ တကယ်ပါ”
“ဟင့်အင်း ငါ-”
“ကြီးမြတ်တဲ့နတ်သမီး ကျွန်တော်က မိစ္ဆာမြွေနဂါး ဖြစ်ခဲ့ဖူးတာမမေ့ပါနဲ့၊ ကျွန်တော်က အဆိပ်ရှိတယ် – ကျွန်တော့်ကို စားရင် သေချာပေါက် ဝမ်းလျှောလိမ့်မယ်”
“တကယ်တော့…”
“ဗိုက်ဆာနေတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် လက်ထပ်ပြီး နဂါးလေးတွေတောင် မမွေးရသေးဘူး၊ ကျွန်တော် အေးအေးချမ်းချမ်း သေနိုင်မှာမဟုတ်ဘူး၊ ကြီးမြတ်တဲ့နတ်သမီး..”
ရှန်းရင် နှုတ်ခမ်းသပ်လိုက်တယ်။ ဒီသောက်ကျိုးနည်း ဘာတွေပြောနေတာလဲ။
“ငါနင့်ကိုမစားချင်ဘူး”
“ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်မဟုတ်… အာ”
ကျောင်းလုံ တန့်သွားပြီး သူ့မျက်ရည်တွေရပ်သွားတယ်။ သူက သူမကို မယုံကြည်နိုင်စွာ ကြည့်တော့တယ်။
“မစား… ဘူးလား”
“အင်း” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
“ငါ ဟင်းဘယ်လိုချက်ရမလဲမသိဘူး”
စားဖိုမှူးလည်း အနားမှာမရှိဘူး။
ကျောင်းလုံ စိတ်သက်သာရာရပြီး သက်ပြင်းမောကြီးချလိုက်တယ်။ သူ့ကြည့်ရတာ သေဘေးက လက်မတင်လေး လွတ်မြောက်လာသလို။
“ကောင်းတယ်၊ ကောင်းတယ်၊ ဒါဆို ကြီးမြတ်တဲ့နတ်ဒေဝါ စောနကဘာပြောနေတာလဲ”
ရှန်းရင် မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။
“အော် ငါနင့်ကို အဝတ်လဲဖို့ သတိပေးချင်ရုံပါ”
“ဟမျ” ဘာဆိုလိုတာလဲ။
“နင်… နင့်ဝတ်ရုံမှာ အပေါက်ကြီးရှိနေတာ မသိဘူးလား”
ရှန်းရင်က သူ့နောက်ဘက်ကို လက်ညှိုးထိုးလိုက်တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ နောက်နေတာပဲဖြစ်ရမယ်” ကျောင်းလုံက လေးလေးနက်နက်ရှင်းပြတော့တယ်။
“ကျွန်တော့်ဝတ်ရုံနက်က အကုန် နဂါးအကြေးခွံတွေနဲ့လုပ်ထားတာ၊ သေချာပေါက်…” သူ သူ့နောက်ဘက်ကို စမ်းကြည့်တော့ ပိုပြီးအေးနေတဲ့နေရာရှိနေမှန်း နားလည်လိုက်ရတယ်။ သူ စကားပြောနေရင်း ရပ်တန့်သွားတော့တယ်။
“နင့်ဖင်နားမှာ နည်းနည်းလေတိုးနေတယ်လို့ မခံစားရဘူးလား” နေ့တစ်ဝက်လောက် ပေါ်နေတာကို။
“…”
တစ်ခဏအကြာ…။
အားအားအား¬
နာနာကျင်ကျင်အော်သံက နေရာတစ်ခွက် အက်ခိုးထပ်သွားခဲ့တော့တယ်။
သူ့အမြီး တစ်ဝက်စုတ်ဖြဲခံထားရတယ်ဆိုတာကို မေ့နေခဲ့တာ။ သူ့ဖင်ပေါ်လျက်သားနဲ့ တောအုပ်တစ်လျှောက် လမ်းလျှောက်နေခဲ့မိတာပေါ့။
သူ့ဘဝက ပျက်စီးခြောက်သွေ့နေတာပဲ…။
——————
နဂါးနဲ့လူက ဘေးချင်းကပ် တစ်နာရီလောက် လျှောက်ခဲ့ကြတယ်။ သူတို့ကွင်းပြင်ကျယ်ကြီးကို ဖြတ်ပြီးနောက်မှာတော့ တခြားလူတွေကို စတွေ့စပြုလာတယ်။ တစ်ယောက်ချင်းစီက ကြောက်ခမန်းလိလိ အရှိန်အဝါတွေနဲ့။ ကျောင်းလုံခန့်မှန်းကြည့်တာတော့ သူတို့ထုတ်နေတဲ့ အရှိန်အဝါအရ အများစုကကောင်းကင်မျိုးနွယ်တွေပဲ။ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားတဲ့ ဂါထာတစ်မျိုးမျိုး သုံးထားလို့ထင် ပုံစံအစစ်တွေကို အာရုံခံမရဘူး။
သူတို့ လျှောက်မေးကြည့်ပေမဲ့ ယိချင်းရောကူယွဲ့ကိုပါ ရှာမတွေ့။ ဒါကြောင့် အရှေ့ဘက်ဆီ ဆက်ဦးတည်ခဲ့ကြတယ်။ သူတို့လမ်းပိုလျှောက်လေ လူတွေပိုတွေ့လာရလာလေပဲ။ တစ်နာရီအတွင်း သူတို့နဲ့အတူ လူဆယ်ယောက်လောက် ဘေးမှာပျံသန်းနေတာကိုမြင်လိုက်ရတယ်။ ဒီလူတွေက တစ်နေရာတည်းကိုပဲ ဦးတည်နေပေမဲ့ အလျင်လိုနေကြပုံပဲ။ သူတို့မျက်နှာပေါ်မှာ စိတ်လှုပ်ရှုးနေတဲ့ အကြည့်တွေနဲ့ အရမ်းကိုလျင်လျင်မြန်မြန် ပျံသန်းနေကြတယ်။
“ဒီက လူငယ်လေး” ရှန်းရင် လူတစ်ယောက်အနားဆီ တိုးသွားပြီး လက်ယမ်းပြလိုက်တယ်။
အဲလူက ရပ်သွားပြီး ဇဝေဇဝါဖြစ်ဟန်နဲ့ ဟိုဟိုဒီဒီ ကြည့်တော့တယ်။
“ဒီမှာ ဒီမှာ” ရှန်းရင်က အမြန် သူ့မျက်လုံးရှေ့ယမ်းပြလိုက်ပြီး အဲလူက နောက်ဆုံးတော့ သူမကို သတိထားမိသွားတော့တယ်။
“တာအိုရောင်းရင်း ဘာကိစ္စရှိလို့လဲ”
“နင်တို့ ဘယ်ကို ဦးတည်နေတာလဲ” သူမ ယိချင်းနဲ့ ကူယွဲ့ကို ရှာမတွေ့သေးတာမို့ ဒီတိုင်းပဲ ဘာရယ်မဟုတ် မေးလိုက်တယ်။
“အာ မသိဘူးလား” အဲလူက သူမကို အထိတ်တလန့် ကြည့်တော့တယ်။
“ကျုပ်တို့က ကြာပန်းညီလာခံမှာပါဝင်ဖို့ လင်ထိုက်တောင်ကို ဦးတည်နေကြတာ၊ ကျုပ်တို့တွေ ပူဇော်စင်မြင့်ပေါ်က ဟုန်ယွီရှန်းကျွင်းရဲ့ တရားဟောကြားမှုကို သွားနားထောင်မလို့လေ”
“ဟုန်ယွီရှန်းကျွင်းလား” အဲဒါဘယ်သူလဲ။
“ရှန်းကျွင်းက အဲ့ကွင်းကို နှစ်ထောင်ချီနေမှ တစ်ခါဖွင့်တာ၊ အကြိမ်တိုင်း သုံးရက်ဖွင့်ပေးတယ်” အဲလူက စိတ်လှုပ်ရှားစွာနဲ့ ရှင်းပြတယ်။
“ရှန်းကျွင်းမှာ ထူးခြားတဲ့အစွမ်းတွေရှိတယ်၊ သူ့တရားဟောကြားမှုကို နားထောင်တဲ့ဘယ်သူမဆို သူတို့ကျင့်ကြံဆင့် တိုးမြင့်လာတာကိုခံစားရလိမ့်မယ် အဲဒါကြောင့် လူတိုင်းက အသည်းအသန် ဖြစ်နေတာ – သူတို့က လင်ထိုက်တောင်မှာ နေရာကောင်းရအောင် အသည်းအသန် ကြိုးစားနေကြတာ၊ ကျုပ်လည်း ဒီစုဝေးမှုကိုမှီအောင် မြောက်ပိုင်းကနေ ဒီထိလာခဲ့ရတာ”
“ဒီကြာပန်းညီလာခံကို လူတော်တော်များများတက်ကြလား”
“သေချာပေါက်ပေါ့” အဲလူက အသည်းအသန်ခေါင်းညိတ်တော့တယ်။
“ကောင်းကင်မြေအောက်ဘုံကလူတိုင်း ရှန်းကျွင်းရဲ့ အကြံဉာဏ်ကို လိုချင်ကြတာပဲ၊ ကောင်းကင်မျိုးနွယ်တွေ မပြောနဲ့၊ တောင်တန်းတွေထဲက ဝိညာဉ်ရိုင်းတွေနဲ့ သားရဲတွေပါ အောက်ဆင်းလာပြီး သူအမြင်ဖွင့်ပေးတာကို လိုချင်ကြတာ”
“အော်…”
“ညီမငယ် ကျုပ်အခုသွားရတော့မယ်၊ အရမ်းနောက်ကျသွားရင် လူတွေအရမ်းများပြီး တောင်ပေါ်ကို တိုးမတက်နိုင်တော့လောက်ဘူး”
“ကျေးဇူးတင်ပါတယ်”
“မလိုပါဘူး” သူက သူမကိုကြင်နာစွာနဲ့ ခေါင်းညိတ်ပြပြီး တိမ်တိုက်တွေဆီ အရှိန်ပြန်မြှင့်လေတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲကြာပန်းညီလာခံဆီ သွားချင်လား” နဂါးက လည်ပင်းပေါ်ထိုင်နေတဲ့ ရှန်းရင်ကို မော့ကြည့်လိုက်တယ်။
“အင်း” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
“လေဟာပြင်အတန်းကို တက်တဲ့လူများမှာ”
သူမလည်း “လူပျောက်ကြော်ငြာ”ကပ်ဖို့ ပိုပြီးလွယ်ကူသွားမယ်။
“…” လေဟာပြင်အတန်းဆိုတာ ဘာလဲ။ ကျောင်းလုံ ဒါကိုတော့ သူမနဲ့ အတည်ပြုမဖြေရှင်းရဲ။ သူ လိမ်လိမ်မာမာနဲ့ လူအုပ်ကြီးဦးတည်နေတဲ့ဘက်ဆီ အရှိန်မြှင့်လိုက်တော့တယ်။
မြွေနဂါးရှည်က ပျံသန်းတာ အတော်လေးမြန်တယ်။ တစ်အောင့်ကြာပြီးတဲ့နောက် တိမ်တိုက်တွေကြား တောင်ကြီးတစ်ခု ပေါ်လာတာကို အဝေးကနေ လှမ်းမြင်လိုက်ရတယ်။ အမတဘုံထဲက မိုးထိုးနေတဲ့ကောင်းကင်နန်းတော်တွေနဲ့ အရမ်းကို ကွာခြားတယ်။ တောင်တစ်ခုလုံးက သက်တန့်ရောင်စုံတွေနဲ့ ဖုံးလွှမ်းနေတယ်။ အလင်းကို ထုတ်ပေးနေသလိုမျိုး အတော်လေး မျက်စိကျဖို့ကောင်းတယ်။ တောင်အောက်မှာတော့ အဆက်မပြတ်စီးဆင်းနေတဲ့ တိမ်ပင်လယ်တွေ။ အောက်ခြေက ကြာပန်းတွေက တောင်ခြေကနေ တံတားတစ်စင်းလို သွယ်တန်းလာပြီး ကြီးမားတဲ့ ကြာပန်းစင်မြင့်ဆီ ဦးတည်နေတယ်။
ကြာပန်းစင်မြင့်က အတော်လေးကိုကျယ်တာ။ အဲအပေါ်မှာ နေရာအစုံက အမတတွေနဲ့ ကောင်းကင်မျိုးနွယ်တွေ ရပ်နေတယ်။ ထောင်ကျော်လောက်တော့ရှိမှာပဲ။ တစ်ယောက်ချင်းစီက အပြာရောင်ကောင်းကင်စွမ်းအင်တွေရှိကြတယ်။ တချို့ကလူအသွင်၊ ဒါပေမဲ့တချို့ကတော့ သားရဲအသွင်တွေ။
“များ… များလိုက်တဲ့ ကောင်းကင်မျိုးနွယ်တွေ”
ကျောင်းလုံက မျက်လုံးပြူးသွားတယ်။ သူ ကောင်းကင်မျိုးနွယ်အုပ်ကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ ဒါက သူ ကောင်းကင်မျိုးနွယ် ဒီလောက်အများကြီးကို တစ်နေရာတည်းမှာ ပထမဆုံးမြင်ဖူးတာပဲ။ ထူးဆန်းတာက သူတို့တွေကြား နဂါးလုံးဝရှိမနေတာ။
အရမ်းကို လူအုပ်ထူထဲနေတယ်။ ဒါပေမဲ့ အရာအားလုံးက အင်မတန်စနစ်တကျ။ ကောင်းကင်မျိုးနွယ်တွေအားလုံးက သူတို့ရောက်ရှိမှုအချိန်အရ တန်းစီနေကြတယ်။ အရမ်းကို လျင်မြန်စွာပဲ လူတန်းရှည်ကြီးဖြစ်သွားတယ်။ အချင်းများတာမျိုး၊ လူတွေ အလှည့်ကျော်တာမျိုးမရှိ။ အဲအစား လူတိုင်းက အင်မတန်ကြင်နာပြီး ဖော်ရွေတဲ့ပုံ။
ဒါက တကယ့်ကိုအထက်တန်းစား ကောင်းကင်ဘုံပဲ
“ကြီးမြတ်တဲ့နတ်သမီး” ကျောင်းလုံ လေထဲရပ်ပြီး ရှန်းရင်ကို မေးလိုဟန်လှည့်ကြည့်လိုက်တယ်။
“အရင်တန်းစီရအောင်” သူမအောက်ကို လက်ညှိုးထိုးပြီး နှစ်ယောက်သား လူတန်းကြီးအဆုံးမှာ ဆင်းသက်လိုက်တယ်။
“မြွေနဂါးရှည်၊ လျှောက်မေးကြည့်ရအောင်”
သူမက သူတို့နောက် ဆင်းသက်လာတဲ့လူတွေဘက် အမူအရာပြလာတယ်။
“ကောင်းပြီလေ” ကျောင်းလုံက သူတို့နောက်မှာ တန်းစီနေတဲ့ လူတွေဆီ ချက်ချင်းချဉ်းကပ်ပြီး ယိချင်းနဲ့ကူယွဲ့တည်နေရာကို မေးကြည့်တယ်။
ဒါပေမဲ့ ဘယ်သူမှသဲလွန်စမပေးနိုင်ကြ။ သူတို့တွေ အထဲကိုပါ လိုက်မေးကြည့်ရတော့တယ်။ ဒါပေမဲ့ လူတန်းက အရမ်းကို မြန်မြန်ရှေ့ရောက်နေတာ။ မိနစ်ပိုင်းအတွင်းမှာတင် သူတို့ လူတန်းရဲ့အရှေ့ဘက် ရောက်နေတာကိုမြင်လိုက်ရတယ်။ အဲတော့မှပဲ သူတို့နားလည်လိုက်ရတာက ကြာပန်းစင်မြင့်ကြီးတစ်ခုလုံးကို ဝိုင်းထားတဲ့ အင်းကွက်တစ်ခု ရှိနေတယ်ဆိုတာပဲ။ ဘယ်သူမှ စောင့်ကြပ်မနေဘူး။ သူတို့ဘေးမှာတော့ မျက်စိကျိန်းစရာ ရွှေရောင်စာလုံးတချို့ လွင့်မျောနေတယ်။
[လင်ထိုက်ဓမ္မညီလာခံမှ သက်ရှိအားလုံးကို လက်ခံပါတယ်၊ နဂါးများမပါ]
ရှန်းရင် ။ ။ “…”
ကျောင်းလုံ ။ ။ “…”
သူတို့တွေက ဘာလို့ နဂါးတွေကိုမုန်းနေရတာလဲ။ နဂါးတွေက ဘာလုပ်လို့တုန်း နောက်ဆုံးစာလုံးတွေက နောက်ပိုင်းမှ ထပ်ဖြည့်ထားတာ အသိသာကြီး။ တခြားစကားလုံးတွေထက် စာလုံးအရွယ်အစားက သိသိသာသာသေးနေတာလေ။
…