အခန်း ၂၃၉ ။ ကျောင်းလုံ၏ လမ်းညွှန်မှု
ကျောင်းလုံမျက်လုံးတွေ ပြူးထွက်လာတယ်။ အလိုလို သူက ပါးစပ်ပိတ်ပြီး သူထွေးထုတ်တော့မဲ့ မိုးကြိုးတွေကို ပြန်မျိုချလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ပြန်လှည့်ပြီး ရပ်ဖို့အတွက်က နောက်ကျလွန်းသွားပြီ။ ဟိန်းသံအကျယ်ကြီးနဲ့အတူ နဂါးက မြေကြီးထဲ ထိုးစိုက်ကျသွားပြီး သစ်ပင်တွေကို အမြစ်ကျွတ်သွားစေတာများ မြေအောက်ရထားတစ်စင်း ရထားလမ်း ချော်သွားတဲ့အတိုင်းပဲ။
ရှန်းရင် ဆူညံသံတွေ ကြားလိုက်ရပြီး သစ်ပင်တွေထဲက လေထဲ တစ်တန်းတည်းဖြစ်နေကာ နောက်တော့ မြေကြီးပေါ်ပြန်ကျသွားတာ မြင်လိုက်ရတယ်။ အဝေးကြီးကနေ သူမ ကျောင်းလုံရဲ့ ကိုယ်ကနေ ပဲ့အက်သံတွေ ကြားနေရတယ်။ တစ်ခုခု ကျိုးသွားတဲ့အသံပဲ။
“ဟေး နင် အသက်ရှင်နေသေးရဲ့လား” ရှန်းရင် သစ်ကိုင်းတစ်ခုကို လှမ်းယူပြီး နဂါးရဲ့ ကိုယ်ကို လှမ်းထိုးလိုက်တယ်။ သူ့ခေါင်းက မြေကြီးထဲမြုပ်နေဆဲ။ ဘာလို့ အကြောင်းမရှိ သင်းခွေချပ်လို လုပ်နေရတာတုံး။ အရိုးကျိုးသွားတာလား။
ရှန်းရင်က သေချာကြည့်ပြီး နဂါးကိုမေးလိုက်တယ်။
“နင်ကတကယ်ပဲ ညွှန်ကြားရေးမှူးရဲ့ မြွေနဂါးရှည်ကြီးလား” ခု ပိုပြီး ကြမ်းထော်လာပေမဲ့ အရသာရှိဦးမဲ့ပုံပဲ။
နဂါးက ခုန်ပြီးကြည့်ရတာ သတိပြန်လည်လာတဲ့ပုံ။ သူ့ခေါင်းက မြေကြီးထဲကနေ ဗြုန်းခနဲထွက်လာပြီး နဂါးတစ်ကိုယ်လုံး ပေအနည်းငယ်နောက်ပြန်ဆုတ်သွားတော့တယ်။ သူက ရှန်းရင်ကို ကြောက်လန့်တကြား ကြည့်နေတယ်။
“ကြီး… ကြီး… ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်-ခင်-ခင်ဗျား… ဒီမှာဘာလုပ်နေတာလဲ၊ ဒါက… ဒါက ကောင်းကင်ဘုံ မဟုတ်ဘူးလား”
“နင်က တကယ့်အဲဒီမြွေနဂါးရှည်ကြီးပဲ” ရှန်းရင်အံ့ဩသွားတယ်။
“ဟေး အတော်တောင်ကြာပြီနော် နင့်ပုံစံကြည့်ရတာ အရင်နဲ့ ကွဲပြားနေပြီ”
နင့်ချိုတွေကတောင် မတူတော့ဘူး။
“ကြီးမြတ်တဲ့နတ်ဒေဝါ… ကျွန်တော်က အခု နဂါးဖြစ်နေပြီလေ၊ သေချာပေါက်မတူတော့ဘူးပေါ့”
နဂါးက အလိုလိုတုန်ရင်ပြီး နောက်ကို မသိမသာပိုဆုတ်သွားတော့တယ်။
“ပြီးတော့၊ ကျွန်တော်က အခုပိုင်ဇယ့်လိုဖြစ်နေပြီ…ကျွန်တော်က ကောင်းကင်မျိုးနွယ်ပဲ”
“အော်”
ရှန်းရင်က ခေါင်းညိတ်ပြလိုက်တယ်။ သူမ ဖေဖေနျိုဆီက သင်ထားတဲ့ စီးပွားရေးဆန်ဆန်စကားကို ရွတ်ပြလိုက်လေတယ်။
“နင်က အလုပ်ကြိုးစားတာပဲ”
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်ဗျားက ကြင်နာလွန်းတာပဲ” နဂါးနက်ကပြုံးတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါတက်လှမ်းလာတာ နှစ်ရာချီကျော်သွားပြီပဲ၊ ကျွန်တော်သေချာပေါက်… ခဏ ခင်ဗျားက အမတလား”
နဂါးက အရေးကြီးတာ တစ်စုံတရာကို သတိထားမိသွားပုံပဲ။ သူက ရှန်းရင်ကို ခေါင်းစခြေဆုံး စေ့စေ့စပ်စပ်ကြည့်ပြီး သူမကိုယ်ကနေ သိပ်မပျောက်သေးတဲ့ မသေမျိုးချီကို သတိပြုမိသွားတယ်။ သူ့မျက်လုံးတွေက တလက်လက်ဖြစ်သွားပြီး အကြောက်တရားက သူ့မျက်လုံးထဲကနေ စီးဆင်းသွားတယ်။
“ဟမ်” ရှန်းရင်က တုံ့ဆိုင်းနေပြီးတဲ့နောက် ခေါင်းညိတ်ပြလိုက်တယ်။
“ထင်တာပဲ… အဲလိုမျိုး”
“ဒါဆို…” အသက်ပြင်းပြင်းရှူပြီး ရှန်းရင်ကို တန်းတန်းမတ်မတ်ကြည့်လိုက်တယ်။ အလင်းတန်းနီတွေက သူ့ကိုယ်ပေါ်ပြန်ပေါ်လာပြီး ကောက်ကျစ်တဲ့အပြုံး သူ့မျက်နှာပေါ် ပေါ်လာတယ်။
“ကောင်းတာပဲ”
“ဟမ်” ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
“ဟီးဟီးဟီး…” သူက ရုတ်တရက် ခြောက်ကပ်ကပ်ရယ်တယ်။ မိုးကြိုးတန်းက ပိုပိုပြီး ပြင်းထန်လာတယ်။
“ငါမေ့တော့မလို့၊ ငါက အခု ကောင်းကင်မျိုးနွယ်ဖြစ်နေပြီ၊ ငါ မင်းကိုကြောက်တယ်များထင်နေလား၊ မင်းက အမတသက်သက်ပဲ – မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ” သူက ရုတ်တရက် ရှန်းရင်ကို ခုန်အုပ်တော့တယ်။
“…” သူက… ယားနေတာလား။
နှစ်မိနစ်အကြာ…။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် မှားပါပြီ ကျွန်တော်ပြန်မွေးဖွားလာရင် ကျွန်တော် ခင်ဗျားရဲ့ မြွေနဂါးလုပ်ပြီး ခင်ဗျားရဲ့မြွေနဂါးအဖြစ်ပဲ သေပါ့မယ်၊ ခင်ဗျား ကျွန်တော့်ကို လုပ်ခိုင်းတာဆို မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရပါ၊ ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ် လက်မလျှော့ဘူး”
“အဲလောက်ကြီး ဝါဒီ မရှိပါဘူး” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
“ငါအကူအညီသေးသေးလေးပဲလိုတာ”
“ကျေးဇူးပြုပြီးပြောပါ ကြီးမြတ်တဲ့နတ်ဒေဝါ”
“ငါဒီလောကကို ရောက်ကာစလေ၊ စားဖိုမှူးကို ရှာမတွေ့ဘူး” သူမက ဟိုဟိုဒီဒီကြည့်ပြီး ဇဝေဇဝါဖြစ်နေဟန်။
“ငါ့ကို အရင်ဆုံးဒီတောအုပ်ထဲကနေ ခေါ်ထုတ်သွားပေးပါ”
“ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ပြဿနာမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်ကို အားကိုးလိုက်ပါ ကြီးမြတ်တဲ့နတ်ဒေဝါ”
ကျောင်းလုံက အသည်းအသန် ခေါင်းညိတ်တော့တယ်။
“ကြီးမြတ်တဲ့နတ်သမီးရှာနေတဲ့လူက ဘယ်ဘက်မှာရှိလဲသိပါသလား”
“မသိဘူး၊ ငါ ကောင်းကင်ဘုံဆီရောက်ရောက်ချင်း သူတို့နဲ့ ကွဲသွားတာပဲသိတာ”
“အော်… ကြီးမြတ်တဲ့နတ်သမီး တောထဲရောက်နေတာ ဘယ်လောက်များ ကြာပြီလဲ”
“လေး… ငါး… ခြောက်လများလား” သူမ မေ့သွားပြီ။
နဂါးနက် ။ ။ “…”
ဒီတောအုပ်က အဲလောကမကြီးပါဘူး။ လတွေ ဒီလောက်ကြာတာတောင် အပြင်ထွက်လမ်းကို မရှာနိုင်ဘူးပေါ့။ သူမ ဘယ်လိုမျိုးများ ဆောင်ကရွက်ခဲ့တာပါလိမ့်။
“အယ်၊ ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်သမီး ကျွန်တော်တို့ စကားဆက်ပြောဖို့ကို ဒီက အရင်ထွက်ပြီးတဲ့ထိ စောင့်ဖို့ စိတ်ရှိမလား”နဂါးနက်က ကံစမ်းလိုက်တယ်။ သူမ မကျေနပ်မှာဆိုးလို့ သူက ထပ်ဖြည့်ပြောလိုက်တယ်။
“ကျေးဇူးပြုပြီးစိတ်ချပါ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော် ခင်ဗျားရှာနေတာမတွေ့မချင်း ဘေးကမခွာပါဘူး”
“ကောင်းပြီလေ” ရှန်းရင်လိုလိုလျားလျား ခေါင်းညိတ်လိုက်တယ်။
“ကျေးဇူးပြုပြီး နင့်ကြိုးစားမှုအတွက် ကျေးဇူးပါ”
“ဒါကျွန်တော့် တာဝန်ပါ၊ ကျွန်တော့်တာဝန်ပါ”
ကျောင်းလုံက စိတ်လှုပ်ရှားစွာရယ်တော့တယ်။
“အင်း… ကြီးမြတ်တဲ့နတ်သမီး ကျွန်တော့်ကို မြေကြီးထဲက ဒီကျောက်တုံးအပြင်ကို ကျေးဇူးပြုပြီး ဆွဲထုတ်လို့ရမလား၊ ဒါက ကောင်းကင်စိတ်တန်ခိုးကျောက်တုံးဖြစ်ရမယ်၊ အရမ်းမာလို့ ကျွန်တော်… ကျွန်တော်… ကျွန်တော် ညပ်နေပြီ”
“…” အဲတော့ အဆုံးကျ သူမ အကုန်လုပ်ရတော့မှာပေါ့
“ကောင်းပြီလေ” သူမ နဂါးခေါင်းပေါ်တင်ထားတဲ့ ခြေထောက်ကို ပြန်ရုတ်လိုက်တယ်။ ဟိုဟိုဒီဒီကြည့်ပြီး နဂါးအမြီးကိုကောက်မကာ အဲမာပုံရတဲ့ကျောက်တုံးအပြင်ကို အားနည်းနည်း ထုတ်ဆွဲလိုက်တယ်…။
ဗြိခနဲပြဲသံအကျယ်ကြီး ပေါ်လာပါလေရော။ ကျောင်းလုံက ကျောက်တုံးထဲမှာပဲ ကျန်ရစ်နေပေမဲ့ ရှန်းရင်လက်ထဲမှာတော့ နဂါးမြီးတစ်ဝက်။
ရှန်းရင် ။ ။ “…”
“အား¬” အသားကုန်ခြစ်အော်သံက တောအုပ်တစ်ခွင်ပျံ့သွားပြီး ပဲ့တင်ထပ်သွားတယ်။ အချိန်တော်တော်ကြာတဲ့ထိတောင် မပျောက်သွား…။
“အာ… တောင်းပန်ပါတယ် ကျောက်တုံးက အဲလောက်မာမယ်မထင်ခဲ့ဘူး” ရှန်းရင် အားတုံ့အားနာ ခေါင်းကုတ်ပြီး ချက်ချင်း နည်းဗျူဟာပြောင်းလိုက်တယ်။
“ငါကျောက်တုံးကိုရွှေ့ပေးရင်ရော”
သူမလက်သီးဆုပ်ပြီး မြေကြီးကိုထိုးလိုက်တယ်။
ကျောက်တုံးမာကြီးပေါ် အက်ကွဲကြောင်းရှည်ကြီးတွေဖြစ်လာတယ်။ ကျောက်တုံးက အပိုင်းပိုင်းအစစ ဖြစ်သွားတော့တယ်။
နောက်ဆုံးတော့ ရွှေ့နိုင်သွားတဲ့ နဂါးနက် ။ ။ “…”
(⊙_⊙)
သူ စောနက သူမ အသေရိုက်သတ်တာ မခံရတာပဲ ကံကောင်းတယ်လို့ ဘာလို့ခံစားရတာပါလိမ့်။
“သွားကြစို့” ရှန်းရင် အမှိုက်ပုံကြီးကနေ ခုန်ချလိုက်ပြီး ရှေ့နှစ်လှမ်းလျှောက်ပြီးမှ ကျောင်းလုံက လိုက်မလာတာသိလိုက်ရတယ်။
“မြွေနဂါးရှည်ကြီး၊ ဘာလို့လေထဲစိုက်ကြည့်နေတာတုံး၊ ငါတို့သွားမှာမဟုတ်ဘူးလား”
ကျောင်းလုံ အသည်းအသန်တုန်ရီပြီး မြေကြီးပေါ်က ကျောက်စအကြွင်းအကျန်တွေကို ကြည့်နေတယ်။
“ကျွန်တော့်… ကျွန်တော့်ခြေထောက်တွေ… ကျွန်တော့်ခြေထောက်တွေ ပျော့ခွေနေလို့”
“လေးချောင်းလုံးလား” ရှန်းရင် ခေါင်းစခြေဆုံးကြည့်ပြီး သက်ပြင်းချလိုက်တယ်။ သူမ သူ့ဆီ ပြန်လျှောက်လာခဲ့တော့တယ်။
“ငါနင့်ကိုချီပေးရင်ရော”
“ဟင့်-ဟင့်-ဟင့်အင်း… မလိုပါဘူး” ကျောင်းလုံက ချက်ချင်းထခုန်တော့တယ်။ အမည်းရောင်အလင်းခပ်ဖျော့ဖျော့ တောက်ပသွားပြီး ဝတ်ရုံနက်နဲ့လူတစ်ယောက် နဂါးနေရာမှာ ပေါ်လာတယ်။
“ကျွန်တော်… ကျွန်တော်… ခုလမ်းလျှောက်လို့ရပြီ”
ရှန်းရင်က ဘာမှမဖြစ်တဲ့ဟန် ပြုမူနေတယ်။
“မြွေနဂါးရှည်ကြီး၊ ဘယ်လမ်းလဲ”
“အရှေ့ဘက်သွားကြမလား” ကျောင်းလုံက ရှန်းရင်နောက်ကနေ အစေခံမိန်းကလေးလို သူ့ညာဘက်ကို အမူအရာ ပြလိုက်တယ်။
“ကောင်းပြီလေ” ရှန်းရင်က စလျှောက်တော့တယ်။
“ကြီးမြတ်တဲ့ နတ်ဒေဝါ အရှေ့က ညာဘက်မှာပါ”
“အိုး” သူမ ချက်ချင်း လမ်းကြောင်းပြောင်းလိုက်တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒါဘယ်ဘက်ပါ”
“…”
————
ဆယ့်ငါးမိနစ်အကြာ။
လေပြည်လေညင်းက တောအုပ်တစ်လျှောက် တိုက်ခတ်သွားခဲ့တယ်။ ဝတ်ရုံစိမ်းနဲ့လူတစ်ယောက်က သူတို့နှစ်ယောက်ထားခဲ့တဲ့ အုတ်ကျိုးအုတ်ပဲ့တွေအပေါ် ဆင်းသက်လာတယ်။ သူ့မျက်လုံးတွေက ဒေါသနဲ့ တောက်လောင်နေပြီး အပျက်အစီးပုံကို ကြည့်နေတယ်။
“ဆိုးရွားလိုက်တာ – ဘယ်သူ ငါ့ရဲ့ အထွတ်အမြတ်နတ်ဘုရားကောင်းကင် စိတ်တန်ခိုးကျောက်တုံးကို ဖျက်ဆီးရဲတာလဲ”
သူက လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်တယ်။ မြူခိုးဖြူက ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကနေ မြင့်တက်လာပြီး ပုံသဏ္ဌာန် ဖြစ်တည်လာတယ်။ တစ်အောင့်ကြာတော့ နဂါးတစ်ကောင် ဖြစ်ပေါ်သွားလေတယ်။ သူက အမည်းရောင် မပြောင်းခင် အရောင်တချို့ပြောင်းသွားသေးတယ်။
“အဲကျောင်းလုံပဲ” အဲလူရဲ့ အမူအရာက အကြီးအကျယ်ဒေါသထွက်သွားတဲ့ပုံ။
“ရွံစရာကောင်းလိုက်တာ”
သူက ဝတ်ရုံလက်ကို ခါပြီး ကြီးမားတဲ့အရှိန်အဝါက သူ့ကိုယ်ကနေ ပေါက်ကွဲထွက်လာကာ နောက်က သစ်ပင်တစ်ဝက် လဲကျသွားခဲ့တယ်။
အဲလူက သူ့ရှေ့က ကျောက်ပုံကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်တယ်။ နောက်တော့ နောက်ထပ်ညင်သာတဲ့လေပြည်နဲ့အတူ သူက ပျောက်သွားတော့တယ်။
***
အဲအချိန် တောအုပ်အပြင်ရောက်နေတဲ့ ရှန်းရင် သူမပတ်လည်က မြက်ခင်းပြင်ကျယ်ကြီးကို ကြည့်နေတယ်။
ဝိုး၊ သူမ တကယ်အပြင်ရောက်လာပြီပဲ
…