အခန်း ၂၃၄ ။ အင်းကွက်နှင့်ရှာခြင်း
ဝူတိကောင်းကင်နန်းတော်မှာ လူနှစ်ရာလေးတည်းအတွက် အမတမျှော်နန်းရာချီရှိတယ်။ အဲဒါကြောင့် ကူယွဲ့က တပည့်တွေကို သူတို့လိုချင်တဲ့ ဘယ်မျှော်နန်းမဆိုရွေးချယ်ခွင်ပေးခဲ့တာ။ တပည့်တွေကတော့ – ထူးခြားတဲ့ဓာတုဗေဒဓာတ်ပြုမှုကြောင့် – အားလုံးက ရှန်းရင်ရဲ့ အနောက်ဆောင်နဲ့နီးတဲ့ အိမ်တွေမှာပဲ နေကြတယ်။ စက္ကန့်အနည်းငယ်အတွင်း သူတို့ ရွှမ်ထုံရဲ့ မျှော်နန်းဆီ ရောက်လာခဲ့ကြတယ်။
ရွှမ်ထုံရဲ့ အမတမျှော်နန်းက မသေမျိုးချီတွေ လှိုင်လှိုင်ဝိုင်းနေတဲ့ တခြားသူတွေရဲ့ မျှော်နန်းနဲ့ ကွဲပြားတယ်။ ရွှမ်ထုံ့မျှော်နန်းရှေ့မှာ အမတဆေးပင်တစ်ခုတလေတောင် မရှိဘူး။ အဲအစား အပင်မျိုးစုံရှိနေတာ – အာလူး၊ အာလူးနီ၊ မုန်လာဥဖြူတွေနဲ့ ကြက်သွန်မြိတ်၊ ကြက်သွန်နီတောင် ရှိနေသေးတယ်။
ကူယွဲ့က နှုတ်ခမ်းကို သပ်လိုက်တယ်။ ရွှမ်ထုံ ဘာလို့ ဒါတွေကို လိုအပ်လဲ သူတော့ လုံးဝကို မသိတာ။ ရှန်းရင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး သူတွေးလိုက်တယ်။ ဒါတွေအားလုံးက မင်းအပြစ်ပဲ။
တခြားသူတွေက ကူယွဲ့နဲ့ရှန်းရင်ကြားက ဒီဖလှယ်မှုကို သတိထားမိပုံမပေါ်။ အဲအစား ရွှမ်ထုံစိုက်ပျိုးနေတဲ့ အပင်တွေက တခြားအမတဆေးပင်တွေနဲ့ ကွာခြားမှုတစ်ခုခု ရှိတယ်လို့ကို မထင်တာ။ သူတို့တွေ မျှော်နန်းဘေးက လမ်းလေးကနေ အဆောက်အဦထဲ ဝင်လာခဲ့တယ်။ ယွီဟုန်က တံဆိပ်ပြားတစ်ခုကောက်ယူပြီး အမတမျှော်နန်းဘေးမှာ ခင်းကျင်းထားတဲ့ တားမြစ်အင်းကွက်ကို ဖြည်လိုက်တယ်။ နောက်တော့ သူ တံခါးကို ဖွင့်လိုက်တယ်။
အပြင်က ဥယျာဉ်နဲ့ယှဉ်ရင် အမတမျှော်နန်းက အင်မတန်အေးစက်ပြီး အထီးကျန်ဆန်တယ်။ မျှော်နန်းထဲ ပရိဘောဂလည်းမရှိ။ ရွှမ်ထုံထိုင်တာဖြစ်လောက်တဲ့ ဖျာတစ်ချပ်ပဲရှိနေတယ်။ ပြတင်းပေါက်ဘေးမှာတော့ မသေမျိုးချီတွေ ထုတ်လွှတ်နေတဲ့ ပန်းတစ်စည်းထည့်ထားတဲ့ ကျောက်စိမ်းဖြူပန်းအိုးတစ်လုံး။
ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ပြီး အဆောက်အဦထဲရှာဖွေလိုက်တယ်။ နောက်တော့ သူ ခြေရာခံချိပ်တစ်ခု ဖန်တီးလိုက်တယ်။ ဒါပေမဲ့ သူဘာမှရှာမတွေ့ ရွှမ်ထုံက တကယ်ပဲပျောက်သွားတာ၊ ဒါပေမဲ့ သူမက ဘယ်နေရာဆီ ပျောက်သွားတာဖြစ်နိုင်မလဲ။
“ရင်အာ… ဂိုဏ်းချုပ်၊ အကြီးအကဲတို့” ကြက်ကင်အစ်မက အခန်းထဲက လူတွေကို စိုးရိမ်တကြီး ဝေ့ဝဲကြည့်လာတယ်။
“ထုံအာက ငယ်သေးပေမဲ့ အမြဲစကားနားထောင်ခဲ့တာ၊ သူက ကျွန်မတို့ကိုတစ်ခါမှ အဲလိုစိုးရိမ်အောင် မလုပ်ဖူးဘူး၊ သူက တစ်ယောက်ယောက်ကို အသိမပေးဘဲ ထွက်သွားမှာ မဟုတ်ဘူး၊ တစ်ခုခု ဖြစ်သွားတာပဲနေမယ်”
ကူယွဲ့ အသည်းအသန် မျက်မှောင်ကြုတ်လိုက်တယ်။
“ယွီဟုန်၊ မင်း တပည့်တွေကို နန်းတော်တံခါးအပြင်ဘက်မှာ သူ့ကို လိုက်ရှာဖို့လွှတ်လိုက်လား၊ အဓိကက နန်းတော်ကိုဝို င်းထားတဲ့ ကျွန်းတွေမှာလေ”
“ကျွန်မတို့အဲမှာရှာပြီးပြီ” ယွီဟုန် ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်မတို့ ကောင်းကင်နန်းတော်အောက်က ကျွန်းရာချီမှာ ရှာပြီးပါပြီ၊ တိုင်းပြည်ဧကရာဇ်တွေအားလုံးကို အသိပေးပြီးပြီပေမဲ့ ဘယ်သူမှ ပြန်အကြောင်းမကြားသေးပါဘူး”
သူမ ဘယ်သွားတာများဖြစ်နိုင်လဲ။ သူ သူ့ဘေးမှာရှိတဲ့ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။
“ဘာဖြစ်ခဲ့လဲဆိုတာ မင်းပြောနိုင်လား”
ရှန်းရင်က ခေါင်းယမ်းလိုက်တယ်။ သူမအကြည့်က ပြတင်းပေါက်ဘေးက ပန်းပေါ်ရောက်သွားတယ်။
“ဘာမှမရှိသလိုပဲ”
“မင်းလည်းမပြောနိုင်ဘူးလား” ကူယွဲ့ သူ့လက်ထဲက ကျောက်စိမ်းပုလွေကို လှည့်နေမိတယ်။
“ဘာတွေများဖြစ်ခဲ့တာပါလိမ့်”
“ငါတို့ ငါးဆားနယ်ကို မေးကြမလား” ရှန်းရင်က အကြံပြုလာတယ်။
“ငါးဆားနယ်လား” ကူယွဲ့က တန့်သွားပြီးတော့ တုံ့ပြန်လိုက်တယ်။
“ချန်ကောပေါ့”
အော် ဟုတ်သား၊ ရွှမ်ထုံက ချန်ကောနဲ့ ဆက်နွယ်နေတာ။ သူမကို သူ ရှာတွေ့နိုင်လောက်တယ်။ ပြီးတော့ ချန်ကောက ဝူတိဂိုဏ်း ဒီကိုပြောင်းလာပြီးတည်းက ၂ရက်၃ရက်တိုင်း တစ်ကြိမ် လာလည်နေတာ။ သူက ရွှမ်ထုံ့ကို အမတလက်နက်တွေပို့ဖို့ အကြောင်းပြချက်ဆင်ခြေမျိုးစုံပါ ရှာသေးတယ်။ ငကန်းတောင် သူရွှမ်ထုံ့ကို ကြိုက်နေမှန်း မြင်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက ဖုန့်ချန်တိုက်က လာတာပဲ – တစ်ယောက်နဲ့ တစ်ယောက် မျက်စိကျတာက လုံးဝကို ဆီလျော်တယ်။
ဒါပေမဲ့ ရွှမ်ထုံကတော့ သူ့ကိုမြင်ရတာမုန်းတယ်။ ဆယ်ခါမှာ ကိုးကြိမ်လောက်က သူ့ကိုတွေ့ဖို့ ငြင်းတယ်။ လက်ဆောင်တစ်ခုမှ လက်မခံသလို လန်ဟွားနဲ့ ရွှင်ရှူးရဲ့လက်နက်တွေကိုတောင် တမင်တကာ ငှားလိုက်သေးတယ်။ တစ်ယောက်က အရည်အချင်းရှိတဲ့ အဇဋာဧကရာဇ်ဖြစ်ပြီး နောက်တစ်ယောက်က ချန်ကောမှာရှိတာတွေထက်တောင် ပိုပြီးအရည်အသွေးသာတဲ့လက်နက်တွေ လုပ်နိုင်တဲ့ ကျွမ်းကျင်လက်နက်သန့်စင်ပညာရှင်။ ချန်ကောက ရွှမ်ထုံ အဲလက်နက်တွေကို သုံးနေတာမြင်တိုင်း သူက အရှုံးပေးပြန်နောက်ဆုတ်သွားတယ်။ ဒါပေမဲ့ နောက်၂ရက်နေရင် ပြန်ရောက်လာလိမ့်မယ်။
ကူယွဲ့ အပါအဝင် ဝူတိဂိုဏ်းတစ်ခုလုံးက သူတို့ဆက်ဆံရေးအတွက် မျှော်လင့်ထားကြတယ်။ ဒါက ဝတ္ထုနဲ့ မဆိုင်တော့တဲ့အချက်ကို ဘေးဖယ်ထား ချန်ကောက အရမ်းမသန်မာပေမဲ့လည်း အဇဋာဧကရာဇ်ပဲလေ။ သူတို့ဖြတ်သန်းခဲ့ရတာတွေအားလုံးအပြီးမှာ သူက သူတို့ယုံကြည်မှုရဖို့ ထိုက်တန်ပါတယ်။
“ယွီဟုန် မြန်မြန် ဖုန့်ချန်က ကောင်းကင်နန်းတော်ဆီ လူတွေလွှတ်ပြီး အဇဋာဧကရာဇ်ချန်ကောကို ဒီဖိတ်ခေါ်ချေ” ကူယွဲ့ ချက်ချင်း ညွှန်ကြားလိုက်တယ်။
“ငါတို့နန်းတော်ထဲက နေရာရွှေ့ပြောင်းအစီအရင်ကနေ အဲကိုသွား”
ယိချင်း နန်းတက်တဲ့နေ့က အဇဋာဧကရာဇ်တွေအားလုံးက ဝူတိဂိုဏ်းကို ဂုဏ်ပြုလက်ဆောင်တွေနဲ့ အကြွေးတွေပေးဖို့ ရောက်လာခဲ့ကြတယ်။ သူတို့တွေက တိုက်ကြီးအသီးသီးဆီရောက်တဲ့ နေရာရွှေ့ပြောင်းအစီအရင်တွေလည်း ဖန်တီးခဲ့တာမို့ တိုက်တွေကြား ခရီးသွားရတာ အများကြီး ပိုလွယ်ကူသွားပြီ။
“ဟုတ်ကဲ့” ယွီဟုန် ခေါင်းညိတ်ပြလိုက်တယ်။
“စားဖိုမှူး သွားသင့်တယ်” ရှန်းရင်က ယိချင်းဘက်လှည့်ပြီး ပြောလေတယ်။
“သူက ပိုမြန်တယ်”
“ဟုတ်ကဲ့ဆရာ” ယိချင်းက မကန့်ကွက်။ မျက်စိတစ်မှိတ်အတွင်း သူပျောက်သွားပြီ။
တစ်ခဏနေတော့ လက်ထဲ တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားပြီး ပြန်ပေါ်လာတယ်။ သူက ပစ်ထုတ်ပြီး ပြောလေတယ်။
“ဒီမှာပါ”
ကူယွဲ့ ။ ။ “…”
ယွီဟုန် ။ ။ “…”
ချန်ကော ။ ။ “…”
အဲဒါသောက်ကျိုးနည်း မြန်လွန်းနေတာ မဟုတ်ဘူးလား။ အဲဒါ ဖိတ်ကြားချက်ရော ဟုတ်ရဲ့လား။ ဒါပြန်ပေးဆွဲမှုပဲ။
——————
“ဘာ၊ မိန်းကလေးရွှမ်ထုံ ပျောက်နေတယ်” ချန်ကောက ထိတ်လန့်တကြားအော်ပြီး ချက်ချင်း ထရပ်တော့တယ်။
“သူ တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပျောက်သွားတာလဲ”
“ငါတို့လည်းမသေချာဘူး” ကူယွဲ့ခေါင်းယမ်းလိုက်တယ်။
ချန်ကော အမူအရာပျက်ယွင်းသွားတယ်
“ဒါပေမဲ့… ကောင်းကင်နန်းတော်ထဲ ဘယ်သူကဝင်ပြီး မိန်းကလေးရွှမ်ထုံကိုပြ န်ပေးဆွဲနိုင်မှာလဲ၊ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဝူတိဂိုဏ်းကောင်းကင်နန်းတော်လေ”
“ငါတို့ မင်း သူ့ကိုခြေရာခံနိုင်ဖို့ နည်းလမ်းရှိလား မေးဖို့ ဖိတ်လိုက်တာ” ရွှမ်ထုံက တက်လှမ်းနေဆဲမို့ မသေမျိုးချီက မတည်မငြိမ်ဖြစ်နေတယ်။ နှောင့်ယှက်ခံရလို့ မဖြစ်ဘူး။ တကယ်ပဲ မြန်မြန် ရှာမတွေ့ဘူးဆိုရင် သူမအခြေအနေက တကယ်ပဲ အသည်းအသန်ဖြစ်သွားနိုင်တယ်။
ချန်ကောက ကူယွဲ့ကိုလှမ်းကြည့်ကာ စိုးရိမ်နေတဲ့ပုံ။ သူက သက်ပြင်းမောကြီးချတယ်။
“မင်းဘာဆိုလိုလဲ ငါသိတယ်…”
ချန်ကော မုန်လာဥဖြူဖြစ်လာပြီး ရွှမ်ထုံ့ကို ဆင့်ခေါ်ခဲ့ချိန် ရွှမ်ထုံက သူ့နတ်ဆိုးအစေ့နဲ့ စိတ်နတ်ဆိုးရဲ့ လူအသွင်ပုံစံဆိုတာ သိပြီးသွားပြီ။
“ရွှမ်ထုံရဲ့ဝိညာဉ်နဲ့ ငါ့ဝိညာဉ်က တစ်ခုတည်းဆိုပေမဲ့ သူက ပြန်လည်ဝင်စားမှုကို ခဏခဏ ဖြတ်သန်းပြီးပြီ၊ သူက တသီးတသန့်ဝိညာဉ်ဖြစ်နေပြီ၊ ပြီးတော့ သူမကိုယ်ထဲ နတ်ဆိုးချီအကုန်လုံး မရှိတော့ဘူး၊ စိတ်ဆက်သွယ်မှုနည်းနည်းလေးကလွဲလို့ ငါ သူနဲ့မချိတ်ဆက်တော့ဘူး”
ဒီစိတ်ဆက်သွယ်မှုကတောင် ချန်ကော သူမနေရာကို ရှာဖို့လောက်ထိ မခိုင်မာဘူး။
“ဒါဆို ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ” ချီချန်းယွီ စသွေးပျက်လာတယ်။ သူမက ရွှမ်ထုံ့ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးခဲ့တာလို့တောင် ပြောလို့ရတယ်။ သေချာပေါက် သူမက တခြားသူအားလုံးထက် ပိုစိုးရိမ်တာပေါ့။
“ဟုန်အာ” ရှန်းရင်က ရုတ်တရက်လှမ်းခေါ်ပြီး ယွီဟုန့်ဝတ်ရုံလက်ကို ဆွဲလိုက်တယ်။
“သူဌေးလန်ကို သွားခေါ်ချေ”
“မင်းသူ့ကိုဘာလို့ခေါ်-” ကူယွဲ့ ပြောနေရင်း ရပ်သွားပြီး အကြောင်းရင်းကိုနားလည်သွားတယ်။ သူမျက်လုံးပြူးတော့တယ်။
“မင်းဆိုလိုတာက သူ့မုန်လာဥဖြူအင်းကွက် – ဖွီ ငါဆိုလိုတာ နှလုံးထောင်ချောက်အင်းကွက်ပေါ့”
အမှန်ပဲ၊ နှလုံးထောင်ချောင်အင်းကွက်က အရင်တစ်ကြိမ်တုန်းက ချန်ကောက ရွှမ်ထုံ့ကို ဆွဲခေါ်လို့ရအောင် လုပ်ပေးခဲ့တယ်။ သူ ခုလည်း နောက်တစ်ကြိမ် ပြန်လုပ်နိုင်မှာပဲ။
“ယွီဟုန် မြန်မြန်”
ယွီဟုန် ဒါကိုသဘောပေါက်ပြီး မျက်လုံးတွေ တောက်ပသွားကာ ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်ကဲ့”
နောက်တော့ သူက လန်ဟွားကိုပြေးခေါ်တော့တယ်။
ကူယွဲ့ တစ်ခဏစဉ်းစားပြီး ချန်းယွီနဲ့ ဖုန်းယင်ကိုပါ မုန်လာဥကို ခေါ်လာခိုင်းလိုက်တယ်။ နောက်တော့ သူ အမတသွေးကြောတချို့ကိုထုတ်ပြီး ရွှမ်ထုံ့ အမတမျှော်နန်းရှေ့က ဥယျာဉ်ပေါ်ထားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက တွင်းကြီးကြီးတူးတော့တယ်။
အားလုံးအဆင်သင့်ဖြစ်ချိန် လန်ဟွားနဲ့ မုန်လာဥဖြူရောက်လာတယ်။ လန်ဟွားက အတော်လေး အားကိုးရသား။ အကျဉ်းချုံးရှင်းပြမှုနားထောင်ပြီး ဂျပုလေးပျောက်နေတာ သိသွားတော့ အင်းကွက်ကို မြန်မြန်ပြင်ဆင်ပေးတော့တယ်။
လူတိုင်းက ဝတ်ရုံဖြူနဲ့တစ်စုံတစ်ယောက်သော အဇဋာဧကရာဇ်ကို လှည့်ကြည့်လိုက်ကြတယ်။
ချန်ကောတန့်သွားပြီး တစ်စုံတစ်ရာ သဘောပေါက်သွားခဲ့တယ်။ သူက သဘောတူဟန် လက်မြှောက်လိုက်တယ်။
“ငါသိပြီ ငါက ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိပါတယ်” နောက်တော့ သူက ကူယွဲ့တူးထားတဲ့ တွင်းထဲ ခုန်ဝင်လိုက်တယ်။ ချန်ကော ပျောက်နေတဲ့လူက သူသဘောကျတဲ့လူဖြစ်တယ်ဆိုတဲ့ အကြောင်းကို တွေးမိသွားတယ်။ သူ စိုးရိမ်တကြီး လှမ်းမေးလိုက်တယ်။
“မင်းတို့ ငါ့ခေါင်းပေါ် မြေကြီးဘာညာ တစ်ခုခု တင်ရမှာလား”
ကူယွဲ့ ။ ။ “…”
လန်ဟွား ။ ။ “…”
ရှန်းရင် ။ ။ “…”
အားလုံး ။ ။ “…”
သူ မုန်လာဥဖြူ ဖြစ်ခဲ့တာကနေ အစွဲဖြတ်တဲ့လက္ခဏာတွေ ခံစားနေရတာလား။ ဘာလို့ခေါင်းပေါ် မြေကြီးတင်ချင်တာတုံး။ ဒါဆိုလည်း ခေါင်းပေါ် သစ်ရွက်လေး ဘာလေး ဘာလို့မစိုက်လဲ။
…