အခန်း ၂၃၃ ။ ကံမကောင်းသောကလေး
“အဲဆုကိုရဖို့ ခက်ပါတယ်နော် – သူတို့က နှစ်နှစ်မှ တစ်ကြိမ် ပေးတာ”
“ဆရာက နှိုင်းယှဉ်လို့မရအောင် ဉာဏ်ကောင်းတာပဲ” ယိချင်းက သူ့ဆရာကို အပြေး အခိုင်အမာ ပြောတော့တယ်။
“ဆရာက ဉာဏ်ရည်မြင့်မားပြီး ဘောင်အပြင်ဘက်က စဉ်းစားတယ်၊ ဆရာ ကျွန်တော်တို့ မရနိုင်တဲ့အရာတွေကို အောင်မြင်ဆွတ်ခူးနိုင်ပြီး ကျွန်တော်တို့ တွေးတောင် မတွေးနိုင်တဲ့အရာတွေကို စဉ်းစားနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး”
ငဖားဟေ့
ကူယွဲ့က စားဖိုမှူးကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ မင်း သူဘာပြောနေလဲ နားမလည်ဘူးလို့သာ ဝန်ခံလိုက်စမ်းပါ မင်း သူ့ကိုတစ်စက္ကန့်လောက် မဖားရတော့ သေသွားမှာမို့လို့လား။
ထပ်ပြီးစဉ်းစားကြည့်ရင် ရှန်းရင်က တကယ်တော့ အတော်လေး ဉာဏ်ကောင်းတယ်။ သေချာပေါက်၊ အဲဒါက သူမ မပျင်းရိတဲ့အချိန်ပေါ့။
“ဒါတွေက ဘာအရေးကြီးလို့တုံး၊ မင်း တခြားဘာလုပ်နိုင်လဲ”
“အာ…” ရှန်းရင်က တစ်ခဏစဉ်းစားနေပြီး ပြန်ဖြေလာတယ်။
“ငါ ပျင်းရင် နည်းပညာပိုင်းကိရိယာတွေကို ကလိနိုင်တယ်၊ အဲဒါရော ထည့်တွက်လား”
“အိုင်တီလား၊ မင်းကလေ” ကူယွဲ့ သူမကိုခေါင်းစခြေဆုံးကြည့်မိလိုက်တယ်။
“ဒါက ငါ့ကျွမ်းကျင်မှုလေ၊ မင်းလုပ်သမျှက လက်ဆော့ရုံပဲနေမှာ – အဲဒါကို အိုင်တီလို့ မစဉ်းစားဘူး” လတ်လျားလတ်လျားနေတဲ့သူက အိုင်တီအကြောင်း ဘာသိလိမ့်မှာလဲ။
“ငါတခြားအကြောင်းတွေလည်းသိတယ်လေ” ရှန်းရင်က အာမေဍိတ်သံပြုလာတယ်။
“ဘာလဲ”
“ဥပမာအနေနဲ့…” သူမက တစ်ခဏစဉ်းစားပြီး ပြန်ဖြေတယ်။
“နင့်ကုမ္ပဏီမှာ ကြယ်စုနှစ်ဂိမ်းတစ်ခု ရှိတယ်လေ၊ ဒါပေမဲ့ ပင်မစက်ပစ္စည်းကို ပြုပြင်မွမ်းမံထားတယ်ဆိုတာကို နင့်ကုမ္ပဏီက ငါးနှစ်ကြာမှသိတယ်မလား”
“မင်းဘယ်လိုသိတာလဲ” ကူယွဲ့ အံ့ဩသွားတယ်။ အဲဒါက သူတို့ကုမ္ပဏီရဲ့ ဂိမ်းထုတ်လုပ်မှုဌာနက ပင်မပရောဂျက်ပဲ။ အဲတုန်းက နာမည်အကြီးဆုံးနဲ့ အမြတ်အရဆုံး ပရောဂျက်ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ ထုတ်လုပ်ပြီး သိပ်မကြာခင်မှာ ဂိမ်းထဲပြုပြင်မှုတချို့ရှိခဲ့တယ်။ ပြုပြင်မှုတွေက ဂိမ်းအပေါ် အများကြီးသက်ရောက်မှုမရှိပေမဲ့ ကုမ္ပဏီက ငါးနှစ်ကြာမှ သိခဲ့ရတယ်။ ဆုံးရှုံးမှု မဖြစ်စေခဲ့သလို ပြုပြင်မှုတွေက ပင်မစက်ကို မြှင့်တင်ပေးခဲ့တာမို့ သူတို့ဒီကိစ္စကိုဖုံးခဲ့ကြတာ။ စီမံရေးရဲ့ ထိပ်ပိုင်းလူကြီးတွေပဲ ဒီကိစ္စကိုသိတယ်။
“အော်၊ အဲပြုပြင်မှုတွေကိုလုပ်ခဲ့တာ ငါလေ”
“…” ဟမ်။
Σ(°△°|||)
“ပြီးတော့လည်း နင်တို့ရဲ့ပင်မဆာဗာက ညသန်းခေါင်တိုင်း နှစ်စက္ကန့်လောက် ရပ်သွားပြီး ပြန်ပြင်လို့မရဘူးမလား”
“… ဟုတ်တယ်”
“အဲဒါ ငါ့ကွန်ပျူတာက နှေးလွန်းတော့ စာရွက်စာတမ်းတွေ ပို့ဖို့ နင့်ရဲ့ဆာဗာကွန်ရက်ကို ငှားခဲ့တာကြောင့်ပဲ”
“…” ငါ-ိုး
(⊙_⊙)
“ပြီးတော့ နင့်ကုမ္ပဏီက အီလက်ထရောနစ်အားကစားပြိုင်ပွဲ စီစဉ်ကျင်းပခဲ့တယ်လေ၊ ဗိုလ်လုပွဲမှာ ဂိမ်းက ရုတ်တရက် ပျက်သွားပြီး ပြန်စလို့မရတော့ဘူး၊ ဒါကြောင့် နှစ်ရက်နှောင့်နှေးသွားခဲ့တယ်မလား”
“ဟုတ်တယ်… အဲဒါဘာဖြစ်လဲ”
“အော် အဲနေ့က ငါ အရမ်းကြီးတဲ့ဖိုင်တစ်ခုကို ပို့ဖို့ နင့်ကွန်ရက်ကို သုံးခဲ့တာလေ”
“…” သေစမ်း
o(╯□╰)o
“ငါတို့ မကူးပြောင်းခင်က နင့်နည်းပညာဌာနက သုံးဖက်မြင်နည်းပညာကို ရှာတွေ့ပြီး သုံးဖက်မြင်အွန်လိုင်းဂိမ်းတွေ ထုတ်ဖို့ရည်ရွယ်ခဲ့တယ်မလား”
“မဟုတ်မှလွဲရော-”
“ငါက ပင်မရင်းမြစ် ပရိုဂရမ်ကို ရေးခဲ့တာပဲ၊ နင့်ကွန်ရက်ကို ငှားပြီး ဖျက်ပစ်ဖို့မေ့သွားခဲ့တာ”
“…” မေ-ိုး
“ပြီးတော့-”
“တော်တော့” မင်း ငါတို့အပေါ် ဘယ်လောက်တောင် ကလိမ်ကျခဲ့တာလဲ။ သူ အသက်ပြင်းပြင်းရှူပြီး သူမကိုလည်ပင်းထမညှစ်မိအောင် ကိုယ့်ကိုယ်ကိုယ်တားနေရတယ်။
“ငါ မင်းကို အရင်ဘဝက ဆိုးဆိုးရွားရွား တစ်ခုခု လုပ်မိခဲ့လို့လား၊ ဘာလို့ ငါ့ကို အခွင့်ကောင်းယူဖို့ အမြဲကြိုးစားနေတာတုံး”
ရှန်းရင်က တန့်သွားတယ်။ တခဏနေတော့ သူမက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလာတယ်။
“ဖြစ်နိုင်တာက… ငါအရမ်းပျင်းနေရုံမို့ပါ”
“ငါ့ဖင်ကိုပျင်း” ပျင်းတာက ငါ့ကွန်ရက်ကို လာပြီးကလိခွင့်မပေးထားဘူး၊ တကယ်လို့ မင်းအဲလောက်တတ်နိုင်ရင် ကာကွယ်ရေးဝန်ကြီးဌာနကို အလုပ်ရှုပ်အောင်သွားလုပ်ချေ ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်ပြန်ငြိမ်အောင် ထိန်းလိုက်တယ်။
“ဆိုလိုတာက မင်းရဲ့နည်းပညာအရည်အချင်းတွေကို မင်းအစ်မက သင်ပေးထားတာလို့ ပြောဖို့ပေါ့”
“အော်၊ အဲဒါထည့်မတွက်ဘူး၊ ငါ ဘာမှလုပ်စရာမရှိတဲ့အချိန် ငါ့ဘာသာ အဲစွမ်းရည်တွေကို လေ့လာခဲ့တာ” သူမက သူ့ကို တည်တည်ကြည်ကြည်ကြည့်ပြီး ဆက်ပြောလာတယ်။
“နှစ်လလောက် အချိန်ယူခဲ့တယ်”
စကြဝဠာကြီးကို လေ့လာရတာထက် အများကြီး ပိုရိုးရှင်းတယ်လေ။
သောက်ကျိုးနည်းပဲ၊ ငါ ဒီစကားဝိုင်းထဲ ဆက်မပြောနိုင်တော့ဘူး။ သူ့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အဲဒီအိုင်တီဝန်ထမ်းထောင်ချီရဲ့ခံစားချက်တွေအတွက် ထည့်တွေးပေးရဲ့လား။
“ကောင်းပြီ ငါတို့နောက်မှ မင်းအစ်မအကြောင်း ပြောတာပေါ့၊ မိစ္ဆာနတ်ဘုရား ငါတို့အပေါ်တင်နေတဲ့ အကြွေးကို ဒီတိုင်း မေ့ပစ်လိုက်တော့မှာလား”
ကူယွဲ့က အကြွေးကို အဲလိုမျိုးရှင်းပေးလိုက်တာနဲ့တင် မကျေမချမ်းဖြစ်မိတယ်။
ရှန်းရင် ခေါင်းမော့ပြီး သူ့မျက်လုံးတွေကိုကြည့်လာတယ်။
“ဖေဖေနျို၊ နင် အဲအကြွေးကိုဘယ်လိုရှင်းချင်တာလား၊ ပြန်သွားချင်တာလား”
ကူယွဲ့က တန့်သွားပြီး သူ့အမူအရာကမည်းမှောင်သွားခဲ့တယ်။ သူ့မျက်လုံးထဲ ဝေခွဲမရဖြစ်မှုက အထင်းသား။
သူတို့ ဒီပြဿနာကို ကူးပြောင်းစအချိန်ကသာ ကြုံခဲ့ရင် ကူယွဲ့ တုံ့ဆိုင်းမှုမရှိပြန်သွားဖို့ရွေးခဲ့မှာ။ ဒါပေမဲ့ သူက ဒီမှာနေလာတာ နှစ်ရာချီ – ဆယ်နှစ်၊ နှစ်တစ်ရာတောင်မဟုတ်၊ နှစ်သုံးရာ- ကြာခဲ့ပြီ၊ အရာအားလုံးကို ထားခဲ့ပြီး သူ့ကိုပြန်သွားခိုင်းတာက ခက်လိမ့်မယ်။ သူ့အရင်ဘဝက ကိစ္စအားလုံးကို မှတ်မိနေသေးပေမဲ့ ဒီကမ္ဘာကို သူ့ကမ္ဘာလို့ မှတ်ယူဆမိနေပြီ။ သူ့နဂိုကမ္ဘာကဘဝဆီ ပြန်နေသားကျအောင်လုပ်ဖို့ အခက်အခဲရှိလောက်တယ်။
ကူယွဲ့တိတ်သွားခဲ့တယ်။ မိစ္ဆာနတ်ဘုရားက တကယ်ပဲ မုန်းတီးဖို့ကောင်းပေမဲ့ ဒေါသဖြေဖို့ သူ့ကို ထုထောင်းတာကလွဲရင် ကူယွဲ့ တခြားဘာမှမလုပ်နိုင်ဘူး။ တကယ်လို့ မိစ္ဆာနတ်ဘုရားက သူတို့ကို အခုပြန်ပို့ဖို့ဆန္ဒရှိရင်တောင် လက်တွေ့ကျမှာမဟုတ်တော့ဘူး။
ကူယွဲ့ ရှန်းရင်ကို မော့ကြည့်ပြီးမေးလိုက်တယ်။
“မင်းရော၊ မင်း ပြန်သွားချင်လား” ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒီရောက်တာမှ မကြာသေးတာ။
ယိချင်းက စိတ်လှုပ်ရှားနေတယ်။
“ဟင့်အင်း” သူမက တုံ့ဆိုင်းမှုမရှိ ထပြောတော့တယ်။ သူမအမူအရာက လုံးဝကို လေးနက်နေပြီး အသည်းအသန် ခေါင်းယမ်းတော့တာပဲ။
“ဒီမှာကောင်းတယ်၊ ငါ စားစရာနဲ့ အိပ်စရာနေရာရှိတယ်၊ ဘာမှသင်ယူဖို့မလိုသလို အဆာပြေတောင် စားနိုင်တယ်” သူမဒီနေရာမှာဆို သူပီပီသသ အစစ်အမှန်အတိုင်းနေလို့ရတယ်။
“အသုံးမဝင်တာ” ကူယွဲ့မျက်ဆန်လှန်လိုက်တယ်။ အမှန်ပဲ၊ သူ အစားသရဲတစ်ယောက်ဆီက ဘာမှမျှော်လင့်လို့မရဘူး။
ခဏနပေါဦး။
ရှန်းရင်အကြောင်းသိတာမို့… သူ ဒီနေရာကိုရွေးတာက သူ့အစ်မကိုရှောင်ပြီး အားလပ်ရက်ရှည် ဆက်ယူလို့ရဖို့အတွက်ပဲ ဖြစ်နိုင်လား။
“…”
သေစမ်း၊ ရှုံးတဲ့သူ သူတစ်ယောက်ပဲလို့ ဘာလို့ ကူယွဲ့ခံစားနေရတာပါလိမ့်။
“စားဖိုမှူး၊ ငါဗိုက်ဆာတယ်၊ ငါတို့အတွက် အဆာပြေလုပ်ပေးပါဦး”
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ” ယိချင်းက စိတ်အေးသွားကာ သက်ပြင်းချပြီး မီးဖိုချောင်ဆီ ပြန်သွားတယ်။
“…” သောက်ကျိုးနည်း ငတုံး။
“ဂိုဏ်းချုပ်” ယွီဟုန်က ယိချင်းအပြေးထွက်ဖို့ ပြင်ချိန်မှာပဲ တံခါးဆီအပြေးဝင်လာတယ်။ ဖုန်းယင်နဲ့ ချီချန်းယွီကတော့ အနောက်ကနေ ကပ်လိုက်လာလေရဲ့။ အစ်မကြီးအနေနဲ့ ယွီဟုန်က အမြဲတည်တည်ငြိမ်ငြိမ် နေတယ်။ သူမ ခုလိုပျာယာခတ်နေတာရှားချက်ပဲ။
“မကောင်းတော့ဘူး ဂိုဏ်းချုပ် ရွှမ်ထုံပျောက်နေတယ်”
“ရွှမ်ထုံလား” ကူယွဲ့တန့်သွားပြီး အသံတိုးလိုက်တယ်။
“ဘာလို့ပျောက်သွားတာလဲ၊ ဘာဖြစ်ခဲ့တာတုံး၊ ဖြည်းဖြည်းပြော”
“ငါပြောလိုက်မယ်” ချီချန်းယွီက အရှေ့ကို စိုးရိမ်တကြီးတက်လာတယ်။
“လွန်ခဲ့တဲ့ရက်ပိုင်းက ထုံအာက အရင်တစ်ကြိမ် တိုက်ပွဲကြီးမှာ သူဉာဏ်အလင်းပွင့်ခဲ့တယ်လို့ ကျွန်မကို ပြောလာတယ်၊ သူက ဓားဆန္ဒဖွံ့ဖြိုးလာဖို့ အရိပ်အယောင်လည်းပြနေတာမို့ တံခါးပိတ်ကျင့်ကြံပြီး အဆင့်မြင့်အမတအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားတာ”
“အဆင့်မြင့်အမတ” ကူယွဲ့ အံ့ဩသွားတယ်။ သူတို့ ရွှမ်ထုံ့ကိုယ်ပေါ်က စည်းတံဆိပ်ကိုဖြည်ပေးချိန် သူမက မဟူရာအမတအထိ ချက်ချင်းမြင့်တက်သွားခဲ့တာ။ ယိချင်းနဲ့ ကူယွဲ့ကလွဲရင် ဂိုဏ်းထဲက ဘယ်သူမှ သူမကို မသင်ပေးနိုင်တော့ဘူး။ နဂိုတုန်းက ကူယွဲ့ အားရင်တော့ သူမကို အကြံတစ်ခုနှစ်ခု ပေးတတ်ပေမဲ့ ခုတလော အိမ်ပြောင်းတာတွေ၊ တွက်ချက်မှုတွေ၊ ခန့်မှန်းချက်တွေနဲ့ အရမ်းအလုပ်များနေတော့ သူမကို ဂရုမထားနိုင်ခဲ့ဘူး။ တခြားတပည့်တွေအတွက်ကတော့ သူတို့က သူတို့ဘာသာကျင့်ကြံတာနဲ့ နေသားကျနေတာ။ ကူယွဲ့ ရွှမ်ထုံ့ကို သူမဘာသာ ဓားဆန္ဒကို အဲလောက်မြန်မြန် ဖွံ့ဖြိုးလာအောင် လုပ်နိုင်စွမ်းရှိမယ်မထင်ခဲ့ဘူး။ သူမက ဓားကျင့်ကြံသူတစ်ယောက်အဖြစ် တကယ်ကို ထိုက်တန်တာပဲ
“ဟုတ်တယ်၊ အဲဒါကြောင့် ယွီဟုန်နဲ့ကျွန်မက ဒီရက်ပိုင်း သူ တံခါးပိတ်ကျင့်ကြံဖို့အတွက် အသင့်ပြင်ပေးနေတာ” ချီချန်းယွီ ယွီဟုန့်ကိုလှမ်းကြည့်ပြီး သွေးပျက်မှုကမြင့်တက်လာတယ်။
“ဒါပေမဲ့ ဒီမနက် ကျွန်မတို့ သူ့ကိုသွားရှာချိန် အခန်းထဲ ရှိမနေတာမြင်လိုက်ရတယ်၊ အိမ်အပြင်ဘက်က အင်းကွက်ပျက်စီးနေတာလည်းမရှိဘူး၊ – ဒီတိုင်းလေထဲပျောက်သွားတာ”
“သူက အခုတက်လှမ်းနေဆဲမို့ ခန္ဓာကိုယ်ထဲကမသေမျိုးချီက မတည်ငြိမ်သေးဘူး၊ သူမ အခုထွက်သွားမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ယွီဟုန်က ဆက်ပြောတယ်။
“ပြီးတော့ သူမက အနောက်ဆောင်ရဲ့ အရှေ့ဘက်ခြမ်းမှာ၊ အဲက အမြဲတိတ်ဆိတ်နေတာပဲ၊ ကျွန်မ တပည့်တွေကိုလည်း သူ့ကိုသွားမနှောင့်ယှက်ဖို့ ညွှန်ကြားထားတော့ ဘယ်သူမှ သူ့ကိုမမြင်လိုက်ကြဘူး”
“ငါလည်း စနစ်ကို စစ်ကြည့်ခိုင်းခဲ့တယ်” ဖုန်းယင်က ကြားဖြတ်ပြောလာတယ်။
“နန်းတော်တစ်ခုလုံးမှာ သူမအရှိန်အဝါကို အာရုံခံမရဘူး၊ ထွက်သွားပြီထင်တာပဲ”
ကူယွဲ့နဲ့ယိချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။
“သူ့အခန်းဆီ တစ်ချက်သွားကြည့်ရအောင်”
သူတို့နှစ်ယောက်လုံး ဝင်ပေါက်အပြင် လျှောက်လာခဲ့ပြီး အပြင်ထွက်ရင်း ရွှံ့တုံးရှန်းရင်ကိုပါ ဆွဲခေါ်လာခဲ့တော့တယ်။
…