အခန်း ၂၃၀ ။ နတ်ဆိုးများကိုကယ်တင်ခြင်း
“ငါလုပ်ခဲ့သမျှက သုံးလောကအကျိုးအတွက်ကြီးပဲ” မိစ္ဆာနတ်ဘုရားက နောက်ဆုတ်သွားတယ်။ သူက တလေးတနက် ပြောတော့တယ်။
“ရှန်းရင် ကိစ္စတွေက ထူးဆန်းတယ်ဆိုတာ မင်းမခန့်မှန်းမိဘူးလား၊ ငါ ဒီကိစ္စတွေအားလုံးကို ရှင်းပြဖို့ပဲ မင်းရှေ့ကိုယ်ထင်ပြတာ”
“မဟုတ်ပါဘူး” ရှန်းရင် ခေါင်းယမ်းလိုက်တယ်။
“တိတိကျကျပြောရရင် ငါနင့်ကို မျှားထုတ်ခဲ့တာ”
“…” မိစ္ဆာနတ်ဘုရားက နှုတ်ခမ်းစေ့သွားတယ်။
“ကောင်းပြီလေ၊ မင်းက ကျိုးကြောင်းမဆီလျော်တဲ့လူ မဟုတ်ဘူးလို့ငါယုံတယ်၊ မဟုတ်ရင် ငါ အဲပထမဆုံးကောင်းကင်အပြစ်ပေးမှု ပို့လိုက်တုန်းက မင်း ငါ့ကို နတ်ဆိုးဘုံမှာ အတင်း ကိုယ်ထင်ပြနေခိုင်းလောက်ပြီ၊ မင်း ငါ့ကိုသတိထားမိတာတောင် ငါမင်းကို ကောင်းကင်ဘုံဆီ ဆင့်ခေါ်တဲ့ထိ စောင့်နေမှာ မဟုတ်ဘူး”
“မဟုတ်ဘူး” ရှန်းရင်က သိသိသာသာ ဇဝေဇဝါဖြစ်နေတယ်။
“ငါနင့်ကိုမမြင်ခဲ့ပါဘူး”
“မင်းခေါင်းမော့ချိန် မင်းငါ့ကို…” မြင်ခဲ့တယ်မဟုတ်ဘူးလား။
“အော်၊ ငါနှာချေချင်ရုံပါ” သူမ ဒီကိုဆင့်ခေါ်ခံရချိန် နွေးသွားအောင် လက်ဖက်ရည်တစ်ငုံ သောက်ဖို့ ပြင်နေခဲ့တာ။
“…”
ဖွီ~
သူမဆီ သွေးအန်ထုတ်ချင်သွားတဲ့ ဒီရုတ်တရက်ဆန္ဒကဘာပါလိမ့်။
တစ်အောင့်အကြာ…။
“အမတနဲ့နတ်ဆိုးဘုံကြားကကိစ္စအကြောင်း ပြောကြရအောင်”
မိစ္ဆာနတ်ဘုရား သူ့ကိုယ်သူစိတ်ငြိမ်အောင် ခဏအချိန်ယူလိုက်ရပြီး ရှုံ့တွနေတဲ့အမူအရာက ပုံမှန် ပြန်ဖြစ်သွားတယ်။
“ငါ ခု စကားစမြည်ပြောဖို့ စိတ်မဝင်စားတော့ဘူး”
ရှန်းရင် လက်ထဲကအသီးလှီးဓားကို တည်တည်ငြိမ်ငြိမ် ဝှေ့ယမ်းပြီး ထရပ်လိုက်တယ်။
“ခဏ” မိစ္ဆာနတ်ဘုရား ဖြူဖျော့သွားပြီး အလိုလို နောက်တစ်လှမ်းပြန်ဆုတ်မိသွားတယ်။ သူ သူ့ခြေထောက်ကို ငုံ့ကြည့်ပြီး အောက်ကို ရုတ်တရက် လက်ညှိုးထိုးလိုက်တယ်။ ကြာပန်းကြီးနှစ်ခုအလယ်မှာ လူနှစ်ယောက်က မျောလွင့်နေတယ်။ ကူယွဲ့နဲ့ ယိချင်း။
“ဆရာ” ယိချင်းက ရှန်းရင်ဆီ ချက်ချင်းလျှောက်လာတယ်။
“ရှန်းရင်” ကူယွဲ့လည်း လုံးဝကို ဇဝေဇဝါဖြစ်နေတဲ့ပုံ။
“ငါတို့ဘယ်မှာလဲ၊ ဘာတွေဖြစ်နေတာလဲ”
“ကောင်းကင်လောက” ရှန်းရင် မိစ္ဆာနတ်ဘုရားဆီ မေးငေါ့ပြလိုက်တယ်။
“ဒါမိစ္ဆာနတ်ဘုရားပေါ့”
“မိစ္ဆာနတ်ဘုရား” နှစ်ယောက်သား အံ့ဩတကြီးဖြစ်ပြီး သတိတကြီးနဲ့ကြည့်တော့တယ်။ ဒါ… မိစ္ဆာနတ်ဘုရားတဲ့လား။
“သူတို့ကိုယ်ခန္ဓာတွေက ကောင်းကင်လောကထဲ ရှိနေဖို့ တောင့်မခံနိုင်ပေမဲ့ မူလဝိညာဉ်တွေကို ဆင့်ခေါ်ဖို့ကတော့ ပြဿနာမဟုတ်ဘူး” မိစ္ဆာနတ်ဘုရားက ရှန်းရင်ကို ပြုံးပြလိုက်တယ်။
“အင်း… မင်း အခုငါ့ရှင်းပြချက်ကို နားထောင်ချင်ပြီလား”
တိုက်ခိုက်တာက မလိုလားအပ်တဲ့ရန်ညှိုးတွေပဲဖြစ်စေလိမ့်မယ်။
ရှန်းရင်က မျက်မှောင်ကြုတ်တာရပ်ပြီး ထိုင်ချကာ သူမသစ်သီးဓားကိုတော့ ဆက်ကိုင်ထားတယ်။
“ပြော”
မိစ္ဆာနတ်ဘုရားက ပိုတောင်မှအားရပါးရပြုံးပြီး သူ့အပြုံးကပိုနွေးထွေးလာတယ်။
“ငါ ဘုံနှစ်ခုကို ပေါင်းစပ်ချင်တာက နတ်ဆိုးဘုံအတွက်တင်မကဘူး၊ သုံးလောကအတွက်လည်းပါတယ်”
သူကစကားပြောရင်း လက်မြှောက်လိုက်တယ်။ ကောင်းကင်ပြာနဲ့ ရေတွေက ရုတ်တရက် မည်းနက်သွားတယ်။ ရေတွေက ခြောက်ခန်းစ ပြုလာပြီး ရွှေရောင်မြွေလိမ်မြွေကောက် လမ်းကြောင်းပေါ်လာလေတယ်။ ရေက မရှိသလောက်ပဲ။ ရေတွေက လက်မောင်းအရွယ်လောက်ရှိတဲ့ လမ်းကြောင်းအဖြစ် ဖွဲ့စည်းသွားတာကို ခပ်ရေးရေးမြင်ရတယ်။ ရေက တဒုတ်ဒုတ်လှုပ်ခါနေပြီး လမ်းကြောင်းတစ်ခုလုံးက သွေးကြောနဲ့တူနေလေရဲ့။ ရွှေအိုရောင်အလင်းတန်းနဲ့အတူ အဝေးကို ပြန့်ထွက်စီးဆင်းသွားတယ်။
“မင်းတို့ ဒီမြစ်ကိုမှတ်မိကြလား” မိစ္ဆာနတ်ဘုရားက မေးလိုက်တယ်။
“မြစ်လား” သုံးယောက်သား ငုံ့ကြည့်လိုက်တယ်။ ဒီမြစ်က သိပ်အထက်တန်းဆန်လွန်းနေတယ်။
“ဘာမြစ်လဲ”
“ဒါက မေ့ပျောက်မြစ်ရဲ့ ပင်မမြစ်ခွဲပဲ၊ နတ်ဆိုးဘုံဆီ ဦးတည်နေတာ” မိစ္ဆာနတ်ဘုရားက သက်ပြင်းချတယ်။
“…” မေ့ပျောက်မြစ်လား။
“မင်းတို့သိမယ်ထင်တာပဲ၊ ဒီကမ္ဘာကြီးကို သူံးလောကအဖြစ် ခွဲခြမ်းထားတာလေ – ကောင်းကင်၊ မြေကြီးနဲ့ သေမျိုး၊ မေ့ပျောက်မြစ်က သုံးလောကလုံးကို ဖြတ်သန်းစီးဆင်းတဲ့ တစ်ခုတည်းသောမြစ်ပဲ၊ သူက သွေးကြောတွေလို အလုပ်လုပ်တာ၊ လောကတစ်ခုချင်းစီရဲ့ ထောင့်ဆီဦးတည်တဲ့ မြစ်ခွဲသုံးခုအဖြစ် ခွဲခြမ်းသွားခဲ့တယ်၊ ဒီမြသ်က မြစ်ရေတွေနဲ့ပြည့်နေတာမဟုတ်ဘဲ သက်ရှိအားလုံးရဲ့ ဝိညာဉ်တွေနဲ့ ပြည့်နေတာ”
ဝိညာဉ်တွေ ရှန်းရင် မျက်လုံးမှေးလိုက်တယ်။
“မေ့ပျောက်မြစ်က သက်ရှိအားလုံးရဲ့ဝိညာဉ်တွေကို စုဝေးပြီး ဒီဝိညာဉ်တွေကို သုံးလောကရဲ့နေရာတိုင်းဆီ သယ်ဆောင်သွားပေးတယ်၊ မြစ်ရေတစ်စက်ချင်းစီက ဝိညာဉ်တစ်ခုနဲ့ ညီတယ်၊ နတ်ဆိုး၊ ကောင်းကင်မျိုးနွယ်၊ ဒါမှမဟုတ် သေမျိုးပဲဖြစ်ဖြစ် လူတိုင်းရဲ့ဝိညာဉ်က ဒီမေ့ပျောက်မြစ်ကနေ စတင်ပြီး အဆုံးကျရင် အဲကိုပဲပြန်ရမှာ၊ ဒါက သက်ရှိတွေအားလုံးရဲ့ ပြန်ဝင်စားမှုနောက်ကွယ်က အမှန်တရားပဲ”
အဲလိုကိုး။ ပြန်လည်ဝင်စားမှုက အရာအားလုံးကို သန့်စင်ပေးလိမ့်မယ်လို့ ပြောကြတာမဆန်းတော့ဘူး – နတ်ဆိုးချီကိုတောင်မှပေါ့။ ချန်ကော ရွှမ်ထုံ့ကို ပြန်ဝင်စားဖို့ ပို့ခဲ့ချိန်တုန်းက ဒါက အကြောင်းရင်းပဲ။ သူတို့တွေက မြစ်ထဲက ဝိညာဉ်တွေပဲမို့ တခြားသးပြင်ပဖြစ်တည်မှုတွေကို သည်းညည်းခံမှာမဟုတ်။ ရွှမ်ထုံ သုံးကြိမ် ပြန်ဝင်စားပြီးတာတောင် နတ်ဆိုးချီကို မရှင်းထုတ်နိုင်တာက ချန်ကောက သူမ ပြန်ဝင်စားဖို့ အတင်းအကြပ် စေလွှတ်ခဲ့လို့ပဲ။ သူမဝိညာဉ်က မေ့ပျောက်မြစ်ထဲတောင် ကြာကြာမနေခဲ့ရဘူး။
“အမတ၊ နတ်ဆိုးတွေနဲ့ ကောင်းကင်မျိုးနွယ်တွေလို သက်တမ်းရှည်တဲ့ ဖြစ်တည်မှုတွေတောင် တစ်နေ့ကျရင်တော့ ကြွေကျမဲ့အချိန်နဲ့ ရင်ဆိုင်ရတာပဲ၊ အဲအချိန်ရောက်လာချိန် သူတို့က ပြန်ဝင်စားဖို့ မေ့ပျောက်မြစ်ကို ပြန်လာရတယ်၊ နတ်ဆိုးဘုံလည်း အဲလိုမျိုးဖြစ်ခဲ့တာပေါ့…”
“ဖြစ်ခဲ့တယ်လား” ရှန်းရင် အဓိကသော့ချက်စကားလုံးကို ဖမ်းမိသွားတယ်။
“ဟုတ်တယ် ဖြစ်ခဲ့တာ” မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်ပြီး မျက်မှောင်ကြုတ်တယ်။ သူက ရုတ်တရက် သူ့နောက်ကိုလှည့်ကြည့်ပြီး လက်ယမ်းပြလိုက်တယ်။
“ဒါက အမတဘုံကို ဖြတ်သန်းနေတဲ့ မြစ်ခွဲပဲ မင်းတို့မြင်ရင် နားလည်လာလိမ့်မယ်”
သူစကားပြောပြီးတာနဲ့ မျက်စိကျိန်းစရာ အလင်းရောင်က သူတို့ကိုမျက်မှောင်ကြုတ်စေခဲ့တယ်။ သူတို့ အင်မတန်ကိုတောက်ပတဲ့ရွှေရောင်အလင်းတန်းက အဆုံးကိုမမြင်နိုင်လောက်တဲ့အထိ ကျယ်ပြန်တဲ့နယ်မြေပေါ် ဖြန့်ကျက်နေတာကိုမြင်လိုက်ရတယ်။ ရွှေမြစ်က မိစ္ဆာနတ်ဘုရားနောက် မိုင်တွေအများကြီး ဆန့်ကားသွားတာ ကောင်းကင်တစ်ဝက်လောက်က ရွှေမြစ်ကြောင့် လင်းနေတဲ့အထိပဲ။
“ဒါ…” ကူယွဲ့ မေ့ပျောက်မြစ်ရဲ့ ကျယ်ပြန့်တဲ့ မြစ်ခွဲကိုလေ့လာပြီး စကားဆွံ့အနေခဲ့တယ်။ နောက်တော့ သူက နတ်ဆိုးဘုံအတွက်ဖြစ်တဲ့ စမ်းချောင်းလေးကိုလှမ်းကြည့်လိုက်တယ်။
“ဒါကဘယ်လိုဖြစ်တာလဲ” ကွာခြားချက်က ကြီးလိုက်တာ တကယ်ပဲ ပင်မမြစ်ခွဲက နတ်ဆိုးဘုံကို ဖြတ်သန်းနေတာဟုတ်ရဲ့လား။
“အမတတွေ၊ နတ်ဆိုးတွေနဲ့ ကောင်းကင်မျိုးနွယ်တွေအားလုံးက မတူညီတဲ့လောကတွေမှာနေကြတယ်၊ သူတို့က တစ်မြစ်တည်းကို မျှဝေခဲ့ကြတာ၊ ကောင်းကင်မျိုးနွယ်တွေ သူတို့ဘုံဆီ သူတို့ဘာသာ တက်လှမ်းသွားပြီးတည်းက အမတတွေနဲ့ ကောင်းကင်မျိုးနွယ်တွေက ခွဲခြားခံလိုက်ရပြီး နတ်ဆိုးဘုံလည်း သီးသန့်ဖြစ်သွားခဲ့တယ်၊ မေ့ပျောက်မြစ်ကိုယ်တိုင်လည်း မြစ်ခွဲ၃ခုအဖြစ် ကွဲသွားပြီး အရင်လိုမျိုး မြစ်ကြီးတစ်ခုတည်းအဖြစ် တည်ရှိမနေတော့ဘူး၊ အမတနဲ့ ကောင်းကင်ဘုံက သီးသန့်ဖြစ်နေပေမဲ့လည်း အမတဘုံက သေမျိုးဘုံနဲ့ ဆက်စပ်နေတယ်၊ ကောင်းကင်ဘုံရောပဲ၊ အဲဒါကြောင့် သူတို့ကို သက်ရောက်မှုမရှိတာ၊ နတ်ဆိုးဘုံတစ်ခုတည်းကပဲ တခြားဘုံတွေနဲ့ သီးသန့်အဖော်ကင်းမဲ့နေခဲ့တယ်၊ နတ်ဆိုးဘုံကို ဖြတ်သန်းနေတဲ့ မေ့ပျောက်မြစ်က အတော်ကြာကြာ တစ်သီးတသန့် ဖြစ်နေခဲ့ရတယ်၊ အချိန်တွေကြာလာတာနဲ့အမျှ ခန်းခြောက်စပြုလာတာပဲ၊ နတ်ဆိုးဘုံက လူတွေ-”
“သူတို့ဝိညာဉ်တွေ ပြန်ဝင်စားလို့မရဘူး” ကူယွဲ့က သူ့စကားကို အဆုံးသတ်ပေးပြီး မျက်နှာချင်းဆိုင်ကလူကို မော့ကြည့်လိုက်တယ်။
“အဲဒါကြောင့်… ခင်ဗျားက နတ်ဆိုးဘုံကိုကယ်တင်ဖို့ နတ်ဆိုးဘုံနဲ့အမတဘုံကိုပေါင်းခဲ့တာပဲ၊ ခင်ဗျားက မေ့ပျောက်မြစ်ကို သုံးလောကတစ်လျှောက် နောက်တစ်ကြိမ် ပြန်စီးဆင်းစေချင်တာလား”
“အမှန်ပဲ” မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်ပြီး ခပ်ရေးရေးပြုံးပြန်တယ်။ ထူးဆန်းစွာနဲ့ပဲ ကူယွဲ့ သူ ဒေါသထွက်လား၊ ပျော်လားဆိုတာ မပြောနိုင်တော့ဘူး။
“ဒါဆို ကျုပ်ကို ဘာလို့ ဒီကမ္ဘာထဲဆွဲခေါ်လာခဲ့တာလဲ” ကူယွဲ့မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်တယ်။ တကယ်လို့ နတ်ဆိုးတွေအကျိုးအတွက်ပဲဆို မိစ္ဆာနတ်ဘုရားကိုယ်တိုင် ဖြေရှင်းနိုင်မှာပဲ။ သူက ရှေးကောင်းကင် ဖြစ်တည်မှုကြီး၃ခုထဲက တစ်ခုလေ။ ဘုံတွေကို သူ့ ဘာသာပေါင်းစည်းနိုင်စွမ်း သေချာပေါက်ရှိမှာပဲ။ ဘယ်သူကသူ့ကိုတားနိုင်လို့လဲ။ ကူယွဲ့ကို ဒီလောကထဲ ဆွဲသွင်းစရာ လုံးဝကို မလိုအပ်တာ။
“ငါက မိစ္ဆာနတ်ဘုရားဆိုပေမဲ့ သုံးလောကအပြင်ဘက်မှာ တည်ရှိတာမို့ အထဲမှာဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဝင်စွက်ဖက်ဖို့ အစွမ်းမရှိဘူး၊ ငါက သွယ်ဝိုက်ပြီးပဲ ကြားဖြတ်နိုင်တာ” မိစ္ဆာနတ်ဘုရားက ရှင်းပြတယ်။
“ခင်ဗျားက ကျုပ်ကို နတ်ဆိုးဘုံတံခါး ဖွင့်စေချင်တာပဲ” ကူယွဲ့က အထိတ်တလန့်ပြောလိုက်တယ်။
“ဟင့်အင်း မင်းက အကူသက်သက်ပဲ” မိစ္ဆာနတ်ဘုရားက ခေါင်းယမ်းတယ်။
“ကျန့်ထင်က နတ်ဆိုးဘုံတံခါးကိုဖန်တီးချိန်က တံခါးပေါ်ထားခဲ့တဲ့ မှော်အတတ်က တကယ်ပဲ နေရာရွှေ့ပြောင်းသိုင်း၊ ဒါပေမဲ့ တံခါးတွေရဲ့ ကုန်ကြမ်းကတော့ ရှေးခေတ်တည်းက နတ်ဆိုးဘုံမှာ ကျန်ရစ်ခဲ့တဲ့ ကောင်းကင်ဖွင့်ကျောက်တုံးဖြစ်နေတယ်၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ဘုံနှစ်ခုကြားက ကောင်းကင်ထောက်တိုင်ဖြစ်ခဲ့ဖူးတာမို့ နတ်ဆိုးဘုံတံခါးကို အဲပေါ်မှာထားတာက ဘုံနှစ်ခုကြား ဆက်သွယ်မှုဖန်တီးပေးလိမ့်မယ်”
“ဒါကြောင့်… နတ်ဆိုးဘုံတံခါးတွေကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်ထက်မှာ ဖွင့်ဖို့လိုတာပေါ့”
မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်တယ်။
“နတ်ဆိုးဘုံတံခါး ချိပ်ပိတ်ခံရပြီးတဲ့နောက် ကောင်းကင်ထောက်တိုင်ပေါ် နဆိဆိုးဘုံတံခါး ဖွင့်နိုင်ခြေအများဆုံးလူကို လေ့လာဆန်းစစ်ဖို့ကြိုးစားခဲ့တယ်”
ကူယွဲ့ တစ်အောင့်စဉ်းစားနေမိတယ်။
“ချန်ကော ဒါမှမဟုတ်ရွှမ်ထုံလား”
“ဟုတ်တယ်” သူက ရှန်းရင်ဘေးကလူတွေကို တိတ်တဆိတ် အကဲခတ်လိုက်တယ်။
“ဒါပေမဲ့ ဒါအောင်မြင်နိုင်နှုန်းက ၅ရာခိုင်နှုန်းပဲရှိတယ်၊ ကျော်လွှားရမဲ့ အတားအဆီးကြီးလည်းရှိတယ်၊ ပြီးတော့ မင်းက ဒီအတားအဆီးကြီးကို ဖယ်ရှားနိုင်တဲ့တစ်ဦးတည်းသောသူပဲ၊ ဒါကြောင့် မင်းကို ဒီကမ္ဘာထဲ ငါခေါ်ခဲ့တာ”
အတားအဆီးကြီးလား။
ကူယွဲ့က တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး တန့်သွားတယ်။ သူ ဘေးကလူကို ချက်ချင်း လှည့်ကြည့်လိုက်တယ်။
“ယိချင်း” ဝတ္ထုထဲ နတ်ဆိုးတံခါးပွင့်မှာကို တားခဲ့တဲ့တစ်ဦးတည်းသောလူက သူပဲ။
မိစ္ဆာနတ်ဘုရားအပြုံးက ကျယ်ပြန့်လာတယ်။ အဖြေက အသိသာကြီးပဲ။
“အဲကြောင့် အဲစာအုပ်ကို… ကျုပ်ရှေ့ထားခဲ့တာလား” ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ဝတ္ထုကို နားလည်တဲ့လူတွေကပဲ ယိချင်း ကိုယ့်သေတွင်းကိုယ်တူးမှာကို တားချင်မှာ၊ ဒါပေမဲ့…။
“ခင်ဗျားခန့်မှန်းထားတဲ့ အနာဂတ်ကို ဝတ္ထုအဖြစ်ရေးဖို့လိုလို့လား” သောက်ကျိုးနည်း စာရေးဆရာလား။ လူလိမ်တစ်ယောက်သက်သက်လား။
“မင်းရဲ့ဖြစ်နိုင်တဲ့တုံ့ပြန်မှုတွေအပေါ် ငါ့သုံးသပ်လေ့လာချက်အရ မင်းကို ဒါတွေအားလုံးပေးသိဖို့ အဲဒါက အသင့်တော်ဆုံးနည်းလမ်းပဲ”
အသင့်တော်ဆုံးနည်းလမ်း…။
ကူယွဲ့ အမူအရာမည်းမှောင်သွားတယ်။ သံသယအကြည့်နှစ်စုံ သူ့ပေါ် အာရုံစိုက်လာကြတယ်။
“မင်းတို့ဘာကြည့်နေတာလဲ” သူ့လက်မောင်းပေါ်က အမွေးတွေ ကြက်သီးထကုန်တယ်။
“ငါ အပြာစာအုပ်တွေ ဖတ်ရတာမကြိုက်ဘူးလို့ ပြောထားတယ်လေ”
“အော်…” နှစ်ယောက်သားက ပြိုင်တူပြောလာတယ်။
“ငါ့ဖင်ကိုအော် ငါ့မျက်စိရှေ့ကနေ မင်းတို့ရဲ့သံသယအကြည့်တွေ ထွက်သွားစမ်း” ကူယွဲ့ ချက်ချင်း မျက်နှာရဲတက်ပြီး သူ့ရှေ့ကလူကို လှည့်မျက်နှာချင်းဆိုင်လိုက်တယ်။
“မင်းတို့အားလုံး အရေးကြီးကိစ္စတွေအပေါ် အာရုံစိုက်ပေးနိုင်မလား၊ အဲအကျင့်ပျက်ဝတ္ထုက ငါတို့ကို ခြယ်လှယ်ဖို့ အကုန်သူ့ဇာတ်လမ်းပဲ ငါလုံးဝစိတ်မဝင်စားဘူး”
“ငါသိရသလောက်တော့… မင်း စုစုပေါင်း လေးကြိမ်ဖတ်ခဲ့တာလားလို့”
မိစ္ဆာနတ်ဘုရားကမေးလာတယ်။
ဖောက်ဖောက်။ ပူဖောင်းပေါက်သံတွေ ထွက်လာသလိုပဲ။
ကူယွဲ့ ။ ။ “…”
“အိုး…” သံသယအကြည့်တွေ ပိုပြီး ပြင်းထန်လာတော့တယ်။
“ပါးစပ်ပေါက်ပိတ်ထားကြ”
Ψ(*>皿
…