အခန်း ၂၂၉ ။ မိစ္ဆာနတ်ဘုရား၏ကောင်းကင်ဗိမာန်
ကောင်းကင်က မည်းမှောင်လာတဲ့ပုံ။ သူတို့ တောင်ကြားထဲ ရောက်နေပြီပဲ။ သူတို့ပတ်လည်က တိမ်တိုက်မည်းတွေနဲ့ လေပြင်းတွေက ဘေထုထူထဲလာတာနဲ့အတူ ပိန်းပိတ်အောင် နက်မှောင်သွားစေခဲ့တယ်။
သူတို့ တုံ့ပြန်ချိန်တောင် မရလိုက်ခင်မှာတင် ငမည်းလေးရဲ့နဖူးတည့်တည့်ကို ခရမ်းရောင်မိုးကြိုး ပစ်သွားတာ မြင်လိုက်ရတယ်။ နောက်အခိုက်အတန့်မှာတော့ သူ့မျက်ခုံးကြားမှာ အနီရောင်သဏ္ဌာန်တစ်ခု ပေါ်လာတယ်။ ကျောက်စိမ်းပြားပေါ် ထွင်းထားတဲ့ပုံစံနဲ့ အတူတူပဲ။
“ဒါတကယ့်ကို မိစ္ဆာနတ်ဘုရားရဲ့စည်းတံဆိပ်ပဲ” ကူယွဲ့က အံ့ဩတကြီး ရေရွတ်လိုက်တယ်။ ဒီလိုခပ်ပေါပေါ ဂါထာရွတ်မှုက မိစ္ဆာနတ်ဘုရားရဲ့ စည်းတံဆိပ်ကို အသက်သွင်းနိုင်မယ်လို့ သူတစ်ခါမှ မတွေးခဲ့ဘူး။ ဒါဆို အနည်းဆုံး အဇဋာဧကရာဇ်ဖြစ်သရွေ့ စည်းတံဆိပ်ကို ရယူနိုင်မယ်ဆိုတာ အမှန်ပဲလား။
ငမည်းလေးက သူ့နဖူးကို အလိုလိုထိပြီး သူ့ကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို စစ်ဆေးလိုက်တယ်။ ကံကောင်းချင်တော့ သူ့ကိုယ်မှာ ဘာခြေလက်ရော သွေးကြောမှ ပျောက်မနေဘူး။ သူ စိတ်အေးသွားကာ သက်ပြင်းချပြီး ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်-”
“ဆရာ ဖက်ထုတ်တွေရပါပြီ” ယိချင်းက ကြားဖြတ်ပြောပြီး ဖက်ထုတ်တစ်အိုး ရှန်းရင်ကို ခင်းကျင်းပေးလာတယ်။
သူ အဲလောက်တောင် မြန်ရလား။ သူ တမင်သက်သက်လုပ်နေတာပဲ – အဲလိုလုပ်နေတာပဲဖြစ်ရမယ်
O(≧口≦)O
“ကြီးမြတ်တဲ့နတ်သမီး၊ ခုလေးတင် အဆာသွတ်မုန့်တွေ စားထားတာလေ၊ အခုဒါကိုစားလိုက်ရင် ဖောယောင်လာလိမ့်မယ်” သူက လေးနက်တဲ့အမူအရာနဲ့ မေးလိုက်တယ်။
“ဆရာ့ရဲ့ဝိညာဉ်လက်ဖက်ရည်ကို ပြင်ဆင်ပြီးပါပြီ” ယိချင်းက ခင်းကျင်းပေးလာတယ်။
“…”
“ကြီးမြတ်တဲ့နတ်သမီး၊ အဆာသွတ်နဲ့ ဖက်ထုတ်တွေက ခြောက်ကပ်လွန်းပါတယ်၊ တစ်ပြိုင်နက်စားရင် သူတို့က ရေဓာတ်ခန်းခြောက်အောင် လုပ်လိုက်လိမ့်မယ်”
“ဆရာ ကျွန်တော် အသီးတချို့လှီးပြီးပါပြီ” ယိချင်းက အသီးတွေခင်းကျင်းလာတယ်။
“…”
“ကြီးမြတ်တဲ့နတ်သမီး၊ ဖက်ထုတ်တွေကို ကြည့်ပါဦး၊ သူတို့ကို ကောင်းကောင်းထုတ်ထားပေမဲ့ သေချာပေါက် နည်းနည်းကြာကြာ ဆက်ပြုတ်ဖို့လိုတယ် – ချိုတာတစ်ခုခု အရင်စားကြည့်ပါလား”
“ရေညှိနှိုင်းသွေဖည်မီးအတတ်၊ ဆရာ… ပြီးပါပြီ”
ယိချင်းက ဖက်ထုတ်တွေကို ကမ်းပေးလိုက်လေတယ်။
“…”
(╯‵□′)╯(┻━┻
စားပွဲမှောက်… သူ ငမည်းလေးကို နတ်ဆိုးလုပ်ခွင့်မပေးတော့ဘူးလား.
ယိချင်း ။ ။ ဘယ်သူ့မှငါ့ရဲ့ကျွမ်းကျင်မှုကို သံသယဝင်လို့မရဘူး
“ကြီးမြတ်တဲ့နတ်သမီး” ငမည်းလေးက ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချကာ မိုးခြိမ်းသံလို အကျယ်ကြီး ငိုကြွေးတော့တယ်။
“မိစ္ဆာနတ်ဘုရားကို သစ္စာဖောက်တာ အရမ်းကို ကြီးလေးတဲ့ကိစ္စဖြစ်ပြီး အကျိုးဆက်တွေက ကြောက်စရာကောင်းပါတယ်၊ ပြန်စဉ်းစားကြည့်-”
အေ့¬
ဖက်ထုတ်စားပြီးကာစ ရှန်းရင် မေးလိုက်တယ်။
“နင်ဘာတွေပြောနေတာလဲ”
ငမည်းလေး ။ ။ “…”
ယိချင်း ။ ။ “…”
အားလုံး ။ ။ “…”
ဘုန်း
လွင့်ပျောက်သွားပြီဖြစ်တဲ့ တိမ်မည်းတွေက နောက်တစ်ကြိမ် စုဝေးလာပြန်ပြီး အရင်ကထက်တောင် မှောင်မည်းနေတယ်။ အလင်းတန်းဖြူတစ်ခုက ကောင်းကင်ထဲ ပေါ်လာပြီး ခပ်ဖျော့ဖျော့အနီရောင်က ကြိုကြားကြိုကြား တောက်ပနေတယ်။ သူတို့ပတ်လည်မှာ လေကပိုပြင်းလာပြီး တစ်မြို့လုံးကို တိုက်ခတ်နေလို့ မြေကြီးတွေတောင် တုန်ခါစပြုလာတယ်။ တခြားသူတွေက အဆင်ပြေပေမဲ့ ငမည်းလေးနဲ့ကျန့်ထင်ကတော့ တစ်ခုခုကို အာရုံခံမိတဲ့ပုံ။ သူတို့က ဒူးထောက်ကျသွားခဲ့တယ်။
ရုတ်တရက် နီရဲနေတဲ့ တစ်စုံတစ်ရာက သူတို့ဘေးကနေ လင်းခနဲဖြစ်သွားခဲ့တယ်။ ကောင်းကင်က ပြိုကွဲသွားပုံပေါ်ပြီး မျက်စိကျိန်းစရာအနီရောင်မိုးကြိုးက ငမည်းလေးဒူးထောက်နေတဲ့နေရာဆီ ပစ်တော့တယ်။
“ကောင်းကင်အပြစ်ပေးမှု” ငမည်းလေးက ချက်ချင်း ဖြူဖျော့သွားတယ်။ အနီရောင်အလင်းတန်းဆီကလာတဲ့ ဖိနှိပ်မှုက သူ့ကို ခေါင်းတောင်မမော့စေနိုင်။ သူ့ကိုယ်ထဲက နတ်ဆိုးဝိညာဉ်တောင် တလိမ့်လိမ့် ဆူပွက်နေတယ်။ သူ့နှလုံးရပ်တော့မလို့ပဲ။ သူ လုပ်ခဲ့သမျှက စာချုပ်ကို ဖျက်ခဲ့ရုံပါပဲ – ကောင်းကင်အပြစ်ပေးမှုက ဒီလိုကိစ္စအတွက် အရမ်းကိုပြင်းထန်လွန်းတယ် သူ ကောင်းကင်မိုးကြိုးက သူ့ဆီဦးတည်လာတာကို ကြည့်နေမိတယ်။ အလိုလို သူ ရှန်းရင်ဘက် လှည့်ပြီး အော်လိုက်တယ်။
“ကြီးမြတ်တဲ့နတ်သမီး ကျွန်တော်-”
“ဖယ်” သူ စကားမဆုံးခင် သူ့ပခုံးပေါ် တင်းကြပ်တဲ့တစ်စုံတစ်ရာကို ခံစားလိုက်ရတယ်။ ရှန်းရင်က သူ့ကို မိုးကြိုးစက်ကွင်းအပြင်ဘက် ဆွဲခေါ်ထုတ်လိုက်တယ်။
ချက်ချင်းပဲ ပေါက်ကွဲသံကျယ်ကြီးပေါ်လာတယ်။ အနီရောင်သွေဖည်မိုးကြိုးက ရှန်းရင်ပေါ် ပေါက်ကွဲသွားခဲ့တယ်။ ငမည်းလေးရဲ့ ဆယ်ခုအထက် အင်းကွက်တွေအကုန် ပျက်စီးသွားပြီး မြေကြီးက မိုးကြိုးအလင်းရောင်အတိုင်း အနီရောင်လင်းလာတယ်။ ရှန်းရင်က အလင်းတန်းနီတွေကြား ရပ်ပြီး မှောင်မည်းနေတဲ့ကောင်းကင်ယံကို မော့ကြည့်လိုက်တယ်။
“ဆရာ” ယိချင်းက စိုးရိမ်တကြီး ရှေ့တက်လာတယ်။ သူမ မထိခိုက်တာ မြင်တော့မှ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တယ်။
“အဲကောင်းကင်မိုးကြိုး-”
“ဖယ်” ရှန်းရင်က အော်ပြီး သူ့ကိုကြားဖြတ်လိုက်တယ်။ ဘယ်သူမှတုံ့ပြန်ချိန်မရလိုက်။ သူတို့ မော့ကြည့်လိုက်တော့ ခေါင်းပေါ်မှာ နောက်ထပ် သွေဖည်မိုးကြိုးနှစ်စင်းကိုမြင်လိုက်ရတယ်။ အဲဒါက အလင်းလိုအရှိန်မျိုးနဲ့ အုပ်စုတစ်ခုလုံးဆီ ပြေးလာတယ်။
“ဟိုလီရှစ်” ကူယွဲ့ထခုန်တော့တယ်။ မိုးကြိုးက ဘယ်ကနေရောက်လာမှန်းမသိ။ ဘယ်သူမှ ဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်။ ဘာတွေဖြစ်နေတာလဲ။ မိစ္ဆာနတ်ဘုရားက ကန်းနေတာလား။ အပြစ်ပေးခံသင့်တာ ငမည်းလေးလေ – ဘာလို့ သူတို့ကိုတိုက်ခိုက်နေတာတုံး။
“စားဖိုမှူး…” ရှန်းရင်က သူ့ကို ဘေးကိုဆွဲခေါ်မလို့ရှိသေး တစ်စုံတစ်ရာကို အာရုံခံမိလိုက်တယ်။ သူမ လက်ပြန်ရုတ်လိုက်တယ်။
ဟမ်။
နောက်အခိုက်အတန့်မှာ အလင်းတန်းနီကြီးက အပြင်ကိုပေါက်ကွဲထွက်ပြီး ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ မိုးကြိုးတန်းတွေက မြေကြီးကို တစ်ချက်ပြီးတစ်ချက် ထိမှန်ပြီး ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်လောက်တဲ့အထိ လုံလောက်တဲ့ ဖိနှိပ်မှုကိုပါ သယ်ဆောင်လာတယ်။
ထူးဆန်းတာက…။
“အာ ငါအဆင်ပြေနေတာပဲ” ငမည်းလေးက သူ့ကိုယ်ကို စမ်းကြည့်လိုက်တော့ သူ့ကိုယ်ပေါ် ခြစ်ရာတစ်ခုမှ ရှိမနေတာနားလည်လိုက်ရတယ်။ သူ သူ့နတ်ဆိုးချီကို အမြန် စမ်းသပ်လိုက်တယ်။ သူ့ကျင့်ကြံမှု၊ ဝိညာဉ်နဲ့ သွေးကြောတွေပါ လုံးဝအထိအခိုက်မရှိ။ ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဒါက ကောင်းကင်အပြစ်ပေးမှုရဲ့ မိုးကြိုးဆိုတာ အသိသာကြီး။ ပုံမှန်ဝဋ်ကြွေးချေခြင်းထက်တောင် ကြောက်ဖို့ကောင်းရမှာ။ ဒါပေမဲ့ သူက ခြစ်ရာမရှိထွက်လာခဲ့တယ်။
“ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ဘာတွေဖြစ်… အာ ကြီးမြတ်တဲ့နတ်ဒေဝါရော၊ ကြီးမြတ်တဲ့နတ်ဒေဝါဘယ်မှာလဲ”
သူ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ရှန်းရင်ကို ဘယ်နေရာမှာမှ မမြင်ရဘူး။
“ဘာဖြစ်တာလဲ”
“သူချည်းပဲ မဟုတ်ဘူး” ကျန့်ထင်က ပြောတယ်။
“တခြားအမတနှစ်ယောက်ပါ ပျောက်နေတာ”
“…” ဘာတွေဖြစ်နေတာလဲ။
_________
သူတို့တွေ အဆုံးသတ်ပုံ မပေါ်တဲ့ ရေပြင်တစ်ခုရဲ့ မျက်နှာပြင်ပေါ်ရောက်နေတယ်။ အရာအားလုံးက ငြိမ်သက်နေလေရဲ့။ ကောင်းကင်အတွက် မှန်တစ်ခုလိုမျိုး ပြုမူနေပြီး တိမ်တိုက်ဖြူတစ်ခုစီနဲ့ ကောင်းကင်ပြာက ရောင်ပြန်ဟပ်နေတယ်။ အမည်းရောင်ဝတ်ရုံဝတ်ထားတဲ့ လူတစ်ယောက်က ကောင်းကင်နဲ့ ရေပြင်ကြားရပ်နေတယ်။ သူ့မှာ ရေမျက်နှာပြင်ထိရောက်တဲ့ ဆံပင်ရှည်ကြီးရှိပြီး တင်းမာတဲ့ကိုယ်နေဟန်ထားနဲ့။ သူက နတ်ဆိုး၊ အမတဘုံတွေထဲက အဆင့်မြင့်ဆုံးကျင့်ကြံသူတွေလို အားကြီးတဲ့ပုံမပေါ်။ အဲ့အစား သူက အတော်လေးကိုသာမန်ဆန်နေတာ။ အလွန်ဆုံးမှ သူက မွန်မွန်ရည်ရည်ရှိတယ်ပေါ့။ သူ့ရဲ့ သာမန်မျက်နှာပေါက်ပေါ် နီရဲနေတဲ့မျက်လုံးတွေကတော့ အာရုံကိုဖမ်းစားထားတယ်။ သူက စပ်ဖြီးဖြီးလုပ်နေလေရဲ့။ သူ့ခြေထောက်အောက်မှာတော့ မီးပေါ်ရပ်နေသလိုမျိုးပုံစံ ပေါက်စေတဲ့ ကြာပန်းနီတွေ။ သူက အရမ်းကို သာမန်ဆန်ပေမဲ့ အတော်လေးကို နတ်ဆိုးဆန်တဲ့ အထင်အမြင်လည်း ပေးစွမ်းပြန်တယ်။
“မင်းက ငါ့ကိုတွေ့ချင်တာလား” သူက ရုတ်တရက် မေးလာတယ်။ သူ့အသံက အလွန်ကိုသိမ်မွေ့နူးညံ့ပြီး နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားတယ်။
“ရှန်းရင်”
“အင်း” ရှန်းရင်က ခေါင်းညိတ်ပြလိုက်တယ်။ သူမ လုံးဝဘုံအသစ်တစ်ခုဆီ ခုလေးတင် ဆွဲခေါ်ခံထားရတာတောင် ထိတ်ထိတ်ပျာပျာတောင်ဖြစ်မနေ။
“မိစ္ဆာနတ်ဘုရားလား”
အဲလူက သူမ အတော်လေး တည်ငြိမ်နေတာကို သတိထားမိပုံမပေါ်။ သူက တုံးတိခေါင်းညိတ်ပြီးနောက်တော့ အတော်လေးကြင်နာဟန် ပြုံးပြလာတယ်။
“ဟုတ်တယ် ငါက မိစ္ဆာနတ်ဘုရားပဲ”
“စားဖိုမှူးနဲ့ ဖေဖေနျိုရော” သူမ ဘေးကိုလိုက်ရှာကြည့်လိုက်တယ်။
မိစ္ဆာနတ်ဘုရားက သူမကိုလှမ်းကြည့်ပြီးနောက်တော့ လက်မြှောက်ပြလိုက်တယ်။ ရုတ်တရက် ရေကဆူပွက်လာတယ်။ ရေမျက်နှာပြင်အောက်မှာတင် ပုံရိပ်တစ်ခုပေါ်လာခဲ့တယ်။ ကြာပန်းကြီးနှစ်ခု ရှိနေပြီး ကူယွဲ့နဲ့ယိချင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသလိုမျိုး ကြာပန်းတစ်ခုချင်းစီမှာ လှဲနေတယ်။
“ဒါက ငါ့ကောင်းကင်ဗိမာန်ပဲ၊ သုံးလောကရဲ့ ခန္ဓာကိုယ်တွေက ဒီမှာကြုံတွေ့ရတဲ့ ကောင်းကင်ဖိအားကို တောင့်မခံနိုင်ကြဘူး၊ အဲဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပဲ” သူက ရှင်းပြပြီး သူမကို မျက်နှာချင်းဆိုင်လိုက်တယ်။
“မင်းကလွဲလို့ပေါ့”
“အော်” ရှန်းရင် ကြာပန်းတွေထဲက ခန္ဓာကိုယ်နှစ်ခုကို သေချာစစ်ဆေးလိုက်တယ်။ နောက်တော့ ရေမျက်နှာပြင်ပေါ် ထိုင်ချကာ တင်ပျဉ်ခွေထိုင်ပြီး သစ်သီးစားတော့တယ်။
“ငါ့မှာ နင့်ကို မေးစရာ မေးခွန်းတချို့ရှိတယ်”
“ဘာသိချင်တာလဲ”
“နင်က ဟွေ့လင်ကို အဲကျောက်စိမ်းအဆင်တန်ဆာပေးခဲ့တဲ့သူလား”
“အင်း”
“အမတနဲ့နတ်ဆိုးဘုံတွေကို ပေါင်းစပ်တာက နင့်အကြံအစည်လား”
“အင်း”
“ဖေဖေနျို့မှာ ရှိတဲ့စာအုပ်ကို ပြင်ဆင်ခဲ့တဲ့သူကနင်လား”
“… ဟုတ်တယ်”
“နင်က ဒီလောကဆီ ငါတို့ ဝိညာဉ်ကူးပြောင်းလာအောင် လုပ်ခဲ့တဲ့သူပေါ့”
“… အခြေခံအားဖြင့်တော့ ဟုတ်တယ်ပေါ့”
“ဒါဆို နင့်ကို နောက်ဆုံးမေးခွန်းတစ်ခုပဲမေးတော့မယ်”
“ပြော”
“နင့်ကို အခု ထုထောင်းရင် ဥပဒေနဲ့ဆန့်ကျင်ရာ ကျလား”
“…”
“နင့်ကိုယ်နင်တောင် မစောင့်ရှောက်နိုင်တော့တဲ့အထိ နင့်ကိုထုထောင်းချင်နေတယ်”
“…”
မိစ္ဆာနတ်ဘုရားက သူမကို ခပ်ရေးရေး ပြုံးပြပြီး သက်ပြင်းချလေတယ်။
“ရှန်းရင်၊ မင်းအခြေအနေက ထူးခြားတာ ငါသိတယ်၊ ဒါပေမဲ့ ဒီနေရာက ငါ့ကောင်းကင်ဘုံဗိမာန်နော်၊ ငါက သုံးလောကကို ဖန်တီးခဲ့တဲ့ နတ်ဘုရားပဲ၊ မင်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး”
“တကယ်လား” ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။ သူမက ဘယ်ကမှန်းမသိ အသီးလှီးဓားတစ်ချောင်း ဆွဲထုတ်လာပြီး ရေမျက်နှာပြင်ကို ဝှေ့ယမ်းပြလေတယ်။ ခလောက်သံထွက်လာပြီး ရေမျက်နှာပြင်ပေါ် ခြစ်ရာအဖြူကြောင်းကြီး ပေါ်လာတယ်။ မှန်တစ်ချပ်ပေါ် အက်ကွဲကြောင်းတစ်ခု
ရှိနေတဲ့ပုံနဲ့ တူနေတယ်။
“နင် ငါ့ကို စမ်းကြည့်ချင်လား”
မိစ္ဆာနတ်ဘုရား ။ ။ “…”
…