အခန်း ၂၂၈ ။ မိစ္ဆာနတ်ဘုရား၏ အမှတ်အသား
” ရဲ့ အမှတ်အသားပဲ” ကျန့်ထင်စကားမဆုံးခင် ငမည်းလေးက အံ့ဩတကြီးရေရွတ်နေပြီးပြီ။
“မိစ္ဆာနတ်ဘုရားအမှတ်အသားကဘာလဲ” ကူယွဲ့မျင်မှောင်ကြုတ်ပြီး မချင့်မရဲလေသံနဲ့ မေးလိုက်တယ်။
“မိစ္ဆာနတ်ဘုရားအမှတ်အသားဆိုတာ ကျွန်တော်တို့မျိုးနွယ်ရဲ့ စာချုပ်စည်းတံဆိပ်ပါ၊ စည်းတံဆိပ်က တစ်ယောက်ယောက် သူတို့ နတ်ဆိုးဝိညာဉ်နဲ့ ကျိန်ဆိုပြီး နတ်ဆိုးစာချုပ်ချုပ်မှ ပေါ်လာတာပါ၊ အမတတွေရဲ့ ကောင်းကင်တာအိုကျိန်ဆိုမှုလိုမျိုးပဲ စာချုပ်ချုပ်ပြီးပြီဆိုတာနဲ့ ပြီးမြောက်အောင် ဆောင်ရွက်ဖို့ မိစ္ဆာနတ်ဘုရား ချည်နှောင်တာခံလိုက်ရပြီ၊ မဟုတ်ရင် အမှတ်အသားက စာချုပ်ချုပ်သူကို ပိုပြီးကြီးမားတဲ့တန်ဖိုးပေးဆပ်ခိုင်းလိမ့်မယ်၊ ဒါပေမဲ့ နတ်ဆိုးစာချုပ်ချုပ်ဖို့ အနည်းဆုံး ကောင်းကင်မိစ္ဆာ ဖြစ်ဖို့လိုတယ်၊ မဟုတ်ရင် မိစ္ဆာနတ်ဘုရားက တုံ့ပြန်မှာမဟုတ်ဘူး”
“စာချုပ်လား” ကူယွဲ့ ဆွဲသီးပေါ်က အဆင်ပုံစံကို သေချာကြည့်လိုက်တယ်။
“ရှန်းရင် မင်းဒီအဆင်ကို ဘယ်မှာမြင်ဖူး… ခဏ ဒီဆွဲဘယက်က ဟွေ့လင်လည်ပင်းမှာ ဆွဲခဲ့တဲ့ တစ်ခုတော့ မဟုတ်ပါဘူးနော်”
“ဟုတ်တယ်” ရှန်းရင် သက်ပြင်းချလိုက်တယ်။
“ငါ-ိုး” တကယ်ကြီးပေါ့။
“မင်းထင်တာက… ဟွေ့လင်ကို အဲဆွဲဘယက်ပေးခဲ့တဲ့သူက သူနဲ့ နတ်ဆိုးစာချုပ် ချုပ်ခဲ့လို့ မင်းကို အဆွယ်အပွားနယ်ပယ်ထဲ ဆွဲသွင်းလို့ရတယ်ဆိုပြီးလား”
“စာချုပ်မဟုတ်ဘူး” ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
“လူကိုယ်တိုင်ပဲ”
“ဟမ် ဘာသဘောလဲ” သူ မတုံ့ပြန်နိုင်။
“ဘယ်လူ… မိစ္ဆာနတ်ဘုရား မိစ္ဆာနတ်ဘုရားက ဟွေ့လင်ကို ဆွဲကြိုးဘယက် ပေးခဲ့တယ်လို့ပြောနေတာလား” သူက ရုတ်ခြည်းထရပ်ပြီး ရှန်းရင်ကို မှင်တက်စွာကြည့်လိုက်တယ်။
တခြားသူတွေလည်း ထပ်တူထပ်မျှ ထိတ်လန့်နေခဲ့တယ်။
“အင်း” ရှန်းရင်က အမှုမထားသလို ခေါင်းညိတ်ပြီး ယိချင်းဘက် လှည့်လိုက်တယ်။
“နင်အသီးတွေ ယူခဲ့လား” တစ်ခုခု လိုနေတယ်လို့ သူမ ဆက်တိုက်ခံစားနေရတာ။
“ယူလာ… ပါတယ်” ယိချင်းက အလိုလို သူ့သိုလှောင်အိတ်ထဲ လှမ်းစမ်းလိုက်တယ်။
“ဒါမဖြစ်နိုင်ဘူး” ငမည်းလေးက အသည်းအသန် ခေါင်းညိတ်တော့တယ်။
“ကြီးမြတ်တဲ့နတ်သမီး၊ မိစ္ဆာနတ်ဘုရားက ကျွန်တော်တို့မျိုးစုရဲ့ ရှေးအကျဆုံး ဘိုးဘေးပါ၊ နတ်ဆိုးလောကနဲ့ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကိုတောင် သူဖန်တီးခဲ့တာလေ၊ သူက ကောင်းကင်တာအို ဒါမှမဟုတ် ဖန်တီးမှုနတ်ဘုရားလိုမျိုးတောင်ပါ၊ သူက ဒဏ္ဍာရီတွေထဲပဲ ပေါ်လာဖူးတာ၊ သူတကယ်ရှိလားဆိုတာ ဘယ်သူမှမသိကြပါဘူး၊ တကယ်လို့ သူရှိရင်တောင် သူက ကျွန်တော်တို့ နတ်ဆိုးတွေကို ဒီလိုဆွဲဘယက်မပေးဘဲ အမတကျင့်ကြံသူကို ဘာလို့ပေးမှာလဲ”
ဒီလိုလုပ်စရာ အကြောင်းရင်းမှ မရှိတာ။
“ဟင့်အင်း ဖြစ်နိုင်တယ်…” ယိချင်းက ခေါင်းမော့ပြီး သူတို့ကို ကြည့်လာတယ်။
“လောကကြီးနှစ်ခုကို ပေါင်းစည်းဖို့လေ”
လူတိုင်း မှင်တက်သွားပေမဲ့ ချက်ချင်း တုံ့ပြန်လိုက်ကြတယ်။
တကယ်လို့မိစ္ဆာနတ်ဘုရားသာ တကယ်ရှိရင် သူက လောကကြီးနှစ်ခု အံဝင်ဂွင်ကျဖြစ်အောင် လုပ်နိုင်တဲ့ တကယ်ပဲအစွမ်းရှိတယ်။ သေချာပေါက် ရှန်းရင်နဲ့ သူ့ကို ဒီလောကထဲ ဝိညာဉ်ကူးပြောင်းလာအောင် လုပ်နိုင်စွမ်းရှိတာပေါ့။
ယိချင်းနဲ့ ကူယွဲ့တို့ ပိုပြီးတောင် စဉ်းစားနေလေတယ်။ အဲတုန်းက ဟွေ့လင်က ရှန်းရင်ကို အဆွယ်အပွားနယ်ပယ်ထဲ ဆွဲသွင်းဖို့ ဆွဲဘယက်ကိုသုံးခဲ့တယ်။ တကယ်ဆို ဘုံကမ္ဘာတွေကို ဖြတ်သန်းတာက လွယ်ကူတဲ့အရာ မဟုတ်ဘူး။ တကယ်လို့ သေမျိုးဘုံကို ဝင်တာဆိုရင်တော့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ ကောင်းကင်လောကလိုမျိုး အဆင့်ပိုမြင့်တဲ့ဘုံကို ဝင်ဖို့ဆိုရင်တော့ အမတတက်လှမ်းမှု မဟုတ်ရင် အရမ်းကို ခက်ခဲမှာ။ ပြီးတော့ အဲအဆွယ်အပွားဘုံကို ဘယ်သူမှ မကြားဖူးဘူး။ မိစ္ဆာနတ်ဘုရားလောက်ပဲ အဲအစွမ်းရှိနိုင်လောက်တယ်။
ပြီးတော့ ရှန်းရင်အစွမ်းကို တစ်ခါမှ မျက်မြင်မတွေ့ဖူးသူဆို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ အမတလောကနဲ့ နတ်ဆိုးလောက တစ်ခုတည်း ပေါင်းစည်းသွားမှာကို တားဆီးနိုင်လောက်သူက ရှန်းရင်ပဲ ဖြစ်နိုင်တယ်။ သူမကို အဆွယ်အပွားနယ်ပယ်ထဲ ပိတ်လှောင်တာက တကယ့်ကို အကောင်းဆုံးအကြံပဲ။ တကယ်လို့ သူတို့ သူ့ကိုအဲနေရာမှာ မထိန်းထားနိုင်ရင်တောင် အချိန်ဆွဲလို့ရတယ်လေ။
အမှန်တကယ်က ဟွေ့လင်သုံးသွားတဲ့နည်းလမ်းက ကပျက်ကချော်နိုင်ပေမဲ့ တကယ်ပဲ သူတို့ကို အာရုံလွှဲနိုင်ခဲ့တယ်။ သူတို့ရန်သူတွေကို တိုက်ထုတ်ပြီးတာတောင် အဇဋာဧကရာဇ်တွေ သူတို့ မုန်လာဥဖြူခန္ဓာကိုယ်တွေထဲနေ သူတို့နဂိုမူလခန္ဓာကိုယ်တွေဆီ ပြန်ရောက်အောင်လုပ်ဖို့ အာရုံစိုက်ခဲ့ကာ နတ်ဆိုးလောကဘုံတံခါးကို လျစ်လျူရှုထားမိခဲ့တယ်။
“ဆိုလိုတာက… အမတလောကနဲ့ နတ်ဆိုးလောကကို ပေါင်းစည်းလိုက်သူက မိစ္ဆာနတ်ဘုရားပေါ့”
အဖြစ်အပျက်ကို ကျကျနန နားလည်သွားတဲ့ကျိုးဟွားက မျက်မှောင်ကြုတ်မိလိုက်တယ်။ သူမက ကျန့်ထင်ဘက် လှည့်မေးလိုက်တယ်။
“အဲမိစ္ဆာနတ်ဘုရားက ခုဘယ်မှာလဲ”
နတ်ဆိုးဘုရင်နှစ်ယောက်လုံး ကြောင်အမ်းကုန်တယ်။ တစ်အောင့်နေတော့ ကျန့်ထင်က မျက်နှာလိုမျက်နှာရအမူအရာနဲ့ ပြောလာတယ်။
“အချစ်ရယ် လိယင်းပြောသလိုပဲ မိစ္ဆာနတ်ဘုရားတည်ရှိမှုက ဒဏ္ဍာရီပါပဲ၊ အစစ်အမှန်လားဆိုတာ ဘယ်သူမှမသိသလို ဘယ်သူမှ မိစ္ဆာနတ်ဘုရားကို မမြင်ဖူးကြဘူး၊ သူ့ကို ရှာတွေ့ဖို့ဆိုတာမဖြစ်နိုင်ဘူး”
“ဒါဆို သူ့ကို လာရှာခိုင်းလိုက်” ရှန်းရင်က ရုတ်တရက် ပြောလာတယ်။
“…”
လူတိုင်း ထိတ်လန့်ပြီး သူမကိုလှည့်ကြည့်ကုန်တယ်။
ဘာဆိုလိုတာလဲ။
“ကြီးမြတ်တဲ့နတ်ဒေဝါမှာ အစီအစဉ်ရှိတာလား”
ငမည်းလေးရဲ့ မျက်လုံးတွေက တောက်ပသွားပြီး အကျင့်အတိုင်း ဖားတော့တယ်။
“ကြီးမြတ်တဲ့နတ်သမီးဆိုတဲ့အတိုင်းပါပဲ၊ ဉာဏ်ပြေး၊ ရဲရင့်ပြီး သိစပ်မြင်နှံ့တယ်၊ ကျွန်တော်တို့ မိစ္ဆာနတ်ဘုရား ကျွန်တော်တို့ကို လာရှာအောင် ဘယ်လိုလုပ်ကြမလဲ”
ရှန်းရင် သူ့လက်ထဲက အသီးကို တဂျွတ်ဂျွတ်နဲ့ ကုန်အောင် ဝါးလိုက်ပြီးတော့ ငမည်းလေးကိုလှည့်ကြည့်လိုက်တယ်။ သူမက ရုတ်တရက် သူ့ကို သွားတွေပေါ်တဲ့ထိပြုံးပြပြီး သူတစ်ခါမှမမြင်ဖူးတဲ့ ပန်းတွေပွင့်ဖူးလာတဲ့နူးညံ့တဲ့အမူအရာမျိုး ပြသလာတယ်။
ငမည်းလေး ထိန်းချုပ်မရအောင် တုန်ယင်သွားပြီး သူ့ကိုယ်ပေါ်ကအမွှေးတွေ ကြက်သီးထကုန်တယ်။
“ငမည်းလေး”
“ဟုတ်… ဟုတ် ဟုတ်”
“ဒီနေ့ ရာသီဥတု သာယာတယ်နော်၊ နင်… ကျိန်ဆိုလိုက်ရင်ရော၊ မိစ္ဆာနတ်ဘုရားအမှတ်အသား လိုအပ်တဲ့ဟာမျိုးလေ”
“… ဟမ်”
∑q|゚Д゚|p
သူနားကြားလွဲနေတာလား။
————————
ခြောက်နာရီအကြာ။
“ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်တကယ်ပဲ စာချုပ်ကို ဆောင်ရွက်ရမှာလား”
“အေး” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“ကြီးမြတ်တဲ့နတ်သမီး၊ နတ်ဆိုးဝိညာဉ်နဲ့ စာချုပ်ချုပ်ဆိုတာက လေးနက်တဲ့ကိစ္စပါ၊ ကျွန်တော် သေချာစဉ်းစားဖို့လိုတယ်၊ မနက်ဖြန်ဆီ ရွှေ့လိုက်လို့ရမလား”
“အော်”
“ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်တို့ စာချုပ်အကြောင်းအရာတွေကိုပြောင်းရင်ရော၊ ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးဘုရင်လေ၊ စာချုပ်အကောင်အထည်ဖော်ဖို့ ကျွန်တော့်နတ်ဆိုးဝိညာဉ်ကို ပထမဆုံးသုံးတဲ့အကြိမ်က အနည်းဆုံးတော့ ကြီးမြတ်တဲ့နတ်သမီး သုံးလောကကို သိမ်းပိုက်ရမှာ ကူညီတာမျိုး ဒါမှမဟုတ် အဲလိုကြီးကျယ်တာတစ်ခုခုမှာ သုံးသင့်တာလေ”
“စိတ်မဝင်စားဘူး”
“ကြီးမြတ်တဲ့နတ်သမီး၊ နတ်ဆိုးလောကကို သိမ်းပိုက်ဖို့ အရင်ကြိုးစားကြည့်ရင်ရော၊ ကျွန်တော်တို့ နတ်ဆိုးလောကက ပျော်စရာကောင်းပါတယ်”
“မပျော်ဘူး”
“ကြီးမြတ်တဲ့နတ်သမီး၊ ကျန့်ထင်ကလည်း နဆ်ဆိုးဘုရင်ဖြစ်ပြီး ကျွန်တော့်ထက်တောင် သက်တမ်းကြာပါသေးတယ်၊ သူ့စာချုပ်ရဲ့ သက်ရောက်မှုက သေချာပေါက် ပိုကောင်းမှာပါ၊ ကျွန်တော်တို့ သူ့ကိုသုံးရင်ရော”
“မရင်းနှီးဘူး”
“ကြီးမြတ်တဲ့နတ်သမီး…”
“ပါးစပ်ပိတ်ပြီး လုပ်တော့”
“ကောင်းပါပြီ”
တစ်စုံတစ်ယောက်သော နတ်ဆိုးဘုရင်က နောက်တော့ လက်လျှော့လိုက်ပြီး ငိုတော့မလိုမျိုး ချဉ်စူးစူးအမူအရာနဲ့ ခေါင်းငုံ့သွားခဲ့တယ်။ သူက ခြံဝန်းအလယ်ကို ဖောင်းအစ်နေတဲ့ မျက်လုံးနီတွေနဲ့ လျှောက်သွားပြီး လက်ပုံစံတွေဖော်ရင်း အင်းကွက်တစ်ခုပစ်လိုက်တယ်။
သူ ဘယ်တုန်းကမှ နတ်ဆိုးဘုရင် မဖြစ်ချင်ခဲ့ပါဘူး
┭┮_┭┮
“ရှန်းရင်” ငမည်းလေးရဲ့အမူအရာက မကျေမချမ်းလွန်းရာကျနေလို့ထင် ကူယွဲ့ မနေနိုင်ဘဲ ဘေးကလူကို တွန်းလိုက်တော့တယ်။
“ဒီနတ်ဆိုးစာချုပ်က အဲဒီမိစ္ဆာနတ်ဘုရားဆိုတဲ့သူကို မျှားခေါ်ထုတ်နိုင်မှာသေချာလို့လား”
“ဟင့်အင်း” ရှန်းရင်က အတည်ပေါက် ခေါင်းယမ်းပြလာတယ်။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ငမည်းနဲ့ ငဖြူ ။ ။ “…”
အဲတော့… မင်းက ငမည်းလေးကို စမ်းသပ်မှုအနေနဲ့ သေတွင်းထဲတွန်းပို့နေရုံလား။
“မစိုးရိမ်ပါနဲ့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး” စာချုပ် ကြီးကြီးမားမားမှ မဟုတ်တာ။ ရှန်းရင် အလိုလိုလျှောက်သွားမိပြီး ငိုကြွေးနေတဲ့ တစ်ယောက်သောနတ်ဆိုးဘုရင်ဘေး ရပ်လိုက်တယ်။
ငမည်းလေးက အင်းကွက်အစီအရင်ဖော်ပြီးပြီဖြစ်ပြီး အသက်ရှူအောင့်ရင်း နောက်ထပ်အကာအကွယ်အင်းကွက်တွေ ဖန်တီးလိုက်တယ်။
သူက နောက်တော့ အင်းကွက်အစီအရင်အလယ်မှာ ရပ်လိုက်ပြီး သူ့အတွက်သူ တစ်စုံတစ်ရာ အသည်းအသန် ပြင်ဆင်နေသလိုမျိုး ခပ်ပြင်းပြင်း အသက်ရှူလိုက်တယ်။ တစ်ခဏကြာတော့ သေတွင်းတူးနေရသလိုမျိုး ရှန်းရင်ကို ကြည့်လိုက်တယ်။
“ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်တို့ တကယ်ပဲ နောက်ကျိန်ဆိုမှုကို ပြောင်းလို့မရဘူးလား”
ရှန်းရင်က ပြန်မဖြေဘဲ သူမလက်ထဲကအသီးကိုသာမြှောက်ကာ ခပ်ပြင်းပြင်း ကိုက်ချလိုက်တယ်။
ငမည်းလေး အင်းကွက်ထဲ ပြန်ကျုံ့သွားပြီးတော့ လက်တစ်ဖက်ကိုမြှောက်ကာ နတ်ဆိုးချီကို သူ့အသံထဲ လမ်းကြောင်းဦးတည်ပြီး အော်လိုက်တယ်။
နတ်ဆိုးလောကဘုရင် ကျုပ်လိယင်းက ကြီးမြတ်တဲ့ နတ်ဆိုးကောင်းကင်နတ်ဘုရားနဲ့ စာချုပ်ချုပ်ရန် ကျုပ်နတ်ဆိုးဝိညာဉ်ကို အသုံးပြုပါတယ်၊ စည်းမျဉ်းတွေနဲ့ ကောင်းကင်ဘုံရဲ့ ဥပဒေတွေကို လိုက်နာပြီး – ယနေ့ ကျုပ် ကြီးမြတ်တဲ့နတ်သမီးရှန်းရင်ကို ဖက်ထုပ်ချိုတွေစားအောင် လုပ်ပါ့မယ်၊ ဒါကို ပျက်ကွက်ခဲ့ရင် မိစ္ဆာနတ်ဘုရားရဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုကို လက်ခံဖို့ ဆန္ဒရှိပါတယ်။
တစ်ခဏတာ ခပ်အုပ်အုပ်မြည်ဟည်းသံက နတ်ဆိုးမြို့တစ်ခုလုံးဆီ ပျံ့သွားပြီး မလွင့်ပျောက်သွားခဲ့။
တစ်မြို့လုံး ။ ။ “…”
ငမည်းလေး ။ ။ “…”
ရှက်စရာကောင်းလိုက်တာ၊ ငိုချင်နေပြီ
〒▽〒
“စားဖိုမှူး”
“ဒီမှာပါ”
“ဒီည၊ ဆားခပ်တဲ့ဖက်ထုတ်တွေ လုပ်ချေ”
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ”
ငမည်းလေး ။ ။ “…”
ကူယွဲ့ ။ ။ “…”
ငမည်းလေး ။ ။ “…”
ဒါသူတို့သဘောတူထားတာနဲ့ ကွာသလားလို့လေ
…