အခန်း ၂၂၄ ။ ပျော်ရွှင်စရာတက်လှမ်းမှု
နန်းတက်ပွဲတစ်ခုလုံး ပျားပန်းခတ်လှုပ်ရှားနေတယ်။ တိုင်းပြည်ဧကရာဇ်တွေ ထိုင်နေလေ ပိုပြီးဇဝေဇဝါဖြစ်လာလေပဲ။ ဒီအပြင်မှာ အလုပ်ကြိုးစားနေတဲ့လူအများစုက တခြားတိုက်ကြီးတွေက အမတအစောင့်တွေ။ ပြီးတော့ အမတဧကရာဇ်တွေကို ကူညီခိုင်းဖို့ ရံဖန်ရံခါ လာဝင်ပြောသူတွေလည်း ရှိတယ်။ တဖြည်းဖြည်းနဲ့ နန်းတော်ထဲကျန်ခဲ့တာက ဘာမှလုပ်စရာမရှိတဲ့ တိုင်းပြည်ဧကရာဇ်တွေ။ အဲအချိန်အတောအတွင်း သူတို့မသက်မသာ ဖြစ်လာပြီး တစ်ခုခုလွဲနေသလိုမျိုးခံစားနေရတယ်။
သူတို့ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်မိနေပြီး နာရီအနည်းငယ် ဒီထူးဆန်းတဲ့ခံစားချက်တွေနဲ့ တိုက်ထုတ်နေရင်း နန်းတက်ပွဲက နောက်ဆုံးတော့စတင်ခဲ့ပြီ။
ဧကရာဇ်ယိချင်းက နောက်ဆုံးတော့ ဝင်လာပြီး သူ့ကို ကူညီဖို့ထွက်သွားတဲ့ အဇဋာဧကရာဇ်တွေက သူ့အနောက်ကနေ ပေါင်ဟွေ့ပြောတဲ့ ဧကရာဇ်ငယ်ကူယွဲ့နဲ့ လိုက်လာကြတယ်။ သူက အဇဋာဧကရာဇ်တွေနဲ့ အင်မတန်ရင်းနှီးပုံပေါ်ပြီး လမ်းလျှောက်နေတုန်း ပျော်ရွှင်နေတဲ့အမူအရာနဲ့ ဘေးက အဇဋာဧကရာဇ်တွေနဲ့ တစ်ခုခုဆွေးနွေးနေသေးတယ်။
အဇဋာဧကရာဇ်တွေအားလုံး ထိုင်ခုံဆီပြန်မှပဲ တိုင်းပြည်ဧကရာဇ်တွေ စိတ်အေးသက်သာရာ ရတော့တယ်။ တစ်ခဏတာ လူအုပ်ကြီးဘာပြောနေလဲဆိုတာ သူတို့ ခေါင်းမော့ ဂရုမစိုက်မိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ပြုစကားတွေပဲဟာ။ ဒါပေမဲ့ သူတို့ကို တစ်ချိန်လုံး ပြန်ဖြေတဲ့သူက ကူယွဲ့လို့ ခေါ်တဲ့ ဧကရာဇ်ငယ်ဖြစ်ပြီး ဧကရာဇ်ယိချင်းကတော့ တစ်လုံးမှဝင်မပြောဘူး။ ထူးဆန်းတာက အဇဋာဧကရာဇ်တွေအားလုံးက ဒါကိုရိုင်းတယ် မမြင်ဘဲ ပုံမှန်အတိုင်း ပြုမူနေကြတယ်။
တိုင်းပြည်ဧကရာဇ်တွေ ဘာမှမပြောနိုင်တော့ဘူး။ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကို ထိပြီးတော့ ဒေါသလည်းထွက်သလို စိုးလည်းစိုးရိမ်တယ်။ ဒီဧကရာဇ်အသစ်က အတင်းအကြပ်ရော နားချတာနဲ့ပါ လှုပ်မရတာ အသိသာကြီး။ သူတို့ဘဝတွေတော့ အများကြီး ပိုကြမ်းတမ်းတော့မယ်ထင်တယ်။
အစောတုန်းက ယိချင်းက ဝူတိဂိုဏ်းမှာ တခြားတိုက်ကြီးတွေက တိုင်းပြည်ဧကရာဇ်တွေကို တိုက်ခိုက်ခဲ့တာမို့ သူ့ကိုမကျေနပ်တဲ့ တချို့တလေတော့ သေချာပေါက်ရှိမှာပဲ။ သူတို့ နန်းတက်ပွဲကို အသုံးချပြီး မီးလောင်ရာလေပင့်ကာ လက်စားချေချင်ခဲ့တာ။ ဒါပေမဲ့ အဇဋာဧကရာဇ်တွေအားလုံး ဒီရောက်လာမယ် မထင်ခဲ့ဘူး။ သူတို့ရဲ့ တက်ကြွနေတဲ့အပြုအမူတွေကလည်း ဧကရာဇ်နဲ့လုံးဝမတူဘဲ ဝူတိဂိုဏ်းရဲ့အမတအစောင့်နဲ့ ပိုတူနေတယ်။
သူတို့မျှော်လင့်ချက်တွေ ပျက်ပြားသွားပြီး ဘာမှမပြောနိုင်တာ ရုတ်တရက်ကြီး အပြင်မှာ မှောင်လာတဲ့အထိပဲ။
နဂိုတုန်းက မသေမျိုးချီတွေနဲ့ ပြည့်လျှံနေတဲ့ နန်းတော်ကို ဆိုးညစ်တဲ့လေပြင်းဖြတ်တိုက်သွားတယ်။ တစ်ခဏအတွင်း ကောင်းကင်ကမှောင်မည်းလာပြီး အမည်းရောင်အရှိန်အဝါက ကောင်းကင်တံခါးကနေ လေနဲ့ပါလာကာ တိုင်းပြည်ဧကရာဇ်တွေကိုတောင် ကြက်သီးထသွားစေခဲ့တယ်။
ဒါက…။
“နတ်ဆိုးချီပဲ” တိုင်းပြည်ဧကရာဇ်တစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်တယ်။ ပျားပန်းခတ်ဆူညံနေတဲ့ နန်းတော်က ရုတ်တရက် တိတ်ဆိတ်သွားတယ်။
လူအုပ်ကြီးလှည့်ကြည့်လိုက်တော့ နတ်ဆိုးချီအုပ်လိုက်ကြီး ပျံသန်းလာပြီး တပည့်တစ်ယောက်က တင်ပြဖို့ အလျင်အမြန် ရောက်လာတယ်။
“ဂိုဏ်းချုပ်ကိုတင်ပြပါတယ်၊ နတ်ဆိုးဘုရင်နဲ့ သူ့ကောင်းကင်မိစ္ဆာဆယ်ယောက် ဒီရောက်နေပါတယ်”
နတ်ဆိုးဘုရင်
နန်းတော်ထဲက လူတွေအားလုံး အသက်ပြင်းပြင်း ရှူလိုက်ပြီး အဇဋာဧကရာဇ်၁၀ယောက်ရဲ့ အမူအရာတွေလည်း ဖြူဖျော့သွားကာ အပြင်က နတ်ဆိုးချီလှိုင်းကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေမိတယ်။ ထိုင်ပြီးပြုံးနေတဲ့ကူယွဲ့တောင် မျက်မှောင်ကြုတ်ပြီး ခဏနေတော့ လက်ယမ်းပြလိုက်တယ်။
“သူတို့ကို ဝင်ခွင့်ပြုလိုက်” သူတို့ပါ ဘာလို့ ဒီရောက်နေတာတုံး။
နတ်ဆိုးဘုရင် တကယ်ရောက်လာတာပဲ။ တိုင်းပြည်ဧကရာဇ်တွေ ပထမတော့ရင်ထိတ်သွားပြီး နောက်တော့ မျက်လုံးတွေဝင်းလက်သွားကာ လက်စားချေလိုက်ရတဲ့အတိုင်း ရင်ထဲမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြတယ်။ နတ်ဆိုးတွေက အဇဋာဧကရာဇ်နန်းတက်ပွဲအတွက် ရောက်လာတယ်။ ဒါက သူတို့အင်အားကို သရုပ်ပြတာ အသိသာကြီး။
ပေါ်ပင်လယ်က နတ်ဆိုးလောကအနီးမှာရှိနေပြီး ဒီနေ့က အမတဘုံအတွက် ကြီးကျယ်တဲ့နေ့။ အခု နတ်ဆိုးဘုရင်ကိုယ်တိုင် ရောက်လာတော့ ပဋိပက္ခတစ်ခု မဖြစ်ပွားဘူးဆိုတာ မဖြစ်နိုင်ဘူး။
ဟမ့် ဧကရာဇ်ယိချင်းက တခြားအဇဋာဧကရာဇ်တွေနဲ့ တည့်တော့ရော ဘာဖြစ်လဲ။ သူ ဘယ်လောက်ပဲ အင်အားကြီးကြီး နတ်ဆိုးလောကတစ်ခုလုံးကို တစ်ယောက်တည်းတော့ မတားနိုင်ပါဘူး။ အဲအချိန် ပေါ်ပင်လယ်ကို ကာကွယ်ရတဲ့လူတွေက သူတို့ပဲဖြစ်နေဦးမှာ။ ရန်သူက တံခါးဝရောက်နေတာတောင် သူက သူတို့ကို ဆိုးဆိုးရွားရွားဆက်ဆံပြီး သူ့ဂုဏ်သတင်း တည်ဆောက်ဖို့သူတို့ကို အသုံးချခဲ့တယ်။ သူ ဒါကိုဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြတာပေါ့
တိုင်းပြည်ဧကရာဇ်တွေ ချက်ချင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်ပြီး ဧကရာဇ်အသစ် သူ့ဘာသာ အရှက်ကွဲကာ သူတို့တွေဆုံးရှုံးထားတဲ့သိက္ခာပြန်အဖတ်ဆယ်နိုင်တော့မှာကို မျှော်လင့် စောင့်စားနေကြတယ်။ သူတို့အားလုံး နတ်ဆိုးချီထဲကထွက်လာတဲ့ ပုဂ္ဂိုလ်ဆယ့်တစ်ယောက်ကို အလိုလို လှမ်းကြည့်မိလိုက်တယ်။ သူတို့ နန်းတော်ထဲ ခပ်သုတ်သုတ် ဝင်လာတာကို မြင်လိုက်ရပြီး နောက်တော့…
နန်းတော်ထဲ သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြတယ်။
ဟမ်။
တိုင်းပြည်ဧကရာဇ်များ ။ ။ “…”
အဇဋာဧကရာဇ်များ ။ ။ “…”
ဘာကြီးတုန်းဟ။
(゚Д゚≡゚Д゚)
“နတ်ဆိုးဘုရင် ကြီးမြတ်တဲ့နတ်ဒေဝါဆီ လာလည်ဖို့ သူ့ကောင်းကင်မိစ္ဆာဆယ်ယောက်ကို ခေါ်လာခဲ့ပါတယ်” နတ်ဆိုးဘုရင်က သူ့ရှေ့ကလူထံ လက်နှစ်ဖက်ထပ်မိုးကာ သုံးကြိမ် ဒူးထောက်လိုက်တယ်။ သူ့နောက်ကလိုက်လာတဲ့ ကောင်းကင်မိစ္ဆာတွေကလည်း အစီအရီ ဒူးထောက်ပြီး သူတို့အမူအရာတွေက အင်မတန် လေးစားမှုအပြည့်နဲ့။
“ဟေး ငမည်းလေး” ရှန်းရင် အသီးဝါးနေတာကနေ အချိန်ယူကာ သူ့ကို လက်ယမ်းပြနှုတ်ဆက်လိုက်တယ်။
“ထိုင်ဦး”
သူမ လှည့်ကြည့်လိုက်တော့ ထိုင်ခုံအလွတ် မရှိတော့တာမြင်လိုက်ရတယ်။
“ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ၊ ရပ်ရတာ အတော်လေး ကောင်းပါတယ်၊ အတော်လေးကောင်းပါတယ်” နတ်ဆိုးဘုရင်က စပ်ဖြီးဖြီးလုပ်ပြီး ထရပ်ကာ ဘေးမှာ လိမ်လိမ်မာမာ သွားရပ်တယ်။ သူ့နောက်က ကောင်းကင်မိစ္ဆာဆယ်ယောက်ကလည်း ငုံးတွေလို လှုပ်ရှားကြပြီး သူ့နောက်မှာ အမြန်လိုက်ရပ်ကာ ခေါင်းတောင် မမော်ရဲကြ။
နန်းတော်ထဲက အငွေ့အသက်က ချက်ချင်း အနေရခက်သွားတယ်။
နတ်ဆိုးဘုရင်က မတ်တတ်ရပ်ရတဲ့ အပြစ်ဒဏ်တစ်မျိုးမျိုးကို စနက်ပျိုးလိုက်တဲ့ပုံပဲ။
ဒါကြောင့်… အဇဋာဧကရာဇ်တွေအားလုံး မတ်တတ်ရပ်လိုက်တယ်။ နတ်ဆိုးဘုရင်က မတ်တတ်ရပ်မှတော့ အမတနဲ့နတ်ဆိုးလောကကြားက ရင်းနှီးတဲ့ဆက်ဆံရေးကိုပြဖို့ သူတို့ပါရပ်ရမယ်။
နောက်တော့… တိုင်းပြည်ဧကရာဇ်တွေအားလုံး ထရပ်ကြတယ်။ အဇဋာဧကရာဇ်တွေက မတ်တတ်ရပ်နေပြီး သူတို့ကျင့်ကြံဆင့်က ပိုနိမ့်တဲ့အတွက် မတ်တတ်ရပ်ရမယ်။
နောက်တော့… ဂုဏ်ပြုတဲ့အမတတွေအားလုံး မတ်တတ်ရပ်ရတယ်။ တိုင်းပြည်ဧကရာဇ်တွေ မတ်တတ်ရပ်နေမှတော့ သူတို့ပါမတ်တတ်ရပ်ရမယ်။
တစ်ခဏအတွင်း နန်းတော်တစ်ခုလုံး မတ်တတ်ရပ်နေတဲ့လူတွေအပြည့်ဖြစ်သွားတယ်။ ထိပ်မှာ အသီးကိုက်စားနေပြီး တစ်ချက်လေးမှ မရပ်နားသွားတဲ့လူက လွဲပြီးပေါ့။ နန်းတော်တစ်ခုလုံးက တမြုံ့မြုံ့ ကိုက်ဝါးနေသံတွေနဲ့ အပ်ခိုးထပ်နေတယ်။ ဂျွတ်… ဂျွတ်… ဂျွတ်…။
သုံးမိနစ်အကြာ။
မြင်ကွင်းက သိပ်အနေရခက်လွန်းပြီး နတ်ဆိုးဘုရင်က ကြီးမြတ်တဲ့နတ်သမီးရဲ့ အပျော်ကို ဖျက်ဆီးမိမှာ ကြောက်လို့ထင် သူက ပါးစပ်ဟလာတယ်။
“ကျွန်တော် သတင်းကို လက်ခံရရှိပြီးတော့ ဒီကို ချက်ချင်းအပြေးလာခဲ့တာပါ၊ ကြီးမြတ်တဲ့နတ်သမီးကို ပျော်ရွှင်စရာတက်လှမ်းမှု ဖြစ်ပါစေ ဆုတောင်းပါတယ်” နတ်ဆိုးဘုရင်အပြုံးက ပိုတောင်တောင်ပလာပြီး လေးလေးနက်နက်အမူအရာနဲ့ သူမကို ချီးကျူးတော့တယ်။
“ကြီးမြတ်တဲ့နတ်သမီး ဒီလိုရာထူးကို လက်ခံရရှိတာ တကယ်ကို ထိုက်တန်တာပါပဲ၊ ပေါ်ပင်လယ်က ကြီးမြတ်တဲ့နတ်သမီးရဲ့ လမ်းညွှန်မှုအောက်မှာ သေချာပေါက် ပိုပြီးကြွယ်ဝလာမှာပါ၊ တကယ်လို့ အနာဂတ်မှာ နတ်ဆိုးလောကကနေ အကူအညီ လိုလာခဲ့ရင် ကျွန်တော်တို့ သေချာပေါက် ကြီးမြတ်တဲ့နတ်ဒေဝါအမိန့်တွေနားထောင်ပြီး မီးတောက်တွေကို ဖြတ်သန်း…”
“ငါပြောဦးမယ်… ငမည်းလေး” ရှန်းရင် သူ့ကိုကြားဖြတ်ပြောလိုက်တယ်။
“ငမည်းလေး ဒီမှာပါ”
“ဧကရာဇ်ဖြစ်လာတဲ့လူက ငါမဟုတ်ဘူး” သူမဘေးကလူကို လက်ညှိုးထိုးပြလိုက်တယ်။
“အဲဒါ စားဖိုမှူးပဲ”
ငမည်းလေး ။ ။ “…”
အဇဋာဧကရာဇ်များ ။ ။ “…”
တိုင်းပြည်ဧကရာဇ်များ ။ ။ “…”
Σ(°△°|||)
ဒါဆို သူက ဘယ်သူဧကရာဇ် ဖြစ်လာတာလည်းတောင်မသိဘဲ ဖားဖို့အပြေးလာခဲ့တာပေါ့။ နတ်ဆိုးလောကက ကိုယ်ကျင့်တရားမရှိတဲ့နေရာလား။
တိုင်းပြည်ဧကရာဇ်တွေအားလုံး ဇာတ်လမ်းက စိတ်ကူးယဉ်ပုံပြင်ဖြစ်လာတာလို့ ခံစားလိုက်ရတယ်။
ခဏနေပါဦး၊ တိုင်းပြည်ဧကရာဇ်တွေအားလုံး ကြောင်အမ်းကုန်တယ်။ ထိပ်မှာထိုင်နေသူက ဘယ်သူလဲ။ ဧကရာဇ်ယိချင်း မဟုတ်ဘူးလား။ ဘယ်ချိန်တုန်းက အဲမှာထိုင်နေတာလဲ။ ယိချင်းကရော သူ့နောက်မှာ ဘာလို့ သဘာဝကျကျအမူအရာနဲ့ ရပ်နေရတာလဲ။
နန်းတော်တစ်ခုလုံးကလူတွေကရော စီစဉ်ထားတာက လုံးဝပုံမှန်ဖြစ်နေတဲ့အတိုင်း ကန်းနေရတာလဲ။
အရေးကြီးဆုံးကတော့… ထိပ်မှာထိုင်နေသူက ယိချင်း မဟုတ်ဘဲ သူမဆိုတာ အခုမှ ဘာလို့နားလည်သွားခဲ့တာလဲ
w(゚Д゚)w
“စားဖိုမှူးဧကရာဇ်ကို ပျော်ရွှင်စရာတက်လှမ်းမှုဖြစ်ပါစေ ဆုတောင်းပါတယ်” ငမည်းလေးက လေသံပြောင်းပြီး ပြန်စတယ်။
“စားဖိုမှူးဧကရာဇ် ဒီလိုရာထူးကို လက်ခံရရှိတာ တကယ်ကို ထိုက်တန်တာပါပဲ၊ ပေါ်ပင်လယ်က စားဖိုမှူးဧကရာဇ်ရဲ့ လမ်းညွှန်မှုအောက်မှာ သေချာပေါက် ပိုပြီးကြွယ်ဝလာမှာပါ၊ တကယ်လို့ အနာဂတ်မှာ နတ်ဆိုးလောကကနေ အကူအညီလိုလာခဲ့ရင် ကျွန်တော်တို့ သေချာပေါက် စားဖိုမှူးဧကရာဇ်ရဲ့အမိန့်တွေနားထောင်ပြီး မီးတောက်တွေကိုဖြတ်သန်းကာ ကူညီပေးပါ့မယ်”
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
အဇဋာဧကရာဇ်နှင့် တိုင်းပြည်ဧကရာဇ်များ ။ ။ “…”
အရှက်မရှိလိုက်တာ ဒီငနဲက နေရာမှာတင် စကားကို ပြောင်းပစ်တယ်။ သူပြောတဲ့ အဓိပ္ပာယ်က လုံးဝကိုအတူတူပဲ။ ပြီးတော့ စားဖိုမှူးဧကရာဇ်က ဘာတုံး။ သူက တစ်ဖက်လူနာမည်တောင် မသိတဲ့ပုံပဲ
နတ်ဆိုးလောကက ဒီကိုဟာသအဖြစ် လာတာမဟုတ်တာ သေချာရဲ့လား။
တိုင်းပြည်ဧကရာဇ်တွေအားလုံး သူတို့ခေါင်းထဲ တစ်စုံတရာ တလှုပ်လှုပ် ဖြစ်နေသလို ခံစားလိုက်ရတယ်။ အဲအခိုက်အတန့်မှာတင် အမတတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲဟာ ဘယ်တော့မှ ဖြစ်မလာဖို့များမှန်း သိလိုက်ရတယ်။ အနာဂတ်မှာ သူတို့ပြန်သွားပြီး ရိုးရိုးသားသားနေတာကောင်းမယ်။
သေစမ်း ပေါင်ဟွေ့ ဒါတွေအကုန် သူ့အပြစ်ပဲ။
နန်းတက်ပွဲတစ်ခုလုံး မထင်မှတ်ထားလောက်အောင် အေးအေးချမ်းချမ်းပြီးဆုံးသွားခဲ့တယ်။ သူတို့မပြန်ခင်ထိ တိုင်းပြည်ဧကရာဇ်တွေအားလုံး အူကြောင်ကြောင်ဖြစ်နေတာ။ သူတို့ လူအုပ်ကြီးရဲ့ အပြုအမူ သက်ရောက်တာခံလိုက်ရလို့လား မသေချာပေမဲ့ ယိချင်းရှေ့မှာ မရွှင်မပျဖြစ်တဲ့ အရိပ်အယောင် မပြရဲတော့ဘဲ အားလုံးအမြီးကုပ်နေကြတော့တယ်။ နဂိုက ပေါ်ပင်လယ်တစ်ခုလုံး ဧကရာဇ်ထိန်းချုပ်မှုအောက် ရှိနေခဲ့တာ။ ပေါင်ဟွေ့စကားကို နားထောင်ပြီး ပေါ်ပင်လယ်ရဲ့ အခုအခြေအနေက ပြောင်းလဲသွားမယ်လို့ ထင်ခဲ့မိတာ သူတို့ရူးနေခဲ့တာပဲဖြစ်ရမယ်။
…