အခန်း ၂၁၀ ။ နှလုံးထောင်ချောက်အင်းကွက်
“ရွှမ်အာ ကိုယ်တို့မှာ အချိန်မရှိဘူးနော်” ရှင်းဟန်က သတိပေးလာပြန်တယ်။
ဟွေ့လင်က နောက်ဆုံးတော့ ချန်ကောဆီကနေ အကြည့်လွှဲသွားတယ်။
နောက်တော့ ချန်ကောရဲ့ ကောင်းကင်လက်နက်ကိုကိုင်ပြီး သူမရဲ့ဝတ်ရုံထဲကနေ နောက်ထပ်ကောင်းကင်လက်နက်ကို ထုတ်လိုက်တယ်။ ပြောင်ထင် ပျောက်သွားတယ်လို့ပြောခဲ့တဲ့ မီးတောက်ခြောက်ပွင့်ပုလဲကောင်းကင်လက်နက်ပဲ။
ဟွေ့လင်က ရှေ့ကိုတက်ပြီး အဓိပ္ပာယ်ဖော်မရတဲ့ ဂါထာတွေ ရွတ်တော့တယ်။
လူတိုင်း စူးခနဲ နာကျင်ကုန်ကြတယ်။ သူတို့ကောင်းကင်စိတ်အာရုံထဲ ဝပ်ထားတဲ့ ကောင်းကင်လက်နက်တွေက ဟွေ့လင်ဆီ ပျံငန်းလာကြတော့တယ်။
သူတို့ရဲ့ ကိုယ်ထဲက မသေမျိုးချီတွေက သူတို့ကိုပြန်တိုက်ခိုက်ကုန်ကြတယ်။ တစ်ယောက်ပြီး တစ်ယောက် သွေးတွေအန်တော့တယ်။ ကောင်းကင်လက်နက်ကို သိုလှောင်အိတ်ထဲသိမ်းထားတဲ့ ကူယွဲ့ကလွဲ လူတိုင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်တယ်။
ကျီချန်ပါ သူ့ကောင်းကင်လက်နက်ကို ထုတ်လာတယ်။ ကောင်းကင်လက်နက်တွေအားလုံးက အင်းကွက်အလယ်ဆီ ပျံသန်းသွားကြတယ်။ ကောင်းကင်အစီအရင်ခြောက်မျိုးဓားနဲ့အတူ စုစုပေါင်း ကောင်းကင်လက်နက်၁၁ခု။ ကူယွဲ့တို့ကို ပိတ်လှောင်ထားတဲ့အင်းကွက်က ရုတ်တရက် မျက်စိကျိန်းစရာ အလင်းတန်းဖြူကြီးထုတ်လာပြီး ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို ဖုံးလွှမ်းသွားခဲ့တယ်။ ကောင်းကင်လက်နက်တွေက အင်းကွက်ထဲ အရည်ပျော်သွားသလိုမျိုး တဖြည်းဖြည်း အလင်းရောင်ထဲ ပျောက်ကွယ်သွားခဲ့တယ်။ မိနစ်ပိုင်းအတွင်း လက်နက်တွေအားလုံး လုံးဝပျောက်ဆုံးသွားခဲ့ပြီ။
နောက်အခိုက်အတန့်မှာ အလင်းတန်းကြီးတစ်ခုက ကောင်းကင်ဆီ လမ်းကြောင်းတစ်ခုလို ထောင်မတ်သွားတယ်။
“ကောင်းကင်ထောက်တိုင်” ရှင်းဟန်က ပျော်ရွှင်စွာ ထအော်ပြီး ထောက်တိုင်ကို စိတ်လှုပ်ရှားစွာကြည့်နေလေရဲ့။
“နောက်တစ်ဆင့်ကျန်သေးတယ်” ကျီချန်က သူ့ကိုသတိပေးလိုက်တယ်။
ရှင်းဟန် တစ်ခဏစဉ်းစားပြီးတဲ့နောက် ပြောလိုက်တယ်။
“ဟုတ်သားပဲ၊ ဘုံတံခါးဖွင့်ရဦးမယ်”
သူက ကျောက်စိမ်းဘူးတောင်းလေးတစ်ခုကို ထုတ်ပြီး သိုင်းကွက်တစ်ခုထုတ်လိုက်တယ်။ ချက်ချင်းပဲ အစိမ်းရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက် အင်းကွက်အလယ်မှာ ပေါ်လာလေရဲ့။
“မိန်းကလေးရွှမ်” ချန်ကောက ပထမဆုံးတုံ့ပြန်သူ။ သူ ထရပ်ဖို့ ကြိုးစားပေမဲ့ အင်းကွက်အရှိန် ပြန်ဖိတာ ခံလိုက်ရတယ်။
ကူယွဲ့လည်း လန့်သွားတယ်။ ဒီကံမကောင်းတဲ့ကလေးမ ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ သူ့မှာ ကောင်းကင်လက်နက်မှ မရှိတာ။
ရွှမ်ထုံက ချန်ကောကို အူကြောင်ကြောင် စိုက်ကြည့်နေပြီးတဲ့နောက် ကူယွဲ့ဆီ အကြည့်ရောက်သွားတယ်။
“ချန်… အကြီးအကဲကူယွဲ့” သူမ ထရပ်ပြီး သူတို့ဆီ လျှောက်လာချိန် ရှင်းဟန်က သူ့မသေမျိုးချီကနေ ဖန်တီးထားတဲ့ ချိန်းကြိုးနဲ့ သူမကို ချက်ချင်း ပြန်ဆွဲထားတယ်။
“ရှင်းဟန်” ချန်ကော အသည်းအသန်မေးတော့တယ်။
“မင်းဘာလုပ်နေတာလဲ၊ မိန်းကလေးရွှမ်ကို ချက်ချင်းလွှတ်ပေးလိုက်”
ရှင်းဟန်က သူ့ကိုလျစ်လျူရှုထားတယ်။ သူက စည်းချိပ်တစ်ခု ဖန်တီးပြီး ရွှမ်ထုံ့နဖူးပေါ် ဖိကပ်လိုက်တယ်။ ရွှမ်ထုံက သူမ မူလဝိညာဉ်ပေါ် မသေမျိုးချီတွေ အလိမ့်လိုက်ဖိနှိပ်လာတာကို ခံစားလိုက်ရတယ်။ ဖိအားဒဏ်ကို မခံနိုင်တော့တာမို့ သူမ အမြီးကိုးချောင်း မြေခွေးဖြူလေးအဖြစ် အသွင်ပြန်ပြောင်းသွားခဲ့တယ်။
“ဒဏ္ဌာရီအရ အမြီးကိုးချောင်းမြေခွေးတွေက ကောင်းကင်မျိုးနွယ်ရဲ့ မျိုးဆက်ဖြစ်ပြီး ရှေးဟောင်းသွေးတွေပါတယ်တဲ့” ရှင်းဟန်က အပြုံးနဲ့ရှင်းပြရင်း ရွှမ်ထုံ့ကို အင်းကွက်ပလယ်မှာ ချလိုက်တယ်။ နောက်တော့ သူ့ဓားစာခံတွေကို ဝေ့ဝဲကြည့်ပြီး ပြောလိုက်တယ်။
“အင်းကွက်အတွက် ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ မစတေးချင်လောက်ပေမဲ့ ခင်ဗျားတို့ရဲ့ပူးပေါင်းထားတဲ့ ကျင့်ကြံမှုစွမ်းအားနဲ့ဆို ကောင်းကင်ဘုံဆီတံခါးကို ဖွင့်လို့ရမယ်ဆိုတာ ကျုပ်သေချာတယ်”
လက်တစ်ဖက်ယမ်းလိုက်ပြီး ရှင်းဟန်က မြေခွေးဖြူလေးဆီ လေပြင်းဓားတွေ ဦးတည်လွှတ်လိုက်တယ်။ ဓားတွေက သူမကိုယ်ဆီ စိုက်ဝင်ကုန်ပြီး အတော်လေးနက်တဲ့ရှရာတွေ ဖန်တီးပစ်လေတယ်။ သွေးတွေအများကြီး ပန်းထွက်လာတော့တာပေါ့။ ရွှမ်ထုံနာကျင်မှု၂ဆခံစားနေရတယ်။ မတောင့်ခံနိုင်တာမို့ သူမသွေးတွေ ကြမ်းပြင်တစ်ခုလုံး ဖုံးလွှမ်းသွားတာကို ကူကယ်ရာမဲ့သာကြည့်နေရတယ်။
ဧကရာဇ်တက်လှမ်းမှုစင်မြင့်က အလင်းတန်းဖြူကြီးက ရုတ်တရက် နီရဲသွားတယ်။ လူတိုင်း သူတို့ခန္ဓာကိုယ်က လေးလံလာတာ ခံစားလိုက်ရတယ်။ သူတို့ခန္ဓာကိုယ်ထဲက မသေမျိုးချီက အမျိုးအမည်မသိရတဲ့ ဖိအားတစ်ခုရဲ့ ဆွဲထုတ်တာခံလိုက်ရသလိုမျိုး သူတို့ကိုယ်ထဲကနေ အင်းကွက်ထဲ စတင်စီးဆင်းသွားတယ်။
“ဒီအင်းကွက်က လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို လုံးပါးပါးစေနိုင်တယ်” ချူရွှမ် ထိတ်လန့်တကြား ပြောလိုက်တယ်။ သူ့ကိုယ်ထဲက ချီကိုသုံးပြီး အားအရှိန်ကိုတောင့်ခံချင်ပေမဲ့ အင်းကွက်ဆီက ဖိအားက သူ့ကိုလှုပ်မရအောင် လုပ်ထားတယ်။
အင်းကွက်ထဲက လူတိုင်း ရုန်းကန်ပေမဲ့ အချည်းနှီး။ သူတို့ရဲ့ မသေမျိုးချီဆုံးရှုံးမှုက သူတို့ဒဏ်ရာတွေကို ပိုပြီးဆိုးသွားစေခဲ့တယ်။
သူတို့ချီတွေအားလုံး ကုန်ခမ်းသွားတာနဲ့ သေချာပေါက်သေတော့မှာပဲ။
ကူယွဲ့က သွေးပျက်နေပြီ။ သောက်ကျိုးနည်း ရှန်းရင်က ဘာလို့ သူတို့ကို လာမကယ်သေးတာလဲ အဲအချိန်မှာတင် သူ့ခြေထောက်ပေါ်က မုန်လာဥဖြူက စကားပြောလာတယ်။
“ရုပ်ဆိုးကောင်၊ တစ်ယောက်ယောက်… ငါ့ကိုဆွဲနေတယ်ထင်တယ်”
ကူယွဲ့က ကောင်းကင်စိတ်အာရုံနဲ့ သူ့ကိုကြည့်လိုက်တော့ မုန်လာဥဖြူကို ခပ်ရေးရေး အမည်းရောင်ချီတွေ ဝိုင်းထားတာ မြင်လိုက်ရတယ်။ တောက်တော့ သူ့ကိုယ်ထဲက ကောင်းကင်စိတ်အာရုံ လှုပိလှုပ်ရှားရှားဖြစ်သွားတာကိုခံစားရတော့တယ်။
ဒါ… နတ်ဆိုးချီလား။
(⊙_⊙)
——————
ဝူတိဂိုဏ်းတွင်။
“သူဌေး ဘယ်လိုနေလဲ” ရှန်းရင်က မျက်မှောင်ကြုတ်နေတဲ့လန်ဟွားကို မေးလိုက်တယ်။
“ကြည့်ရတာ ကူယွဲ့က အချုပ်အနှောင်တစ်ခုခုအောက် ရောက်နေပုံပဲ၊ နှလုံးထောင်ချောက်အင်းကွက်က သူ့ကိုပြန်ဆွဲခေါ်ရလောက်တဲ့အထိ အစွမ်းမလောက်ဘူး၊ ပြီးတော့ကြည့်ရတာ သူ့ဘေးမှာ တခြားသူတွေရှိပုံပဲ”
“ဝူဟုန်ဖြစ်ရမယ်” ပြောင်ထင်က စိုးရိမ်တကြီး ပြောတော့တယ်။
“ဧကရာဇ်လန်ဟွား ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ပြန်ကြိုးစားကြည့်ပါဦး”
လန်ဟွားက မျက်မှောင်ပိုကြုတ်သွားတယ်။
“သူတို့ရဲ့အရှိန်အဝါက အတော်လေး မတည်မငြိမ်ဖြစ်နေတာ အာရုံခံရတယ်၊ သူတို့အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေတာပဲဖြစ်မယ်၊ တကယ်လို့ သူတို့ကို အတင်းပြန်ဆွဲထုတ်ရင်တောင် မုန်လာဥဖြူကလွဲ တခြားသူတွေအတွက် အလုပ်ဖြစ်ပါ့မလား အာမ မခံနိုင်ဘူး”
“သူတို့အန္တရာယ်ရှိနေတယ်လို့ မပြောဘူးလား၊ ကျုပ်တို့ စွန့်စားရမှာပဲ” ပြောင်ထင်က လောတယ်။
“ကယ်နိုင်သလောက်ကယ်ရအောင်”
“စိတ်နှလုံးကောင်းရေ” လန်ဟွားက ရှန်းရင် မှတ်ချက်ကို စောင့်နေလိုက်တယ်
ရှန်းရင်နဲ့ စားဖိုမှူးတို့ အကြည့်ချင်းဖလှယ်ပြီး ပြိုင်တူ ခေါင်းညိတ်လိုက်ကြတယ်။
“ဆွဲတော့”
လန်ဟွား နှလုံးထောင်ချောက်အင်းကွင်ကို အသက်သွင်းပြီး သူ့နတ်ဆိုးချီတွေ အားလုံးနဲ့ ထိန်းချုပ်လိုက်တယ်။ အင်းကွက်က မုန်လာဥဖြူ အရှိန်အဝါနောက်လိုက်တော့တယ်။ ဒါပေမဲ့ တစ်ဖက်စွန်းက လူတွေကိုထိန်းချုပ်ထားတဲ့ အကန့်အသတ်နံရံဆီရောက်တာနဲ့ တန့်သွားခဲ့တယ်။ လန်ဟွား အသက်ပြင်းပြင်းရှူပြီး အင်းကွက်ကို အတင်းစတင်လိုက်တယ်။
အနက်ရောင်ချီတွေက တောင်အနောက်ဘက်မှာ ဖြည်းဖြည်းချင်းပြန့်လာပြီး အပင်တွေလည်း စတင်ညှိုးနွမ်းလာတယ်။ တစ်ဖက်စွန်းက ကန့်သတ်ထားတဲ့အရှိန်ကလည်း ပိုပြင်းလာတယ်။ လန်ဟွား အံကြိတ်ပြီး နောက်ထပ်လက်စည်းချိပ်တစ်ခုဖန်တီးပြီး တစ်ဖက်စွန်းကလူတွေကို အတင်းဆွဲထုတ်ဖို့ လုပ်တော့တယ်။
အလင်းတန်းနီကြီးတစ်ခု မုန်လာဥဖြူတွင်းထဲ လင်းသွားခဲ့တယ်။ ဒုန်း တစ်စုံတရာက တွင်းထဲဆင်းသက်လာပြီး တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်။ နောက်တော့ တွင်းဘေးကို နောက်တစ်ခု ဆင်းသက်လာတယ်။
သူ အောင်မြင်သွားခဲ့ပြီ။
လူတိုင်း အဲကို စိတ်လှုပ်ရှားစွာနဲ့ အလျင်စလို ပြေးသွားခဲ့ကြတယ်။
“မုန်လာဥဖြူ…”
ဟမ်။
ခဏ မုန်လာဥနှစ်ခုတောင်
Σ(°△°|||)
မုန်လာဥဖြူဘေးလဲနေတာက… အနီရောင်မုန်လာဥဖြူလား
“စားဖိုမှူး”
“ဒီမှာပါ”
“သူ… ဘယ်တုန်းက ကိုယ်ဝန်ရှိသွားတာလဲ”
“…”
“ရှန်းရင်” အနီရောင် မုန်လာဥဖြူက သူ့အရွက်တွေကို ခါတယ်။ ရင်းနှီးနေတဲ့အသံတစ်သံ ထွက်လာလေရဲ့။
“မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ”
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
လန်ဟွား ။ ။ “…”
အခြားသူများ ။ ။ “…”
“သူကဘယ်သူလဲ”
“မင်းတို့ကန်းနေတာလား၊ ငါက ကူယွဲ့… ဟိုလီရှစ်”
ကူယွဲ့ သူ့ကိုယ်သူကြည့်ပြီး ထအော်တော့တယ်။
“ဘာဖြစ်သွားတာလဲ၊ ဘယ်လိုလုပ် ငါ မုန်လာဥဖြူအဖြစ် ပြောင်းသွားရတာလဲ၊ ငါ့ကိုယ်ခန္ဓာဘယ်မှာတုံး”
ရှန်းရင် သူ့ကို တုံ့ဆိုင်းတုံ့ဆိုင်းမေးလိုက်တယ်။
“ဖေဖေ… နျိုလား”
“မင်းတို့သောက်ကျိုးနည်း ငါ့ကိုဘာလုပ်လိုက်တာလဲ”
ကူယွဲ့ ရူးတော့မလိုခံစားနေရတယ်
လူတိုင်း အလိုလိုနောက်ဆုတ်သွားကြတယ်။
“ခဏ ဒါဝူတိဂိုဏ်းလား၊ ငါဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ”
လူတိုင်း အင်းကွက်ထဲက တစ်စုံတစ်ယောက်ကို လှည့်ကြည့်လိုက်ကြတယ်။
လန်ဟွား ။ ။ “…” ချီး ဒါငါနဲ့ဘာဆိုင်လို့တုန်း။
“သူ့မူလဝိညာဉ်ကိုပဲ ဆွဲလို့ရမယ်ဆိုတာ ငါဘယ်လိုလုပ်သိမလဲ”
ဒါပေမဲ့နောက်အခိုက်အတန့်မှာ တွင်းအနားကနေ ပလုံခနဲပြုတ်ကျလာသံတွေ တရစပ်ပေါ်လာလေရဲ့။
တစ်ခုပြီးတစ်ခု မုန်လာဥဖြူတွေက နွေဦးမိုးအပြီး မျှစ်တွေလိုမျိုး မြေကြီးကနေ ခုန်ထွက်လာတယ်။ အနီ၊ အဖြူ၊ ခရမ်းနဲ့ အစိမ်းရောင်တွေပါဝင်ပြီး မြေကြီးပေါ် စက်ဝိုင်းပုံစံ ဖွဲ့စည်းထားလေရဲ့။
“ဒါက…”
“ငါတို့ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ၊ စောနလေးကတင် ဧကရာဇ်တက်လှမ်းမှုစင်မြင့်မှာ မဟုတ်လား”
“ငါတို့ဘယ်ရောက်နေတာလဲ၊ ဘာလို့နတ်ဆိုးချီတွေ ဒီလောက်များနေတာတုံး၊ ရှင်းဟန် အကြံအစည်တွေထဲက နောက်တစ်ခုလား”
“ဒီနေရာရင်းနှီးနေသလိုပဲ၊ ဟမ် ကြီးမြတ်တဲ့နတ်ဒေဝါလည်း ဒီရောက်နေတာကိုး၊ ငါက ကြက်လေ၊ ကြက်”
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်က ငှက်ပါ ငှက်ပါ”
လူတိုင်း ။ ။ “…”
“စားဖိုမှူး”
“ဆရာ”
“ငါညစာမစားရသေးတာ ခုမှမှတ်မိတယ်၊ ငါတို့… ငါတို့ အခုပြန်ကြရင်ရော”
“ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ”
ဒေါသထွက်နေတဲ့ကူယွဲ့ တွင်းအပြင်ကိုခုန်ထွက်လာခဲ့တော့တယ်။
“သောက်ကျိုးနည်း ပြန်လာခဲ့ကြစမ်း၊ မင်းတို့နှစ်ယောက်လုံး”
…