အခန်း ၂၀၉ ။ ကောင်းကင်လက်နက်များကို သိမ်းပိုက်ရန် အကွက်ချခြင်း
လူတိုင်းက ပြောစရာမဲ့နေကြတယ်။ ကျီချန်က ဧကရာဇ်တွေအားလုံးကြား နာမည်မထင်ရှားဆုံးဖြစ်ပြီး အဇဋာဧကရာဇ်အဆင့်ကို တက်လှမ်းတဲ့ပထမဆုံးလူလည်းဖြစ်တယ်။ သူ ဘယ်လောက်ကြာအောင် နေထိုင်ခဲ့လဲနဲ့ ဘယ်ချိန်က အဇဋာဧကရာဇ်ဖြစ်လာခဲ့လဲဆိုတာ ဘယ်သူမှမသိကြဘူး။
တခြားဧကရာဇ်တွေနဲ့မတူ ကျီချန်က အရမ်းလျှိုပြီး ကျင့်ကြံဆင့်မမြင့်ဘူး။ သူ့အရည်အချင်းက တခြားဧကရာဇ်တွေနဲ့ယှဉ်ရင် သာမန်လို့ပဲ စဉ်းစားနိုင်တယ်။ ပုံမှန်တိုက်အချင်းချင်းကြားဖြစ်တဲ့ ရန်ပွဲတွေ၊ ပြဿနာတွေထဲ ဝင်မပါသလို တစ်ဖက်ဖက်မှာလည်းမနေဘူး။ သူ့ဆီက ရတဲ့ အငွေ့အသက်က တခြားအဇဋာဧကရာဇ်တွေနဲ့ တည့်မတ်မဲ့ ကြင်နာတဲ့ ဧကရာဇ်ပေါ့။
အဲဒါကြောင့်လည်း လူတိုင်းက သူ့ကို တရားခံလက်သည်ဖြစ်မယ်လို့ မထင်ခဲ့ကြတာ။ ပြီးတော့ သူတို့တွေ့ခဲ့ရတာက တကယ်တော့။ သူက ကျင့်ကြံဆင့်မြင့်တာပဲ။ သူ့မသေမျိုးချီက တခြားအဇဋာဧကရာဇ်တွေထက် ပိုပြီးထူထဲပုံပဲ။ တမင်သက်သက် ကျင့်ကြံဆင့်ကို လျှိုထားခဲ့တာလား။
“မတွေ့တာကြာပြီ၊ မင်းတို့အားလုံးဘယ်လိုနေကြလဲ” ကျီချန်က သူ့မုတ်ဆိတ်မွှေးဖြူကြီးကို သပ်တယ်။ သူက ကြင်နာတဲ့ပုံစံ ဖမ်းထားသေးပေမဲ့ မျက်လုံးထဲမှာတော့ ပျော်မြူးနေလေရဲ့။
“စကားမစပ်၊ ဒီနှစ်တွေအားလုံးမှာ ကျုပ်သမီးကို စောင့်ရှောက်ပေးခဲ့လို့ ဧကရာဇ်ချန်ကောကို ကျေးဇူးမတင်ရသေးဘူး”
“ခင်ဗျားသမီးလား” ချန်ကောက အံ့ဩတကြီး ဖြစ်သွားခဲ့တယ်။ နောက်တော့ မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ဟွေ့လင်ကိုလှည့်ကြည့်လိုက်တယ်။
“မင်း…”
ပျာယာခတ်သွားပြီး ဟွေ့လင်က အသည်းအသန်ရှင်းပြတော့တယ်။
“ကျွန်မ… ကျွန်မလည်း ဒါကိုစောနလေးတင်မှသိတာပါ”
လူတိုင်းက အတော်လေးအံ့ဩသွားခဲ့တာ။ ကျီချန်မှာ သမီးရှိတယ်လို့ ဘယ်သူမှမသိခဲ့ကြဘူး။
“ကောင်းကင်လက်နက်မွေးဖွားလာချိန် အမတဘုံမှာ ကသောင်းကနင်းတွေဖြစ်ခဲ့တယ်၊ ကျုပ်သမီးနဲ့ တပည့်က မတော်တဆ သေမျိုးဘုံဆီ ဆင်းသက်သွားခဲ့တာ၊ ဒါပေမဲ့ မထင်မှတ်ထားမိအောင် ဧကရာဇ်ချန်က ကျုပ်ကို သူမကိုပြန်ရအောင် ကူညီပေးခဲ့တယ်”
အဲတော့ ဟွေ့လင်က အရင်ဘဝက နာမည်ကြီးမိသားစုကပေါ့။
ပြီးတော့…။
“ခင်ဗျားတပည့်လား” ကူယွဲ့က သူ့နောက်က ရှင်းဟန်ကို ကြည့်လိုက်တယ်။
“အမှန်ပဲ၊ ရှင်းဟန်က ကျုပ်တပည့်” ကျီချန်က သူ့အချက်အလက်တွေကို ဖောက်ချရလို့ ဂရုစိုက်ပုံမပေါ်။
လူတိုင်းရဲ့ အမူအရာက ပိုတောင်မည်းမှောင်သွားတယ်။ ရှင်းဟန်က သူ့တပည့်ကိုး သူ့ကျင့်ကြံဆင့်က အဲလောက်မြန်မြန် မြင့်တက်ပြီး နှစ်တစ်သောင်းဆိုတဲ့ အချိန်တိုအတွင်း အဇဋာဧကရာဇ်ထဲက တစ်ပါးဖြစ်သွားတာ အံ့ဩစရာမရှိတော့ဘူး။ သူက အမတဖြစ်နေခဲ့ပြီးသားကိုး။
ခင်ဗျား ကျုပ်တို့ကို ဒီမှာ ဘာလို့ ပြန်ပေးဆွဲထားတာလဲ” ချူရွှမ် အကျယ်ကြီးမေးလိုက်တယ်။
ကျီချန်ကပြုံးပေမဲ့ မဖြေ။ သူ့အတွက်ဖြေကေးလာသူက ရှင်းဟန်။
“ခင်ဗျားတို့ ကျုပ်တို့အတွက် အကူအညီလေးနည်းနည်းလုပ်ပေးခိုင်းဖို့ ဖိတ်ကြားလိုက်တာပါ”
ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြပြီး သူကပြောတယ်။
“ဒီနေရာက ဘာလဲဆိုတာ ခင်ဗျားတို့အားလုံးသိမယ်ဆိုတာ သေချာပါတယ်”
လူတိုင်း သူဘာလို့ ဒီမေးခွန်းမေးရလဲ အံ့ဩနေကြတယ်။ သူတို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို ရင်းနှီးတာပဲလေ။
“ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆိုတာ အခုနာမည်ဖြစ်ရုံပဲ” စိတ်လှုပ်ရှားမှုက ရှင်းဟန်ရဲ့ ပုံမှန်အေးစက်စက် မျက်နှာထား ပေါ် ပေါ်လာတယ်။
“ဟိုးအရင်တုန်းက ဒါက ကောင်းကင်ထောက်တိုင်ရဲ့ နေရာပဲ၊ အမတနဲ့ ကောင်းကင်ဘုံတွေကို ချိတ်ဆက်ထားတဲ့ ထောက်တိုင်နော်”
“ကောင်းကင်ဘုံ” လူတိုင်း အမတဘုံမှာ ဒီလိုနေရာရှိတာ သိလိုက်ရလို့ မှင်တက်ကုန်ကြတယ်။
“ဖြစ်ချင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း၁သန်းက တိုက်ပွဲမှာ ကောင်းကင်ဘုံက ထောက်တိုင်ကို ဖျက်ဆီးခဲ့လို့ အမတဘုံကလူတွေ ကောင်းကင်ဘုံဆီ တက်လှမ်းလို့မရတော့ဘူး၊ ဒီဧကရာဇ်တက်လှမ်းမှုစင်မြင့်က ချိပ်တစ်ခုပဲ”
သူ့ပွဲကြည့်ပရိသတ်ကို ဝေ့ဝဲကြည့်ရင်း အမူအရာက အေးစက်သွားတယ်။
“ဒါကြောင့် ကျုပ် ကောင်းကင်ထောက်တိုင်အသက်သွင်းတဲ့နေရာမှာ ကူညီပေးဖို့ ခင်ဗျားတို့အားလုံးကို ဒီနေ့ဖိတ်ကြားလိုက်တာ၊ ကောင်းကင်နဲ့အမတဘုံကြားက လမ်းကြောင်းကိုပြန်ဖွင့်ရမယ်လေ၊ ဒါက အမတဘုံတစ်ခုလုံးကို အကျိုးအမြတ်ရှိစေမဲ့ အရာပဲ”
လူတိုင်းမျက်နှာပေါ်မှာ မှင်တက်နေတဲ့အမူအရာနဲ့။ အမတဘုံမှာရနိုင်တဲ့အမြင့်ဆုံးအဆင့်က အဇဋာဧကရာဇ်ပဲ။ ဘယ်သူမှ ကောင်းကင်နွယ်ဝင်ဖြစ်လာဖို့ မအောင်မြင်ခဲ့ဖူးဘူး။
“အဲလိုဆို ငါတို့နဲ့ ဒီတိုင်းဆွေးနွေးလို့ရတာပဲ၊ ဘာလို့ပြန်ပေးဆွဲတာလဲ” ယင်းကျီ မနေနိုင်ဘဲ မေးလိုက်တယ်။
ရှင်းဟန်က ပြန်ဖြေမို့ရှိသေး သူ့အကြံကို ရိပ်မိသွားတဲ့ရွှင်ရှူးက ကြားဖြတ်ပြောလာတယ်။
“ခင်ဗျားက ကောင်းကင်လက်နက်ကို လိုချင်နေတာပဲ”
“ဧကရာဇ်ငယ်ရွှင်ရှူးက တကယ်ပဲဉာဏ်ကောင်းပါတယ်၊ ခင်ဗျား လေလွင့်မီးတောက်မျိုးနွယ်ရဲ့ ဂုဏ်သတင်းအတိုင်း တကယ့်ကို ဖြစ်မြောက်တာပဲ”
“ခင်ဗျားဘယ်လို…” ရွှင်ရှူး မျက်လုံးတွေ အံ့ဩတကြီးပြူးကုန်တယ်။ ရှင်းဟန်က သူ့သဏ္ဌာန်အစစ်ကို ဘယ်လိုသိတာလဲ။ ကူယွဲ့ရဲ့အုပ်စုကလွဲပြီး သူ ဘယ်သူ့ကိုမှမပြောရသေးဘူး။ အမတလောကမှာ သူတို့မျိုးနွယ်တည်ရှိမှုမှတ်တမ်းက ရှိမှမရှိတော့တာ။
“သေချာပေါက် ကောင်းကင်လက်နက်တွေဖန်တီးသူတွေဖြစ်တဲ့ လေလွင့်မီးတောက်မျိုးနွယ်အကြောင်း သိတာပေါ့” ရှင်းဟန်အကြည့်က အေးစက်စက်ဖြစ်ကုန်တယ်။ သူက မုန်းတီးစွာပြောလာတယ်။
“ခင်ဗျားတို့မျိုးနွယ်ကြောင့်သာ မဟုတ်ရင် အမတနဲ့ ကောင်းကင်ဘုံတွေက အဲတိုက်ပွဲကြီးမှာ အချင်းချင်း တိုက်ခိုက်ခဲ့လောက်မှာမဟုတ်ဘူး၊ ကံကောင်းလို့ ဖြေရှင်းနည်းတော့ရှိတယ်”
ရွှင်ရှူးအမူအရာက သူ့စကားတွေကြောင့် ပျက်သွားခဲ့ပေမဲ့ ခွန်းတုံ့မပြန်ဘူး။
ဘယ်သူမှ လေလွင့်မီးတောက်မျိုးနွယ်အကြောင်း မသိကြပေမဲ့ ခုရှိနေတဲ့လူတိုင်းမှာ ကောင်းကင်လက်နက်တွေ ရှိကြတယ်။
“ဟန်အာ အချိန်ကျပြီ” ကျီချန်က ရုတ်တရက် သတိပေးလာတယ်။
“ဟုတ်ကဲ့ဆရာ” ရှင်းဟန်က ခေါင်းညိတ်ပြီး လက်သိုင်းကွက်တစ်ခုထုတ်လိုက်တယ်။ ချက်ချင်းပဲ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပတ်လည်က အင်းကွက်က ထိန်လင်းသွားခဲ့တယ်။ လူတိုင်း အင်းကွက်က သူတို့ကို အုပ်မိုးသွားတာ ခံစားလိုက်ရတယ်။
ရှင်းဟန်က ရုတ်တရက် လှည့်သွားပြီး သူ့နောက်မှာရှိနေတဲ့ ဟွေ့လင်ကို ကြည့်တယ်။
ဟွေ့လင်က စိတ်မဆုံးဖြတ်နိုင်သေးပုံပဲ။ သူမက ချန်ကောကို စိုးရိမ်နေတဲ့အမူအရာနဲ့ လှမ်းကြည့်တယ်။
“ဆရာတူညီမရွှမ်၊ မင်း ကိုယ့်ကို ကတိပေးထားတယ်လေ” ရှင်းဟန်က လောတော့တယ်။
ဟွေ့လင်က နောက်ဆုံးတော့ စိတ်ဆုံးဖြတ်ချက်ချပြီးဟန် နှုတ်ခမ်းကို ကိုက်လိုက်တယ်။ အင်းကွက်အလယ်ကိုလျှောက်လာပြီး သူမက လက်သိုင်းကွက်တစ်ခုဖန်တီးကာ ဂါထာတွေ ရွတ်တော့တယ်။
ချန်ကောက သူမကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ ဒီဂါထာတွေက…။
သူဆက်မမေးနိုင်ခင် နာကျင်မှုခံစားလိုက်ရတယ်။ သူ့ကောင်းကင်စိတ်အာရုံထဲရှိနေခဲ့တဲ့ ကောင်းကင်လက်နက်က ပျံထွက်သွားပြီး ဟွေ့လင်လက်ထဲ ဆင်းသက်သွားခဲ့တယ်။ သူမရွတ်ခဲ့တဲ့ ဂါထာက သူ့ကိုယ်ထဲက ကောင်းကင်လက်နက်ကို ထိန်းချုပ်ဖို့ပဲ။
“လင်အာ မင်း…” သူကိုယ်တိုင်သင်ပေးထားတဲ့ ဂါထာကို သူမက သူ့အပေါ်အသုံးချမယ်လို့ ချန်ကော ယုံဖို့ခက်နေခဲ့တယ်။
“ဆရာ…” ဟွေ့လင်က သူ့ကိုကြည့်ပြီး ငိုတယ်။ သူမကြည့်ရတာ စိတ်မကောင်းဖြစ်ပြီး ဇဝေဇဝါဖြစ်နေပုံ ပေါ်ပေမဲ့ နောင်တရပုံလုံးဝမပေါ်။
“ကျေးဇူးပြုပြီး နားလည်ပေးပါ၊ ဒီကောင်းကင်လက်နက်တွေကပဲ ကောင်းကင်ထောက်တိုင်ကို ဖွင့်နိုင်တာလို့ အဖေကပြောတယ်၊ ကျွန်မ အမတဘုံအတွက် ဒါကိုလုပ်နေတာ၊ ပိုပြီး ကောင်းဖို့အတွက်ပါ”
သူမ စကားပြောလေ ပိုပြီးစိတ်ပိုင်းဖြတ်ထားပုံပေါ်လေပဲ။ သမာသမတ်ကျမှုရဲ့ ခေါင်းဆောင်ဗိုလ်စွဲသူအတိုင်း ပြောနေလေရဲ့။
လူတိုင်း ထိတ်လန့်ပြီး တချို့က ချန်ကောကို စာနာတဲ့အကြည့်နဲ့ကြည့်လာကြတယ်။ သူမဆရာအပေါ် သစ္စာဖောက်တဲ့လုပ်ရပ်ကို ဖြောင့်မတ်တဲ့လုပ်ရပ်အဖြစ် သတ်မှတ်ဖို့က သူမတစ်ယောက်ပဲ လုပ်မဲ့ဟာမျိုး။
ကောင်းကင်လက်နက်ကို အတင်းအကျပ်ဖယ်ထုတ်မှုက ချန်ကောခန္ဓာကိုယ်ကို တုံ့ပြန်မှုဖြစ်စေခဲ့တယ်။ သူ သွေးပွက်အန်တော့တယ်။ သူ ဟွေ့လင်ကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်းမြင်ရသလိုမျိုး ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေတော့တယ်။
“ဆရာ” ဟွေ့လင်က အထိတ်တလန့်အော်ပြီး ကြောင်အမ်းနေတယ်။ သူမက ချန်ကောဆီ အလိုလို လျှောက်လှမ်းလာမိတယ်။
“ရွှမ်အာ” ကျီချန်က ရုတ်တရက်လှမ်းခေါ်တယ်။
ဟွေ့လင်ခြေလှမ်းတွေတန့်သွားပြီး ချန်ကောကို အပြစ်ကင်းတဲ့အမူအရာနဲ့ကြည့်တယ်။
“ဆရာ၊ သူက ကျွန်မအဖေလေ၊ ကျွန်မစကားနားထောင်မှဖြစ်မယ်၊ ဆရာ ကျွန်မအနေအထားကို နားလည်မယ်ဆိုတာ သိပါတယ်၊ ဟုတ်တယ်မလား”
ချန်ကောက သူမကိုအေးစက်စက်ကြည့်ပြီး ပိတ်ဆို့လိုက်ဟန် မျက်လုံးတွေ မှိတ်လိုက်တယ်။ သူ့နှလုံးသားထဲ စူးရှတဲ့ဝေဒနာခံစားနေရတယ်။ သူက သူမကို အောက်ဘုံမှာ နတ်ဆိုးတွေလက်ထဲက ကယ်ခဲ့ပြီး အထက်ဘုံဆီ ခေါ်လာခဲ့တာ။ ကလေးတစ်ယောက်အနေနဲ့ နှိပ်စက်ခံခဲ့ရတာသိလို့ တခြားတပည့်တွေထက် ပိုပြီး ကောင်းကောင်းဆက်ဆံခဲ့တယ်။ စောနက သူမကို အထိအခိုက်မရှိ မြင်ရတော့ ရှင်းဟန်က သူမကို အကျပ်ကိုင်ခဲ့တာလားတောင် အံ့ဩမိခဲ့သေးတယ်။
သူ့အရင်ဝင်စားမှုရဲ့ အခြေအနေတွေကြောင့် မူလဝိညာဉ်ကို ပြန်ထိန်းသိမ်းဖို့ ဒီကောင်းကင်လက်နက်ကို အမှီပြုခဲ့ရတာ။ ဟွေ့လင်က ဒါကိုကောင်းကောင်းကြီးသိတယ်။ ဒါတောင် သူမက ရက်ပိုင်းပဲ တွေ့ခဲ့ရတဲ့လူ၊ အရင်ဘဝက သူမအဖေဖြစ်ခဲ့တဲ့သူဘက်မှာ ရပ်တည်ခဲ့တယ်။ ပြီးတော့ အရင်ဘဝကို မှတ်မိတဲ့ပုံတောင် မပေါ် ဘူး။
သူက ရုတ်တရက် သူတို့ ဝူတိဂိုဏ်းက ထွက်သွားချိန် ရှန်းရင် ပြောခဲ့တဲ့ မှတ်ချက်တစ်ခုကို သတိရသွားခဲ့တယ်။
“နင်က လူကောင်းပါ၊ နည်းနည်းလေးကန်းရုံပဲ”
သူ သူမစနောက်ခဲ့ရုံလို့တွေးခဲ့ပေမဲ့ အခုတော့ သူက တကယ်ပဲကန်းနေခဲ့တာဆိုတာ ဝန်ခံရတော့မယ်
…