အခန်း ၂၀၇ ။ ပျောက်ဆုံးသွားသော အဖွဲ့ဝင်များ
လန်ယွီ သူ့ရဲ့ကျရှုံးခဲ့တဲ့ဆက်ဆံရေးတွေအကြောင်း တွေးပြီး နောက်ဆုံးတော့ လန်ဟွားကို အဖျက်အမှောင့်လုပ်မဲ့ သူ့နဂိုအစီအစဉ်ကို ပယ်ဖျက်ဖို့ဆုံးဖြတ်လိုက်တယ်။ သူက မိန်းမတစ်ယောက်ရဲ့ မြတ်နိုးမှုကို အနိုင်ယူတဲ့နေရာမှာ ဘယ်တော့မှ သူ့အစ်ကိုရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူးပဲ။ ဒါကြောင့် အရှုံးပေးကာ စိတ်ဓာတ်ကျစွာနဲ့ အဆောင်တစ်အုပ်ကြီးကို ထားခဲ့ပြီး စကားတစ်ခွန်းမပြောဘဲ ထွက်သွားခဲ့လေတယ်။
လူတိုင်း လူ့ဘဝမှာ တစ်ခုတည်းသော ရည်မှန်းချက်ပျောက်ဆုံးသွားတဲ့ပုံဖြစ်နေတဲ့ လန်ယွီ့အတွက် စိတ်မကောင်းမဖြစ်ဘဲ မနေတော့ဘူး။ ကူယွဲ့က ရုတ်တရက် ဆိုရိုးဟောင်းရဲ့ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားသလိုပဲ။
“ဘဝဆိုတာ ခက်ခဲပြီးသား၊ ဒါကြောင့် အမှန်တရားကို မဖော်လိုက်နဲ့” စာနာစွာနဲ့ ခေါင်းကို ယမ်းပြီးနောက်မှာတော့ ရှန်းရင်ဆီကနေ အဆောင်တွေကို ပျော်ပျော်ကြီးယူလိုက်တယ်။
-_-|||
“ထွက်ခွာကြစို့” ကူယွဲ့ သူ့ရောင်းရင်းတွေကို လောလိုက်တယ်။ နောက်ကျနေပြီ။
“အမတရောင်းရင်းကူယွဲ့” ချန်ကောက အနောက်ကနေ လှမ်းခေါ်ပြီး စိုးရိမ်နေဟန်။
“ကျုပ်…”
“အရှင်မင်းကြီး”
လှည့်ကြည့်လိုက်တော့ ကူယွဲ့က အံ့ဩတကြီး မျက်လုံးပြူးသွားခဲ့တယ်။ ချန်ကောကိုယ်က အလင်းရောင်ဖျော့ဖျော့အောက် တဖြည်းဖြည်း ပျောက်ကွယ်နေပြီ။
“ဘာ…” ကူယွဲ့ အလိုလို လှမ်းဆွဲမိလိုက်ပေမဲ့ သူ့လက်က ချန်ကောကိုယ်ခန္ဓာကို ဖြတ်သွားတာ မြင်လိုက်ရတယ်။ သူချက်ချင်း ချန်ကောကိုယ်ခန္ဓာကိုတည်ငြိမ်အောင်လုပ်ဖို့ လက်စည်းကွက်တချို့ ထုတ်သုံးလိုက်တယ်။
လန်ဟွားနဲ့ ယိချင်းက အင်းကွက်အစီအရင်ချပြီး ကူညီဖို့ကြိုးစားပေမဲ့ အချည်းနှီးပဲ။ ချန်ကောက သူတို့မျက်စိရှေ့မှာတင် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။
“ဘာဖြစ်နေတာလဲ” လူတိုင်း ဒီရုတ်တရက် အဖြစ်အပျက် အပြောင်းအလဲတွေကြောင့် အူကြောင်ကြောင် ဖြစ်ကြန်တယ်။ ကူယွဲ့က ကောင်းကင်စိတ်အာရုံကိုသုံးပြီး ချန်ကောကို ရှာကြည့်ပေမဲ့ မအောင်မြင်။ သူ့ရဲ့အရှိန်အဝါတောင် အစအနမကျန်ဘဲ ပျောက်ဆုံးသွားတဲ့ပုံ။
“အဲဒါ ဘယ်လိုမှော်အတတ်မျိုးလဲ”
“မသိဘူး” ဒီလိုကိစ္စမျိုးတွေမှာ ကျွမ်းကျင်မှုအရှိဆုံး လန်ဟွား ခေါင်းယမ်းလိုက်တယ်။
“အရင်ကတစ်ခါမှမမြင်ဖူးဘူး”
သူစဉ်းစားနေတုန်း ကူယွဲ့ရဲ့ သတင်းပို့ဆောင်မှုအဆောင်က လင်းလာတယ်။ ဂိုဏ်းကလူတွေ အရေးကြီးကိစ္စတစ်ခုခု ဖြစ်လာရင် သူ့ကိုဆက်သွယ်လို့ရအောင် တစ်ခုချန်ခဲ့တာ။ သူ့ရင်ထဲ ရုတ်တရင်တင်းမာသွားတယ်။ ဂိုဏ်းထဲ တစ်ခုခုတော့ဖြစ်နေပြီ
သူ အဆောင်ကို အမြန်ဆွဲထုတ်လိုက်ပြီး မသေမျိုးချီထည့်ကာ အသက်သွင်းလိုက်တယ်။ ချက်ချင်းပဲ ယွီဟုန်ရဲ့ စိုးရိမ်တကြီးလေသံက အဆောင်ကနေထွက်လာတယ်။
“အကြီးအကဲ၊ ကြက်… ကြက်ပျောက်သွားပြီ”
“ဘာ” ကူယွဲ့က အံ့ဩတကြီးတန့်သွားပြီး အလိုလိုဖြေလိုက်မိတယ်။
“နောက်တစ်ကောင်ဝယ်လိုက်ပေါ့အဲဆို” ဝူတိဂိုဏ်းက ခြံထဲမှာ ကြက်တွေအများကြီးမွေးထားတာပဲကို။
“ဟင့်အင်း၊ ကျွန်မပြောတာ အဲအဓိပ္ပာယ်မဟုတ်ဘူး” ယွီဟုန်ကဖြေရှင်းချက်ပေးလာတယ်။
“ဧကရာဇ်ချူရွှမ်ပါ၊ သူရုတ်တရက် ပျောက်သွားတာ”
ကူယွဲ့ အမူအရာ မှောင်မည်းသွားတယ်။
“တည်တည်ငြိမ်ငြိမ်နေ၊ ဘာဖြစ်တာလဲသေချာပြောပြ၊ သူဘယ်လိုပျောက်သွားတာလဲ”
“ကျွန်မလည်း ဘာဖြစ်တာလဲတော့မသေချာဘူး” ယွီဟုန်က သူမကိုယ်သူမတည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလေတယ်။
“စောနတုန်းက ဧကရာဇ်ချူရွှမ်က လေ့ကျင့်ရေးကွင်းမှာ တပည့်တွေကို စာသင်ပေးနေချိန် ရုတ်တရက် ပျောက်သွားခဲ့တာပဲ”
“သူက မပျောက်ခင် အရိပ်လိုပုံစံမျိုးပြောင်းသွားသေးလား”
“ရှင်ဘယ်လိုသိတာလဲ၊ အဲလိုအတိအကျဖြစ်ခဲ့တာပဲ”
ချန်ကောပုံရိပ်က သူ့စိတ်ထဲပေါ်လာလို့ ကူယွဲ့မျက်မှောင်ကြုတ်မိပြီး တည်တည်ငြိမ်ငြိမ် ညွှန်ကြားလိုက်တယ်။
“မင်းတို့အားလုံး ခုချက်ချင်း လေ့ကျင့်ရေးကွင်းထဲကနေ ထွက်ကြ၊ တပည့်တွေအားလုံးကို အရှေ့နန်းတော်မှာ စုဝေးခိုင်းလိုက်၊ သူတို့အားလုံး အဆင်ပြေလား စစ်ဆေးကြည့်၊ ငါတို့မကြာခင်ပြန်လာခဲ့မယ်”
“ဟုတ်” ယွီဟုန်က ပြတ်သားစွာ တုံ့ပြန်လာတယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ပြီး သူ့အဖော်တွေကိုလှည့်ကြည့်လိုက်တယ်။
“ချူရွှမ်လည်း ပျောက်သွားပြီ၊ မြန်မြန်ပြန်ကြရအောင်”
သူ လှည့်ထွက်တော့မဲ့အချိန် တခြားအဖော်သုံးယောက်က မလှုပ်မယှက်ရပ်နေဆဲဆိုတာ သတိထားမိသွားခဲ့တယ်။ သူတို့က သူ့ကို ကြောင်အမ်းနေတဲ့အမူအရာတွေနဲ့ ငေးကြည့်နေလေရဲ့။
“ကူယွဲ့ မင်း…” လန်ဟွားရဲ့မျက်လုံးတွေက အံ့ဩတကြီးပြူးသွားပြီး ကူယွဲ့ကို လက်ညှိုးတထိုးထိုးနဲ့။
“ဘာဖြစ်တာလဲ” ကူယွဲ့ အလိုလို သူ့ကိုယ်သူငုံ့ကြည့်မိလိုက်တယ်။
“ဟိုလီရှစ်” ချန်ကောလိုပဲ သူ့ကိုယ်ခန္ဓာတစ်ခုလုံး တောက်ပနေပြီး ဖြည်းဖြည်းချင်း ဖောက်ထွင်းမြင်ရလာတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဘာခံစားချက်မှမခံစားရ။
“ဖေဖေနျို” ရှန်းရင် သူ့ကိုလှမ်းဆွဲပေမဲ့ နောက်ကျလွန်းသွားပြီ။ ချန်ကောထက်တောင် မြန်မြန် ပျောက်သွားခဲ့တယ်။
လူတိုင်း မှင်တက်သွားလေရဲ့။
“ဆရာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ယိချင်းအမူအရာက မကြည်မသာဖြစ်နေတယ်။ ကူယွဲ့ရော ချန်ကောပါ နှစ်ယောက်လုံး ဆန်းကြယ်တဲ့နည်းလမ်းနဲ့ ပျောက်ဆုံးသွားခဲ့တာပဲ။
ရှန်းရင် သူမရဲ့ဗလာလက်သီးဆုပ်ကို စိုက်ကြည့်နေမိပြီးတော့ ခပ်တင်းတင်းဆုပ်လိုက်တယ်။
“ပြန်ရောက်ရင် ဆွေးနွေးကြတာပေါ့”
ယိချင်းနဲ့လန်ဟွား နှစ်ယောက်လုံး အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ နောက်တော့ သူတို့ ခေါင်းညိတ်ပြီး ဂိုဏ်းရှိရာဘက်ဦးတည်ပျံသန်းခဲ့ကြတယ်။
သူတို့ ဝူတိဂိုဏ်းကို အမြန်ဆုံးအရှိန်နဲ့သွားခဲ့ကြတယ်။ အဲရောက်တာနဲ့ ချူရွှမ်တင်မက ဂျပုလေးလည်း ပျောက်ဆုံးနေတာ သိလိုက်ရတယ်။ သူက ချူရွှမ်ပျောက်ပြီး နောက်တစ်နေ့မှာ တစ်ပုံစံတည်း ပျောက်သွားခဲ့တာတဲ့။
လန်ဟွားနဲ့ ယိချင်း နေရာတိုင်းမှာ လိုက်ရှာခဲ့ပေမဲ့ ဘာဖြစ်ခဲ့လဲဆိုတာ သဲလွန်စရှာမရ။ သူတို့ရဲ့ ခြေရာခံအဆောင်တစ်ခုမှ တည်နေရာကို ရှာလို့မရသလို ကူယွဲ့ရဲ့သတင်းစကားအဆောင်ကလည်း မတုံ့ပြန်တော့ဘူး။
ပထမတော့ ရွှင်ရှူးကို အကူအညီတောင်းဖို့ ဆက်သွယ်ကြည့်မယ် တွေးခဲ့ပေမဲ့ ရွှင်ရှူးလည်း ပျောက်သွားတယ်ဆိုတဲ့အကြောင်း မြို့ကနေ ပြန်စာရခဲ့တယ်။
“ဂိုဏ်းချုပ် ပြောင်လေးဆိုတဲ့ နာမည်နဲ့မိစ္ဆာအမတတစ်ယောက်က စကားပြောခွင့်တောင်းနေပါတယ်”
“ပြောင်လေးတဲ့လား” လန်ဟွားက လိုက်ရေရွတ်ကြည့်လိုက်တယ်။ ဘယ်လိုနာမည်တုံးတုံးကြီးလဲ။
“သူ့ကိုဝင်ခွင့်ပေးလိုက်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
ခဏနေတော့ ဧကရာဇ်ပြောင်ထင်က စိတ်လှုပ်ရှားစွာနဲ့ ပြေးဝင်လာတယ်။ သူ့မျက်လုံးတွေက ရှန်းရင်ကိုမြင်ချိန် တောက်ပသွားခဲ့ပေမဲ့ ခြေထောက်တွေက အလိုလိုပျော့ခွေသွားခဲ့တယ်။ သူမခြေထောက်နားမှာ ပုံလဲကျသွားပြီး သူက တိုးလျှိုးတောင်းပန်တော့တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ ကျေးဇူးပြုပြီး ငှက်လေးကို ကယ်ပါ”
“ငှက်က ဘာဖြစ်လို့လဲ”
“ကျွန်တော် အတိအကျမသိပါဘူး” ပြောင်ထင့်မျက်နှာမှာ စိုးရိမ်နေတဲ့အမူအရာနဲ့။ ရှန်းရင် စားခံရမှာကို အဆက်မပြတ် ကြောက်ရွံ့ခဲ့ရမှုအောက် နေခဲ့တာကြောင့်ထင် သူနဲ့ ဝူဟုန်က အပြန်အလှန်စာနာမှုကနေ သံယောဇဉ်တစ်ခု တည်ဆောက်နိုင်ခဲ့တယ်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်တို့ ခင်ဗျားအတွက် အမတဆေးမြစ်အစေ့တွေ ရှာဖို့ ရှုပင်လယ်ဆီ သွားခဲ့ပါတယ်၊ သူ့ကို ရက်တွေအကြာကြီးလိုက်ရှာခဲ့ပေမဲ့ အရိပ်အယောင်တစ်စက်မှ ရှာမတွေ့ခဲ့ပါဘူး”
“သူပျောက်သွားချိန် ကိုယ်ပေါ်မှာ အလင်းတန်းဖြူကြီးရှိနေလား” ယိချင်းမေးလိုက်တယ်။
“ဘယ်လိုလုပ်သိတာလဲ” ပြောင်ထင့်က အံ့ဩတကြီးမေးလာလေရဲ့။
နောက်တစ်ယောက်ပဲ။
“ဒါ ဘယ်သူလုပ်နေတာပါလိမ့်” လန်ဟွား မချင့်မရဲဖြစ်ပြီး ခေါင်းကုတ်လိုက်တယ်။
“ပျောက်သွားတာ လေးယောက်မြောက်ရှိနေပြီ”
“ငါးယောက်” ရှန်းရင်က အမှန်ပြန်ပေးလိုက်တယ်။
“ဘယ်လို”
“မုန်လာဥဖြူလည်းပျောက်သွားတယ်လေ”
ဟုတ်သားပဲ။ ညီလေးမုန်လာဥဖြူရောပဲ လန်ဟွားရဲ့စိတ်ပူပန်မှုက ပိုနက်ရှိုင်းလာတယ်။ သူတို့နှစ်ယောက်လုံး ပျောက်သွားချိန် မုန်လာဥဖြူက ကူယွဲ့ခြေထောက်ပေါ်အိပ်နေခဲ့တာ။
တစ်ခဏနေပါဦး
“မုန်လာဥဖြူ…”
လန်ဟွားက အကြံတစ်ခုပေါ်လာလို့ မျက်လုံးထဲ အရောင်တောက်ပသွားခဲ့တယ်။
“စိတ်နှလုံးကောင်း ငါ့မှာ သူတို့ကိုရှာဖို့ နည်းရှိပြီ၊ ဒါပေမဲ့ နည်းနည်းအလုပ်များပြီး ကူယွဲ့ကိုပဲ ကယ်နိုင်လောက်တယ်၊ သူတို့ထဲက တခြားသူတွေကတော့… ငါတို့တခြားနည်းစဉ်းစားရမှာပေါ့”
“ဘာနည်းလမ်းလဲ”
“နှလုံးသားထောင်ချောက်အင်းကွက်”
“အဲဒါဘာလဲ” ယိချင်းမေးလိုက်တယ်။
“ဒါက ပိတ်လှောင်တဲ့အင်းကွက်ပဲ၊ အင်းကွက်ထဲ ပစ်မှတ်ကို ထောင်ချောက်ဆင်ထားပြီးတော့ နတ်ဆိုးချီရဲ့ ဖြည်းဖြည်းချင်းတိုက်စားခံရတာမျိုး ဖြစ်စေတာ၊ ဒီအင်းကွက်အသက်ဝင်သွားပြီဆိုတာနဲ့ အမတဘုံမှာ ရှိနေသရွေ့ ပစ်မှတ်ကို ထောင်ချောင်ဆင်လို့ရတယ်”
“ဒီအင်းကွက်ကိုသုံးပြီး သူ့ကိုရှာဖို့စဉ်းစား နေတာပေါ့”
“အမှန်ပဲ” လန်ဟွားက ခေါင်းညိတ်ပြလိုက်တယ်။
“ဒါပေမဲ့ ဒီအင်းကွက်အလုပ်လုပ်ဖို့ ပစ်မှတ်ရဲ့ခန္ဓာကိုယ်ကအရာ တစ်ခုခုလိုအပ်တယ်”
ခန္ဓာကိုယ်…။
ရှန်းရင် မုန်လာဥဖြူ သူမကိုလက်ဆောင်ပေးခဲ့တဲ့ ဒုဓလီပန်းတွေကို သတိရသွားလို့ နှုတ်ခမ်းတွန့်သွားခဲ့တယ်။
“မုန်လာဥဖြူက ကူယွဲ့ခြေထောက်နဲ့ ချိတ်ဆက်နေလို့ သူတို့အရှိန်အဝါတွေက ဆက်နေတယ်၊ ဒါကြောင့် မုန်လာဥဖြူ ထောင်ချောက်ထဲ ရောက်တာနဲ့ ကူယွဲ့လည်း အင်းကွက်ထဲ ဆွဲသွင်းခံရမှာပဲ၊ နတ်ဆိုးချီ သက်ရောက်တာခံရမယ်ဆိုပေမဲ့ တောင့်ခံနိုင်ဖို့ အားရှိမှာပါ”
“ကောင်းပြီလေ လုပ်ကြရအောင်” ရှန်းရင် ဒုဓလီပန်းတွေကိုသွားရှာလိုက်တယ်။
ငါတို့ စားစရာပြဿနာကို ဖြေရှင်းဖို့ ဖေဖေနျိုကို အရင်ရှာရမယ်
…