အခန်း ၂၀၄ ။ အိမ်ကနေ ထွက်ခွာခြင်း အကြောင်းအရင်း
“ရုပ်ဆိုးကောင် ထပ်ပြီးမင်းပဲ” အဲအသံပဲ ထပ်ထွက်လာပြန်တယ်။ သူတို့ ဝဲဂယက်ထိပ်ကို ရောက်သွားချိန် အောက်ကသူက တစ်ခုခုကို သတိထားမိသွားပုံပဲ။ စောနက သူတို့ကြားခဲ့ရတဲ့ ခပ်ရွှတ်ရွှတ်လေသံနဲ့ ယှဉ်ရင် ဒီအသံက အများကြီး ဒေါသထွက်နေပြီ။ တစ်အောင့်နေတော့ ယင်းကျီဆီ ရေတန်းကြီးတစ်ခု ထိုးဝင်လာတယ်။
“လူလိမ်၊ ငါ့နားဘယ်လိုလုပ် ကပ်လာရဲတာလဲ”
ယင်းကျီက ဒါကိုကျင့်သားရနေတဲ့ပုံ။ သူ လက်တစ်ဖက်မြှောက်ပြီး အကာအကွယ်အင်းကွက်တစ်ခု ဖြစ်ပေါ်လာကာ ရေတန်းကြီးကို တားဆီးလိုက်တယ်။ ဖြစ်ချင်တော့ အဲဒါကအဆုံးသတ်မဟုတ်ရှာ။ ပင်လယ်အောက်ခြေကနေ လှိုင်းတစ်လှိုင်းက ငါးအမြီးကြီးအသွင်ယူပြီး လှိုင်းတွေက သူတို့ကို စတင်တိုက်ခိုက်တော့တယ်။
“ထွက်သွားစမ်း လူလိမ်”
စောနက ထိပ်မှာရှိနေတဲ့အမတတွေက တစ်ယောက်ပြီးတစ်ယောက် ရေပေါ်ကျလာတော့တယ်။ ယင်းကျီက သူတို့ကို အားတုံ့အားနာကြည့်လိုက်တယ်။ နောက်တော့ သူ အုပ်စုကို မီတာနည်းနည်း အနောက်ဘက်ပြန်ခေါ်သွားချိန်မှာတော့ လှိုင်းတွေရပ်သွားတယ်။
“အဇဋာဧကရာဇ်ယင်းကျီ၊ တိမ်သားရဲက ဘာလို့ဒီလိုလုပ်နေတာလဲ” ချန်ကောမေးလိုက်တယ်။ တိုက်ခိုက်မှုတွေက ယင်းကျီကို ဦးတည်တာမှန်း သိသာတယ်။ ဒါပေမဲ့ တိမ်သားရဲက သူ့စာချုပ်အမတသားရဲ ဖြစ်ရမှာလေ။ အဲလိုတိုက်ခိုက်မနေသင့်ဘူး။
“အင်း…” ယင်းကျီရဲ့အမူအရာက ပြောင်းလဲသွားတယ်။ သူ့ကြည့်ရတာ ဘာပြောရမလဲ မသိတဲ့ပုံ။ တစ်ခဏနေတော့ သူထပ်ပြောလိုက်တယ်။
“အထင်လွဲမှုပါ” သူက လန်ဟွားကို အလိုလို လှမ်းကြည့်လာတယ်။ သူ့မျက်ဝန်းထဲ အပြစ်တင်မှုနဲ့အတူ မကျေမချမ်းဖြစ်မှု အရိပ်အယောင် ပါဝင်နေတယ်။ လန်ဟွားက ယင်းကျီအကြည့်ကို ခံစားရချိန် ကြက်သီးတဖြန်းဖြန်းထသွားတော့တယ်။
“ငါပြောပြမယ်” လန်ယွီ မနေနိုင်ဘဲ ဝင်ပြောရတော့တယ်။ သူ သက်ပြင်းချပြီး ယင်ကျီနဲ့ တိမ်သားရဲကြားက ဇာတ်လမ်းကို ပြောပြလာတယ်။
တိမ်ပင်လယ်က တခြားတိုက်ကြီး၆ခု၊ ပင်လယ်၃စင်းနဲ့ ကွာခြားတယ်။ ထူးခြားတဲ့ ပတ်ဝန်းကျင်ရှိတဲ့အတွက် တိမ်ပင်လယ်ဖြစ်လာတဲ့ အဇဋာဧကရာဇ်ဖြစ်လာတဲ့သူ ဘယ်သူမဆို အဇဋာဧကရာဇ်ကျင့်ကြံဆင့်ရှိဖို့လိုရုံတင်မကဘူး၊ တိမ်သားရဲ အသိအမှတ်ပြုခံရဖို့လည်းလိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိမ်သားရဲက တိမ်ပင်လယ်ရဲ့ အသွင်ပြယုဂ်ပဲ။ တိမ်ပင်လယ်မှာ နေချင်တဲ့သူဘယ်သူမဆို မြေဂရန်လိုမျိုး အရာအတွက် လျှောက်တင်ဖို့လိုတယ်၊ ဒီ“မြေဂရန်” က တိမ်သားရဲကို သားရဲစာချုပ်ဖြစ်လာအောင် လုပ်ဖို့ စာချုပ်ပဲ”
တိမ်သားရဲတစ်ကောင်က နှစ်ပေါင်းများစွာကြာမှ တစ်ကောင်ပေါက်ဖွားတာ။ အရွယ်ရောက်လာပြီဆိုတာနဲ့ တိမ်သားရဲရဲ့ခွန်အားက အဇဋာဧကရာဇ်တစ်ပါးနဲ့ ယှဉ်လို့ရလိမ့်မယ်။ ယင်းကျီရဲ့ ကျင့်ကြံဆင့်မမြင်ခင် တိမ်ပင်လယ်မှာ တိမ်သားရဲအသစ်မရှိခဲ့ဘူး။ အဲအချိန်တုန်းက တိမ်ပင်လယ်က တခြားတိုက်ကြီးတွေ၊ ပင်လယ်တွေနဲ့ ပုံမှန်ဆက်ဆံတာမျိုးမရှိပေမဲ့ ခုလောက် သီးခြားမဆန်သေးဘူး။ ယင်းကျီက ရေဝိညာဉ်ကြောခန္ဓာကိုယ်အမျိုးအစားဖြစ်ပေမဲ့ အဇဋာဧကရာဇ် မဟုတ်သေးဘူး။ သူက လန်ယွီ့ဘေးလျှောက်ချိန် အမြဲ လူအသွင်ယူခဲ့တာမို့ လူတိုင်းက သူ့ကို အမတလို့ပဲ တွေးခဲ့ကြတယ်။ ဒီနေ့ထိတောင် လူတိုင်းက တိမ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်က အမတဖြစ်ပြီး မိစ္ဆာမဟုတ်ဘူးလို့ ထင်နေကြတုပဲန်း။ ပြီးတော့ ယွင်ဖုန့်က တိမ်ပင်လယ်ရဲ့ဘေးမှာတင် ရှိနေတာ။ တိမ်ပင်လယ်ရဲ့တစ်ဝက်က ယွင်ဖုန့်တိုက်ကြီးရဲ့ ကောင်းကင်ယံကိုတောင် ထပ်သွားခဲ့သေးတယ်။
ရေဝိညာဉ်ကြောသားရဲတွေက ရေနားနေရတာ သဘာဝအလျောက် သဘောကျကြတယ်လေ။ အဲကြောင့် ယင်းကျီက လေ့ကျင့်ဖို့ ယွင်ဖုန်းကနေ တိမ်ပင်လယ်ဆီ ခဏခဏသွားခဲ့တာ။ အချိန်ကြာလာတော့ သူက တိမ်ပင်လယ်က မိစ္ဆာအမတတွေနဲ့ ရင်းနှီးလာခဲ့တယ်။ နောက်တော့ သူက အဇဋာဧကရာဇ်အဆင့်ကို ပထမဆုံးအောင်မြင်သူဖြစ်လာတယ်။ သူ တိမ်ပင်လယ်ကို အုပ်ချုပ်ချိန် ဘာတွန်းလှန်မှု၊ ကန့်ကွက်မှုမှ မကြုံခဲ့ရဘူး။
နောက်တော့ တိမ်သားရဲမွေးချိန် ယင်းကျီက တိမ်သားရဲရဲ့ အသိအမှတ်ပြုမှုကိုရဖို့ အချိန်တစ်ခဏ ကြာဦးမယ် ထင်ခဲ့တာ။ တကယ်ဘို့ သူချက်ချင်း တိမ်သားရဲကို သွားတိုက်ခိုက်ရင် တရားဝင်အဇဋာဧကရာဇ် စောစောဖြစ်လာရင်ဖြစ်လာ မဟုတ်ရင် တိမ်သားရဲစားတာ ခံလိုက်ရလိမ့်မယ်။
မထင်မှတ်ထားစွာပဲ သူ တိမ်သားရဲကို ပထမဆုံးအကြိမ်တွေ့ချိန် ယင်းကျီကို အတော်လေး သံယောဇဉ် တွယ်နေခဲ့တယ်။ တကယ်တော့ တိမ်သားရဲက ယင်းကျီရဲ့စာချုပ်သားရဲလုပ်ဖို့ အရင် ခွင့်တောင်းလာခဲ့တာ။ အဲလိုနဲ့ ယင်းကျီက တရားဝင်အဇဋာဧကရာဇ်ယင်းကျီဖြစ်လာခဲ့တာပဲ။
အဇဋာဧကရာဇ်ဆယ်ယောက်ကြားထဲမှာ ယင်းကျီက အဇဋာဧကရာဇ်ဖြစ်လာဖို့ အလွယ်ဆုံး အချိန်ရခဲ့တယ်လို့တောင် ပြောနိုင်တယ်။ နှစ်ထောင်ချီနည်းနည်းကြာပြီးတဲ့နောက် ကောင်းကင်က လူတွေကို ဘာနာကျင်မှုမှမရှိ ပြဿနာမရှိဘဲ သွားခွင့်ပြုတာကို ထူးဆန်းတယ်လို့ တွေးမိတယ်ထင်။ တိမ်သားရဲက အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီးအသိဉာဏ်ကြွယ်လာတယ်။ ရုတ်တရက် သူက ယင်းကျီကို မုန်းသွားလေရဲ့။
“ငတုံး ရုပ်ဆိုးတဲ့လူလိမ် မင်းကို အရင်က မိန်းမလှလေးလို့တွေးမိခဲ့တာကို စဉ်းစားမိရင်… အားလုံး အလိမ်အညာကြီးပဲ” ဒေါသတကြီးအော်သံက ပင်လယ်ကြမ်းပြင်ကထွက်လာတယ်။
“ငါဖြူစင်ရိုးသားချိန်တုန်းက ငါ့ကိုလိမ်ခဲ့တယ်၊ ဟမ့် ငါမင်းရဲ့ ရုပ်ဆိုးတဲ့အခွက်ကို ဘယ်တော့မှ တရားဝင်အသိအမှတ်မပြုဘူး၊ မမလှလှကို ရှာဖို့ ဒီနေရာကနေ ထွက်သွားမှာပဲ”
“အင်း… အဲဒါဖြစ်ကြောင်းကုန်စင်ပဲ” လန်ယွီက နိဂုံးချုပ်လိုက်တယ်။
လေးယောက်သား တရားခံကို လှည့်ကြည့်လိုက်တယ်…။
“ဟေး မင်းတို့ငါ့ကိုဘာလို့ကြည့်နေတာလဲ၊ ငါက သူ့ကို မိန်းကလေးလိုဝတ်စားပေးတဲ့လူမှမဟုတ်တာ”
လန်ဟွားက ပေါက်ကွဲပြီး မျက်နှာနီရဲနေတယ်။ တိမ်သားရဲ လူမှားတာကို ဘာလို့ ငါ့ကိုအပြစ်တင်နေတာလဲ။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ချန်ကော ။ ။ “…”
ရှန်းရင် ။ ။ “…”
ဒါဆို တိမ်သားရဲက ယင်းကျီကို မိန်းကလေးလို့အထင်မှားသွားတာမို့ စာချုပ်ချုပ်ဖို့ အလွယ်လေးသဘောတူခဲ့တာပေါ့။ အဲဒါပြောဦးမှ… ဒါက အသွင်ယူမှုတွေအားလုံးကြုံတဲ့ ဘုံပြဿနာလား။။
ပြီးတော့ အဇဋာဧကရာဇ်က ယင်းကျီက ယောက်ျားလေးဆိုတာ နားလည်ဖို့ နှစ်ထောင်ချီကြာခဲ့တယ်။ တိမ်သားရဲက နှေးကွေးတာလား၊ ဒါမှမဟုတ် ယင်းကျီပဲ ဇာတ်ရုပ်ကို အရမ်းကောင်းမွန်စွာ သရုပ်ဆောင်သွားလို့လား။
“တိမ်သားရဲက အပြည့်အဝ မရင့်ကျက်သေးဘူးလေ – အဲဒါကြောင့်ဒီလိုပြုမူနေတာပါ”
အဇဋာဧကရာဇ်သက်ပြင်းချလိုက်တယ်။ သူ့မျက်နှာပေါ် နာကျင်တဲ့အမူအရာနဲ့။
“သူသောင်းကျန်းရင် ငါလည်း လုပ်လို့ရတာ ဘာမှမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တားဖို့ကြိုးစားလေ သူက အစ်မကြီးအသစ်တစ်ယောက်သွားရှာဖို့ပဲ အတင်းမရမက ပြောနေတာ”
“သောင်းကျန်းရုံပဲကို – နှစ်သိမ့်ဖို့ အမျိုးသမီးအမတတစ်ယောက် ဘာလို့မလွှတ်တာလဲ၊ ဘာလို့ တိမ်ပင်လယ်အပြင် လွှတ်မှဖြစ်မှာတုံး” ကြည့်ရတာ တိမ်သားရဲက ဟိုးအစတည်းက စာချုပ်ချုပ်ဖို့ အစ်မကြီးတစ်ယောက်ကိုပဲ ရှာချင်ခဲ့တဲ့ပုံ။ ယင်းကျီက အထီးဆိုတာ သိသွားချိန် မပေါက်ကွဲဘဲ မနေတော့ဘူးပေါ့။ သူတို့ အမျိုးသမီးအမတရှာနိုင်ရုံနဲ့ ပြဿနာဖြေရှင်းပြီးသွားမှာပဲ။ တိမ်သားရဲက ဘယ်လိုပဲဖြစ်ဖြစ် အရွယ်ရောက်သေးတာ မဟုတ်ဘူး – သူတို့ သူ့ကို ပြဿနာရှာဖို့ တိမ်ပင်လယ်ကနေ ထွက်သွားတာမျိုးကို ခွင့်မပြုရင် ဘာမှများများစားစားဖြစ်မှာမဟုတ်ပါဘူး။
“ငါတို့အဲနည်းလမ်းကြိုးစားခဲ့ဖူးတယ်…” ယင်းကျီအမူအရာက ပျက်ယွင်းသွားတယ်။
“ဒါပေမဲ့ တိမ်သားရဲသောင်းကျန်းတိုင်း သူ့ခန္ဓာကိုယ်အစစ်က ဖန်သားနန်းတော်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ဝှက်ထားတာ၊ တိမ်ပင်လယ်ကနေ လွတ်မြောက်ချင်တယ်ပြောတဲ့အချိန်တိုင်း သူက ကိုယ်ပွားအဖြစ်ပဲ ပြောင်းပြီး ရေမျက်နှာပြင်ပေါ် ပေါ်လာတာ၊ ဖန်သားနန်းတော်ထဲဝင်ဖို့ဆို အနည်းဆုံးအဆင့်မြင့်အမတဖြစ်ဖို့လိုတယ်”
အဲလိုကိုး။ သူတို့ လှိုင်းတွေပဲမြင်ရပြီး တိမ်သားရဲကို တစ်ချက်မတွေ့ရတာ မထူးဆန်းတော့ဘူး – ပင်လယ်အောက်ခြေမှာ ဝှက်နေတာကိုး။
“တိမ်ပင်လယ်က အဆင့်မြင့်အမတမိစ္ဆာတိုင်း ဖျောင်းဖျဖို့ကြိုးစားကြည့်ဖူးတယ်၊ ဒါပေမဲ့ အားလုံး နှင်ထုတ်ခံခဲ့ရတယ်လေ”
“ဘာလို့လဲ”
ယင်းကျီက နှုတ်ခမ်းကိုဖိလိုက်တယ်။
“သူပြောတာက… သူတို့ကရုပ်ဆိုးတယ်တဲ့”
အားလုံး ။ ။ “…”
ကူယွဲ့က ယင်းကျီမျက်နှာကို အလိုလို ကြည့်မိလိုက်တယ်။ အမှန်တိုင်းပြောရရင် တကယ်လို့ ယင်းကျီကိုယ်က ယောက်ျားတစ်ယောက်ကိုယ်ခန္ဓာဆိုတာကို စိတ်ထဲမထည့်ရင် သူ့မျက်နှာက တကယ့်ကို တော်တော်လေးလှတာ။ သူ့မျက်ခုံးတွေနဲ့ တခြားအသွင်အပြင်တွေက မိန်းမဆန်လွန်းပြီး မိန်းမအဝတ်အစားပါ ဝတ်ထားသေးတာ။ တိမ်သားရဲက တခြားအမျိုးသမီးအမတတွေကို ရုပ်ဆိုးလို့ မုန်းတီးတာ မဆန်းတော့ဘူး။ ယင်းကျီက စံနှုန်းကို ဒီလောက်မြှင့်ခဲ့တာကိုး။
“ငါတို့အသုံးပြုလို့ရတဲ့လူ တိမ်ပင်လယ်မှာ တခြားသူမရှိဘူး၊ ငါတို့ ဖြေရှင်းနည်းကုန်သွားလို့ – တိမ်ပင်လယ်အပြင်ကို စလိုက်ရှာပြီး အနယ်နယ်အရပ်ရပ်က အမျိုးသမီးအမတတွေကို လာစမ်းသပ်ဖို့ ဖိတ်ကြားခဲ့တယ်” ယင်းကျီက မျက်မှောင်ကြုတ်လိုက်တယ်။
“တိမ်ပင်လယ်က အမတတွေက တခြားတိုက်ကြီးတွေနဲ့ ဘယ်တုန်းကမှအဆက်အဆံမရှိခဲ့ဘူး၊ ငါတို့အမတတွေက အရမ်းကိုဖြူစင်တာ၊ လာစမ်းသပ်ကြည့်ဖို့ အမတ တချို့တလေရှာတွေ့ဖို့တောင် အချိန်တော်တော်ကြာခဲ့ပေမဲ့ အားလုံးက ယောက်ျားတွေ ဖြစ်နေပြီး တစ်ယောက်ချင်းစီမှာ ရည်ရွယ်ချက် အကြံကိုယ်စီနဲ့၊ အတော်လေးကို စိတ်တိုစရာကောင်းတယ်”
အဲဒါကြောင့် တံခါးအပြင်မှာ အဲအမှတ်အသားကို ပြင်ဆင်ထားတာလား။
“အဲဒါကြောင့် ဒီနေ့ထိ ဂါထာကို မဖယ်ရှားခဲ့တာပဲ” ယင်းကျီက ပိုတောင်မျက်မှောင်ကြုတ်သွားတယ်။ သူ အဆင့်မြင့်အမတတွေဖြစ်ပြီး ထိုက်တန်တဲ့အမျိုးသမီးတချို့သိမသိ သူတို့ကိုမေးချင်နေတာ။
ခုချိန်ထိ အသီးတစ်လုံးကို တမြုံ့မြုံ့ဝါးနေတဲ့ရှန်းရင်က ရုတ်တရက် ပြောလာတယ်။
“ငါ တစ်ချက် စမ်းကြည့်ရင်ရော” သူမက ကလေးတွေကို ဆုံးမတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တယ်လေ။
“မင်းလား” ရှန်းရင် စကားပြောပြောချင်း ကူယွဲ့က ခွန်းတုံ့ပြန်လိုက်တယ်။
“တော်ပါ အဇဋာဧကရာဇ်ယင်းကျီက တိမ်သားရဲက မျှော်လင့်ချက်မြင့်မားတယ်လို့ ပြောပြီးပြီ မဟုတ်လား”
ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
“ငါက စံနှုန်း လုံလုံလောက်လောက်မမြင့်ဘူးလား”
ကူယွဲ့ မျက်ဆန်လှန်ပြီး သူမကိုလှည့်ကြည့်လိုက်တယ်။
“မင်းလုံလုံလောက်လောက်မြင့်မမြင့် အရိပ်အခြည်မသိ…”
သူ စကားမဆုံးခင် သူ့ရှေ့က ရင်းနှီးပေမဲ့ သူစိမ်းဆန်နေတဲ့မျက်နှာပေါ် အကြည့်ရောက်သွားခဲ့တယ်။ သူရုတ်တရက် အတွေးရထားအားလုံး ဆုံးရှုံးသွားခဲ့တယ်။ သူ အရင်က သူမမျက်နှာကို သိပ်ပြီးအာရုံမစိုက်ခဲ့ဘဲ ဒါ ပထမဆုံးအကြိမ် အာရုံစိုက်တာဖြစ်ပြီး ယောက်ျားလေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်မိတာပဲ။
ကြည့်ရတာ… သူမက ကြည့်ပျော်ရှုပျော်တော့ရှိသားပဲ
…