အခန်း ၂၀၃ ။ ခပ်ဆိုးဆိုးသားရဲ
အဇဋာဧကရာဇ်ရဲ့တစ်ဦးတည်းသောသမီးက လိင်အင်္ဂါပြောင်းသူတစ်ယောက်ဖြစ်လာတယ်။ သူတို့ ဘာစဉ်းစားရမလဲတောင် မသိတော့ဘူး။ ဒီလိင်ပြောင်းမှုက သူနဲ့ပတ်သက်မှုရှိနေတာ နားလည်သွားတော့ လန်ဟွား စိတ်ပြိုလဲလုနီးပါး ဖြစ်သွားတယ်။ အထူးသဖြင့် လေးနာရီလောက် ယင်းကျီရဲ့ အမြတ်တနိုးအကြည့်ခံ ဖြစ်ပြီးတဲ့နောက်ပေါ့။
လန်ယွီက လန်ဟွားရဲ့ ဝေဒနာကိုကြည့်ရတာ ပျော်ရွှင်ဝမ်းမြောက်နေတဲ့ပုံ။ သူ့မျက်နှာပေါ်မှာ ‘နောက်ဆုံးတော့ မင်းနဲ့ထိုက်တန်တာရပြီ’ ဆိုတဲ့ အမူအရာနဲ့။
ကောင်းကင်တံခါးကို ဝင်လာပြီးတဲ့နောက် လန်ဟွားက မုန်လာဥဖြူကို မလွှတ်သေးဘူး။ သတိတကြီး အမူအရာနဲ့ ရန်ပြုခံရမှာကိုကြောက်နေတဲ့ဟန်နဲ့ ရှန်းရင်နောက်ကနေ လိုက်လာခဲ့တယ်။
“ဧကရာဇ်ရှင်းဟန်လား” ယင်းကျီကို သူတို့လာလည်မှုရဲ့ ရည်ရွယ်ချက်ပြောပြီးတဲ့နောက်မှာ သူက နောက်ဆုံးတော့ စိတ်ထိန်းပြီး သူတို့ဆီ အာရုံပြောင်းလာခဲ့တယ်။
“သူက မကောင်းဆိုးဝါးတွေနဲ့ အဆက်အဆံရှိနေတယ်လို့ ပြောနေတာလား”
“ဟမ့် တကယ့်စစ်စစ်မကောင်းဆိုးဝါးက အခုဒီမှာထိုင်နေတာပဲ၊ အမတဘုံမှာ တခြားမကောင်းဆိုးဝါးတွေ အများကြီးရှိတာပဲ၊ အဲဒါဘယ်လောက်ထူးဆန်းလို့လဲ” လန်ယွီက နှာမှုတ်ပြီး လန်ဟွားကို စူးစူးစိုက်စိုက်ကြည့်တော့တယ်။
လန်ဟွားရဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားခဲ့ပေမဲ့ ခွန်းတုံ့မပြန်မိအောင် ထိန်းလိုက်တယ်။
“ဒါက ငါတို့ဒီကိုလာတဲ့ တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပါဘူး” ချန်ကောက မျက်မှောင်ကြုတ်ပြီး စိုးရိမ်တကြီးရှင်းပြလိုက်တယ်။
“သူက ငါ့ကိုယ်ထဲ နတ်ဆိုးအစေ့ကိုစိုက်နိုင်မှတော့ တခြားအဇဋာဧကရာဇ်တွေကိုလည်း ဒီလိုလုပ်နိုင်တယ်၊ သေချာပေါက် သူ့လက်ထဲ တခြားအစီအစဉ်တွေရှိမှာပဲ” ပြီးတော့ ဒီကိစ္စထဲ သူ့အထက်မှာ လူတွေရှိနိုင်သေးတယ်။
“ဒါဆို ဘာလို့ ဒီကိုရောက်လာတာလဲ” ယင်းကျီကမေးတယ်။
“တိမ်ပင်လယ်မှ ထူးခြားဖြစ်စဉ်ကို မြင်ခဲ့ရတယ်ကြားလို့ပါ” ကူယွဲ့ ဝင်ရှင်းပြလိုက်တယ်။
“ရှင်းဟန် ထွက်ပြေးချိန် သူက ထူးခြားဖြစ်စဉ်တွေကို အစပျိုးနိုင်တဲ့ နတ်ဆိုးချီပမာဏ အများကြီး ထုတ်ပေးတဲ့ မှော်သိုင်းအတတ်တစ်ခုကို သုံးခဲ့တယ်၊ ဒါကြောင့် စုံစမ်းဖို့ ဒီကိုရောက်လာတာပါ”
ယင်းကျီနဲ့ လန်ယွီက တိတ်သွားတယ်။ နှစ်ယောက်လုံးက ထူးဆန်းတဲ့အမူအရာနဲ့။
“ဒါဆိုရင်တော့ မင်းတို့အချိန်ဖြုန်းတာပဲ” လန်ယွီက အေးစက်စက်တုံ့ပြန်တယ်။
“တိမ်ပင်လယ်ရဲ့ ထူးခြားဖြစ်စဉ်က နတ်ဆိုးချီကြောင့်မဟုတ်ဘူး”
“မဟုတ်ဘူးလား”
“မဟုတ်ဘူး” ယင်းကျီက ဒါကိုပြောရင်း လန်ဟွားကို ခိုးကြည့်မိလိုက်တယ်။ လန်ဟွားက ပခုံးတွန့်လိုက်ပြီး သူ့သူငယ်ချင်းတွေနောက် ကြုံ့သွားခဲ့တယ်။
ယင်းကျီက စိတ်ပျက်လက်ပျက်နဲ့ အကြည့်ပြန်ရုပ်ပြီး ဆက်ပြောလိုက်တယ်။
“တိမ်ပင်လယ်ရဲ့ ထူးခြားဖြစ်စဉ်က… ပင်လယ်ထဲက တိမ်သားရဲ ဒေါသနဲ့သောင်းကျန်းနေတာကြောင့်ပါ”
“ဘာ” ဆိုးလိုက်တာ ဒေါသပေါက်ကွဲဖို့အတွက်နဲ့ တိမ်တွေထဲ အပေါက်တစ်ပေါက်ကို ဖြဲလိုက်တယ်လား။ လန်ဘိုးဘွားတွေသာ သူတို့မျိုးဆက်တွေ ဘယ်လောက်ကလေးဆန်လဲသိရင် အခေါင်းတွေထဲ လူးလှိမ့်နေတော့မှာပဲ။
“ဒီတိမ်သားရဲက ဘယ်လိုတိရစ္ဆာန်မျိုးလဲ” ကူယွဲ့ မေးလိုက်တယ်။
“တိမ်သားရဲက တိမ်ပင်လယ်ရဲ့ အသွင်ပါ” ယင်းကျီက ရှင်းပြလာတယ်။
“အားလုံးမြင်ကြတဲ့အတိုင်း တိမ်ပင်လယ်ကလူတွေနဲ့ တခြားတိုက်ကလူတွေက ကွဲပြားတယ်၊ ငါတို့ပင်လယ်က ကောင်းကင်အစွန်းမှာ ရပ်ဆိုင်းသွားတာ၊ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက တိမ်သားရဲရဲ့ တည်ရှိမှုကြောင့်လေ၊ နှစ်သန်းချီတိုင်း တိမ်ပင်လယ်က ဝိညာဉ်အသိဉာဏ်ဖွံ့ဖြိုးပြီး တိမ်သားရဲဖြစ်လာလိမ့်မယ်၊ တိမ်သားရဲက ပင်လယ်ထဲက သက်ရှိသတ္တဝါတွေအားလုံးကို ထိန်းချုပ်ထားတာ၊ တိမ်ပင်လယ်ထဲက ပင်လယ်အမတတွေတောင် ရှင်သန်ဖို့ သူ့ကိုအားထားရတယ်”
လူတိုင်း ခေါင်းညိတ်လိုက်တယ်။
“ဒါပေမဲ့ ဖြစ်စဉ်က…” အပေါက်ကိုကျ ဘယ်လိုရှင်းပြမှာလဲ။
ယင်းကျီအမူအရာက တောင့်တင်းသွားပြီး လန်ယွီပါ ခေါင်းလှည့်သွားတယ်။ တစ်ခဏနေတော့ ယင်းကျီကပြောလာတယ်။
“အရင်တုန်းက ပင်လယ်ထဲမွေးတဲ့ တိမ်သားရဲအားလုံးက တိမ်ပင်လယ်ဧကရာဇ်နဲ့ စာချုပ်ချုပ်ကြတယ်၊ အဇဋာဧကရာဇ်ရဲ့ စာချုပ်သားရဲလိုမျိုးပေါ့၊ ဒါပေမဲ့… ငါထီးနန်းတကိချိန် တိမ်သားရဲက မမွေးသေးဘူး၊ ဒါကြောင့် အခု တိမ်သားရဲက ကလေးပဲရှိသေးတယ်၊ အသက်နှစ်ငါးထောင်ပဲ ရှိသေးတာလေ”
သူက သက်ပြင်းချပြီး တစ်စုံတစ်ရာကို မှတ်မိသွားဟန် ခေါင်းယမ်းတော့တယ်။
“အရင်တုန်းက တိမ်သားရဲတွေက တိမ်ပင်လယ်ကနေ မထွက်သွားသလောက်ပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တကယ်တမ်းကျ ခန္ဓာကိုယ်တစ်ခုတည်းပဲလေ၊ သူတို့က အသွင်ပုံစံတွေရှိပေမဲ့ သူတို့ထွက်သွားတာနဲ့ တိမ်ပင်လယ်က ခြောက်ကပ်ပြီး တစ်ဝက်လောက် ကျုံ့သွားလိမ့်မယ်၊ ဒါပေမဲ့ ဒီတိမ်သားရဲကတော့ ကလေးပဲရှိသေးတယ်”
“သူက တိမ်ပင်လယ်ကနေ ထွက်သွားချင်တာလား” ကူယွဲ့ မေးလိုက်တယ်။ သူတို့ သေချာပေါက် တဇွတ်ထိုးဆန်တဲ့ကလေးကို ပျိုးထောင်ခဲ့တာပဲ
“ဒါတင်မဟုတ်ဘူး…” ယင်းကျီအမူအရာကို ပိုပြီးတော့တောင် ဖတ်မရတော့ဘူး။
“ဒီကိစ္စကြောင့် ဧကရာဇ်လန်ယွီကို လှမ်းခေါ်ခဲ့တယ်လေ၊ ဒါပေမဲ့…” သူက လန်ယွီ့ကို လှမ်းကြည့်လိုက်တယ်။ လန်ယွီက အကြောင်းအရင်းကို ဘယ်လိုအစပျိုးရမလဲ မသေချာဟန် မျက်မှောင်ကြုတ်နေတယ်။ တစ်ခဏနေတော့ ယင်းကျီအံကြိတ်ပြီး ထရပ်လိုက်တယ်။
“တစ်ချက်ကြည့်ဖို့ အနောက်ကလိုက်ခဲ့ရင် နားလည်သွားပါလိမ့်မယ်”
လူတိုင်းက အူကြောင်ကြောင်ဖြစ်ကုန်တယ်။ ဒါပေမဲ့ သူတို့က ထူးဆန်းဖြစ်စဉ်ကို စုံစမ်းဖို့လာခဲ့တာလေ။ ဧကရာဇ်ယင်းကျီက မကောင်းဆိုးဝါးတွေနဲ့ ဘာမှမပတ်သက်ဘူးပြောပေမဲ့လည်း ကိုယ်တိုင် မျက်မြင်တွေ့ရတာ ပိုကောင်းမယ်။ ဒါကြောင့် သူတို့ထရပ်ပြီး သူ့နောက်လိုက်ခဲ့ကြတယ်။
ယင်းကျီက ခေါင်းဆောင်ပြီး သူတို့အရှေ့အရပ်ဆီ ပျံသန်းခဲ့ကြတယ်။ သူတို့အောက်မှာတော့ တောအုပ်တွေနဲ့ တောင်တန်းတွေရဲ့အရိပ်တွေကို မှုန်ပျပျမြင်နေရတဲ့ တမျှော်တခေါ်ပင်လယ်ပြာ။
ဆယ်မိနစ်နေတော့ သူတို့ပန်းတိုင်ဆီ ရောက်ခဲ့ကြတယ်။ ကူယွဲ့ ဟိုဟိုဒီဒီကြည့်ပြီး ဒါ တင်ပြလာတဲ့ ထူးဆန်းဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆိုတာ အတည်ပြုလိုက်တယ်။
အရင်က သူတို့ တိမ်ပင်လယ်အောက်မှာတုန်းက ရေတံခွန်ကြီးတစ်ခုကိုပဲ မြင်ရပေမဲ့ အခု အထက်ပိုင်းမှာ ရှိနေပြီဆိုတော့ ဝဲဂယက်ကြီးတစ်ခုကို မြင်လိုက်ရတယ်။ အဲအပေါ်မှာတော့ ပင်လယ်အောက်ခြေထိရောက်တဲ့ ရွှေရောင်အင်းကွက်တစ်ခု တောက်ပနေတယ်။ ကြည့်ရတာ အကာအကွယ်နံရံတစ်မျိုးမျိုးဖြစ်ပုံပဲ။
အမတတချို့က နေရာကိုစောင့်ကြပ်နေတယ်။ ကောင်းကင်တံခါးက အစောင့်တွေနဲ့ ဆန့်ကျင်ဘက် ဒီလူတွေအားလုံးက ယောက်ျားတွေ။ သူတို့အားလုံးက အဆင့်မြင့်အမတနဲ့ အထက်တွေ။ တချို့ဆို ဧကရာဇ်ငယ်နဲ့ အမတဧကရာဇ်တွေပါ ဖြစ်နေတယ်။ အားလုံးက ဝဲဂယက်အောက်က တစ်ယောက်ယောက်ကို ထိတ်ထိတ်ပျာပျာစကားပြောနေတဲ့ပုံ။
သူတို့ ဝဲဂယက်နားနီးလာချိန် လှိုင်းကြီးတစ်ခု ရုတ်တရက်မြင့်တက်လာတယ်။ ငါးအမြီးပုံစံအဖြစ် အသွင်ပြောင်းသွားပြီး အမတအုပ်စုကို ရိုက်ချတော့တယ်။ တချို့က အချိန်မီ ထွက်မပြေးနိုင်ဘဲ ရေထဲရိုက်ချခံလိုက်ရတော့တယ်။
“ရောင်းရင်းအမတတို့၊ ဘာဖြစ်နေလဲ မြင်မှာပါ၊ တိမ်သားရဲက ထွက်သွားဖို့ကို မရမကတောင်းဆိုနေပြီး တိမ်ပင်လယ်မှာ အပေါက်တစ်ပေါက်ပါ ဖြဲခဲ့တော့ ထူးဆန်းတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါပဲ၊ အင်းကွက်ချပေးတဲ့ ဧကရာဇ်လန်ယွီကြောင့်သာ သူ့ကိုအချိန်မီတားနိုင်ခဲ့တာ၊ ဒါပေမဲ့ ဒီအင်းကွက်တွေက ကြာကြာမထိန်းနိုင်ဘူးလေ…” သူက လန်ဟွားကို ကြည့်ပြန်ပြီး မျှော်လင့်တကြီး မေးလိုက်တယ်။
“အာ့ဟွား နင်က မှော်အတတ်မှာ ကျွမ်းကျင်ပညာရှင်လေ၊ နင်…”
“ငါ မင်းကိုမကူညီနိုင်မှာ စိုးမိတယ်” လန်ဟွား ချက်ချင်းနောက်ဆုတ်လိုက်တယ်။ ဒီတိမ်သားရဲနဲ့ တိမ်ပင်လယ်က ကိုယ်ခန္ဓာတစ်ခုတည်းဆိုတာ အသိသာကြီး။ သူ ဒီအပေါက်ကိုဖာထေးရင်တောင် တခြားနေရာမှာ နောက်အပေါက်တစ်ခုဖြဲမှာပဲ။
“တိမ်သားရဲက အပြင်ထွက်ဖို့ကို ဘာလို့အတင်းတောင်းဆိုနေတာလဲ” ချန်ကောမေးကြည့်လိုက်တယ်။
“ပုံမှန်ဆို ဒီအသွင်တွေက အတော်လေး ပိုင်နက်အစွဲရှိပြီး အလွယ်တကူ မပြောင်းလဲကြဘူးလေ”
“ဘာကြောင့်လဲဆိုတော့…”
ယင်းကျီ ရှင်းပြတော့မဲ့ဆဲဆဲ ပင်လယ်အောက်ခြေကနေ ကလေးလိုမျိုး အသံတစ်သံ မြင့်တက်လာတာကို ကြားလိုက်ရတယ်။
“မင်းတို့ရုပ်ဆိုးကောင်တွေ ငါ့ကို ထုတ်ပေးစမ်း ငါ မမလှလှတွေကို ရှာချင်တယ်”
ယင်းကျီ ။ ။ “…”
လန်ယွီ ။ ။ “…”
ဝူတိဂိုဏ်းက လူတိုင်း တောင့်ခဲသွားတယ်။ ဒီအသံက… ချက်ချင်းပဲ မျက်စိအားလုံးက တစ်ခုသော မုန်လာဥဖြူပေါ် အကြည့်ရောက်ကုန်တယ်။
“ဘာလို့ လာကြည့်နေတာလဲ” လန်ဟွားပခုံးပေါ် ထိုင်နေတဲ့ တစ်စုံတစ်ခုသောအပင်က ကြောင်အမ်းသွားတယ်။ ဒါပေမဲ့ ရှန်းရင်က လှည့်ကြည့်ချိန် သူ့မျက်လုံးတွေက တောက်ပသွားတယ်။ သူ့ခေါင်းပေါ်က နှုတ်လိုက်တဲ့ ဒုဓလီပန်းတစ်ပွင့်ကို ကမ်းပေးပြီးပြောလာတယ်။
“မမလေးအတွက်”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
လန်ဟွား ။ ။ “…”
ချန်ကော ။ ။ “…”
မင်းတို့ အသွင်ပုံစံတွေအားလုံးက ဒီလိုပြုမူကြတာလား။
“သွားစမ်းပါ”
“..
.” မုန်လာဥဖြူနှလုံးသား အပိုင်းပိုင်း ကွဲကြေသွားတော့တယ်။
…