FY အခန်း ၇၃

အခန်း (၇၃)

ဖုန်းယွီက သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ချာတိတ်လေးယောက်အား သူ့နာရီကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြလိုက်သည်။ ထိုခေတ်အခါက ရှန်ဟိုင်းအမှတ်တံဆိပ်နာရီဝတ်ဆင်သည့် သူသည် သာမန်လူ မဟုတ်ပေ။

ဖုန်းယွီသည် အလယ်တန်းကျောင်းသားတစ်ယောက်နှင့်တူပြီး သူ၏ ဝတ်စားထားပုံအရ သူက ချမ်းသာကြောင်း အခြားသူများကို ပြောနိုင်ပေသည်။ ဖုန်းယွီ၏တည်ငြိမ်နေမှုကို မြင်လိုက်ရသည့် လူငယ်လေးယောက်က သူတို့၏ဘေလ်များကို မြန်မြန်ရှင်းပြီးနောက် ထွက်သွားတော့သည်။

သူတို့က အရက်မူးနေသည့်အတွက် မိန်းကလေးကို နှောင့်ယှက်မိကြောင်း ဆင်ခြေဆင်လက်အဖြစ် ပေးခဲ့သည်။ ဖုန်းယွီနှင့် အခြားသူများက သူတို့ကို ကြောက်လျှင် သူတို့က တစ်ခုခု မှားယွင်းအောင် ပြုလုပ်မည်ဖြစ်သည်။ သို့သော် သူတို့တွေ့သည့်တစ်ယောက်က တည်ငြိမ်ပြီး ကြောက်လန့်မှုမရှိပါက သူတို့ ထွက်ပြေးမည်ပင်။

ဖုန်းယွီက အမှန်တရားကို ပြောပါက သူ၏ယောက်ဖက ခြေကျိုးဝမ့်နှင့် အလုပ်တွဲလုပ်သည့်အတွက် သူတို့၏ခြေထောက်များ ကျိုးသွားမည်ပင်။

အကင်ဆိုင်ပိုင်ရှင်က ဖုန်းယွီပြောတာကို ကြားပြီးနောက် သူတို့ကို အသားကင်များနှင့် ဘီယာပုလင်းများကို ချပေးလိုက်သည်။ ဆိုင်ပိုင်ရှင်၏အတွေးတွင်

‘ဒီလောက်တောင် ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းမှားလျှောက်နေတာ၊ ငါက သူတို့ကို ကျောင်းသားကောင်းလေးတွေလို့ ထင်နေတာ၊ နောင်ကျရင် သူတို့တွေက ဂိုဏ်းစတားတွေ ဖြစ်လာမှာ ’

ထမင်းစားပြီးနောက် ဖုန်းယွီက လီနကို ပြန်ပို့စဉ် ဝမ်တုန့်ကျွမ်းကလည်း ဖက်တီးမလေးကို ပြန်ပို့၏။

“နင့် ယောက်ဖက တကယ်ကြီး ဂိုဏ်းစတားလား ”

လီနက မေးလိုက်သည်။

“ငါက သူတို့ကို ခြောက်လှန့်ရုံပါ၊ နင်လည်း ယုံနေတာလား ”

“ငါ သူတို့ကို မလိမ်ဘူးဆိုရင် သူတို့က ထွက်သွားပါ့မလား ”

ဖုန်းယွီက ရယ်လိုက်သည်။ သူသည် ကောင်းသည့်သူတစ်ယောက် မဟုတ်သော်ငြား သူက မြေအောက်လောကတွင်းသို့ မည်သည့်အချိန်ခါမှ မဝင်ပေ။ သူက တရားဝင်နည်းလမ်းဖြင့် ရရှိလာသည့် ငွေဖြူများကိုသာ သုံးဖြုန်းခြင်း ဖြစ်သည်။ အဘယ့်ကြောင့် တရားမဝင်သည့် စီးပွားရေးလုပ်ငန်းများကို သူ လုပ်မည်နည်း။

လီနသည် ကုတင်ပေါ်တွင် လှိမ့်နေပြီး ဟိုဘက်လှည့်၊ ဒီဘက်လှည့်ဖြင့် မအိပ်နိုင် ဖြစ်နေသည်။ သူမက ဖုန်းယွီ၏ မိသားစုအကြောင်း ကောင်းကောင်းသိသည်။ သူ၏မိသားစုက လယ်သမားများ ဖြစ်ကြသည်။ သူတို့က မဆင်းရဲသော်ငြား မချမ်းသာပေ။

သို့သော် အဘယ့်ကြောင့် ဖုန်းယွီက ယခုနှစ်အတွင်း အလွန်ချမ်းသာလာရသနည်း။ သူကိုယ်တိုင် ကားမောင်းသည်။ အရည်အသွေးမြင့် ထုတ်ကုန်များကိုသာ ဝတ်ဆင်သည်။ မြို့တော်တွင် တိုက်ခန်းတောင် ရှိလိုက်သေးသည်။ သူ၏ယောက်ဖက မြေအောက်လောက ကလား။ ထိုအခါ သူသည်လည်း ကောင်းသည့်သူတစ်ယောက် ဖြစ်မည် မဟုတ်တော့ပေ။

လီနက စိုးရိမ်သွားသည်။ ဖုန်းယွီ၏ပိုက်ဆံများက တရားဝင်သည့်နည်းလမ်းများမှ လာသည်မဟုတ်ပေ။ အထူးသဖြင့် ဖုန်းယွီက သူမကို ပေးသည့်လက်ဆောင်များက အတော့်ကို တန်ဖိုးကြီးသည်။သူမက သူ၏လက်ဆောင်များကို ထပ်လက်မခံရန် ဆုံးဖြတ်လိုက်သည်။

တနင်္ဂနွေနေ့မနက်တွင် ဖုန်းယွီက ဆယ်နာရီတွင် နိုးလာခဲ့သည်။ သူ ဗိုက်ဆာသည့်အတွက် နိုးလာခြင်း ဖြစ်သည်။ မီးဖိုချောင်တွင် တစ်ခုခုစားပြီးနောက် ကိုယ်လက်ဆေးကြောပြီးနောက် ကုမ္ပဏီကို ထွက်သွား၏။

ထိုနေ့က ကီရီလန်ကိုဆီ ပိုက်ဆံပို့ပေးရမည့်နေ့ဖြစ်ပြီး ဖုန်းယွီက မည်သည့်အခါမှ နောက်မကျပေ။ သူက ကီရီလန်ကိုနှင့် အချိန်အကြာကြီး အလုပ်လုပ်ချင်၏။

ထိုက်ဟွကုန်သွယ်ရေးတွင် စာရင်းကိုင် မရှိပေ။ ငွေရေးကြေးရေး ကိစ္စအားလုံးကို ဖုန်းယွီသာ ကိုင်တွယ်၏။ ကံကောင်းသည်မှာ ထိုခေတ်အခါက စာရင်းကိုင်လုပ်ရန်အတွက် စာရင်းကိုင်အောင်လက်မှတ် မလိုပေ။ မဟုတ်ပါက ဖုန်းယွီ ပိုခေါင်းကိုက်ရမည် ဖြစ်သည်။

ထိုက်ဟွကုမ္ပဏီတွင် ပိုက်ဆံ ဘယ်လောက် ရှိမည်နည်း။ ဘယ်လောက် အမြတ်ရှိမည်နည်း။ ဖုန်းယွီသာ အသိဆုံးဖြစ်၏။ လီရှစ်ချင်တောင် အကြမ်းဖျင်း ခန့်မှန်းနိုင်ပြီး အခြားသူများက မှန်းဆရုံသာ တတ်နိုင်သည်။

နောင်နှစ်တွင် ဖုန်းယွီသည် ကုမ္ပဏီမှ ပိုက်ဆံအကုန်လုံးကို ထုတ်ယူပြီး စတော့စျေးကွက်တွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ထိုအရာက ဖုန်းယွီအတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်စေ၏။

ပြင်ပမှ စာရင်းကိုင်များကို ဖုန်းယွီ မယုံကြည်ရသည့် နောက်တစ်ချက်က ကုမ္ပဏီ၏ပိုက်ဆံကို အလွဲသုံးစားလုပ်ပြီး ထွက်ပြေးသည့် ဥပမာများစွာ ရှိသည့် အတွက်ပင်။ ထပ်ပြောရလျှင် ထိုက်ဟွကုန်သွယ်ရေး၏အကောင့် တွင် ပိုက်ဆံများစွာ ရှိသည်။ ထိုခေတ်တွင်သာမက သူ၏အရင်ဘဝတွင်လည်း အန္တရာယ်ရှာပြီး ငွေကြေးအလွဲသုံးစားလုပ်သူ အများအပြားရှိသည်။

ထိုခေတ်အခါက နည်းပညာကလည်း မဖွံ့ဖြိုးသေးပေ။ ပြီးနောက် ရထားလက်မှတ်များတွင်လည်း နာမည်သွင်းရန် မလိုအပ်ပေ။ လမ်းပေါ်များတွင်လည်း လုံခြုံရေးကင်မရာများ မရှိပေ။ တစ်ယောက်ယောက်က လွတ်မြောက်ပြီး တောင်ကြားရှိရွာတွင် နှစ်များစွာ ပုန်းအောင်းနေပြီး နောက်တစ်နှစ်တွင် သူက ပိုက်ဆံများကို သုံးပြီး နာမည်အစစ်တစ်ခု ရနိုင်သည်။ ထိုနည်းဖြင့် သူက လွတ်မြောက်သွားပြီး အခြားမြို့တစ်မြို့တွင် နေနိုင်မည်ဖြစ်၏။

အမှတ်မမှားရလျှင် ပတ်ဝန်းကျင်တွင် ရဲဝန်ထမ်းကောင်းများ အမြောက်အများရှိသည်။ သို့သော် ထိုနေရာတွင် စုန်းပြူးများလည်း ပါလာတတ်၏။ အထူးသဖြင့် ကျေးရွာများတွင် ဖြစ်သည်။ ရွာအုပ်ချုပ်ရေးမှူးက အာမခံပေးပါက ရဲစခန်းအနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိတော့ပေ။ ပြီးနောက် ခေါင်းဆောင်က တစ်ယောက်ယောက်၏ဆွေမျိုးဟု အမည်တပ်ပါက သူသည် နောက်ထပ် နာမည်ကတ်အသစ် ရသွားမည်ပင် ဖြစ်သည်။

ဖုန်းယွီသည် လီရှစ်ချင်တစ်ယောက်ကိုသာ အလုံးစုံ ယုံကြည်သည်။ သို့သော် သူသည် စာရင်းဇယားအကြောင်းကို မသိပေ။ ပြီးနောက် ထိုအရာများကိုလည်း သင်ယူလိုစိတ်မရှိပေ။ ဖုန်းယွီ၏ စာရင်းဇယားများကို သူက ယုံကြည်ပြီး သူ၏ရှယ်ယာများမှ အမြတ်ငွေရရန်သာ စောင့်ဆိုင်းနေကြောင်း သူက ပြောသည်။

ထိုခေတ်အခါက ငွေလွှဲရန်က အလွန်ရှုပ်သည့် ကိစ္စတစ်ရပ်ပင် ဖြစ်သည်။ ထိုအရာက ဖုန်းယွီအတွက် ပထမဆုံးငွေလွှဲခြင်း မဟုတ်သော်ငြား သူ့အတွက် ခက်ခဲနေသေးဆဲ ဖြစ်သည်။ ဘဏ်ဝန်ထမ်းများ၏ အကူအညီနှင့်တောင် ငွေလွှဲကြောင်း အတည်ပြုရန်အတွက် တစ်နာရီခန့် ယူရသည်။ သူ တခြားလူကို ငွေလွှဲသည့်အခါ အဘယ့်အတွက် ဘဏ်မန်နေဂျာ၏ ခွင့်ပြုမှုကို လိုအပ်သနည်း။

ဘဏ်ကို သွားပြီးနောက် သူသည် ကားပြန်လည်တပ်ဆင်ခြင်း အလုပ်ရုံကို သွားသည်။ ပြန်လည်တပ်ဆင်ပြီးသည့် ဇိမ်ခံကားများက ဖုန်းယွီအတွက် ငွေအထပ်လိုက်ပမာ ဖြစ်နေသည်။ ဘဏ်အပေါ် မကျေနပ်ချက်များက ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ဝူကျီကန်းနှင့် ကျန်သည့်သူများက အလုပ် အလွန်ကြိုးစားကြသည်။ သူတို့က လူများစွာကို ကားကြည့်ရန်ခေါ်လာကြသည်။ ထိုလူများထဲမှ အချို့က ချက်ချင်းပင် ကားဝယ်သွားကြပြီး အခြားလူများက တစ်ပတ်ရစ်ကားများအတွက် စျေးကြီးသည်ဟု တွေးကြသည်။ တစ်ပတ်ရစ်ကားအတွက် သိန်းချီလား။ သူတို့အတွက် စဉ်းစားရန် အချိန်တစ်ချို့ လိုအပ်ပေသည်။

ဖုန်းယွီသည် စျေးကွက်အပေါ် အလွန်အကောင်းမြင်သည်။ ဘင်းမြို့တော်၏ လူဦးရေက များပြားသော်ငြား ချမ်းသာသည့်သူ အများအပြားမရှိပေ။ ထိုချမ်းသာသူများက Mercedes Benz နှင့် BMW ကားသာ ကြည့်ကြသည်။ သို့သော် Rolls-Royce နှင့် Toyota Crown ၏ ရောင်းအားကလည်း မဆိုးပေ။

ဖုန်းယွီ၏ ပန်းသတင်း လေညှင်းလွှင့်သည့် စျေးကွက်ဖြန့်ချီကြော်ငြာမှုက သိပ်အရာမထင်ပေ။ ထိုမြို့တော်တွင် ရူးမိုက်သည့်သူ အနည်းငယ် မရှိပေ။ ထို့အတွက် သူက သတင်းစာတိုက်ကို သွားပြီး ကြော်ငြာရန်အတွက် နေရာကို ပေးချေလိုက်သည်။ ထို့နောက် သူက လေ့ကျင့်ရေးကျောင်းမှ လေယာဉ်မယ်အချို့ကို ခန့်အပ်ပြီး လေယာဉ်မယ်ဝတ်စုံများဖြင့် ကားဘေးနားတွင် ရပ်စေသည်။

တစ်ရက်ကို ကားမော်ဒယ်တစ်ခု၊ တစ်ရက်တွင် လှပသည့် မော်ဒယ်တစ်ယောက် ထိုအရာက ဆယ်ရက်တိုင်တိုင်လုပ်ခဲ့သည်။ ဆယ်မျိုးသော ကားအမျိုးစားနှင့် လှပသည့် မော်ဒယ်ဆယ်ယောက် ဖြစ်သည်။ ထိုကြော်ငြာများက သူဌေးများကို အိပ်၍ မပျော်ဖြစ်စေ၏။

ထိုကြော်ငြာများ၏ လှုံ့ဆော်မှုမှာ ဖုန်းယွီက နောက်ထပ်ကား အစီးနှစ်ဆယ်မှ သုံးဆယ်ကြားရောင်းချနိုင်မည်ဟု အကြမ်းဖျင်းခန့်မှန်းမိသည်။ သို့သော် ဘင်းမြို့တော်၏စျေးကွက်က အရမ်းမကြီးပေ။ ပြီးနောက် သူ၏ပြိုင်ကားများကလည်း မရောင်းဘဲ ကျန်ရှိနေသေးသည်။

ထိုခေတ်အခါက လမ်းများ၏အခြေအနေက အနာဂါတ်လောက် မကောင်းပေ။ သူတို့ ပြိုင်ဆိုင်ရန်အတွက် အဝေးပြေးလမ်းမများလည်း များများစားစား မရှိပေ။ ဒုတိယအသုတ်မှ ပါလာသည့် ပြိုင်ကားများက မရောင်းရဘဲ ကျန်နေသေးသည်။

နောက်နှစ်လကြာပြီးနောက် တစ်ပတ်ရစ်ကား နောက်ဆုံးအသုတ် ရောက်မည် ဖြစ်သည်။ ဖုန်းယွီသည် ထိုကားများကို နှစ်လအတွင်း မရောင်းချနိုင်ခဲ့လျှင် သူ့တွင် ငွေအကြပ်အတည်းကိစ္စများ ကြုံရနိုင်၏။

“ကျီကန်း မင်း လူတစ်ယောက်ကို ခေါ်သွားပြီးတော့ လုံကျန်းပြည်နယ်နဲ့ ကပ်ရပ်က ပြည်နယ်ကိုသွား၊ ပြည်နယ်ရဲ့မြို့တော် ကျီးလန်ကို မနက်ဖန်သွား၊ ဒီမှာ လုပ်သလိုမျိုး ကြော်ငြာတွေကို သတင်းစာထဲမှာ ထည့်ခဲ့လိုက် ”

“ကိစ္စမရှိပါဘူး၊ ကျွန်တော့်ကို စိတ်ချထားလိုက်ပါ ”

မန်နေဂျာဖုန်းက သူတို့ကို ခရီးထွက်ခိုင်းသည့်အခါ သူတို့က ခရီးသွားလာစရိတ် အများအပြားရမည်ဖြစ်သည်။ ထို့နောက် ထိုညတွင် ဖုန်းယွီက မအိပ်ခင် ဝမ်တုန့်ကျွမ်းနှင့် ဂိမ်းကစားနေသည်။

တနင်္လာနေ့တွင် သူက အတန်းကို ရောက်သည့်အခါတွင် တစ်ခုခု မူမမှန်သလို သတိပြုမိသွားသည်။ ထိုအရာက အခြားကျောင်းသားများ သူ့ကို ကြောက်ရွံ့နေခြင်း ဖြစ်၏။

ထိုအရာက မဖြစ်နိုင်ပေ။ သူသည် ကျောင်းတွင် ရန်ဖြစ်မှု သို့မဟုတ် ဒေါသထွက်မှုတောင် မရှိပေ။ အဘယ့်ကြောင့် သူ့ကို လူတိုင်းက ကြောက်ရွံ့နေရသနည်း။

ကျောင်းသားအချို့က အချင်းချင်း တီးတိုးပြောနေကြသည်။ ဖုန်းယွီက သန့်စင်ခန်းမှ ပြန်လာသည့်အခါ သူ ဘာဖြစ်သည်မှန်းကို နောက်ဆုံးတွင် နားလည်သွားသည်။

“ကောလဟာလတွေက ဖုန်းယွီရဲ့ယောက်ဖက ဂန်းစတားတဲ့၊ သူက ချိုင်းထောက်သခင်ဆီမှာ အလုပ်လုပ်နေတာ ”

“ဘာလဲ၊ မင်းလည်း အဲ့ဒါကို ယုံတာလား ”

“မင်းစဉ်းစားကြည့်လေ၊ ဘာကြောင့် ဖုန်းယွီက စည်းကမ်းထိန်းသိမ်းရေးမှူးလီးကို မတ်တပ်ရပ်ပြီး စိန်ခေါ်ရဲတာလဲ၊ အဲ့ဒီအပတ်ဖြစ်ပြီးတဲ့ အခါမှာလည်း သူ ဘာကြောင့် ပြစ်ဒဏ်မခံရတာလဲ ”

“မင်းတို့တွေ အကုန်လုံး ကျောင်းစဖွင့်တုန်းက ကိစ္စကို မှတ်မိသေးလား၊ ငါတို့တွေ ဝင်ခွင့်မှတ်အကြောင်းပြောနေကြတာလေ၊ ဖုန်းယွီရဲ့ ဝင်ခွင့်မှတ်က သုံးမှတ်ထက်တောင် နည်းသေးတယ်၊ ပြီးတော့ ဝမ်တုန့်ကျွမ်း၊ သူကလည်း အမှတ်သုံးဆယ်အောက်ပဲ၊ သူတို့တွေက ဘင်းမြို့တော်မှာ နေထိုင်တဲ့သူတွေ မဟုတ်ကြဘူး၊ သူတို့က ဘင်းမြို့တော်နားက လယ်တောက၊ သူတို့တွေ ဘယ်လိုလုပ် ဒီကျောင်းကို ဝင်နိုင်ပါလိမ့် ”

“ငါ့ရဲ့အဖေက ဖုန်းယွီရဲ့ယောက်ဖကို တွေ့ဖူးတယ်၊ သူက အရပ်ရှည်ရှည်၊ ဒေါင်ကောင်းကောင်းနဲ့ ကြည့်လို့ အလွန်ကောင်းတယ်၊ သူ့ရဲ့လက်သီးက ရေအိုးကြီးအတိုင်းပဲ၊ ရေအိုးကြီးထက်ကို ပိုကြီးတယ်၊ ကောလဟာလတွေ ပြောကြတာက သူက ချိုင်းထောက်သခင်ရဲ့ ညာလက်ရုံးပဲ ”

“ပြီးတော့လေ ဖုန်းယွီရဲ့ယောက်ဖကို ဒုကျောင်းအုပ်ကတောင် ကြောက်တယ်တဲ့၊ ငါ့အထင်တော့ ဖုန်းယွီက နောက်ကျရင် ဒီကျောင်းမှာ သူဌေးကြီးတစ်ယောက် ဖြစ်တော့မယ့်ပုံပဲ၊ ငါတို့တွေ သူနဲ့ ဝေးဝေးမှာနေတာ ကောင်းလိမ့်မယ်၊ သူ့ကို ရန်သွားမစနဲ့၊ လွန်ခဲ့တဲ့ရက်တွေတုန်းက ကျောင်းအပြင်မှာ ဖုန်းယွီရဲ့ယောက်ဖကို ဂိုဏ်းစတားဆယ်ယောက်က ခေါ်တယ်တဲ့ ”

ထိုကျောင်းသားများက ပုံပြင်များကို ဖန်တီးနေကြခြင်း ဖြစ်သည်။ သို့သော် သူတို့က ဖုန်းယွီက ခြေကျိုးဝမ့်ကို တစ်ချက်ထဲနဲ့ ကန်လိုက်ပြီး စုန့်လောင်စီကို တစ်ချက်ထဲနဲ့ သတ်လိုက်သည်ဟူ၍တော့ ပုံပြင်မလုပ်ကြပေ။

ဖုန်းယွီက သန့်စင်ခန်းတံခါးကို ဖွင့်လိုက်ပြီး ထိုကျောင်းသားများကို သူ့သွားများဖြင့် ဖြဲခြောက်လိုက်သည်။ ထိုကျောင်းသားများက အသက်လုပြေးကြတော့သည်။

ဖုန်းယွီက ဤကောလဟာလများကို ဘယ်သူဖြန့်လည်း ဆိုတာ သိသည်။ ထိုသူက ဖက်တီးကလေးပင် ဖြစ်ရမည်။ ထိုအကြောင်းအရာကို မေ့လိုက်တော့။ ဘာရည်ရွယ်ချက်ကို သူမ ရချင်တာပဲ ဖြစ်ဖြစ်၊ အနည်းဆုံးတော့ ကျောင်းတွင် သူ့ကို ရန်စရဲမည့်သူ ရှိမည်မဟုတ်ပေ။ ပြီးတော့ လီန အနားလည်း မည်သူမှ ကပ်ရဲမည် မဟုတ်ပေ။

ဖုန်းယွီက နာမည်ဆိုးဖြင့် ကျော်ကြားနေသော်ငြား ဖုန်းယွီက ဂရုမစိုက်ပေ။ ထိုအရူးဝမ်တုန့်ကျွမ်းကတော့ အလွန်ဂုဏ်ယူနေသည်။ သူက ဖုန်းယွီ၏နာမည်ဆိုးကို အသုံးချကာ နောက်တစ်တန်းရှိ အချောဆုံးမိန်းကလေးဆီ အခြားလူများ မကပ်အောင် လုပ်လိုက်သည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset