အခန်း ၁၉၉ ။ တိမ်ပင်လယ်မှဖြစ်ရပ်ဆန်း
“အဇဋာဧကရာဇ်က ဘာဆိုလိုတာလဲ” ကူယွဲ့ မေးလိုက်တယ်။
ချန်ကောက တစ်ခဏ တိတ်သွားတယ်။
“ကျုပ် နဉ်ဇီအန်းဖြစ်နေတုန်း နတ်ဆိုးအစေ့ ကျုပ်ကိုယ်ထဲစိုက်ထားတဲ့အချိန်ကို အားလုံး မှတ်မိကြသေးလား”
လူတိုင်း သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်နေကြတယ်။ ကူယွဲ့က ရွှမ်ထုံ့ကို ခိုးကြည့်လိုက်တော့ တစ်ခုခုလွဲနေတာ သတိထားမိပုံမပေါ်။
“ကျုပ်မှတ်မိတယ် အဲဒါရှင်းဟန်နဲ့ဆိုင်နေတာလား”
“အမှန်ပဲ” ချန်ကော ခေါင်းညိတ်ပြလိုက်တယ်။
“ကျုပ် ခုမှ အဲနေ့ကိုမှတ်မိတာ၊ ကျုပ် နတ်ဆိုးအစေ့ကို မတွေ့ခင်က ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို နှိမ်နင်းဖို့ ဟင်းလင်းပြင်မြေဆီ သူဖိတ်ကြားတာ ခံခဲ့ရတယ်၊ သားရဲက နှစ်ပေါင်းများစွာ ရေခဲနေခဲ့တဲ့ ယီရွှေ့အရှေ့ပိုင်းမှာလို့ သူကပြောတယ်၊ လူတွေက သူ့ကို ဟင်းလင်းပြင်မြေထဲ မောင်းထုတ်ဖို့ နည်းလမ်းအမျိုးမျိုးစဉ်းစားခဲ့တယ်၊ နောက်တစ်ကြိမ် ထွက်မလာအောင် အဲဒါကိုနှိမ်နင်းဖို့ သူက ကျုပ်ကို ဟင်းလင်းပြင်မြေဆီ ဖိတ်ကြားခဲ့တယ်၊ ကျုပ်ဖုန်းချန့်တိုက်က ယီရွှေ့နဲ့တကယ်နီးတော့ သားရဲသာ လွတ်မြောက်သွားရင် ကျုပ်တို့ပါ သက်ရောက်မှုရှိမှာစိုးရိမ်ခဲ့တယ်၊ အဲဒါကြောင့် သူ့ကို သွားကူညီပေးဖို့ သဘောတူခဲ့တာပေါ့”
“အဲဒါက… နတ်ဆိုးသားရဲလား” ကူယွဲ့ ထိတ်လန့်မှုနဲ့ လိုက်ရေရွတ်လိုက်တယ်။
“နောက်ကျမှပဲ သားရဲကြီးက လုံးဝအနက်ရောင်ဆိုတာ ကျုပ်နားလည်ခဲ့တာ၊ အရမ်းကိုမြန်လွန်းလို့ သူ့အရှိန်အဝါကို အာရုံမခံမိလုနီးပါးပဲ၊ အစတုန်းက ဒီသားရဲက ထူးခြားရုံလို့ ထင်ခဲ့တာ၊ အခုပြန်စဉ်းစားကြည့်တော့ ဟင်းလင်းပြင်မြေက မသေမျိုးနဲ့ နတ်ဆိုးချီတွေ ရှုပ်ထွေးနေတယ်ဆိုတာ သိတာမို့ သားရဲထဲ နတ်ဆိုးချီရှိတာကို နားမလည်ခဲ့တာနေမယ်”
ချန်ကော မျက်မှောင်ကြုတ်လိုက်တယ်။
“ကျုပ်တို့ အဲသားရဲကို နှိမ်နင်းပြီး သိပ်မကြာခင်မှာပဲ ကျုပ် နောက်ထပ်တိုက်ခိုက်မှုမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်၊ အဲတော့မှ ကျုပ်နားလည်ခဲ့တာက ကျုပ်ကိုယ်ထဲ နတ်ဆိုးအစေ့ စိုက်ခံလိုက်ရပြီဆိုတာပဲ”
“ဆိုလိုတာက… ရှင်းဟန်က ခင်ဗျားကိုယ်ထဲ နတ်ဆိုးအစေ့စိုက်ဖို့ အဲကိုတမင်သက်သက် မျှားခေါ်ခဲ့တယ်ပေါ့” ကူယွဲ့ အကျဉ်းချုပ်လိုက်တယ်။
ချန်ကောကိုယ်တိုင်လည်း သိပ်တော့မသေချာဘူး။ တကယ်လို့ ဒီနှစ်တွေအားလုံးအပြီးမှာတောင် သူ့ကိုယ်ထဲ နတ်ဆိုးအစေ့စိုက်သွားခဲ့တာ ဘယ်သူလဲ အဖြေမထုတ်နိုင်ရုံပဲ။ သူနဲ့ တိုက်ခိုက်ခဲ့တဲ့လူလို့ပဲ အမြဲတွေးခဲ့တာ။ ဒါပေမဲ့ အဲလူက အမတဆိုတော့ အမတသိုင်းတွေ သုံးခဲ့တာပဲ။ ကိုယ်ထဲနတ်ဆိုးချီမရှိတဲ့လူတွေက နတ်ဆိုးအစေ့ကို စိုက်လို့မရနိုင်ဘူး။ သူက အဲတုန်းက အဇဋာဧကရာဇ်လေ – သူ့ကို အဲလောက်ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ခဲ့တဲ့သူကလည်း အဇဋာဧကရာဇ်ပဲ ဖြစ်ရမယ်။ အစတုန်းက သူ ချူရွှမ့်ကို သံသယဝင်မိခဲ့တာ – အဇဋာဧကရာဇ်ဆယ်ပါးထဲ ချန်ကောနဲ့မတည့်တဲ့ တစ်ဦးတည်းသော ဧကရာဇ်ကိုး။
သူက လန်ဟွားကို ရှုပ်ထွေးနေတဲ့ခံစားချက်တွေနဲ့ လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ ရှန်းရင်တို့တွေက တည်ငြိမ်နေသေးတာမြင်တော့ သူ့အတွေးတွေကို ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။
“လောလောဆယ် ဒီယူဆချက်မှန်မမှန် စိတ်ထဲ မထည့်ကြရအောင်၊ ငါတို့လုပ်လို့ရတာက ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုကို ဖွင့်ဖို့ပဲ၊ သူက နတ်ဆိုးမဟုတ်ရင်တောင် နတ်ဆိုးအတတ်တွေနဲ့ အရမ်းကိုရင်းနှီးနေတယ်၊ တကယ်လို့ သူ ဒါကိုကြံစည်နေခဲ့တာ အချိန်တော်တော်ကြာပြီဆိုရင် ငါတို့ သူ့ကို အလွယ်တကူရှာတွေ့နိုင်မှာမဟုတ်ဘူး”
လူတိုင်း ရုတ်တရက် မသက်မသာဖြစ်ကုန်တယ်။ ရှင်းဟန်က ပုန်းတဲ့နေရာမှာတော်လွန်းတယ်။ ပိုင်ကျောင်းနဲ့ ဒီလောက်ရှုပ်ထွေးတဲ့ ဆက်ဆံရေးနဲ့ အဇဋာဧကရာဇ်တစ်ယောက်က နတ်ဆိုးတွေနဲ့ ပတ်သက်နေမယ် ဘယ်သူတွေးမိမှာလဲ။ ပြီးတော့ သူတို့တွေ သူဘာလုပ်မလဲဆိုတာပါ ခန့်မှန်းမရဘူး။
“ဟင်းလင်းပြင်မြေက ဘာလဲ” ရှန်းရင် ရုတ်တရက်မေးလာတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒါက ပေါ်ပင်လယ်ရဲ့ နောက်ဘက်ခြမ်းမှာရှိတဲ့ ဘုံပါ” စွယ်စုံရကျမ်း ချူရွှမ်က ချန်ကောကို စိန်းစိန်းဝါးဝါးကြည့်ပြီး ချက်ချင်းရှင်းပြလာတယ်။
“အဲဒါက ပေါ်ပင်လယ်မှာရှိတဲ့ တစ်ခုတည်းသောကန္တာရပါ၊ ဒါပေမဲ့ အမတဘုံရဲ့ အနောက်ဘက်နယ်နိမိတ်နဲ့ ပိုနီးတယ်၊ အရမ်းကို ကသောင်းကနင်းဆန်တယ်လို့ ပြောကြတာပဲ၊ အဲဒါကြောင့် အဲမှာ ကြီးထွားရှင်သန်တဲ့ သက်ရှိမရှိဘူး၊ အပင်လည်းမရှိ၊ တိရစ္ဆာန်လည်းမရှိဘူးလေ၊ အဲအစား ကျောက်တုံးကျောက်ခဲတွေ၊ နတ်ဆိုးတွေ၊ ယင်ချီဓာတ်ပစ္စည်းတွေပဲ ပြည့်နေတယ်၊ အမတဘုံက ဘယ်သူမှ မသွားချင်…”
ဟိုလီရှစ်
ချူရွှမ်က ပြောနေရင်း မျက်လုံးပြူးသွားတယ်။
“ရှင်းဟန် တကယ်အဲကိုသွားတာတော့ မဟုတ်လောက်ဘူးမလား”
ခန်းမထဲကလူတိုင်းလည်း မျက်နှာပေါ် ထိတ်လန့်မှုအထင်းသား။ အဲဒါတကယ်ကိုဖြစ်နိုင်တယ်။ ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုကို ဖွင့်ဖို့ နတ်ဆိုးချီအများကြီးလိုတယ်လို့ လန်ဟွားက ပြောခဲ့တယ်လေ။ ပြီးတော့ ထွက်ပေါက်ရှိတဲ့နေရာမှာ သေချာပေါက် ထူးခြားဖြစ်စဉ် ရှိမယ်တဲ့။ အမတဘုံတစ်ခုလုံးမှာ နတ်ဆိုးချီရှိပြီး သံသယ မလှုံ့ဆော်ဘဲ ထူးခြားဖြစ်စဉ် ဖြစ်ပွားမဲ့ တစ်ခုတည်းသောနေရာက ဟင်းလင်းပြင်မြေပဲ။
“ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ဆီကနေ စုံစမ်းဖို့ လူလွှတ်ပြီးတော့မှ အဖြေသိရတော့မဲ့ပုံပဲ၊ ပြီးတော့ ဟင်းလင်းပြင်မြေကို ဝိုင်းနေတဲ့ နေရာတွေဆီ တခြားလူတွေကို လွှတ်ရမယ်”
ကူယွဲ့က အကြံပြုလိုက်တယ်။ သူ သဘောတူညီချက်အတွက် ချူရွှမ်နဲ့ ချန်ကောကို ကြည့်လိုက်တယ်။
ချန်ကော ခေါင်းညိတ်ပြီး ခန်းမအပြင်ထွက်ခဲ့တယ်။ သူ အင်းကွက်အစီအရင်တစ်ခု ဖန်တီးပြီး ပျောက်သွားလေရဲ့။
ဖြစ်နိုင်တာက ချူရွှမ်ပြောသလိုပဲ ချန်ကောက အဇဋာဧကရာဇ်တွေအားလုံးကြား အကောင်းဆုံး အသိအကျွမ်း ဆက်ဆံရေးရှိတဲ့ပုံ။ နှစ်ရက်အတွင်းပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ဆီကနေ အဖြေပြန်ရလာတယ်။
မထင်မှတ်ထားစွာပဲ ဟင်းလင်းပြင်မြေမှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားတာမျိုးမရှိဘူးတဲ့။
ဒါပေမဲ့ တစ်ဖက်က အရေးကြီးသတင်းရှိတယ်လို့လည်း ပြောလာတယ်။ ပေါ်ပင်လယ်နဲ့ဆက်နေတဲ့ တိမ်ပင်လယ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းမှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုမြင်ခဲ့ရတယ်တဲ့။ ရေတွေမြင့်တက်လာပြီး အနားက ယီရွှေ့တိုက်ကြီးကို ရေလွှမ်းသွားခဲ့တယ်။ တိမ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ယင်းကျီတောင် ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ တိမ်ပင်လယ်က အတော်လေးသီးခြားဆန်ပြီး အဲကအမတတွေက တခြားအမတတွေနဲ့ သိပ်မဆက်ဆံတာမို့ အဲကအခြေအနေက ဘယ်လိုမျိုးလဲဆိုတာ သူမသေချာဘူး။
ကူယွဲ့ အသက်ရှူအောင့်ပြီး ကျိန်ဆဲလိုက်မိတယ်။ အခု နောက်ထပ် တိမ်ပင်လယ်ပြဿနာ ဖြေရှင်းရတော့မယ်။ သူ ပေါ်ပင်လယ်ကိုသွားမဲ့ အစီအစဉ်ကို လက်လျှော့ပြီး တိမ်ပင်လယ်ဆီ ကယ်ရမဲ့တပည့်တစ်ယောက်ရှိတာ ရုတ်တရက်သတိရသွားတဲ့ ချန်ကော၊ သူဌေးလန်၊ ယိချင်း၊ ရှန်းရင်နဲ့အတူတူ ဦးတည်ခဲ့ကြတယ်။
သူတို့တွေ ရှင်းဟန်ဘာလုပ်နေလဲဆိုတာ အတိအကျမသိရခင်ထိ ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူး။ ယီရွှေ့မှာတုန်းက သူတို့က သူ့ရဲ့ ဝိညာဉ်လဲမဲ့အစီအစဉ်ကို ဖျက်ဆီးခဲ့သူတွေ။ သူတို့ကို ဘဝပေးရန်သူတွေလို့ သတ်မှတ်မှာပဲ။ ဒီလူ ဘယ်လောက်တောင် အကြံအစည်ကြီးလဲသိတာမို့ သူက သူတို့ကိုဖြေရှင်းဖို့ နည်းတစ်ခုခုစဉ်းစားနေမှာလို့ခန့်မှန်းမိတယ်။ ဝူတိဂိုဏ်းက သူ့ဟာနဲ့သူတောင် ရှုပ်ယှက်ခက်နေတာ – ထိုင်နေပြီး ပြဿနာက တံခါးလာခေါက်မှာကို စောင့်နေမဲ့အစား ဘာလို့ ခြေတစ်လှမ်းမဦးရမှာလဲ။
ချူရွှမ်က ဂိုဏ်းကို စောင့်ကြည့်ဖို့ ကျန်ရစ်ခဲ့တယ်။ သူတို့တွေ အဲမှာဘာမှမဖြစ်ဘူးလို့တော့ ယုံကြည်ချက်ရှိနေတာ။ ဘာကြောင့်မှန်းမသိ ကိစ္စတွေက ထင်သလောက်မရိုးရှင်းဘူးလို့ ကူယွဲ့ခံစားနေရတယ်။
ငါးယောက်သား ရက်အနည်းငယ်ကြာပျံသန်းပြီးနောက်မှာတော့ တိမ်ပင်လယ်ဆီ ရောက်ခဲ့တယ်။ အဝေးကနေပြီးတော့ ကောင်းကင်ကနေ မြေကြီးဆီ အဝတ်ဖြူစတစ်စ မျောလွင့်ကျဆင်းနေတာ မြင်လိုက်ရတယ်။ ကြည့်ရတာ ကောင်းကင်နဲ့မြေကြီးကို သွယ်ထားတဲ့ ပိုးသားဖဲကြိုးနဲ့ တူတယ်။ ရေက ရပ်ဝန်းကနေ ယွင်ဖုန့်တိုက်ကြီးထဲ စီးကျနေတယ်။
ဒါက ကူယွဲ့၊ ရှန်းရင်နဲ့ ယိချင်းတို့ တိမ်ပင်လယ်ဆီ ပထမဆုံးအကြိမ်ရောက်ဖူးတာပဲ။ အလိုလို သုံးယောက်သား ကောင်းကင်ကိုမော့ကြည့်လိုက်တော့ စိမ်းပြာရောင်ဖြစ်နေတာမြင်လိုက်ရတယ်။ သူတို့ခေါင်းပေါ်မှာတောင် ရေတွေက အဆက်မပြတ်လှုပ်ရှားနေတာပဲ။ သူတို့ခေါင်းပေါ်က ရေထဲမှာ ဝိညာဉ်နဲ့အမတသားရဲအမျိုးမျိုး ကြီးကြီးသေးသေး ကူးခတ်နေကြတယ်။
ဒီနေရာက တိမ်ပင်လယ်လို့ခေါ်တာ မဆန်းတော့ဘူး တကယ်ပဲ တိမ်တွေကြား ပင်လယ်တစ်ခု ရှိနေတာကိုး
“ဝိုး” ရှန်းရင်က သိပ္ပံကို ကျော်လွန်နေတဲ့ မြင်ကွင်းကို အံ့အားမသင့်ဘဲ မနေနိုင်တော့ဘူး။
“ဒီရေက… ဝူးဝူး”
သူမစကားမဆုံးခင်မှာတင် ယိချင်းနဲ့ ကူယွဲ့ အမူအရာတွေပြောင်းလဲသွားပြီး နှစ်ယောက်လုံး သူမပါးစပ်ကို ပိတ်ထားလိုက်ကြတယ်။
“ပါးစပ်ပိတ်ထားပြီး တိမ်ပင်လယ်က အမတတွေကို သွားလာခွင့်ပေးလိုက်ပါလား”
“ဆရာ တစ်ခုခုစားပါလား”
ရှန်းရင် ။ ။ “…”
ဘာဖြစ်နေလဲနားမလည်တဲ့ လန်ဟွားနဲ့ ချန်ကော ။ ။ “…”
ကူယွဲ့က ကောင်းကင်က အဝတ်ပါးကို လှမ်းကြည့်လိုက်တယ်။ ဒါကသူတို့ပြောတဲ့ ထူးခြားဖြစ်စဉ်မလား။ သူတို့တွေ ပျံသန်းသွားလိုက်ကြတယ်။ လန်ဟွားက ယိုကျနေပုံပေါ်တဲ့ ကောင်းကင်က အပေါက်ကို သေချာကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။ ဒီမှာ အာရုံခံလို့ရတဲ့ နတ်ဆိုးချီမရှိ။
ကူယွဲ့ အမူအရာ ပျက်သွားခဲ့တယ်။ နောက်တော့ သူတို့အားလုံး တိမ်ပင်လယ်ဝင်ပေါက်ဆီ ပျံသန်းလာခဲ့ကြတယ်။ သူတို့ ရွေးစရာမရှိတော့ဘဲ စကားတစ်ချက်ပြောဖို့ တိမ်ပင်လယ်အဇဋာဧကရာဇ်ကို သွားရှာရတော့မဲ့ပုံပဲ။ ဆယ်မိနစ်ကျော်အတွင်း သူတို့ကောင်းကင်တံခါးပေါက်တွေကို မြင်လိုက်ရတယ်။
ထူးဆန်းစရာကောင်းစွာပဲ ကောင်းကင်တံခါးအပြင်ဘက်မှာ အမတအစောင့်တွေ မရှိဘူး။ တံခါးအလယ်မှာ ကြီးမားတဲ့ကျောက်ပြားကြီးတစ်ချပ်ပဲ ရှိနေတယ်။ အဲပေါ်မှာတော့ စာလုံးနီကြီးတွေနဲ့ သတိပေးချက်တစ်ခု ရေးထားလေရဲ့။
[အဇဋာဧကရာဇ်ဆီမှ တော်ဝင်အမိန့် ။ ။ အမျိုးသားအမတများနှင့် ခွေးများဝင်ခွင့်မပြု]
အုပ်စု ။ ။ “…”
ဒါဘာဆိုလိုတာလဲ။ အမတယောက်ျားလေးတွေ ဒီအဇဋာဧကရာဇ်ကို ဘယ်လိုအပြစ်ပြုမိခဲ့လို့လဲ။ သူ ဘာကြောင့် ဝင်ပေါက်ကို ဒီကျောက်တုံးကြီးနဲ့ ပိတ်ထားရတာလဲ။
“တိမ်ပင်လယ်က အဇဋာဧကရာဇ်ယင်းကျီက မိန်းကလေးဆိုတာမေ့တော့မလို့”
“သူက… ပိုင်ကျောင်းလို စိတ်ထိခိုက်နာကျင်ခဲ့ရတယ်လို့တော့ မပြောနဲ့နော်”
သူက အထီးတွေအားလုံးကို မုန်းနေတာ အသိသာကြီးပဲ။
“ငါတို့ဘာလုပ်ကြမလဲ” လန်ဟွား မျက်မှောင်ကြုတ်လိုက်တယ်။
“သူ ငါတို့ကို ရှင်းဟန်အကြောင်း ပြောပါ့မလား”
“ဒီကျောက်ပြားပေါ် အင်းကွက်တစ်ခုရှိနေတယ်” ယိချင်းက လက်ညှိုးထိုးပြလာတယ်။
“ချီး၊ ဒါအထီးကျန်ယန်အင်းကွက်ပဲ ယန်ချီအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်၊ ဒီအဇဋာဧကရာဇ်က တကယ်ပဲ ယောက်ျားတွေကို ဘယ်လောက်တောင်မုန်းနေတာပါလိမ့်”
“ဒါဆို မိန်းမတွေပဲ ဝင်လို့ရတာလား”
“ရုပ်ပြောင်းရုပ်လွှဲသိုင်းသုံးရင်ရော”
“မဖြစ်နိုင်ဘူး ရုပ်ပြောင်းရုပ်လွှဲသိုင်းက အဖိုတွေရဲ့ ယန်ချီကို မဖုံးကွယ်နိုင်ဘူး”
“ငါတို့ မုန်လာဥဖြူကို မိန်းကလေးပုံစံပြောင်းခိုင်းပြီး အခြေအနေကိုစုံစမ်းခိုင်းကြည့်ရင်ရော၊ သူက ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုလုံးစီနည်းနည်းလေ – ဘာဖြစ်ချင်လဲမှ မဆုံးဖြတ်ရသေးတာ”
“ဖွီ မိန်းကလေးပုံစံ မပြောင်းချင်ပါဘူး”
“ဒါဆို ဘာလုပ်ကြမလဲ၊ ငါတို့ တိုက်ခိုက်ပြီး ဝင်လို့မရဘူးမလား၊ ငါတို့နဲ့ မိန်းမတွေလဲ ပါမလာဘူး”
“ဟိုအနောက်က ပိုးထည်အဝတ်ကနေတစ်ဆင့်ဝင်ရင်ရော”
“အဲဒါလေ…” အချိန်အကြာကြီး တိတ်နေခဲ့တဲ့ ရှန်းရင် နောက်ဆုံးတော့ မနေနိုင်တော့ဘဲ လက်ထောင်လိုက်တယ်။
“နင်တို့တွေ ငါက မိန်းကလေးဆိုတာ မေ့နေကြတာလား”
ငါးယောက်သား ။ ။ “…”
သူတို့အားလုံး အနည်းဆုံး ငါးစက္ကန့်တော့ တိတ်ကုန်ကြတယ်။
“အာ… ငါတို့တကယ်မေ့သွားတာ” ကူယွဲ့က ဖြေလိုက်တယ်။
“မုန်လာဥဖြူထက် မင်းက မိန်းမတစ်ယောက်ပုံစံ ပိုပေါ်လွင်နိုင်တာ သေချာရဲ့လား”
ရှန်းရင် ။ ။ “…” ခွေး*သား
…