အခန်း ၁၉၈ ။ မျိုးနွယ်ပြောင်းလဲခြင်း
ပိုင်ထီက ချက်ချင်း ရောက်လာတယ်။ နှစ်ရက်အတွင်း သူက သူ့သမီးကိုလာခေါ်တယ်။ သူ နောက်ဆုံးတစ်ကြိမ်တုန်းကနဲ့ အရမ်းကိုကွာခြားသွားခဲ့ပြီ။ ဒီတစ်ကြိမ် သူက အများကြီး အိုမင်းသွားတဲ့ပုံ။ သူ ပိုင်ကျောင်းကို ကြည့်တဲ့ပုံက အရင်ကလောက် ဂရုမစိုက်တော့သလို တန်ဖိုးမထားတော့ဘူးဆိုတာ ပြနေတယ်။ ကြည့်ရတာ ပိုင်ကျောင်းရဲ့ခေါင်းကြောမာတဲ့ဘလုပ်ရပ်ကြောင့် အရမ်းကိုနာကျင်သွားခဲ့ပုံပဲ။
ကူယွဲ့ ထင်ထားသလိုမျိုးပဲ နှစ်ယောက်သား ဝိညာဉ်ပြန်လဲလို့မရခဲ့ဘူး။ ပိုင်ကျောင်းက အပြည့်အဝသက်သာနေပြီး ရွှမ်ထုံ့မူလဝိညာဉ်ကလည်း အပြည့်အဝပြန်ကောင်းသွားပြီ။ ဝိညာဉ်လဲသိုင်းရဲ့ အောင်မြင်နှုန်းက နိမ့်လွန်းတဲ့အပြင် ပစ်မှတ်တွေကို တရားသေထားလို့ ရတဲ့နည်းလည်း မရှိဘူး။ သူတို့ဝိညာဉ်တွေကို လဲဖြိုကြိုးစားရင် ဝိညာဉ်တွေ ပျောက်ဆုံးသွားမှာ စိုးရိမ်ရတယ်။ ဝိညာဉ်စုဝေးမီးအိမ်နဲ့တောင် စွန့်စားနှုန်းက အတူတူပဲ။ မီးအိမ်က ပစ်မှတ်ကို တရားသေ မလုပ်နိုင်ဘဲ လူတစ်ယောက်ရဲ့ မူလဝိညာဉ်ပျောက်မသွားတာသေချာအောင်ပဲလုပ်ပေးတယ်။ ပြောရရင်တော့ လူတစ်ယောက်ရဲ့ မူလဝိညာဉ်က လုံးဝအပြည့်ဖြစ်နေချိန် ဝိညာဉ်လဲမှုအတင်းလုပ်လိုက်ရင် ဝိညာဉ်တွေထဲက တစ်ခုက သေချာပေါက်သေသွားလိမ့်မယ်။
ဟုတ်တာပေါ့၊ ရှင်းဟန်က ပိုင်ကျောင်းနဲ့ ဟွေ့လင်ဝိညာဉ်တွေကို လဲဖို့တွေးခဲ့ချိန် ပိုင်ကျောင်းအသက်ရှင်မယ်လို့ သူမထင်ခဲ့ဘူးပဲ။ အဲဒါကြောင့် အဲကိုယ်ထဲမှာ ပိုင်ကျောင်း ရှိမနေမှန်း သိသွားတာတောင် ဝိညာဉ်လဲဖို့ကို ဆက်လုပ်ချင်နေခဲ့တာပဲ။ ရွှမ်ထုံ ဒါကိုသိသွားချိန် သွေးပျက်သွားခဲ့တယ်။ ဘုရားမတာပဲ ဂိုဏ်းချုပ်က သူမကိုမှတ်မိတာ ဘုရားမတာပဲ။ မဟုတ်ရင်…။
ရုတ်တရက် သူမ ခံစားချက်တွေပြည့်လျှံသွားခဲ့တယ်။ သူမ ရှန်းရင်အခန်းထဲ တိတ်တိတ်လေးဝင်ပြီး အာလူးတွေ၊ ကန်စွန်းဥတွေ၊ လတ်ဆတ်တဲ့ပန်းတွေနဲ့ တခြားပူဇော်ဖွယ်တွေ ဖြည့်လိုက်တယ်။
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
မုန်လာဥဖြူ ။ ။ “…”
နောက်ဆုံးတော့ ပိုင်ထီက သူတို့ဝိညာဉ်တွေကို မလဲဖို့ဆုံးဖြတ်လိုက်ကြတယ်။ နှစ်ယောက်သား နဂိုအတိုင်းဆက်ရှိနေပြီး ပိုင်ထီက ပိုင်ကျောင်းကို ပြန်ခေါ်သွားမယ်။ သူမရဲ့ကျင့်ကြံဆင့်က လုံးဝကို ပျက်စီးသွားပြီး ပြန်လေ့ကျင့်ရတော့မှာ။ နှစ်ရာချီလောက်အတွင်းတော့ အထဲမှာပဲနေရပြီး အပြင်မှာ ပြဿနာလိုက်မရှာနိုင်လောက်တော့ဘူး။
လူသားကနေ မိစ္ဆာပြောင်းသွားတဲ့ ရွှမ်ထုံလည်း တူညီတဲ့ကံကြမ္မာကို ခံစားနေရတယ်။ သူမကို လူအသွင် ထိန်းထားပေးမဲ့ ချီချန်းယွီရဲ့ မသေမျိုးချီ ရံဖန်ရံခါရှိပေမဲ့ ပထမအဆင့်မိစ္ဆာတွေလောက်တောင် သူမကိုယ်ခန္ဓာက မသန်မာဘူး။
အံ့ဩစရာကောင်းစွာပဲ ကူယွဲ့က သူတို့ ရှိရင်းစွဲအခြေအနေအတိုင်း ဆက်သွားမှာကို မကန့်ကွက်ခဲ့ဘူး။ သူက ပိုင်ထီ၊ ရွှမ်ထုံနဲ့ ပိုင်ကျောင်းကို သူနဲ့အတူ ကောင်းကင်တာအိုကတိပြုဖို့ပဲ တောင်းဆိုခဲ့တယ်။ သူတို့ဝိညာဉ်တွေကို ပြန်လဲဖို့ ဘယ်လိုပဲဖြစ်ဖြစ် မကြိုးစားဖို့အတွက်ပေါ့။
ပိုင်ထီက သဘောတူခဲ့တယ်။
ကတိပြုပြီးတဲ့နောက် ကောင်းကင်ကနေ မိုးကြိုးတန်းကြီးလေးခုဆင်းလာပြီး တစ်ယောက်ချင်းစီပေါ် ကျိန်စာတွေ တင်ခဲ့တယ်။ ဆိုးရွားတဲ့ သဘောတူညီချက်ကို လုပ်ခဲ့ရသလိုမျိုး မျက်နှာထားဖြစ်နေတဲ့ ကူယွဲ့က ရုတ်တရက် စပ်ဖြီးဖြီးဖြစ်သွားတော့တယ်။ သူက လှည့်ပြီး သူတို့ကိုမောင်းထုတ်တော့တာပဲ။
“အရှင်မင်းကြီးပိုင်ထီ၊ နောက်ကျနေပြီနော်၊ လိုက်မပို့တဲ့အတွက် ခွင့်လွှတ်ပေးပါဦး”
“ဒီကိစ္စက… မင်းတို့အားလုံးအကူအညီအတွက် ဂိုဏ်းကိုကျေးဇူးတင်ရမှာပါ၊ မင်းတို့ ကျုပ်ကလေးကို ကယ်ခဲ့တာပဲ” ပိုင်ထီက စိတ်တိုလွယ်ပေမဲ့ ကျေးဇူးတင်ရမှာကိုတော့ နားလည်သေးတယ်။ ဝိညာဉ်လဲတာက မတော်တဆ ဖြစ်သွားခဲ့တာဆိုပေမဲ့ သူတို့ တကယ်ပဲ သူ့သမီးကို ကယ်တင်ပေးခဲ့တာလေ။
“နောက်ကျရင် သေချာကျေးဇူးတင်ပါ့မယ်”
သူစကားပြောပြီးချိန် စိတ်ထိခိုက်မှုကနေ ပြန်သက်သာအောင်လုပ်နေဆဲ သူ့သမီးကို ပိုင်ကျောက်ဆီ ပြန်ခေါ်သွားခဲ့တော့တယ်။
ကူယွဲ့က စပ်ဖြီးဖြီးပြုံးလိုက်တယ်။ ဒီအပြုံးက ပိုပိုပြီး ပီပြင်သထက်ပီပြင်လာတယ်။ အထူးသဖြင့် ရက်နည်းနည်းအကြာမှာ ပိုင်ကျောက်ကလူတွေ သူတို့ဆီ ကျေးဇူးတင်လက်ဆောင်အနေနဲ့ သိုလှောင်အိတ်ဆယ်အိတ်စာတန်တဲ့ လက်ဆောင်တွေ လာပို့ချိန်ပေါ့။ သူ့မျက်လုံးတွေက ရွှမ်ထုံ့မျက်လုံးအသစ်တွေလို ကွေးညွှတ်နေတာပဲ။
ဘာတွေဖြစ်နေလဲ သိတဲ့ ဝူတိဂိုဏ်းကလူအားလုံး ။ ။ “…”
ပါးနပ်လိုက်တဲ့ စီးပွားရေးသမားပဲ။
သူက သူတို့ကို အခွင့်အရေးယူပြီး ဒီဖြစ်ရပ်ဆိုးကနေ ပိုက်ဆံထပ်ရအောင်ပါ လုပ်ခဲ့သေးတယ်။
ရွှမ်ထုံနဲ့ ပိုင်ကျောင်းတို့နှစ်ယောက်လုံး ညီတူညီမျှ ဆိုးဆိုးရွားရွား ခံစားခဲ့ရတာပဲ။ တစ်ယောက်က သေမျိုး၊ နောက်တစ်ယောက်က သာမန်မြေခွေး။ ပိုင်ထီကတော့ မသိပေမဲ့ ရှန်းရင်နဲ့ တခြားသူတွေအားလုံး သိတယ်။
ရှင်းဟန်က အရင်ကပြောသွားတာ ပိုင်ကျောင်းကိုယ်ထဲက ကျင့်ကြံဆင့်က မပျောက်ကွယ်သေးဘူးတဲ့။ ပြီးတော့ သူမအစွမ်းတွေကို အမျိုးအမည်မသိတဲ့စွမ်းအားတွေက ပိတ်လှောင်ထားတာ။ သူမက တကယ်တော့ မဟူရာအမတလေ။ ရွှမ်ထုံက အကြောင်းအရင်းမရှိ ကျင့်ကြံဆင့်တွေ မြင့်တက်သွားသလို ကူယွဲ့လည်း ပမာဏကောင်းကောင်းရလိုက်တယ်။
ဒါပေမဲ့ လူတိုင်း ရွှမ်ထုံ့မြေခွေးခန္ဓာကိုယ်ကိုမြင်ချိန် အခက်အခဲတွေ မြင်နေရဆဲပဲ။ စည်းချိပ်က ဘယ်နေရာမှာလဲဆိုတာ ဘယ်သူမှမသိဘူး။ သူမက ခုမှ အသိစိတ်ရခါစ ဝိညာဉ်မြေခွေးတစ်ကောင်နဲ့ပဲတူနေတယ်။ ပိုင်ထီက သူ့သမီးရဲ့ထူးဆန်းတဲ့အသွင်ကို နားမလည်ခဲ့တာ မထူးဆန်းတော့ဘူး။
သူတို့တွေ ရွှမ်ထုံ့ကိုယ်ကို ရက်တွေအကြာကြီး လေ့လာကြပေမဲ့ ဘယ်သူမှစည်းချိပ်ကို မရှာနိုင်သေးဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ မုန်လာဥဖြူက ဒုဓလီပန်းတွေ လာပို့ပြီး ရွှမ်ထုံ့ရဲ့ ပူဇော်ဖွယ်တွေကို သယ်သွားဖို့လုပ်ချိန် ရုတ်တရက် စကားပြောလာတယ်။
“အာ ဒီမြေခွေးရဲ့ ခြေဖဝါးမှာ အမှတ်ရှိတာပဲ၊ အစ်ကိုကြီးလန်မှာ ရှိတာနဲ့ တူတယ်”
“ဝိညာဉ်ချိပ်ပိတ်လုပ်ရပ်” ချန်ကောက ပထမဆုံးတုံ့ပြန်သူ။
“ဒါက နတ်ဆိုးတွေရဲ့ အတတ်ပဲ”
လူတိုင်းက ထိတ်လန့်သွားကြတယ်။ သူတို့မရှာနိုင်တာ အံ့ဩစရာမရှိတော့ဘူး – ဒါနတ်ဆိုးတွေရဲ့ အတတ်ကိုး။ သူတို့ ချက်ချင်း ရွှမ်ထုံ့ကို တောင်အနောက်ဆီ ခေါ်လာခဲ့ပြီး လပေါင်းများစွာ ဆေးလုံးတွေသန့်စင်နေခဲ့တဲ့ ကြွယ်ဝမှုနတ်ဘုရားလန်ကို သွားရှာတော့တယ်။
တကယ်ပဲ သူက ရွှမ်ထုံ့အကျပ်အတည်းကို မြင်တာနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။
ကူယွဲ့ နဂိုကတော့ ချန်ကောက ဝူတိဂိုဏ်းမှာ လန်ဟွားကိုမြင်ရင် ပြဿနာပေါ်လာမှာ စိုးရိမ်နေခဲ့တာ။ ဒါကြောင့် လန်ဟွားကို အနောက်ဥယျာဉ်ကနေ ခြေတစ်လှမ်းမှ ထွက်ခွင့်မပြုခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ချန်ကောက ဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးတောင် စိတ်ထဲထားပုံမပေါ်။ လုပ်ငန်းစဉ်တစ်လျှောက်လုံး သူက ရွှမ်ထုံ့ကိုပဲ စိုးရိမ်တကြီး စိုက်ကြည့်နေတယ်။ သူက ရွှမ်ထုံ့ပြဿနာနဲ့ ပတ်သက်ပြီး သူတို့အားလုံးထဲ စိတ်ပူပန်ဆုံးဖြစ်နေတာက ရွှမ်ထုံက ဝူတိဂိုဏ်းကမဟုတ်ဘဲ သူ့တပည့်ရင်း ကျနေတာပဲ။
ရှင်းဟန်ပြောခဲ့သလိုမျိုးပဲ။ ချိပ်ပြေသွားတာနဲ့ ရွှမ်ထုံ့ကိုယ်ထဲက မသေမျိုးချီက ပေါက်ကွဲထွက်လာတော့တယ်။ သူမရဲ့ ကျင့်ကြံဆင့်က ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့တာမှ ချက်ချင်း မဟူရာအမတဖြစ်သွားတဲ့အထိပဲ။ သူမရဲ့ကျင့်ကြံဆင့်က ခုဆို ကူယွဲ့နဲ့ယိချင်းပြီးရင် အမြင့်ဆုံးပဲ။
အမြီးကလည်း ကိုးချောင်းဖြစ်သွားပြီး ကိုးမြီးမြေခွေးဖြူဖြစ်နေပြီ။ ခန္ဓာကိုယ်မှာတော့ လျှပ်စီးတန်းဖြူတွေ။ သူမက လျှပ်စီးဝိညာဉ်ကြောပဲ။
ကူယွဲ့မျက်လုံးတွေ တောက်ပသွားပြီး ခုလူပုံစံအသွင်ယူထားတဲ့ ရွှမ်ထုံ့ပခုံးကိုပုတ်လိုက်တယ်။
“ဒီနေ့ကစပြီး မင်းကို ငါကိုယ်တိုင် ဓားသိုင်းသင်ပေးမယ်”
လျှပ်စီးဝိညာဉ်ကြောနဲ့လူတွေက ဓားကျင့်ကြံမှုမှာ ပုံမှန်အားဖြင့် ပါရမီပါကြတယ် ဒီတစ်ကြိမ်တော့ သူမကို ဘယ်သူမှလမ်းလွဲအောင် မလုပ်နိုင်တော့ဘူး။ ချီးကို ခန္ဓာကျင့်ကြံသူတွေ
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ဖေဖေနျို၊ သူက ဇာတ်လိုက်မင်းသမီးဆိုတာ မေ့နေပြီလား။
ရွှမ်ထုံကြောင်သွားတယ်။ သူမက မဟူရာအမတဆိုပေမဲ့ ဘာသိုင်းမှာ မကျွမ်းကျင်ဘူး။ ရုတ်တရက် သူမမျက်လုံးတွေ တောက်ပသွားတော့တယ်။ သူမ ဒူးထောက်ချပြီး ဝမ်းမြောက်ဝမ်းသာ ပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ” အကြီးအကဲနားကပ်ရင် ဂိုဏ်းချုပ်နဲ့ ပိုပြီးတွေ့ခွင့်ရမှာပဲ။
အဲဒါကောင်းတယ်။
ချန်ကောက မနေနိုင်ဘဲ ရှေ့တစ်လှမ်းတိုးလာခဲ့တယ်။
“တကယ်တော့ ကျုပ်ကူညီနိုင်…”
“ထွက်သွား”
“အိုး…” တစ်စုံတစ်ယောက်သောဇာတ်လိုက် သူ့နေရာဆီ နောက်ပြန်ဆုတ်သွားခဲ့လေရဲ့။
ဘာကြောင့်မှန်းမသိ ရွှမ်ထုံက အဲချန်ကောဆိုတဲ့ အဇဋာဧကရာဇ်ကို ကြည့်မရဘူး။ သူမက သူ့ကိုမြင်တာနဲ့ ရိုက်ချင်နေတာ။
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
သူတို့တွေ ဝတ္ထုဇာတ်လမ်း ပြိုလဲသံကို ကြားမိလိုက်သလိုပဲ…။
ကူယွဲ့က လည်ချောင်းဟန့်ပြီး လန်ဟွားဘက်လှည့်ကာ ရှင်းဟန် နတ်ဆိုးချီတွေပြည့်နေတဲ့ အဝတစ်ခုကို ဖွင့်ခဲ့တဲ့အကြောင်း ပြောပြလိုက်တယ်။
“ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှု” လန်ဟွား အံ့ဩတကြီးရေရွတ်လိုက်တယ်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ ရှင်းပြဦး”
“အဲဒါ နေရာရွှေ့ပြောင်းအစီအရင်လိုမျိုး အလုပ်လုပ်တဲ့ မှော်ပညာတစ်ခုပဲ၊ ဒါပေမဲ့ ကြိုတင်ပြီး အစီအရင်ချထားဖို့ မလိုသလို အမတကျောက်တုံးလည်း မကုန်ကျဘူး၊ ဟင်းလင်းပြင်မှာ အလုပ်လုပ်တဲ့ပုံစံကလည်း ကွာတယ်၊ ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုက လူတစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း လောကကြီးထဲကဘယ်နေရာမဆို နေရာရွှေ့ပြောင်းလို့ရအောင် လုပ်ပေးတယ်”
“ဆိုလိုတာက သူဘယ်သွားလဲဆိုတာ သိရဖို့ နည်းလမ်းမရှိဘူးလား”
“အဲလိုတော့ မဟုတ်လောက်ဘူး” လန်ဟွားက မနေနိုင်ဘဲ သူ့ဘေးမှာထိုင်ပြီး အဆာသွတ်မုန့်စားနေတဲ့ အစားသရဲအတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးလိုက်တယ်။
“ဟင်းလင်းပြင်တစ်သောင်း ကိုက်ဖဲ့မှုက နတ်ဆိုးချီပမာဏ အများကြီး လိုတယ်လေ၊ ထွက်ပေါက်မှာ ထူးခြားတဲ့ဖြစ်စဉ်တွေ ရှိလိမ့်မယ်၊ မင်းတို့ အမတဘုံမှာ ခုရက်ပိုင်းအတွင်း ဘယ်မှာထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားလဲ ရှာကြည့်ကြည့်၊ အဲဆို သူ့ကိုရှာတွေ့နိုင်လိမ့်မယ်”
ချန်ကောက မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ရာကိုမှတ်မိသွားဟန် လူအုပ်ကိုလှမ်းပြောလာခဲ့တယ်။ သူ့အမူအရာက မှုန်မှုန်မှိုင်းမှိုင်း။
“ကိစ္စတွေက အဲလောက်မရိုးရှင်းမှာ… စိုးမိတယ်”
“…”
…