အခန်း ၁၉၆ ။ ချစ်သူများတွေ့ဆုံမှု
“ရှောင်ရွှမ် မင်းကမှ ကိုယ့်ကို အရမ်းဂရုစိုက်တဲ့ တစ်ဦးတည်းသောလူပဲ” ရှင်းဟန်မျက်လုံးထဲ အမျိုးအမည်မသိတဲ့ခံစားချက် ဖြတ်ပြေးသွားတယ်။
“ရှင်… ဟိုက် ကျွန်မ မဟုတ်ဘူးလို့ ပြောနေတယ်လေ၊ ဘာလို့အတင်း…”
“ဟင့်အင်း မင်းဖြစ်ရမယ်” ရှင်းဟန်က သူမလက်ကို အတင်းဆုပ်ကိုင်ပြီး အလွန်လေးနက်တဲ့လေသံနဲ့ ပြောတော့တယ်။
“မင်း ကိုယ့်ဆီ ပြန်လာသရွေ့ ဘာမှအရေးမကြီးတော့ဘူး ဒါကြောင့်…”
“ရှင်းဟန် ရှင်ဘာကြောင့်…” ဟွေ့လင်u ထိတ်လန့်တကြား ရပ်သွားတယ်။
“ရှင်ဘာလုပ်နေတာလဲ”
ရုတ်တရက် မိန်းကလေးနှစ်ယောက်နောက်က အင်းကွက်က လင်းသွားပြီး အမည်းရောင်အက်ကွဲကြောင်းကြီး ပေါ်လာတယ်။ ပြင်းထန်တဲ့ဆွဲအားတစ်ခုကြောင့်အက်ကွဲကြောင်းဆီ ဆွဲခေါ်ခံနေရသလိုမျိုးပဲ။
ရှင်းဟန်က ရူးနှမ်းနေတဲ့ပုံစံနဲ့ ပြောလာတယ်။
“ကိုယ်တို့ဘယ်တော့မှ မခွဲရတော့ဘူး”
နောက်တော့ သူက ဟွေ့လင်ကို ကောက်ချီပြီး အက်ကွဲကြောင်းဆီ လျှောက်သွားတယ်။ အက်ကွဲကြောင်းက ကြီးလာလိုက်တာ ဘေးပတ်လည်က အားလုံးကို စုပ်ယူတော့တယ်။ သူတို့ဘေး ရပ်နေတဲ့ရွှမ်ထုံက ထောက်တိုင်အနေနဲ့ မြေကြီးထဲစိုက်ထားတဲ့ အမတဓားတစ်ချောင်းကို ဆုပ်ကိုင်ထားရတယ်။
“ဒီလိုမလုပ်နဲ့” သူမကို သူခေါ်သွားဖို့ကြိုးစားနေတာ နားလည်ပြီး ဟွေ့လင်ရုန်းတော့တယ်။
“မစိုးရိမ်ပါနဲ့၊ မင်းဘာမှမဖြစ်ပါဘူး” ရှင်းဟန်က သူမကိုနှစ်သိမ့်တယ်။
“ကိုယ်တို့ ဒီနေရာက ထွက်သွားရုံပါ”
“လင်အာ…” သူမ ကောင်းကင်ကနေ ရင်းနှီးနေတဲ့ အသံတစ်သံ ထွက်လာတာကို ကြားလိုက်ရတယ်။ ချန်ကောက နောက်ဆုံးတော့ သူ့ဓားပျံနဲ့အတူ ရောက်လာပြီ။ သူက မြေကြီးပေါ်က အက်ကွဲကြောင်းကို ကြည့်ပြီး ထိတ်လန့်သွားတယ်။
“ဘာတွေဖြစ်နေတာ…”
သူ့စကားတွေက ရွှမ်ထုံကို မြင်ချိန် လွဲချော်သွားခဲ့တယ်။ သူမကိုကြည့်ပြီး သူ့ရင်ထဲ ရှင်းပြမရတဲ့ ခံစားချက်ရလိုက်လေရဲ့။
သူမက ဘယ်သူများလဲ။
“ဆရာ ကျွန်မကိုကယ်ပါ” ပျော်သွားတဲ့ဟွေ့လင်က သူ့ဘေးကို ပြေးလာချင်ပေမဲ့ ရှင်းဟန် ပြန်ဆွဲထားတာ ခံလိုက်ရတယ်။
“ဧကရာဇ်ရှင်းဟန် ခင်ဗျား ဒါဘာဆိုလိုတာလဲ” သုံးယောက်သားက အက်ကွဲကြောင်းထဲ စုပ်ယူခံရတော့မှာ မြင်တော့ ချန်ကော ရွှေကြိုးတစ်ချောင်း ထုတ်လိုက်တယ်။
“မင်းကိုကယ်ဖို့ ဒါသုံးလိုက်မယ်”
ချန်ကောက လေထဲ ကြိုးကို ပစ်လိုက်တယ်။ သူက သူတို့ဆီ တန်းတန်းမတ်မတ် ပျံသန်းလာပြီး… ရွှမ်ထုံ့ကို ပတ်သွားလေတယ်
ချန်ကော ။ ။ “…”
ဟွေ့လင် ။ ။ “…”
ရှန်းရင် ။ ။ “…”
နောက်တော့ မျက်နှာပေါ် မယုံကြည်နိုင်တဲ့အကြည့်နဲ့ ဟွေ့လင်က မြေကြီးထဲက အက်ကွဲကြောင်းထဲ တန်းတန်းမတ်မတ်ကျသွားပြီး ပျောက်သွားတော့လေတယ်။
ကြောင်အမ်းနေတဲ့ အကြည့်က ချန်ကောမျက်နှာပေါ် ပေါ်လာတယ်။ အဲချိန် ရွှမ်ထုံ့ဓားက ကျိုးသွားပြီ။ အက်ကွဲကြောင်းရဲ့ ဆွဲအားက ပြင်းလွန်းလို့ သူပါ ဆွဲခံရတော့မယ်။
နှစ်ယောက်သား အက်ကွဲကြောင်းဆီ စုပ်ယူခံရတော့မဲ့အချိန် ရှန်းရင်က မျက်စိတစ်မှိတ်အတွင်း ပျံသန်းသွားပြီး သူတို့ကို လက်တစ်ဖက်စီကနေ ဆွဲချီလာတော့တယ်။
အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားလေရဲ့။ သူတို့ငုံ့ကြည့်ချိန် အက်ကွဲကြောင်းက ပိတ်သွားပြီ။
“ဂိုဏ်းချုပ်…” ရွှမ်ထုံ့ ရင်တုန်နေဆဲပဲ။ ရွှမ်ထုံ ဘယ်လိုလိုဏ်ဂူကို တူးထားတာလဲ မသိပေမဲ့ အန္တရာယ်များတယ်ဆိုတာ သူမ အလိုလိုအာရုံခံမိတယ်။ သူမ ရှန်းရင်ကို မော့ကြည့်ပြီး မီးအိမ်ကို ကမ်းပေးလိုက်တယ်။
“နင်သိမ်းထားလိုက်၊ ဖေဖေနျို့ကို ပြီးရင်ပေးလိုက်ပေါ့”
ရွှမ်ထုံ ခေါင်းညိတ်ပြီး သိမ်းထားလိုက်တယ်။
ချန်ကောက ရွှမ်ထုံကို ငေးကြည့်နေဆဲဖြစ်ပြီး အတွေးလွင့်နေတဲ့ပုံ။ အတော်ကြာတော့ သူကတုံ့ဆိုင်းစွာမေးလေတယ်။
“မင်းတို့အားလုံး အဆင်ပြေ… အို့”
သူ စကားမဆုံးခင် ရွှမ်ထုံက ခြေထောက်ကို မြှောက်ပြီး အရှိန်ပြင်းပြင်းနဲ့ သူ့ခြေထောက်နှစ်ဖက်ကြား ကန်ချလိုက်တယ်။
ချန်ကောက လုံးဝကို မထင်မှတ်ထားတာ။ သူ့ကိုယ်ကို မသေမျိုးချီတွေကာကွယ်ထားတယ်ဆိုပေမဲ့ နာကျင်မှုက သူ့ကို ကိုင်းညွှတ်သွားစေပြီး လက်တွေက ထုတ်ပြောမရတဲ့ ခန္ဓာကိုယ်အပိုင်းကို အုပ်ထားတော့တယ်။
“ဟမ့် ဒါတွေအားလုံးက ရှင့်ရဲ့ ဦးနှောက်ချောင်နေတဲ့တပည့်ရဲ့ အမှားကြောင့်ပဲ” ကျွန်မဂိုဏ်းချုပ်က ကျွန်မကို ကယ်ဖို့ ဒီရောက်လာပေမဲ့ ရှင့်တပည့်ကတော့ အဲဒီ ရွံစရာလူဘက်ကနေတယ်။
“နောက်တစ်ခါကျ သူ့ကိုသေချာသင်ထား၊ တခြားသူတွေကို ဒုက္ခပေးအောင် မလွှတ်ထားနဲ့”
ရှန်းရင် ။ ။ “…”
ဂျပုလေး အဆင်ပြေရဲ့လား။ ဒါရက်စက်တဲ့အကွက်ပဲ။
အံ့ဩစရာကောင်းလောက်အောင် ချန်ကောက ဒေါသမထွက်ဘူး သူက ရွှမ်ထုံ့ကို ရှုပ်ထွေးနေတဲ့အကြည့်နဲ့ ဆက်ကြည့်နေတယ်။
“ဂိုဏ်းချုပ် ရှင်းဟန်က ထွက်ပြေးသွားပြီ၊ ကျွန်မတို့ အခု ဘာလုပ်သင့်လဲဟင်” ရွှမ်ထုံက ရှန်းရင်ဘက် ပြန်လှည့်လာပြီး နဂိုရှက်တတ်ပြီး စကားနားထောင်တဲ့ပုံစံအဖြစ် ပြောင်းလဲသွားတယ်။
“… အိမ်ပြန်ကြရအောင်” ငါထမင်းစားပြီးရင် ဆုံးဖြတ်တာပေါ့။
“ဟုတ်ကဲ့ ဂိုဏ်းချုပ်” ရွှမ်ထုံက သူမဓားကို အမြန်ဆင့်ခေါ်ပြီး ရှန်းရင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။ သူမ နောက်ဆုံးတော့ ဂိုဏ်းချုပ်နဲ့အတူ ပျံဖို့ အခွင့်အရေးရခဲ့ပြီ။ ပျော်ရွှင်မှု သူမဒဏ်ရာတွေကတောင် အခုနာကျင်ပုံ မပေါ်တော့ဘူး။
ရှန်းရင် ဓားပေါ်တက်ပြီး သူတို့ နန်းတော်ထွက်ပေါက်ဆီ ပျံသန်းလာခဲ့တယ်။
“ဂျပုလေး နင့်ကို အဲလိုကန်ဖို့ ဘယ်သူသင်ပေးတာလဲ”
“ဆရာချီက သင်ပေးတာပါ”
“ကြက်ကင်အစ်မလား”
သူက အဲလောက်တောင် ရက်စက်တာလား။
“ဟုတ်ပါတယ်၊ ဆရာချီက ဒီကမ္ဘာမှာ ကောင်းတဲ့ယောက်ျားဆိုတာ မရှိဘူးလို့ ပြောပါတယ်”
ရှန်းရင် ။ ။ “…”
ရှန်းရင် စာနာစိတ်လေးလေးနက်နက် ခံစားမိလိုက်ရတော့တယ်။
***
ရှန်းရင် နန်းတော်အဝင်မှာ စားဖိုမှူးနဲ့ ဖေဖေနျိုတို့နဲ့ ကြုံသွားတယ်။ ရှင်းဟန်က သူဝိညာဉ်လဲဂါထာကို သုံးနေတာ ဘယ်သူ့ကိုမှ မသိစေချင်တာကြောင့်ထင် နန်းတော်က အတော်လေးလူသူကင်းမဲ့နေတယ်။ ဒါကြောင့် သူတို့ ဘာမတော်တဆမှုမှမရှိဘဲ နန်းတော် ဝင်ပေါက်ဆီ ရောက်လာခဲ့တယ်။
“ဆရာ” ယိချင်းက အမြန်ပျံသန်းလာတယ်။ သူ ရှန်းရင်ကို မြင်ချိန် စိတ်အေးသွားပြီး သက်ပြင်းချလိုက်တယ်။
“မင်း ဘယ်ရောက်သွားတာလဲ” ဖေဖေနျိုက ရှန်းရင်ကို ဒေါသတကြီးကြည့်ပြီး မေးလိုက်တယ်။ နောက်တော့ ‘ပိုင်ကျောင်း’ ဘက် လှည့်ကြည့်တော့တယ်။
“မင်း ဘာလို့သူ့ကိုပါခေါ်လာတာလဲ”
“သူက ဂျပုလေးလေ” ရှန်းရင် ရှင်းပြလိုက်တယ်။
“အကြီးအကဲကူယွဲ့၊ ကျွန်မက ရွှမ်ထုံပါ၊ ဘာကြောင့်လဲ မသိပေမဲ့ ဝဋ်ကြွေးချေမှုအပြီးမှာ ဒီခန္ဓာကိုယ်ထဲ ပိတ်မိနေတာပဲ”
“ရွှမ်ထုံ” ကူယွဲ့ အံ့အားသင့်သွားတယ်။ သူ တစ်ခဏစဉ်းစားနေပြီးတဲ့နောက် ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။
“အရင်ပြန်ကြရအောင်… ဟမ်၊ ဧကရာဇ်ချန်ကောပါ ဘာလို့ဒီရောက်နေတာလဲ”
ချန်ကောက သူ့ကိုသတိတကြီး ပြန်ကြည့်နေတဲ့ ရွှမ်ထုံ့ကို ကြည့်ပြီးအတွေးထဲ နစ်မျောနေတယ်။ သူ ဘာကြောင့်လိုက်လာမိလဲတောင် မသိဘူး။
“ကျွန်တော်တို့ ပြန်ရောက်ရင်ပြောကြတာပေ့ါ” ယိချင်းက အကြုံပြုပြီး ရှန်းရင်ကို သူ့ဓားဆီ ဆွဲခေါ်လိုက်တယ်။ ရှန်းရင် နန်းတော်ထဲက ရုတ်ရုတ်သဲသဲထဲ ပါခဲ့မယ်လို့ သူခန့်မှန်းမိတယ်။ ဒါထွက်သွားဖို့အချိန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက ယီရွှေ့နယ်နိမိတ်ကိုး။
လူတိုင်းခေါင်းညိတ်ပြီး ကောင်းကင်အလွန်မှကောင်းကင်များဆီ ပျံသန်းခဲ့တော့တယ်။
ဝူတိဂိုဏ်း။
ကူယွဲ့ ‘ရွှမ်ထုံ့’ ကို လှမ်းကြည့်လိုက်တယ်။ ဒဏ်ရာတွေကနေ သက်သာပြီဆိုပေမဲ့ မျက်နှာမှာ စိတ်မအေးဖြစ်နေတဲ့အမူအရာနဲ့။ တစ်အောင့်နေတော့ သူ တည်တည်ကြည်ကြည်မေးလိုက်တယ်။
“ပိုင်ကျောင်းလား”
သူမက တွန့်သွားပြီး လက်သီးဆုပ်လိုကိတယ်။ သူတို့ သိသွားပြီပဲ။
“ငါ့ကိုပြော၊ ဘာတွေဖြစ်သွားခဲ့တာလဲ”
“ကျွန်မ… ကျွန်မသူ့ကိုယ်ကို အပိုင်သိမ်းဖို့ ဆန္ဒမရှိပါဘူး” သူတို့ သူမအကြောင်း သိသွားပြီဆိုမှတော့ ပိုင်ကျောင်းဝန်ခံရတော့တယ်။
“အဲနေ့က ရှင်းဟန်ကို ကယ်ဖို့ ကျွန်မစွမ်းအား အားလုံးကို သုံးခဲ့ရပြီး မူလဝိညာဉ်ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်လေ၊ သွေးပျက်ပြီး ကျွန်မ ဝိညာဉ်လဲသိုင်းတစ်ခုကို သုံးမိခဲ့တာပါ၊ ကျွန်မ… သူ့ကိုယ်ထဲ လဲသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး” သူမနိုးလာချိန် ရွှမ်ထုံ့ခန္ဓာကိုယ်က အင်အားနည်းနေလို့ လော့ဟန်ကျောက်တုံးကို သွားငှားမယ်လို့ပြောနေတာ ကြားခဲ့ရတယ်။ သူမ ရှင်းဟန်အခြေအနေအကြောင်း သိချင်တာမို့ အဖြစ်မှန်ကို မပြောပြခဲ့ဘူး။
“ရှင်းဟန်… ရှင်းဟန်၊ သူဘယ်လိုနေလဲဟင်၊ အဆင်ပြေရဲ့လား”
“သူအဆင်ပြေတာပေါ့ သေချာပေါက် အဆင်ပြေတာပေါ့” ကူယွဲ့ အေးစက်စက်နှာမှုတ်လိုက်တယ်။
“အဆင်ပြေလွန်းလို့ သူ့ချစ်သူဟောင်းအတွက်… ဝိညာဉ်လဲသိုင်းကိုပါ ထုတ်သုံးသေးတယ်လေ”
“ဘယ်လို” ပိုင်ကျောင်း ဇဝေဇဝါဖြစ်သွားတယ်။
ကူယွဲ့ က ပိုင်ကျောင်းကို စောင်းကြည့်ပြီး ရွှမ်ထုံပြောပြသမျှကို ပြန်ပြောပြလိုက်တယ်။ သူမနားထောင်လေ ပိုပြီးတော့ ဖြူဖပ်ဖြူရော်ဖြစ်လာလေပဲ။ သူမကြည့်ရတာ ယူကျုံးမရဖြစ်နေတဲ့ပုံ။
တစ်အောင့်နေတော့ သူမခေါင်းယမ်းလိုက်တယ်။
“မဖြစ်နိုင်ဘူး၊ ရှင်းဟန်က ကျွန်မကို ဒီလိုနည်းနဲ့ဆက်ဆံမှာမဟုတ်ဘူး” သူမ သူ့အတွက် အရာအားလုံးကို ပေးဆပ်ခဲ့တာ။ သူလုပ်သမျှက ယွင်ရွှမ်အတွက် လက်စားချေဖို့ဖြစ်ပြီး သူမကိုလုံးဝမချစ်ခဲ့ဘူးဆိုတာ မယုံကြည်နိုင်ဘူး။
“မင်းယုံမယုံ ငါဂရုမစိုက်ဘူး” ကူယွဲ့က မျက်ဆန်လှန်လိုက်တယ်။
“ငါတို့ကိုပြော၊ ဝိညာဉ်တွေကို ပြန်လဲဖို့နည်းရှိလား” သူ ဒီဝိညာဉ်လဲသိုင်းကို အရင်ကမကြားဖူးသလို ချူရွှမ်ရောလန်ဟွားရောပဲ။ ဒါပေမဲ့ သူ ခန္ဓာအပိုင်စီးတာတော့ကြားဖူးတယ်။ ဒါပေမဲ့ ခန္ဓာအပိုင်စီးတာက ခံရသူဝိညာဉ်က ဝင်စီးသူရဲ့ဝါးမျိုမှုကို ခံရမှာ။ ဝိညာဉ်လဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။
“မဖြစ်နိုင်တာ…” ပိုင်ကျောင်းက ကြမ်းပြင်ပေါ် ပြိုလဲသွားတယ်။ သူမ သူ့ကို မကြားသလိုမျိုး တီးတိုးရေရွတ်နေဆဲ။
“သူ သိတာ သေချာပါတယ်… ကျွန်မ ယွင်ရွှမ့်ကိုယ်ထဲ တမင်ဝင်ခဲ့တာမဟုတ်ဘူးဆိုတာ၊ ဘာဖြစ်ခဲ့တာလဲ ကျွန်မ မသိဘူး၊ တက်လှမ်းပြီးနောက်မှာ ကျွန်မ မူလကိုယ်ထဲ ပြန်ရောက်သွားခဲ့တယ်၊ သူက စိတ်မရှိဘူးလို့ ကျွန်မကိုပြောတာပဲ၊ ကျွန်မမှာ သူမကိုသေစေလိုတဲ့ ရည်ရွယ်ချက် မရှိဘူး”
“…” ဒီအချစ်ရူးငတုံးတွေကတော့ တကယ်ကိုစိတ်ရှုပ်စရာပဲ
“ကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ၊ ကျွန်မ မယုံဘူး… ကျွန်မ မယုံဘူး” ပိုင်ကျောင်းက မျက်နှာကိုအုပ်ပြီး အသည်းအသန်ငိုကြွေးတော့တယ်။ ဒါပေမဲ့ လက်ကျန်မျှော်လင့်ချက် အမျှင်တန်းလေးတော့ သူမမျက်ဝန်းတွေထဲ ကျန်ရစ်နေဆဲ။
“သူက ဒီဘဝမှာ ကျွန်မကလွဲလို့ ဘယ်သူ့မှလက်မထပ်ဘူးလို့ပြောခဲ့တာ၊ ယွင်ရွှမ်က သူ့ဆရာတူညီမပဲတဲ့၊ ဘယ်လိုလုပ် သူမကို ကြိုက်မှာလဲ၊ သူက နှလုံးမဲ့တာအိုလေ့ကျင့်လို့ ဒီလိုဖြစ်နေရတာ၊ အဲဒါကြောင့်ပဲ ဒါတွေအားလုံးက နှလုံးမဲ့တာအိုကြောင့်ပဲ”
ရှိနေတဲ့လူတိုင်း သူမ တစ်ကိုယ်တည်း စိတ်ထင်ယောင်ထင်မှားဖြစ်မှုထဲ နစ်မျောနေတာကိုမြင်ရတော့ မျက်မှောင်ကြုတ်လိုက်တယ်။ အထူးသဖြင့် သူမကရွှမ်ထုံ့ကိုယ်ကိုသုံးနေတာလေ။ ကြက်ကင်အစ်မ သူမကိုမရိုက်မိအောင် လက်သီးဆုပ်ပြီး ကိုယ့်ကိုယ်ကိုယ်တားနေရတယ်။
“ငါ ဒီကိစ္စကို သူနဲ့ဖြေရှင်းချင်တယ်” ပိုင်ကျောင်းက ရုတ်တရက် ထရပ်တယ်။ “သူချစ်တာ ယွင်ရွှမ်မဟုတ်ဘဲ ကျွန်မဆိုတာသေချာတယ်”
“သူ သေချာပေါက် သူမကို မချစ်ဘူး” ရှန်းရင်က ရုတ်တရက် ထပြောလာတယ်။
လူတိုင်း အံ့ဩသွားပြီး သူမကိုလှည့်ကြည့်လိုက်တယ်။ သူမ ဘာဆိုလိုတာလဲ။
ပိုင်ကျောင်းရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့တယ်။ သူမ မဟာမိတ်တွေ့ရတာ ကျေနပ်သွားတဲ့ပုံ။
“သတ္တဝါလေး မေးခွန်းတစ်ခုဖြေပေး”
“ဘာများလဲ”
“ဒီဝိညာဉ်လဲသိုင်းကို မင်း ဘယ်သူ့ဆီကသင်လာတာလဲ”
…