အခန်း ၁၉၅ ။ အနည်းငယ်မတူညီသော ဂျပုလေး
ကြမ်းပြင်ပေါ်က မိန်းကလေးက တန့်သွားပြီး မျက်လုံးပြူးသွားတယ်။ သူမက ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ ရှန်းရင်ကို တန်းတန်းမတ်မတ်ကြည့်နေတယ်။ သူမက မျက်ရည်တွေကို မထိန်းနိုင်တော့သလိုမျိုး ကြည်လင်နေတဲ့မျက်ဝန်းတွေက ချက်ချင်း မျက်ရည်ဝဲတက်လာလေရဲ့။ သူမက စတင်ငိုကြွေးတော့တယ်။
ရှန်းရင်က ထခုန်မိလိုက်တယ်။
“ဘာလို့ငိုနေရတာတုံး”
“ဝါး… ကောင်းကင်… ကောင်းကင်နတ်ဘုရား၊ ဂိုဏ်းချုပ်…” သူမက ရှန်းရင်ပေါ် ခုန်အုပ်ပြီး ပေါင်ကို ဖက်ထားတော့တယ်။ အရင်ကထက်တောင် ပိုပြီးအသည်းအသန်ငိုကြွေးနေတယ်။
“ဂိုဏ်းချုပ် ကျွန်မကိုမှတ်မိတယ်ပေါ့… တကယ်မှတ်မိတာပဲ… ဝါး” ရှန်းရင်က သူမဘယ်သူလဲဆိုတာ သိတယ်တဲ့လေ လုံးဝ အခုပုံစံက ပြောင်းလဲနေတာတောင် – သူမက လုံးဝတခြားလူတစ်ယောက် ဖြစ်နေခဲ့တာလေ။ ဒါတောင် သူမဘယ်သူလဲဆိုတာ ချက်ချင်းသိခဲ့တယ်
အာ…။
ရှန်းရင်က နှုတ်ခမ်းစေ့လိုက်တယ်။ ကြမ်းပြင်ပေါ်က ကလေးမက သူမကို အမွှေးတိုင်ဆည်းကပ်ချင်လို့ တစ်ပိုင်းသေတော့မဲ့ပုံစံနဲ့ ကြည့်နေတာကိုး။ မမှတ်မို့ကမှ ခက်ဦးမယ်။
“မငိုနဲ့တော့” ရှန်းရင် သူမပေါင်ကနေ ခါထုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ ခြေသလုံးလှုပ်မရ။ အဲဒါကြောင့် ကလေးတွေက စိတ်ရှုပ်စရာကောင်းတယ်လို့ သူမ အမြဲတွေးခဲ့တာ – သူတို့တွေက ကြီးလာတာတောင် အလုပ်ရှုပ်တုန်းပဲ။
“ဟုတ်ကဲ့ ဂိုဏ်းချုပ်” သူမ ခေါင်းညိတ်ပြပေမဲ့ မျက်ရည်တွေ မရပ်တော့ဘူး။
“ရှင်ပဲ” ဟွေ့လင်က အံ့အားသင့်သွားပြီး ရှုပ်ထွေးနေတဲ့အမူအရာပေါ်လာတယ်။
“ရှင် ဒီကိုဘယ်လိုဝင်လာတာလဲ”
ရှန်းရင် ဟွေ့လင်ကို လှည့်ကြည့်လိုက်တယ်။ သူမ ပြန်ဖြေမလို့ရှိသေး ဘေးပတ်လည်က မသေမျိုးချီတွေက ပေါက်ကွဲထွက်လာတယ်။ သူမ အားပြင်းတဲ့လေထုကို ခံစားလိုက်ရတယ်။ ရှင်းဟန်က သူ့ရေခဲဓားကိုဆွဲထုတ်ပြီး သူမဆီ ဦးတည်လာရင်း နောက်ဆုတ်သွားအောင်လုပ်ဖို့ ပြင်နေတယ်။
“သတိထား” ရှန်းရင်ရဲ့ ခြေထောက်ကို ဖက်ထားတဲ့ ကလေးမက အော်တော့တယ်။ သူမမျက်ရည်တွေ နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပြီ။
ရေခဲဓားက ရှန်းရင်ကိုယ်ထဲဝင်ခါနီးဆဲဆဲ။ ရှန်းရင် တန့်သွားတယ်။ သူမ ဓားကို အဝေးတွန်းထုတ်ဖို့မကြိုးစားဘူး။ သူမက လက်ကိုပဲမရုံလေးမလိုက်ပြီး ကြမ်းပြင်ပေါ် သွေးအိုင်တစ်အိုင် ပေါ်လာတယ်။
“အား” နာကျင်နေတဲ့အော်သံက အမတနန်းတော်တစ်ခုလုံးစီ ပျံ့သွားလေရဲ့။ အသံကျယ်ကြီးနဲ့အတူ လက်မောင်းတစ်ဖက်က ကြမ်းပြင်ပေါ် ကျသွားတယ်။
ရှန်းရင် လက်မောင်းကို လှမ်းကြည့်ပြီး သူမရှေ့ကလူကို ပြန်ကြည့်လိုက်တယ်။ သူမ တန့်သွားတော့တယ်။
“အာ… ငါ နင့်လက်မောင်းကိုကိုင်ထားမိတာ မေ့နေတာ” အဲလောက် အလွယ်တကူ ကျိုးသွားမယ်လို့ ဘယ်သူသိမှာလဲ။ ဘာလို့ကိုယ့်လက်မောင်းကို ဖြတ်ဖို့ အဲလောက် အားအများကြီးသုံးရတာလဲ။
“မင်း… မင်းကတကယ်ပဲဘယ်သူလဲ” ရှင်းဟန်က လုံးဝဖြူဖျော့သွားပြီ။ သူ ခြေလှမ်းတွေ ပြန်ဆုတ်သွားခဲ့ပြီး နာကျင်မှုကိုရပ်တန်ဖို့ မန္တန်တချို့ရွတ်လိုက်တယ်။ သူ့မျက်လုံးတွေကို ရှန်းရင်ဆီကနေ တစ်ချိန်လုံးမခွာ။ သူ စောနက သူမ ဆုပ်ကိုင်ထားတာနေ ရုန်းမရခဲ့တာ၊ ခုတော့လက်တစ်ဖက်ဆုံးရှုံးလိုက်ရပြီ။ ဆိုးရွားချက်ပဲ
“ဒီအဓိပ္ပာယ်မရှိတာကိုတော်တော့၊ ငါတို့ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်ရမှာပဲ၊ ဘယ်သူ အရင်နိုင်လဲကြည့်တာပေါ့” ရှန်းရင် စိတ်တိုစွာ ပြောလိုက်တယ်။
“လှုပ်ရှားတော့”
ရှင်းဟန်ရဲ့ အမူအရာပျက်ယွင်းသွားခဲ့တယ်။ သူ နောက်ထပ် မဆင်မခြင်အမှားမလုပ်ရဲဘူး။ သူ့မသေမျိုးချီအားလုံးကို လည်ပတ်စေပြီး သိန်းချီတဲ့ လေပြင်းဓားတွေဖန်တီးလိုက်တယ်။ နောက်တော့ သူ့ကိုယ်ပိုင်ဓမ္မအသုံးအဆောင်ကို ဆင့်ခေါ်လိုက်တယ်။
“ဟမ့် မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ပေမဲ့ဒီနေ့ မင်းဒီနေရာကနေ ထွက်မသွားရဘူး”
အခန်းတစ်ခုလုံး ရေခဲတမျှအေးစက်တဲ့ လေပြင်းဓားတွေ ပြည့်သွားခဲ့တယ်။ အတူတူ သူတို့က မွှေစက်တစ်ခုလိုမျိုး ပြုမူတော့တယ်။ အရာအားလုံးက အစအနတွေဖြစ်ကုန်တယ်။ လှပတဲ့ အမတနန်းတော်ကြီးက ဖုန်မှုန့်တွေနဲ့ အခန်းတစ်ခန်းဖြစ်သွားပြီ။ မျက်နှာကျက်နဲ့ ကြမ်းပြင်က ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားလို့ သူတို့တွေ ကောင်းကင်နဲ့မြေကြီးကိုတောင် မြင်နေရတယ်။
သူက လက်ညှိုးတစ်ချောင်း တောက်လိုက်တော့ လေပြင်းဓားတွေအားလုံး ရှန်းရင်ဆီ ဦးတည်လာကြတယ်။ တစ်ချိန်တည်းမှာပဲ ရှင်းဟန်က သူ့လက်ထဲက သန့်စင်တဲ့ အဖြူရောင် အမတဓားကို ရှန်းရင်ဆီ ထိုးစိုက်ဖို့သုံးတော့တယ်။
ရှန်းရင် နောက်ထပ်လေပြင်းတစ်ဝှေ့ကို ခံစားလိုက်ရတယ်။ လေပြင်းဓားတွေအားလုံးက သူမဆီ ဦးတည်နေကြပေမဲ့ သူတို့က သူမနားရောက်လာတာနဲ့ လောင်ကျွမ်းပြီး မြေကြီးပေါ်ကျကုန်တယ်။ သူမ လေကြောင့် ခေါင်းပေါ်ကဆံပင်တွေ လွင့်တာကလွဲလို့ ဘာမှမခံစားလိုက်ရ။
ဒါ ဘာအစွမ်းလဲ… ဘာလို့ သူက သူမကို လေမှုတ်နေရတာတုံး။ လွင့်ထွက်သွားအောင် မှုတ်ထုတ်ဖို့ ကြိုးစားနေတာလား။
-_-|||
သူမ ရှင်းဟန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ရှေ့တစ်လှမ်းလှမ်းပြီး သူမ သူ့အအင်္ကျီလည်ထောင်ကို ဆွဲဆုပ်လိုက်တယ်။
“စိတ်မရှိပါနဲ့ နင့်ပါးစပ်က နံတယ်ဟ”
ဒီလိုပြောပြီးတဲ့နောက် သူမ သူ့ကိုရိုက်ချလိုက်တော့တယ်။
ကျိုးအက်သံတွေ အဆက်မပြတ်ထွက်လာလေရဲ့။ သူမခြေထောက်အောက်ကနေ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာတယ်။ သူတို့တွေ အောက်ကို နစ်ဝင်စပြုလာတယ်။ တောင်ထွတ်တစ်ခုလုံး နှစ်ခြမ်းကွဲသွားပေမဲ့ သူမက မရပ်။ ဘေးကိုဖယ်ပြီး နောက်တစ်ချက် ဆက်ထုထောင်းလိုက်တယ်။ မြေကြီးထဲ ကိုယ်တစ်ပိုင်းဝင်နေပြီးသားရှင်းဟန် ပို… ပိုပြီးသာ… နစ်ဝင်သွားလေရဲ့။
သမိုင်းဆိုတာ တစ်ကျော့ပြန်ပတ်တတ်တဲ့ ကြောက်စရာ အလေ့အထရှိတယ်…။
ရှန်းရင်လည်း သိပ်ပျော်မနေဘူး။ ဘာလို့လဲဆိုတော့… နေ့လယ်စာချိန်ကို စားဖိုမှူးမရှိဘူးလေ။
နှစ်မိနစ်အကြာ…။
သူမလက်ထဲကလူကို ဘေးတွန်းထုတ်လိုက်ပြီး နောက်က ကလေးမကိုလှည့်ကြည့်လိုက်တယ်။
“ဟေ့ ဂျပုလေး”
“ဂိုဏ်း… ချုပ်”
အနောက်က မိန်းကလေးက သူမကို အူကြောင်ကြောင်ပြန်စိုက်ကြည့်နေတယ်။ သူမ ခုလေးတင် မြင်လိုက်ရတာကို ထိတ်လန့်နေတာ အသိသာကြီး။ ရှန်းရင်က တကယ်ပဲဂိုဏ်းချုပ်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်
“မီးအိမ်ကို သိမ်းလိုက်” ရှန်းရင် သိပ်မဝေးတဲ့နေရာက ဝိညာဉ်စုဝေးမီးအိမ်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ပျက်စီးသွားရင် ဖေဖေနျိုဒေါသထွက်လိမ့်မယ်”
“ဟုတ်ကဲ့” မိန်းကလေးက သတိပြန်ဝင်လာပြီး မီးအိမ်ဆီပြေးသွားခဲ့တယ်။ သူမကောက်ယူလိုက်ပေမဲ့ ရှန်းရင်နား ပြန်သွားမဲ့အချိန် တစ်ယောက်က သူမခြေချင်းဝတ်ကို ဆွဲဆုပ်လာတယ်။
“ကျောင်း… ကျောင်း” ရှင်းဟန် ဒီအားကို ဘယ်ကရလာလဲမသိ။ သူက ရောင်ကိုင်းနေတဲ့မျက်နှာနဲ့ သူမကိုကြည့်လာတယ်။
“မင်းကိုယ့်ကိုဘယ်လိုလုပ် ဒီလိုဆက်ဆံနိုင်ရတာလဲ”
သူမ တန့်သွားတယ်။ သူမမျက်ဝန်းထဲ တစ်စုံတစ်ရာဖြတ်ပြေးသွားပြီး သူ့ကို ညင်သာစွာ ပြုံးပြလိုက်တယ်။ အပြုံးက သူမျက်နှာကို ထိန်လင်းသွားစေခဲ့တာ – ထိတ်လန့်ဖို့ ကောင်းလောက်အောင် လှပနေတယ်။ ရှင်းဟန်ကိုယ်တိုင်ပါ ထိတ်လန့်သွားလေရဲ့။
“ရှင်းဟန်…” သူမ အသက်ပြင်းပြင်းရှူပြီး ခြေထောက်ကိုမြှောက် သူ့ရဲ့ အထိခိုက်လွယ်ဆုံးနေရာကို ချိန်ကာ ခပ်ပြင်းပြင်းဖိချလိုက်တယ်။
“သေလိုက် ငါက နင့်သောက်ကျောင်းကျောင်းမဟုတ်ဘူး ငါက ရွှမ်ထုံလို့ ပြောနေတယ်လေ၊ နင်တို့နှစ်ယောက်ကို နှစ်လလောက် ရွံနေခဲ့တာ၊ ရွံစရာကောင်းလွန်းတယ်… ရွံစရာကောင်းလွန်းတယ်… ရွံစရာကောင်းလွန်းတယ်”
သူမ သူ့ကို အဆက်မပြတ် နင်းမိတော့တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်ရှင်းဟန်၊ အဇဋာဧကရာဇ်ဆယ်ပါးတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ အဲအခိုက်အတန့်မှာတော့ သူက နာကျင်မှုကလွဲ ဘာမှမသိတော့။ ပုစွန်တစ်ကောင်လိုကွေးနေပြီး အော်ဟစ်ငိုကြွေးနေတော့တယ်။
ရှန်းရင် ။ ။ “…”
ဒီကလေးကို ဘယ်သူ ဒါတွေသင်ပေးလိုက်တာလဲ။
“တော်တော့” တစ်ယောက်က အော်လာတယ်။ ဟွေ့လင်က ပြေးလာပြီး ရွှမ်ထုံ့ကို ဒေါသတကြီး အော်တော့တယ်။
“သူက ဒီလောက်တောင် အခြေအနေဆိုးနေပြီကို ဘာလို့အနိုင်ကျင့်နေသေးတာလဲ၊ နင်အဲလောက် ဆိုးယုတ်စရာမလိုပါဘူးနော် ဟုတ်ပြီလား”
ရွှမ်ထုံ မျက်မှောင်ကြုတ်လိုက်တယ်။
“မိန်းကလေး သူက ငါ့ဝိညာဉ်ကို လဲချင်ခဲ့တာနော် သူကျ ယုတ်မာခွင့်ရှိပြီး တခြားဘယ်သူကမှ လက်စားချေခွင့် မရှိဘူးလား၊ နင်ကတော့ နင့်ဝိညာဉ်ကို လဲခွင့်ပြုချင်လောက်ပေမဲ့ငါတော့မဟုတ်ဘူး”
“ဒါပေမဲ့ နင်အခု အဆင်ပြေနေတာပဲမဟုတ်ဘူးလား” ဟွေ့လင် ကြမ်းပြင်ပေါ်လဲနေတဲ့ ဒဏ်ရာတွေနဲ့လူကို ကြည့်လိုက်တယ်။ သူမက မနေနိုင်ဘဲ ဆက်ပြောလေတယ်။
“ပြီးတော့ သူက သူ့ဇနီးကိုရှာဖို့ကြိုးစားနေရုံပဲ၊ နင်ကသာ သူ့ဇနီးကို ဝင်စီးထားတဲ့သူလေ၊ သူ ဘာလုပ်နိုင်မှာလဲ”
သူမ ပြောမိလေ ပိုပြီးအဓိပ္ပာယ်ရှိတယ်ထငခလာလေပဲ။ သူမဆန္ဒမပါဘဲ ဒီမှာထိန်းသိမ်းခံထားရပေမဲ့ ဒီမှာရှိနေချိန် ဆံချည်တစ်မျှင်တောင် မထိခဲ့ဘူး။ သူက အမြဲလည်းအလျှော့ပေးတယ်။ အဇဋာဧကရာဇ်ရှင်းဟန်က လူဆိုးမဟုတ်တာအသိသာကြီးပဲ။
“မိန်းကလေး နင်နားကန်းနေလား” ရွှမ်ထုံ ပိုပြီးတောင်မျက်မှောင်ကြုတ်မိသွားတယ်။
“ငါပြောပြီးပြီလေ – ငါက ပိုင်ကျောင်းမဟုတ်ဘူး၊ သူတို့ကြား ဘာကိစ္စရှိလဲ ငါဂရုမစိုက်သလို သူ့ကိုယ်ထဲ ငါဘာလို့ပိတ်မိနေလဲမသိဘူး၊ ဒါပေမဲ့ ဒါက ငါနဲ့ဘာမှမဆိုင်ဘူး”
“နင်…” ဟွေ့လင်ရဲ့အသံက ပျောက်သွားတယ်။ သူမက မြေကြီးပေါ်ကလူကိုစိုးရိမ်တကြီးကြည့်ပြီး ရွှမ်ထုံ့ရှေ့ရပ်နေဆဲ။
“သည်းခံသင့်တယ်၊ နင် သူ့ကိုထိခိုက်အောင်လုပ်မှာ ထပ်ခွင့်မပြုတော့ဘူး”
“ရွှမ်အာ…” ရှင်းဟန်က ဟွေ့လင်ကို မော့ကြည့်ပြီးသိသိသာသာရင်ထဲထိသွားတဲ့ပုံ။
“ကိုယ်သိတယ် – မင်း ပြန်ဝင်စားသွားပေမဲ့ ကိုယ့်ကိုချစ်နေသေးတယ်ဆိုတာ”
သူက အတော်လေး စိတ်ခံစားချက်ပြင်းထန်လာပြီး ဟွေ့လင်ကို သူ့ကမ္ဘာကြီးလိုကြည့်နေတော့တယ်။ သူ့ယောင်ကိုင်းပြီး စိမ်းပြာနေတဲ့ မျက်နှာနဲ့ ပုစွန်ထုပ်လိုကွေးနေတဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် သိပ်ပြီးဟာသဆန်မှာမဟုတ်ဘူး။ ရွှမ်ထုံ ဆက်ကြည့်မနေနိုင်တော့ဘဲ လှည့်ထွက်လာခဲ့တော့တယ်။
ဟွေ့လင်က ရွှမ်ထုံ့ကို သတိမထားမိသလိုမျိုးပြုမူတယ်။ သူက အဲလူကို ကူထူပေးပြီး ရွှမ်ထုံ့ကို မကြည်ကြည့် လှမ်းကြည့်တယ်။
“အဇဋာဧကရာဇ် မစိုးရိမ်ပါနဲ့၊ ကျွန်မဆရာ ရောက်လာတော့မှာ၊ သူက ရှင့်အတွက် တရားမျှတမှုယူပေးလိမ့်မယ်”
“…” ရွှမ်ထုံနှုတ်ခမ်းတွေ တင်းသွားတယ်။ သူမ အကြီးအကဲကူယွဲ့ သူ့သုံးနေကျစကားကို ခေါင်းထဲ ကြားယောင်မိလိုက်သလိုပဲ။
သောက်ငနုံတွေ…။
…