အခန်း ၁၉၄ ။ အချစ်ဟောင်းနှင့်အချစ်သစ်
“မင်းလည်း ပြောနိုင်တာလား” ကူယွဲ့ သူ့ကိုလှမ်းကြည့်ပြီး ခေါင်းညိတိပြလိုက်တယ်။
“ဒီရှင်းဟန်မှာ တကယ်ပဲ ပြဿနာတစ်ခုခုရှိတယ်၊ ဒါပေမဲ့ ဒီလော့ဟန်ကျောက်တုံးက တကယ့်အစစ်ပဲ”
သူ ရွှင်ရှူးကို သိလာတာကြာပြီမို့ ကောင်းကင်လက်နက်က အစစ်ဟုတ်၊ မဟုတ် ပြောနိုင်တယ်။ ကူယွဲ့နားမလည်တာက ရှင်းဟန်က ဝိညာဉ်စုဝေးမီးအိမ်အတွက် လော့ဟန်ကျောက်တုံးနဲ့လဲဖို့ သူတို့ကို လှုံ့ဆော်ခဲ့ရလဲပဲ။ တကယ်ပဲ ပိုင်ကျောင်းကိုကယ်ဖို့ဟုတ်ရဲ့လား။
“သူမအတွက် မဟုတ်ဘူး” ကူယွဲ့အတွေးတွေကိုကြားရသလိုမျိုး ယိချင်းက အော်လာတယ်။ သူ ပိုင်ကျောင်းကို ကြည့်တဲ့အချိန်မှာ မျက်လုံးထဲ စိတ်ခံစားချက်တွေမှမရှိတာ။
“ဘယ်သူဂရုစိုက်လဲကွာ ဘာပဲဖြစ်ဖြစ် လော့ဟန်ကျောက်တုံးက ငါတို့အပိုင်ဖြစ်နေပြီ” ကူယွဲ့ ထပ်ပြီးအချိန်ဖြုန်းမစဉ်းစားချင်တော့ဘူး။ ဒါပေမဲ့ သူမှတ်ချက်ပေးလိုက်တယ်။
“ဒါပေမဲ့ ဒီဧကရာဇ်ကို ကိုယ်တိုင်မြင်လိုက်ရတော့ ဒီလူကတကယ်ပဲနှလုံးသားမဲ့တာလို့ စပြီးယုံလာပြီ”
ပိုင်ကျောင်းက သူ့အပေါ် ဒီလောက် သစ္စာရှိတာ။ ဒါပေမဲ့ သူဆက်ဆံတဲ့နည်းလမ်းကတော့ နည်းနည်းလေးတောင် အပြစ်ရှိသလိုမခံစားရတဲ့အပြင် ရင်ထဲလည်းမထိကြောင်း ပြသနေတယ်။ သူ့ကြည့်ရတာ ရေခဲတုံးနဲ့ထွင်းထားသလိုပဲ။
“သူ့မှာ နှလုံးရှိတယ်လေ”
“ဟမျ” သူ ဘာဆိုလိုတာလဲ။
ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။ အဲလူက တကယ်ပဲ နှလုံးသားမဲ့တဲ့ရေခဲတုံးနဲ့တူပေမဲ့ အေးစက်မှုက နည်းနည်း… အတင်းလုပ်ယူထားသလိုကြီး။
ပြီးတော့…။
“ဆရာက ပြောတယ်လေ၊ ဆက်ဆံရေးတွေက နှလုံးသားနဲ့ ဘာမှမဆိုင်ဘူးဆိုတာလေ၊ သူ ဉာဏ်နုံတာ မဟုတ်သရွေ့ ဒီလိုမျိုးဖြစ်နေမှာမဟုတ်ဘူး”
ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
“ရှန်းရင် မင်းအမြဲ… အာ ရှန်းရင် ဘယ်မှာလဲ”
ကူယွဲ့ တစ်ဖက်လှည့်လိုက်တော့ ရှန်းရင်ရှိနေသင့်တဲ့နေရာမှာ နေရာလွတ်ဖြစ်နေတာ မြင်လိုက်ရတယ်။ ရှန်းရင်က ယိချင်းရဲ့ဓားပျံနဲ့အတူ စီးတာ။ ဒါပေမဲ့ အခုပျောက်သွားပြီ။ ရုတ်တရက် ကူယွဲ့ ရင်ထဲ မကောင်းတဲ့ခံစားချက်ရလိုက်တယ်။
“ချီးပဲဟေ့ သူဘယ်ချိန်ကပျောက်သွားတာလဲ”
“ကောင်းကင်နန်းတော်ကထွက်လာချိန်… ပျောက်သွားတာလို့ ထင်တာပဲ”
“ခဏ ငါတို့နဲ့ စောနတုန်းက ကောင်းကင်နန်းတော်ထဲ လိုက်ဝင်လာခဲ့ရဲ့လား”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ယီရွှေ့ကောင်းကင်နန်းတော်၊ ရေခဲအခန်း။
ရေခဲလွှာတွေအကုန်လုံးက ပျောက်ဆုံးသွားခဲ့ပြီ။ ဒါပေမဲ့ ပတ်ပတ်လည်က အေးစက်စက် လေထုကတော့ မလွင့်ပျောက်သေး။ ဒါပေမဲ့ အရင်ကလောက် သိပ်မအေးတော့ဘူး။ အနည်းဆုံးတော့ အအေးဓာတ်က သူတို့နှလုံးထဲထိ မဖောက်ထွင်းတော့ဘူးပေါ့။ ရေခဲခုတင်ပေါ် သတိလစ်နေခဲ့တဲ့လူက သတိပြန်ရလာပြီ။
သူမက ရင်ဘက်ကိုဖိထားပြီး အသက်မနည်းရှူနေရတယ်။ တစ်ခဏနေတော့ သူမက ကတင်ပေါ်ကဆင်းဖို့ လှည့်လိုက်ပေမဲ့ အဖြူရောင်အလင်းတန်းတစ်ခုက သူမပတ်လည်မှာ ထိန်လင်းသွားခဲ့တယ်။
“အား” ပိုင်ကျောင်းအော်လိုက်တယ်။ အဲတေည့မှပဲ ပုံရိပ်ယောင်အင်းကွက်တစ်ခုက သူမခြေဖဝါးမှာ ရှိနေတာ မြင်လိုက်ရတယ်။ သူမ အနီးကပ်ကြည့်လိုက်တော့ ချုပ်နှောင်တဲ့အင်းကွက် ဖြစ်နေတာ နားလည်သွားခဲ့တယ်။
“ကျောင်းကျောင်း” အေးစက်လှတဲ့ ယောက်ျားအသံက သူမနားဘေးက ပေါ်လာတယ်။ ရှင်းဟန်က ရုတ်တရက် ပေါ်လာပြီး သူမမျက်နှာကို လှမ်းထိတယ်။
“ဘာလို့ အလျင်လိုနေတာလဲ”
အိပ်ရာပေါ်က အမျိုးသမီးက ရပ်တန့်သွားခဲ့တယ်။ အလိုလိုနေရင်း သူမ အနောက်ဆုတ်ပြီး သူ့အထိအတွေ့ကို ရှောင်လိုက်တယ်။ သူမက သူ့ကိုခေါင်းစခြေဆုံးကြည့်လိုက်တယ်။
သူက ချိုမြတဲ့စကားတွေပြောနေပေမဲ့ အေးစက်တဲ့ ပြောပုံဆိုပုံတွေရှိသေးတုန်းပဲ။ သူမက သူ့လက်ထဲက မီးအိမ်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ ဒေါသထွက်လာပါလေရော။
“ရှင် ဘာလိုချင်တာလဲ”
ရှင်းဟန်က မျက်နှာပေါ် ဘာအမူအရာမှမပြ။ သူ အသံကိုတိုးပြီး ပြောလိုက်တယ်။
“ကျောင်းကျောင်း ဒီနှစ်တွေအားလုံးအပြီးမှာ ကိုယ် ဘာလိုချင်လဲဆိုတာ မင်းအသိဆုံးဖြစ်မှာပါ၊ အရာအားလုံးကို ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက မင်းမဟုတ်ဘူးလား”
ပိုင်ကျောင်းမျက်နှာပျက်သွားခဲ့တယ်။
“ရှင်ဘာဆိုလိုတာလဲ”
“ဘာလဲ၊ မင်းက ကတိကို ပြန်ရုပ်သိမ်းတော့မို့လား”
ရှင်းဟန်က ခြောက်ကပ်ကပ် ရယ်ပြီး မျက်လုံးတွေက ပိုအေးစက်လာတယ်။
“…” ပိုင်ကျောင်းက ပြန်မတုံ့ပြန်။ သူမ ထထိုင်ပြီး ပိုသတိရှိလာတယ်။
သူက ရုတ်တရက် ကိုင်းချလာပြီး ရေခဲတမျှ အေးစက်တဲ့အမူအရာက ဒေါသအဖြစ် ပြောင်းလဲသွားတယ်။
“အစတုန်းက မင်း သေမျိုးဘုံဆီကျလာချိန် မင်းသာ သူမကိုဝင်စီးပြီး ဘဝကိုမခိုးယူခဲ့ရင် ငါ သူမကို မင်းနဲ့ ဘယ်လိုလုပ်မှားမှာလဲ၊ သူမက ငါ့တာအိုလက်တွဲဖော်ပဲ၊ မင်းက သူ့ဆီကနေ အရာအားလုံးကို ခိုးခဲ့တယ်၊ အမတဘုံ တက်လှမ်းပြီးနောက်မှာတောင် ငါ့ကို နှစ်တွေအကြာကြီး လိမ်ခဲ့တယ်၊ မင်းမှာ သူ့အပေါ် အားနာစိတ်နည်းနည်းလေးတောင်မရှိဘူးလား”
“ကျွန်မ အရင်က ပြောဖူးတယ်လေ၊ ကျွန်မ မဟုတ်…”
“ခုမှ ငြင်းဖို့ကြိုးစားတာ ဘာထူးမှာလဲ” ရှင်းဟန်က ကြားဖြတ်ပြောပြီး သူ့မျက်ဝန်းတွေက အေးစက်သွားပြန်တယ်။
“ကိုယ့်အတွက် ဘာမဆိုလုပ်ပေးမယ်လို့ ပြောခဲ့တယ်မလား၊ အခု သူမခန္ဓာကိုယ်ကို သူမဆီ ပြန်ပေးလိုက်ရင်ရော”
“ဘာ” ပိုင်ကျောင်း မျက်လုံးပြူးသွားတယ်။
ရှင်းဟန်က မဲ့ပြုံးပြုံးတယ်။ သူမရဲ့မျက်နှာတစ်ခုလုံးက ကြယ်တစ်ထောင်လင်းလက်သွားသလိုမျိုး အသက်ဝင်လာတယ်။ ပိုင်ကျောင်းတုံ့ဆိုင်းနေမိတယ်။
“ကိုယ်ရှာတွေ့ပြီလေ…” သူ့ရှေ့က မိန်းမမျက်နှာမှာ တစ်ခုခုကို ရှာဖို့ကြိုးစားနေသလိုမျိုး စိုက်ကြည့်ရင်း ပြောလာတယ်။
“ကိုယ် သူဝင်စားတဲ့သူကို နောက်ဆုံးတော့ရှာတွေ့ပြီ၊ မင်းက အစတည်းက သူ့ခန္ဓာကိုယ်ကို ခိုးသွားခဲ့တဲ့သူလေ – အခု ပြန်ပေးမှ မှန်ကန်မှာ မဟုတ်လား”
“ရှင်… ရှင်ကျွန်မတို့ ဝိညာဉ်တွေကို လဲချင်နေတာပဲ” ပိုင်ကျောင်း ကြားနေရတာကို ယုံတောင်မယုံနိုင်တော့ဘူး။
“သူလည်း အမတဘုံမှာရှိနေတာကို ဟိုတလောကမှသိခဲ့ရတာ၊ ပြောရရင်… ကိုယ့်ကို မီးအိမ်ကူရှာပေးလို့ မင်းကိုကျေးဇူးတင်သင့်တာပဲ” သူက လက်ထဲက မီးအိမ်ကို လှမ်းကြည့်ပြီးနောက်တော့ သူမမျက်နှာကို ပြန်ကြည့်လိုက်တယ်။ ဒီတစ်ကြိမ်တော့ သူမရှောင်ဖို့ အချိန်မရှိလိုက်တော့။ သူက သူမလည်ပင်းကို ညှစ်ပြီး ပြောလာတယ်
“မင်း သူ့ကို အကြွေးတင်နေတဲ့ဟာကို ပြန်ဆပ်ရမယ်”
ပိုင်ကျောင်းက အသံတောင်မထွက်နိုင်တော့။
ရှင်းဟန်က အချိန်အကြာကြီး သူမကိုစိုက်ကြည့်နေပြီးမှ လွှတ်ပေးလိုက်တယ်။ နောက်တော့ အတွင်းဘက်အကျဆုံးနံရံဆီ လျှောက်သွားတယ်။ တစ်ခါတည်း ချိပ်တစ်ခု ဖန်တီးပြီး မြေပုံအင်းကွက်တစ်ခုက နံရံဖြူပေါ် ပေါ်လာခဲ့တယ်။ တစ်ခဏနေတော့ နံရံတစ်ခုလုံး သူတို့မျက်စိရှေ့မှာတင် ပွင့်သွားပြီး လျှို့ဝှက်အခန်းတစ်ခု ပေါ်လာခဲ့တယ်။
“ရှင် ကျွန်မကို ဒီမှာ ဘာလို့ပိတ်ထားတာလဲ” ဒေါသထွက်နေတဲ့ မိန်းမတစ်ယောက်အသံက အခန်းထဲကနေ ထွက်လာတယ်။ အစိမ်းရောင်အပြည့် ဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက် အခန်းအပြင်ထွက်လာပြီး ရှင်းဟန်ကို ဒေါသတကြီး စိုက်ကြည့်တော့တယ်။
“ရှင် မြန်မြန် ကျွန်မကို လွှတ်ပေးတာကောင်းမယ်နော်၊ ရှင် အဇဋာဧကရာဇ်မို့ ကိစ္စမရှိဘူးမထင်နဲ့၊ ကျွန်မဆရာက အဇဋာဧကရာဇ်ချန်ကောပဲ၊ ကျွန်မဆံချည်တစ်မျှင် ပျောက်နေရင်တောင် ဆရာက ရှင့်ကို အလွတ်ပေးမှာမဟုတ်ဘူး”
“ရွှမ်အာ” ရှင်းဟန်က သူ့ရှေ့က အမျိုးသမီးကို အူကြောင်ကြည့်နေတယ်။ သူက သူမလက်ကို လှမ်းဆွဲလိုက်တယ်။
မိန်းကလေးက ချက်ချင်း သူ့လက်ကိုခါပြီး အော်တော့တယ်။
“ကျွန်မကို မထိနဲ့ အကြိမ်တစ်ရာပြောပြီးပြီ – ကျွန်မကဟွေ့လင်၊ ရှင့် ရွှမ်အာလားဘာလားလည်း မဟုတ်ဘူး ကျွန်မကရှင့်ဇနီးမဟုတ်ဘူး”
ရှင်းသန်က ဒေါသမထွက်ဘဲ အသံတောင်နူးညံ့သွားတယ်။
“မင်းမမှတ်မိရုံပါ၊ ချက်ချင်း… မင်းမှတ်ဉာဏ်တွေအားလုံး ပြန်ရလာလိမ့်မယ်”
“ရှင်ဘာဆိုလိုတာလဲ” ဟွေ့လင်ကြောင်သွားတယ်။
ရှင်းဟန်က ပြုံးပြီး သူမကို အခန်းအလယ်ဆီ ဆွဲလာခဲ့တယ်။ သူက ခုတင်ပေါ်က အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်တယ်။
“မင်း သူ့ကိုမှတ်မိလား”
“သူကဘယ်သူလဲ” ဟွေ့လင်မျက်မှောင်ကြုတ်လိုက်တယ်။
“မမှတ်မိလည်း ကိစ္စမရှိပါဘူး၊ ကိုယ် သူ့ကိုယ်ပေါ် ပြန်လည်ရှင်သန်ဂါထာသုံးထားတယ်၊ မကြာခင် အားလုံးနားလည်သွားမှာပါ” သူက ဟွေ့လင်ပတ်လည်မှာ အင်းကွက်တစ်ခုချပြီး စိတ်ပူပန်စွာပြောလိုက်တယ်။
“မင်း သူဖြစ်လာရင် ကိုယ် သူ့ကိုယ်ပေါ်ထားထားတဲ့ စည်းချိပ်ကို ဖြည်လိုက်မယ်၊ ဒါဆို အားလုံးကို မှတ်မိသွားပြီး မဟူရာအမတဖြစ်လာလိမ့်မယ်”
“မဟူရာအမတ” ဟွေ့လင်က အံ့ဩတကြီးဖြစ်သွားပြီး သူဘာဆိုလိုလဲ ချက်ချင်း သဘောပေါက်သွားခဲ့တယ်။
“ရှင်က ကျွန်မတို့ဝိညာဉ်တွေကိုလဲချင်နေတာလား၊ ဟင့်အင်း… ဟင့်အင်း ကျွန်မ မလုပ်ချင်ဘူး” သူမက ထွက်ပြေးချင်ပေမဲ့ အင်းကွက်ထဲပိတ်မိနေတယ်။
“မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ” ရှင်းဟန် သူမကိုနှစ်သိမ့်ပေးလိုက်တယ်။ သူ ပိုင်ကျောင်းဘေး လျှောက်လာခဲ့ပြီး ဝိညာဉ်စုဝေးမီးအိမ်ကို အင်းကွက်ဘောင်စွန်းမှာ ထားလိုက်တယ်။
သူ့အစွမ်းတွေကို အသက်သွင်းပြီး ဝိညာဉ်လဲသိုင်းထုတ်ချင်ပေမဲ့ ပိုင်ကျောင်းက ရုတ်တရက် အင်းကွက်ထဲကနေ ဖောက်ထွက်ပြီး သူ့ဆီ ဦးတည်လာတယ်။ သူမရဲ့မသေမျိုးချီက ဓားတစ်ချောင်းအဖြစ် ပုံစံဖွဲ့သွားပြီး သူ့ကိုထိုးဖို့လုပ်လိုက်တယ်။
ရှင်းဟန် သူ့လက်ဖဝါးနဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်ပေမဲ့ ဓားသိန်းချီ သူ့ရှေ့ပေါ်လာပြီး သူ့ဆီ ဦးတည်လာတယ်။ ရှင်းဟန် ကြောင်သွားပြီး – ဓားတွေကိုတားဖို့ သူ့ကိုယ်ပိုင်လက်နက်ကို ဆင့်ခေါ်လိုက်ရတော့တယ်။
ပိုင်ကျောင်းကဆက်ပြီး မတိုက်ခိုက်တော့ဘူး။ သူမက တံခါးကနေထွက်ပြေးဖို့လုပ်တော့တယ်။ သူမ ပျံထွက်တော့မဲ့ဆဲဆဲမှာတင် အင်းကွက်တစ်ခု လင်းလာပြီး ထွက်ပေါက်တစ်ခုလုံးကို ပိတ်လှောင်လိုက်လေတယ်။
နောက်ထပ် အလင်းတန်းကြီးတစ်ခု ပေါ်လာပြီး ပိုင်ကျောင်းက ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ သူမက အကြီးအကျယ် ဒဏ်ရာရထားပြီးပြီမို့ အခု သွေးပါအန်လာပြီ။ သူမ လဲကျပြီး နောက်တစ်ကြိမ် မေ့မသွားအောင် အားလက်ကျန်လေးနဲ့ မနည်းတောင့်ခံနေရတယ်။
ရှင်းဟန်က ပိုင်ကျောင်းကို ပိတ်လှောင်ထားတဲ့ အင်းကွက်ကိုကြည့်လိုက်တယ်။ သွေးတန်းတွေနဲ့ အင်းကွက်က ပျက်စီးနေတယ်။ သူမက သူကျောပေးထားချိန် အင်းကွက်ကနေဖောက်ထွက်ဖို့ ကြိုးစားနေခဲ့တာပဲ။ သူ့စိတ်ထဲ ပြောမရတဲ့ထိတ်လန့်မှုနဲ့။
“ဒီအတောအတွင်း မင်း ဒီလောက်တိုးတက်လာမယ်လို့ ဘယ်တော့မှမထင်မိခဲ့ဘူး” သူ မဲ့ပြုံးပြုံးပြီး သူမဆီ လျှောက်လာခဲ့တယ်။
“ဒါပေမဲ့… မင်းထွက်ပြေးနိုင်မယ်ထင်နေတာလား၊ ပိုင်ထီက မင်းကို လက်လွှတ်လိုက်ပြီ၊ ဘယ်သူမှ မင်းကို လာကယ်မှာမဟုတ်ဘူး”
သူ စကားပြောပြီးတာနဲ့ နောက်ထပ်ချိပ်တစ်ခု ဖန်တီးတော့တယ်။ နောက်ထပ်အလင်းတန်းတစ်ခု ပေါ်လာပြီး ပိုင်ကျောင်းဆီ ဂါထာတစ်ခု တည်လိုက်တယ်။
ရုတ်တရက် သူ့လက်ကောက်ဝတ်မှာ တင်းခနဲဖြစ်သွားလေရဲ့။ သူ ဆက်ပြီးလှုပ်မရတော့ဘူး။ သူ့လက်ထဲက ဂါထာလည်း ပျောက်သွားခဲ့တယ်။ ပျင်းတိပျင်းရွဲအသံက ပြောလာလေရဲ့။
“တောင်းပန်ပါတယ်၊ ငါဒီမှာရှိတယ်နော်”
ရှင်းဟန် ။ ။ “…”
ဟွေ့လင် ။ ။ “…”
လူတိုင်း တိတ်ကုန်ကြတယ်။
ရှန်းရင် ကြမ်းပြင်ပေါ်က မိန်းကလေးကို လှမ်းကြည့်ပြီး လက်ယမ်းပြကာ ပြုံးပြလိုက်တယ်။
“ဟေး ဂျပုလေး”
…