အခန်း ၁၉၃ ။ လော့ဟန်ကျောက်တုံးကို ငှားခြင်း
ယီရွှေ့တိုက်ကြီးက အမတဘုံရဲ့ မြောက်ပိုင်းထိပ်ဖျားမှာ တည်ရှိတာကြောင့် ဖုန့်ချန်တိုက်ရဲ့ ထာဝရနွေဦးရာသီလိုမျိုး မရှိဘူး။ နေရာတိုင်းနီးပါးက နှင်းတွေဖုံးလွှမ်းနေပြီး စိမ်းစိုမှုက မရှိသလောက်။ နှင်းကလွဲရင် သူတို့မြင်ရတာ အဆုံးမရှိတဲ့ပင်လယ်ပြင်။
သူတို့ ရွှမ်ထုံ့ကို စိုးရိမ်တာမို့ ရှန်းရင်တို့တွေ ယီရွှေ့နန်းတော်ဆီ မရပ်မနားဦးတည်ခဲ့ကြတယ်။ သူတို့တွေ လမ်းမှာ အမတတချို့ပဲတွေ့ခဲ့ရတယ်။
သူတို့တွေဆီမှာ ချူရွှမ်ပေးလိုက်တဲ့ အထူးတလည် ခရီးသွားလာခွင့်တံဆိပ်ပြားရှိတာမို့ နန်းတော်အပေါက်အဝဆီ ဘာကိစ္စမှမရှိဘဲ ရောက်လာခဲ့တယ်။ သူတို့တွေ အမတအရာရှိ အစောင့်တွေကို သူတို့လည်ပတ်မှုရဲ့ရည်ရွယ်ချက်ကို အသိပေးလိုက်တယ်။ ခဏနေတော့ လူတစ်ယောက်ထွက်လာပြီး သူတို့ကို ဂါဝရပြုလိုက်တယ်။
“အရှင်မင်းကြီးက ဖိတ်ကြားလိုက်ပါတယ်”
သူတို့တွေကို ပင်မနန်းဆောင်ထဲ ခေါ်လာကြတယ်။
ဝတ်ရုံဖြူနဲ့လူတစ်ယောက်က သလွန်ပေါ်ထိုင်နေတယ်။ သူ့အသွင်အပြင်က ခပ်ထင်းထင်းရှိပြီး ဆံပင်ရှည်ကို ထုံးထားတယ်။ သူ့အပြင်ပိုင်း အသွင်အပြင်က သင့်တင့်ပြီး ခံ့ညားသား။ ဒါပေမဲ့ သူ့မျက်ဝန်းထဲကအမူအရာကတော့ ရေခဲတမျှအေးစက်နေတယ်။ လူမဆန်လုနီးပါး အငွေ့အသက်က သူ့ကိုလွှမ်းခြုံနေလေရဲ့။
သူတို့တွေ သူက အဇဋာဧကရာဇ်ရှင်းဟန် ဖြစ်ရမယ်လို့ ခန့်မှန်းလိုက်ကြတယ်။
“နှုတ်ဆက်ပါတယ် အရှင်မင်းကြီး” သူတို့တွေ ယဉ်ယဉ်ကျေးကျေး ဂါဝရပြုလိုက်တယ်။
ရှင်းဟန်က သူတို့ကိုမျက်နှာသေနဲ့ ကြည့်ပြီး အေးစက်စက်မေးလာတယ်။
“အဲတော့ ခင်ဗျားတို့က ဝူတိဂိုဏ်းကလား”
“ဟုတ်ပါတယ်” ကူယွဲ့က စီးပွားရေးဆန်တဲ့အမူအရာယူလိုက်တယ်။
တစ်စုံတစ်ရာကို ပြန်သတိရသွားပုံနဲ့ ရှင်းဟန်က မျက်မှောင်ကြုတ်ကာ အေးတိအေးစက် စကားဆိုတယ်။
“ဝိညာဉ်စုဆောင်းမီးအိမ်ကို ဖုန့်ချန်ဆီ ပြန်ပို့ဖို့ ကျုပ်လူတွေကို ခိုင်းပြီးပြီ… ထင်တာပဲ”
“အရှင်မင်းကြီး နားလည်မှုလွဲတာပါ ကျုပ်တို့ မီးအိမ်ကို လက်ခံပြီးပြီ၊ ကျုပ်တို့ မီးအိမ်ကြောင့် လာတာ မဟုတ်ပါဘူး”
“အော် ဒါဆို ဘာများလဲ”
ကူယွဲ့ ပြုံးပြီး ဖော်ရွေတဲ့လေသံနဲ့ပြောလိုက်တယ်။
“ဒီလိုပါ၊ တပည့်တွေထဲက တစ်ယောက်က ဝဋ်ကြွေးချေမှုအတွင်းမှာ မတော်တဆမှုကြုံခဲ့ရပြီး အမြိုက်ချီတွေ ခန္ဓာကိုယ်ထဲဝင်သွားခဲ့ပါတယ်၊ နည်းမျိုးစုံကြိုးစားခဲ့ပေမဲ့ သူမကိုယ်ထဲကနေ နှင်ထုတ်လို့မရခဲ့ဘူး၊ ဒါကြောင့်…”
“လော့ဟန်ကျောက်တုံးကို ငှားချင်တာပေါ့”
ရှင်းဟန်က သူ့အေးစက်တဲ့အသံနဲ့ ကြားဖြတ် ပြောလာတယ်။ မဆိုစလောက် မျက်မှောင်ကြုတ်မှုပါ ပေါ်လာခဲ့တယ်။
“အမှန်ပါပဲ၊ ကျောက်တုံးကြောင့် လာခဲ့ရတာပါ” သူက သူတို့တောင်းဆိုချက်ကို သဘောတူဖို့ မဖြစ်နိုင်တာကို ခန့်မှန်းမိတော့ ကူယွဲ့လေသံကိုပျော့ပြီး စိတ်အားထက်သန်စွာပြောလိုက်တယ်။
“ဒါက ကောင်းကင်လက်နက်ဆိုတာ ကျုပ်တို့သိပါတယ်၊ ဒါပေမဲ့ ကလေးကိုကယ်ဖို့ အသည်းအသန် လိုအပ်နေလို့ပါ၊ တကယ်လို့ အရှင်မင်းကြီးသဘောတူရင် ကောင်းကင်ဖန်တီးနာရီနဲ့လဲဖို့ ဆန္ဒရှိပါတယ်၊ ကျုပ်တို့ကို မယုံရင် အတူတူ ပြန်သွားလို့ရပါတယ်”
သူ့လက်ကိုယမ်းလိုက်တော့ အက်ကွဲကြောင်းတွေနဲ့ နာရီတစ်လုံး လက်ဖဝါးပေါ် ပေါ်လာတယ်။ သူ ဒီရက်ပိုင်းအလုပ်ရှုပ်နေတာမို့ ပြင်ဖို့ ရွှင်ရှူးဆီ မပို့ရသေးဘူး။
ရွှင်ရှူးအမူအရာကတော့ မပြောင်းမလဲ။ သူ နာရီကို တစ်ခဏကြည့်နေပြီးတော့ ဆက်ပြောလာတယ်။
“တကယ်ဆို ကောင်းကင်ဖန်တီးနာရီက ကျုပ်မူလဝိညာဉ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်တော့ ခင်ဗျားတို့တောင်းဆိုချက်ကို သဘောတူညီသင့်တယ်၊ လော့ဟန်ကျောက်တုံးက တကယ်ပဲ ကျုပ်နန်းတော်မှာ၊ ဒါပေမဲ့… ခင်ဗျားတို့ကိုငှားဖို့တော့ အဆင်မပြေဘူး”
“ဘာကိုဆိုလိုတာပါလဲ” ကူယွဲ့ ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ ငှားရင်လည်းငှား မငှားရင်လည်း မငှားနဲ့ပေါ့။ ဘာကိုအဆင်မပြေဖြစ်နေတာလဲ။
ရှင်းဟန်က မျက်မှောင်ပိုကြုတ်သွားတယ်။ သူ့နဂိုမျက်နှာသေအမူအရာက မည်းမှောင်သွားလေရဲ့။ ရုတ်တရက် သူက သက်ပြင်းမောကြီးချပြီး ထရပ်တယ်။ သူက နန်းတော်နောက်ဘက်ဆီ စတင်လျှောက်တော့တယ်။
“ကျုပ်နောက်လိုက်ခဲ့ရင် ကျုပ်ဘာဆိုလိုလဲဆိုတာ သိလိမ့်မယ်”
လူတိုင်းက အကြည့်ချင်းဖလှယ်ပြီးတော့ သူ့ခြေလှမ်းတွေနောက် လိုက်ခဲ့ကြတယ်။
ရှင်းဟန်က တိမ်တိုက်ပင်လယ်ကြီးကနေတစ်ဆင့် သီးခြားအမတနန်းတော်တစ်ခုဆီ ခေါ်လာတယ်။ ပျံသန်းနေစဉ်အတွင်း သူက တောင်းဆိုချက်ကို ဘာလို့ငြင်းဆန်ရလဲ ရှင်းပြလေရဲ့။
“ကျုပ်ဆိုးဆိုးရွားရွား ဒဏ်ရာရတုန်းက ကျောင်း… ပိုင်ကျောင်းက ကျုပ်မူလဝိညာဉ် မတည်ငြိမ်ဆုံး ဖြစ်နေတဲ့အချိန် ဝိညာဉ်စုဝေးမီးအိမ်ကိုရှာပြီး ယူလာခဲ့တယ်လေ၊ ကျုပ်ရဲ့ မူလဝိညာဉ်ကို တည်ငြိမ်စေဖို့ အကူအညီဖြစ်မယ်တွေးပြီး မီးအိမ်ကို အတင်းထွန်း ဝိညာဉ်ထိန်းချုပ်ဂါထာတစ်ခုကို ရွတ်ခဲ့တယ်၊ ဒါကြောင့်…”
သူ့လက်ကို ယမ်းလိုက်တော့ အမတနန်းတော်တံခါးတွေက ပွင့်သွားပြီး အေးစက်လှတဲ့လေထုက အပြေးထွက်လာတယ်။ ဧကရာဇ်ငယ်တွေဖ့စ်တဲ့ ကူယွဲ့နဲ့ယိချင်းတောင် ထိတ်လန့်ကုန်တယ်။
နန်းတော်ထဲက အရာအားလုံးကို ရေခဲလွှာတွေဖုံးအုပ်ထားတယ်။ အခန်းအလယ်မှာတော့ မိန်းကလေးတစ်ယောက်က အိပ်ရာပေါ်လှဲနေပြီး အိပ်ပျော်နေတဲ့ပုံ။ သူတို့ သူမဆီကနေ အရှိန်အဝါဖျော့ဖျော့ ထုတ်လွှင့်နေတာ အာရုံခံမိလိုက်တယ်။
“သူက… ပိုင်ကျောင်းပဲ” ကူယွဲ့ အံ့ဩသွားတယ်။ သူမကို သူ လွန်ခဲ့တဲ့တစ်ခေါက် မြင်ခဲ့ရတုန်းက တက်ကြွပြီး အသက်ဝင်နေခဲ့တာ။ ခုတော့ သေလုနီးပါးပုံစံနဲ့။
“သူက ဝိညာဉ်ထိန်းချုပ်ဂါထာကိုသုံးပြီး ကောင်းကင်လက်နက်ကို အသက်သွင်းဖို့ ကြိုးစားခဲ့တာလေ၊ ဒါပေမဲ့ ဂါထာကို ထိန်းချုပ်နိုင်လောက်တဲ့အထိ သူမကျင့်ကြံဆင့်က မသန်မာဘူး၊ အဲတော့ကြားထဲမှာ သူမရဲ့မူလဝိညာဉ်က ထိခိုက်သွားခဲ့ရတယ်” ရှန်းဟန်က ရှင်းပြရင်း ခေါင်းယမ်းတယ်။ ဒါပေမဲ့ သူ့မျက်နှာပေါ် နောင်တ၊ သနားမှုအရိပ်အယောင်မရှိဘဲ မနှစ်ခြိုက်မှုသာ ရှိနေခဲ့တယ်။
“ကျုပ်နိုးလာမှ ဒီအကြောင်းသိခဲ့ရတာ၊ ဒါပေမဲ့ မူလဝိညာဉ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိပ်မသိတာမို့ သူမအခြေအနေပိုမဆိုးလာအောင် ဒီလော့ဟန်ကျောက်တုံးကိုသုံးပြီး သူမသွေးကြောတွေကို ချိပ်ပိတ်ထားတာ”
နောက်တော့ သူချိပ်တစ်ခု ဖန်တီးလိုက်တယ်။ ပတ္တမြားတုံးတစ်ခုက ချက်ချင်း ရေခဲခုတင်ပေါ် ပေါ်လာပြီး အေးစက်တဲ့အငွေ့အသက်ထုတ်လွှင့်နေတယ်။
“လော့ဟန် ကျောက်တုံးမရှိရင် သူမအခြေအနေကဆိုးရွားသွားနိုင်တယ်၊ ဒါကြောင့်ငှားလို့မရတာပါ”
ရှင်းဟန်က ပိုင်ကျောင်းကို ထူရင်း ရှင်းပြလိုက်တယ်။ နောက်တော့ သူက ကုသမှုချိပ်တချို့ ဖန်တီးတော့တယ်။ ပိုင်ကျောင်းရဲ့နဖူးပေါ် ချွေးသီးတွေ ပေါ်လာပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်တာ သက်သာလာတယ်။ တစ်ခဏနေတော့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာတယ်။
“သက်သာလာပြီလား” ရှင်းဟန်က ခပ်အေးအေး မေးလိုက်တယ်။
ပိုင်ကျောင်းကြည့်ရတာ မှင်တက်သွားတဲ့ပုံ။
“ရှင်…” သူမအသံက အက်ကွဲနေလို့ မကြားရလောက်တဲ့အထိပဲ။ စကားပြောဖို့ကြိုးစားတာကြောင့် သူမ၂ဆနာကျင်သွားခဲ့ရတယ်။
ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ ကျောက်တုံးကိုငှားဖို့ သူတို့စည်းစိမ်တွေကိုပါ စတေးဖို့ စိတ်ထဲကနေ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ ခုတော့ ဒါဖြစ်လာခဲ့ပြီ။ ဒီကျောက်တုံးက ပိုင်ကျောင်းကို ကယ်ဖို့လိုတာမို့ သူ အတင်းကြီးငှားလို့လည်းမရဘူး။
“အရှင်မင်းကြီးပြောတာ သူမက မူလဝိညာဉ်ကို ထိခိုက်စေမိခဲ့တယ်တဲ့နော်” ယိချင်း ရုတ်တရက် မေးလာတယ်။
လူတိုင်းက သူ့မေးခွန်းကြောင့် အံ့ဩသွားပြီး ပိုင်ကျောင်းတောင် သူ့ကိုလှည့်ကြည့်လာတယ်။ သူမက မှတ်မိသွားတဲ့ပုံစံနဲ့ မျက်လုံးပြူးလေတယ်။
“ကျွန်မ…”
“မင်းနားဖို့လိုတယ်လေ” ရှင်းဟန်က ပိုင်ကျောင်းမျက်လုံးပေါ် လက်ကိုယမ်းလိုက်တယ်။ ပိုင်ကျောင်းရဲ့ခန္ဓာကိုယ်က ပျော့ပြောင်းသွားပြီး နောက်တစ်ကြိမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြန်ခဲ့တယ်။
ရှင်းဟန်က သူမကိုခုတင်ပေါ်ပြန်လှဲချလိုက်ပြီး သူတို့ကိုကြည့်လိုက်တယ်။
“ပိုင်ကျောင်းက တကယ်ပဲ မူလဝိညာဉ်ထိခိုက်သွားခဲ့တာပါ”
ကူယွဲ့က နောက်ဆုံးတော့ ယိချင်းရဲ့ မေးခွန်းကို အထာပေါက်သွားခဲ့ပြီ။
“ဒါဆို ဖြေရှင်းနည်းရှိပါတယ်၊ ကျုပ်ဂိုဏ်းရဲ့ ဝိညာဉ်စုဝေးမီးအိမ်က သူမရဲ့ မူလဝိညာဉ်ကို ပြန်ထိန်းသိမ်းတဲ့နေရာမှာ လော့ဟန်ကျောက်တုံးထက် ပိုအသုံးဝင်ပါတယ်” ကူယွဲ့ အကြံပြုလိုက်တယ်။
“ကျုပ်တို့ ဝိညာဉ်စုဝေးမီးအိမ်ကို ဒီမှာထားခဲ့ပြီး အရှင်မင်းကြီးက ကျုပ်တို့ကို ကျောက်တုံးငှားလိုက်ပေါ့၊ နှစ်ယောက်လုံးသက်သာသွားရင် ပစ္စည်းပြန်လဲကြမယ်လေ၊ ဘယ်လိုထင်ပါသလဲ”
တစ်ခဏတုံ့ဆိုင်းနေပြီးတဲ့နောက် ရှင်းဟန်က ခေါင်းညိတ်ပြတယ်။
“ဒီဖြေရှင်းနည်းက ကျုပ်တို့ပြဿနာနှစ်ခုလုံးကို ဖြေရှင်းပေးတာပဲ၊ သဘောတူတယ်”
ကူယွဲ့ လက်တစ်ချက်ဝှေ့ယမ်းပြီး ဝိညာဉ်စုဝေးမီးအိမ်ကိုထုတ်လိုက်တယ်။
ရှင်းဟန်က မီးအိမ်ကိုယူဖို့မလှုပ်ဘဲ အဲအစား ပိုင်ကျောင်းကို ငုံ့ကြည့်ပြီးပြောလေတယ်။
“လော့ဟန်ကျောက်တုံးကိုထုတ်ချိန် အပြင်မှာခဏစောင့်ပါ”
ကူယွဲ့တို့တွေ မီးအိမ်ကိုယူပြီး အခန်းထဲက ထွက်လာခဲ့တယ်။ ရှင်းဟန်က သိပ်မကြာခင် လော့ဟန်ကျောက်တုံးနဲ့ထွက်လာပြီး ဝိညာဉ်စုဝေးမီးအိမ်နဲ့လဲတယ်။
သူတို့ ပြန်ဖို့စိတ်လောနေတာမို့ ရှင်းဟန်ကို အမြန်နှုတ်ဆက်ပြီး နန်းတော်ထဲကနေ တန်းပျံသန်းလာခဲ့တော့တယ်။
သူတို့နန်းတော်မျက်ကွယ်ရောက်တာနဲ့ ယိချင်းက ရုတ်တရက် ပြောလာတယ်။
“သူတမင်သက်သက် လုပ်တာပဲ”
…