အခန်း ၁၉၂ ။ ဒီရေပြောင်းပြန်စီးခြင်း
လူတိုင်းက တိတ်ဆိတ်ကုန်ကြတယ်။ ကံကောင်းမှုက ဒီကလေးကို မျက်နှာသာမပေးတာ သူတို့သိပေမဲ့ ဒီလောက်ကံဆိုးမယ်တော့မထင်ခဲ့ဘူး။
ချီချန်းယွီက သတင်းကြောင့် စိတ်ထိခိုက်သွားတယ်။ သူမ ယိုင်သွားပြီး မငိုမိအောင် ထိန်းနေရတယ်။ သူမက ရွှမ်ထုံလေ့ကျင့်ရမှာ လမ်းညွှန်ပေးခဲ့တဲ့သူ။ ရွှမ်ထုံ ဘယ်လောက်တောင်ကြိုးစားခဲ့လဲဆိုတာ တခြားလူတွေထက် ပိုသိတယ်။ သူ ရွှမ်ထုံ့ကို တစ်ဦးတည်းသောတပည့်လိုမျိုးနီးပါးအထိပါ ဆက်ဆံခဲ့တာ။ ဒါပေမဲ့အခုတော့…။
ကူယွဲ့လည်း ထပ်တူထပ်မျှ ဝမ်းနည်းမိတယ်။ သူ အတွေးနက်နေဆဲဖြစ်တဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ နောက်တော့ ချူရွှမ့်ကိုညွှန်ကြားလိုက်တယ်။
“ရွှမ်ထုံ့ကို နန်းတော်အဆောင်ဆီ ပြန်ခေါ်သွားလိုက်ပါ”
ချူရွှမ် ရွှမ်ထုံကို ချီပြီး ဝူတိဂိုဏ်းဆီ တခြားတပည့်တွေနဲ့ ပြန်ဦးတည်လာခဲ့တယ်။
“ယွီဟုန်” ကူယွဲ့က အခု ရွှမ်ထုံ့ဒဏ်ရာတွေကို ကူညီကုသပေးနေတဲ့ ချူရွှမ့်ကိုလှမ်းကြည့်ပြီး ယွီဟုန့်ကို လှမ်းဆွဲခေါ်လိုက်တယ်။
“မြို့တော်ဆီသွားပြီး မြို့ထဲက အချမ်းသာဆုံးသူဌေး ရှုကျန်းကိုလာခဲ့ဖို့ခေါ်လိုက်၊ သူက နာမည်ကြီးအမတသမားတော်လားပဲ၊ ငါတို့ကိုကူညီနိုင်လောက်တယ်”
“ဟုတ်ကဲ့ အကြီးအကဲ” ယွီဟုန်လည်း ထွက်သွားဖို့ ပြင်ဆင်လိုက်တယ်။
“ခဏ” ကူယွဲ့ အကြံတစ်ခုပေါ်လာလို့ထပ်ပြောလိုက်တယ်။
“မင်း သူ့ကိုရှာမတွေ့ရင် စစ်ပြေငြိမ်းခန်းမဆောင်မှာ ရွှင်ရှူးကို သွားရှာချေ၊ သူက အခု တိုင်းပြည်ဧကရာဇ်ဖြစ်နေပြီဆိုတော့ အသုံးဝင်နိုင်တယ်၊ ဒါ ရှန်းရင်ရဲ့ ညွှန်ကြားချက်လို့ ပြောလိုက်”
“နားလည်ပါပြီ” ယွီဟုန် ခေါင်းညိတ်ပြီး ဓားပျံနဲ့အတူ ပျံထွက်သွားလေတယ်။
တစ်လအကြာ။
ချူရွှမ်က ရှိနေတဲ့လူတွေထဲ ကျင့်ကြံဆင့်အမြင့်ဆုံး။ သူ့အကူအညီနဲ့အတူ သူမအခြေအနေက တဖြည်းဖြည်းတည်ငြိမ်လာပြီး ဒဏ်ရာတွေ စတင်သက်သာလာခဲ့တယ်။ သူမ ဖြူဖပ်ဖြူရော်ဖြစ်မှုကလည်း ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်လာခဲ့တယ်။
ချူရွှမ်က အဇဋာဧကရာဇ်ဆိုပေမဲ့လည်း သူ့အရည်အချင်းက အင်းကွက်တွေဖန်တီးတဲ့နေရာမှာဖြစ်ပြီး ကုသတဲ့စွမ်းရည်မဟုတ်ဘူး။ လန်ဟွားက အားလုံးမှာ ကျွမ်းကျင်တယ်ဆိုပေမဲ့ သူက နတ်ဆိုးကျင့်ကြံသူ ဖြစ်နေဆဲဆိုတော့ သူ့တည်ရှိမှုက သူမအခြေအနေကို ပိုတောင်ဆိုးရွားသွားစေနိုင်တယ်။ ဒါကြောင့် ရက်ပိုင်း သူက တောင်နောက်ဘက်မှာ မုန်လာဥဖြူနဲ့အတူ လိမ်လိမ်မာမာနေနေလေတယ်။
သူမဒဏ်ရာတွေရဲ့ပြင်းထန်မှုကြောင့်ထင် ရွှမ်ထုံက သတိလစ်နေရာကနေ နိုးမလာဘူး။ နောက်တော့ ယွီဟုန် ရှုကျန်းကို သူမဒဏ်ရာတွေကိုကြည့်ဖို့ ခေါ်လာခဲ့တယ်။ သူ့ရောဂါဟောကိန်းကလည်း ချူရွှမ်နဲ့အတူတူပဲ။ ဒါပေမဲ့ ရက်ပိုင်းကုသမှုအပြီးမှာ ရွှမ်ထုံက နိုးထဖို့အရိပ်အယောင်တွေပြလာတယ်။
နောက်ဆုံးတော့ တစ်လအကြာမှာ ရွှမ်ထုံက မျက်စိပွင့်လာခဲ့တယ်။
“ထုံအာ” ရွှမ်ထုံ့ကိုတစ်လ ပြုစုနေတဲ့ချီချနးယွီက ပြေးလာပြီး သူမကို ငုံ့ကြည့်တော့တယ်။ နောက်တော့ စိုးရိမ်တကြီးမေးလိုက်တယ်။
“ဘယ်လိုခံစားနေရလဲ”
ရွှမ်ထုံက ငေးငိုင်နေတယ်။ သူမကစကားပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ ဘာစကားလုံးမှထွက်မလာ။ သူမက ကြောက်လန့်ပြီး လမ်းပျောက်နေတဲ့ပုံ။
ချီချန်းယွီ အမြန်နှစ်သိမ့်ပေးလိုက်တယ်။
“ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာမို့ ပြန်သက်သာလာအောင် အချိန်လိုတယ်လေ ခဏလောက် စကားမပြောနိုင်တာ ပုံမှန်ပါပဲ”
ရွှမ်ထုံက တစ်ခုခုကိုအသည်းအသန်ပြောချင်နေသလိုမျိုး ခေါင်းယမ်းတော့တယ်။
“မစိုးရိမ်ပါနဲ့” ချီချန်းယွီ သူမ ခေါင်းကိုပုတ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်တယ်။
“ဂိုဏ်းချုပ်နဲ့အတူ အကြီးအကဲတွေ၊ ဧကရာဇ်တွေရှိတာမို့ အဆင်ပြေသွားမှာပါ”
ရွှမ်ထုံက ဒါကိုကြားချိန် အလိုလိုခေါင်းလှည့်လာတယ်။
“ဟေး ဂျပုလေး” ရှန်းရသ် လက်တစ်ဖက်ယမ်းပြပြီး နှုတ်ဆက်လိုက်တယ်။
ရွှမ်ထုံက ကြောင်အမ်းသွားပြီး အံ့ဩမှုနဲ့ အိပ်ရာက ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ချီချန်းယွီက သူမကိုအချိန်မီ ဖမ်းထားလိုက်တယ်။
“စိတ်မလှုပ်ရှားနဲ့၊ ရင်အာက နင့်ကို အထူးတလည်လာတွေ့တာပါ” ချန်းယွီက ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။ ရှန်းရင်ရဲ့ ပရိသတ်အဖွဲ့ဝင်မို့ သူမ ရွှမ်ထုံရဲ့ခံစားချက်တွေကို အလိုလိုနားလည်တယ်။ ပြီးတော့ သူမက အမတတက်လှမ်းမှုအတွက် ပြင်ဆင်ဖို့ အချိန်အကြာကြီး ဂူအောင်းကျင့်ကြံအားထုတ်နေခဲ့ရတာ။ ဆိုးလွန်းတာက…။
“ဒီအမတက တိတ်တိတ်ဆိတ်ဆိတ် အနားယူဖို့လိုတယ်၊ အားလုံးကျေးဇူးပြုပြီး…” ရှုကျန်း သူမဧည့်သည်တွေကို ပြန်ဖို့ အရိပ်အမြွက်ပြောလိုက်တယ်။
ကူယွဲ့က ချီချန်းယွီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ ဧည့်သည်အုပ်စုကို အခန်းထဲကနေ ခေါ်ထုတ်လာခဲ့တော့တယ်။
“ကောင်းကောင်းအနားယူနော်” ရှန်းရင် သူမစောင်အောက် ကျုံ့နေတဲ့ ရွှမ်ထုံ့ကိုလှမ်းကြည့်လိုက်တယ်။ နောက်တော့ တစ်ဖက်လှည့်ပြီး ဖေဖေနျိုနောက်ကနေ အခန်းအပြင်ထွက်ခဲ့တယ်။ သူမ ပြတင်းပေါက်ဘေးကဖြတ်တုန်း ပြတင်းပေါက်ဘောင်ကို လက်ချောင်းတွေနဲ့ သုတ်ကြည့်လိုက်တယ်။ သူမလက်ချောင်းတွေက မီးခိုးမှုန်တွေနဲ့ဖုံးပြီး ပြန်ပါလာတယ်။ တစ်ခဏရပ်သွားပြီးနောက်မှာတော့ အခန်းအပြင် ထွက်ခဲ့လိုက်တယ်။
လူတိုင်း အခု အရှေ့နန်းဆောင်ဆီ ပြန်ရောက်လာပြီ။ ရှုကျန်း သူ့နဖူးကချွေးကိုသုတ်ပြီး အားလုံးကို တလေးတစား ဂါဝရပြုလိုက်တယ်။
“အမတရောင်းရင်းရွှမ်ထုံက နိုးလာပြီဆိုပေမဲ့ သူ့မူလဝိညာဉ်နဲ့ အုတ်မြစ်က ပြန်ကောင်းဖို့ မဖြစ်နိုင်တော့လောက်ဘူး၊ သူမအတွက် ဘာမှမလုပ်ပေးနိုင်တော့မှာ… စိုးမိတယ်”
“ဆိုလိုတာက ဝိညာဉ်စုဝေးမီးအိမ်တောင် သူ့ကိုမကုသနိုင်ဘူးပေါ့” ကူယွဲ့က စိတ်ပူပန်စွာမေးလိုက်တယ်။ မီးအိမ်က အမတတစ်ယောက်ရဲ့ မူလဝိညာဉ်ကို ပြုပြင်ပေးနိုင်မယ်လို့ တွေးမိခဲ့တာ။
“ဒါ…” ရှုကျန်းက ရပ်သွားပြီး နှမြောတသ ပြောတော့တယ်။
“အမတရောင်းရင်းရွှမ်ထုံ့ဒဏ်ရာတွေက တောမီးကြောင့်ဖြစ်တာလေ၊ သူတို့က သူမဝိညာဉ်ကြောနဲ့ မီးဓာတ်ကြား တိုက်ခိုက်ချိန် ပိုဆိုးသွားခဲ့တာပဲ၊ ဝိညာဉ်စုဆောင်းမီးအိမ်က သူမရဲ့မူလဝိညာဉ်ကို ပြုပြင်နိုင်တယ်ဆိုပေမဲ့ သူမကိုယ်ထဲက အမြိုက်ချီကို မနှင်ထုတ်နိုင်ဘူးဆိုရင် သူမဒဏ်ရာတွေက အပြည့်အဝပျောက်ကင်းမှာမဟုတ်ဘူး၊ ဝိညာဉ်စုဆောင်းမီးအိမ်က လက္ခဏာရပ်တွေကို ကုသနိုင်ပေမဲ့ ရင်းမြစ်ကိုတော့မဟုတ်ဘူး၊ အဲတော့ သူမကို ပိုပြီး ဝေဒနာခံစားရစေရုံပဲရှိမယ်”
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ အခု ရွှမ်ထုံက ဇာတ်လိုက်မင်းသမီးမဟုတ်တော့တာ သူသေချာသွားခဲ့ပြီ။ ဇာတ်လိုက်မင်းသမီးတွေက ဒီလိုစိတ်ဆင်းရဲစရာအခြေအနေထဲ ဘယ်တော့မှ ပိတ်မိနေမှာ မဟုတ်ဘူး။
“တကယ်ပဲ… တခြားနည်းမရှိတော့တာလား” ဘယ်လိုပဲဖြစ်ဖြစ် ရွှမ်ထုံက သူ့ဂိုဏ်းသား။ ပြီးတော့ ကလေးထိန်းအနေနဲ့…. အမှန်ပြင်ပါရစေ၊ အကြီးအကဲတစ်ယောက်အနေနဲ့ သူ့မှာ သူမအတွက် တာဝန်ရှိတယ်။
ရှုကျန်းက ချူရွှမ့်ကို ကြည့်ပြီးမှ တုံ့ဆိုင်းစွာဖြေလိုက်တယ်။
“နည်းလမ်း… တစ်ခုတော့ရှိပါတယ်”
“ဘာလဲ”
“ဧကရာဇ်ငယ် လော့ဟန်ကျောက်တုံးအကြောင်း ကြားဖူးပါသလား”
“…” ဘာကြီးလဲ။
“လော့ဟန်ကျောက်တုံး” ချူရွှမ်က ထအော်လိုက်တယ်။
“ယီရွှေ့တိုက်က ဧကရာဇ်ရှင်းဟန်ပိုင်တဲ့ ကျောက်တုံးအကြောင်း ပြောနေတာလား”
“အမှန်ပါပဲ” ရှုကျန်းခေါင်းညိတ်လိုက်တယ်။
“ဧကရာဇ်ရှင်းဟန်ရဲ့ ကောင်းကင်လက်နက်ပါ” ဟယ်ချွမ်ရဲ့ ဧကရာဇ် ဒီမှာရှိတော့ သူတို့ သူ့ဆီကနေ ငှားလို့ရနိုင်တာပဲ။
“ပြောကြတာတော့ ဒီကျောက်တုံးက လောကမှာ အအေးဆုံးအရာတဲ့၊ ပင်လယ်ကိုတောင် ချက်ချင်းခဲသွားစေနိုင်တယ်၊ သူက အမတရောင်းရင်းရွှမ်ထုံရဲ့အမြိုက်ချီကို ပြန်တိုက်ခိုက်နိုင်တာမို့ သူမကိုယ်ကနေ ဒီချီကိုနှင်ထုတ်ပြီး အုတ်မြစ်ကို ဖြည်းဖြည်းချင်း ပြန်တည်ဆောက်နိုင်အောင် ဒါကိုသုံးလို့ရနိုင်တယ်”
“ဧကရာဇ် ရှင်းဟန်…” ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ကြည့်ရတာ ဒီစိတ်ညစ်စရာ ရှင်းဟန်နဲ့ ပြန်ဆက်ဆံရဦးမဲ့ပုံပဲ။ အဲမြေခွေးမိစ္ဆာက သူ့ကိုကယ်ဖို့ ဝိညာဉ်စုဆောင်းမီးအိမ်ကို ခိုးခဲ့တာ။ အခု သူတို့ သူ့ဆီကနေ လော့ဟန်ကျောက်တုံးကို ငှားရတော့မယ်။ ဒီရေတွေ ပြောင်းပြန်စီးသွားလိုက်တာ
“ကျေးဇူးတင်ပါတယ် အဆင့်မြင့်အမတရှု” ကူယွဲ့ ရှုကျန်းကို ဂါဝရပြုလိုက်တယ်။
“မလိုပါဘူး ဧကရာဇ်ငယ်” ရှုကျန်း အမြန် ပြန်ဂါဝရပြုလိုက်တယ်။ တစ်ခဏတွေးပြီးတဲ့နောက် သူကထပ်ပြောလာတယ်။
“စကားမစပ် ရွှမ်ထုံ့ကို မရွှေ့တာ”အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်၊ ကျောက်တုံးကို ဒီပြန်သယ်လာတာ အကောင်းဆုံးပါ၊ အချိန်က တိုတောင်းပါတယ်၊ သူမအမြုတေချီက စောစောမဖယ်ရင် အုတ်မြစ်ပြန်တည်ဆောက်ဖို့ အရမ်းခက်သွားလိမ့်မယ်”
“ဟုတ်ပြီ ကျုပ်တို့မှတ်ထားပါ့မယ်” ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
ညွှန်ကြားချက်တချို့ ထပ်ချန်ထားပြီးတဲ့နောက် ရှုကျန်းကရွှမ်ထုံ့ကို စောင့်ကြည့်ဖို့ ပြန်သွားခဲ့တယ်။
“ကြည့်ရတာ ရှင်းဟန်ကို သွားတွေ့ဖို့ ခရီးသွားရမဲ့ပုံပဲ၊ အချိန်မရှိဘူး၊ ရှန်းရင် သွားကြရအောင်… ရှန်းရင် ရှန်းရင်” ကူယွဲ့ အသီးကို ကိုင်နေတဲ့ရှန်းရင်ကို လှုပ်လိုက်တယ်။
“ဟမ်” ရှန်းရင် ကြောင်အမ်းသွားပြီး အသီးကို လွှတ်ချမိလိုက်တယ်။
ယိချင်းက အမြန်ပဲ နောက်ထပ်အသီးတစ်လုံး ကမ်းပေးလာတယ်။
“မင်းဘာဖြစ်နေတာလဲ” ကူယွဲ့ ဇဝေဇဝါကြည့်နေမိတယ်။ သူမက အသီးကို ကိုက်စားဖို့တောင် မေ့နေတယ်ပေါ့၊ ဒါပထမဆုံးပဲ
“ရွှမ်ထုံ့ဝဋ်ကြွေးချေမှုတည်းက မင်းစိတ်နဲ့လူနဲ့ မကပ်တော့သလိုပဲ”
“ဆရာ” ယိချင်းက ရှန်းရင်ကို စိတ်ပူပန်စွာကြည့်လိုက်တယ်။
“ဆရာစားတာလေ… တစ် ရာခိုင်နှုန်းလောက် ကျသွားတဲ့ပုံပဲ”
“…” အဲလောက်တိကျဖို့ လိုလို့လား။
-_-|||
ကူယွဲ့က အတွေးတစ်ခု ပေါ်လာလို့ မျက်လုံးပြူးသွားတယ်။
“မင်း… တခြားပြဿနာတစ်ခုခု ရှာတွေ့ထားလို့လား”
“အဲလိုတော့မဟုတ်ပါဘူး…” ရှန်းရင် ခေါင်းငုံ့နေတယ်။ တစ်ခဏနေတော့ သူမက မတ်မတ်ရပ်လာပြီး နှစ်ယောက်သားကို စိတ်အားထက်သန်စွာကြည့်တော့တယ်။
“စားဖိုမှူး၊ ဖေဖေနျို နင်တို့…”
“ခဏ” ကူယွဲ့ သူမကိုရပ်ဖို့ အမူအရာပြလိုက်တယ်။
“ခုမပြောနဲ့ဦး”
“ဟမ်” ဘာလို့လဲ။
ကူယွဲ့ တလေးတနက်ဖြေလိုက်တယ်။
“မင်းအတည်ပေါက်ပြောတိုင်း ငါ ဉာဏ်အလင်းပွင့်တော့မယ်လို့ခံစားရတယ်၊ ငါတို့ယီရွှေ့တိုက်ကို အမြန်သွားရဦးမှာ ငါ ပိုပြီးအဆင်သင့်ဖြစ်ချိန်ထိ စောင့်ဦး”
ယိချင်း ။ ။ “…”
ချူရွှမ် ။ ။ “…”
ရှန်းရင် ။ ။ “…” ခွေး*သား
…