အခန်း ၁၉၁ ။ သက်တမ်းကုန်သွားသော ဇာတ်လိုက်မင်းသမီး
လန်ဟွား ရုတ်တရက် ဝင်ရောက်မှုအပြီးမှာ မိုးကြိုးဝဋ်ကြွေးချေမှုအရှိန်က ပြင်းထန်လာခဲ့တယ်။ ဒါပေမဲ့ အဇဋာဧကရာဇ်လန်ဟွားအတွက်တော့ ရွှေအမတရဲ့ ဝဋ်ကြွေးချေမှုက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ တကယ်တော့ သူက မိုးကြိုးတွေကို ကာကွယ်ပေးပြီး ရွှမ်ထုံ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ပေးလိုက်တာ။
လန်ဟွားက ရွှမ်ထုံရဲ့အပေါ်ဘက်ကနေ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့နတ်ဆိုးချီက တလိမ့်လိမ့်တက်လာပြီး သူမခန္ဓာကိုယ်ထဲက နတ်ဆိုးချီကို နှင်ထုတ်ဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ ဒါပေမဲ့ ရွှမ်ထုံက အသိစိတ်ငါးပါးကို ပိတ်ထားမိပြီး မရင်းနှီးတဲ့ အရှိန်အဝါတွေ အနားကပ်လုမှာကို အလိုလိုတားဆီးနေမိတယ်။
“စိတ်နှလုံးကောင်းက မင်းကိုကယ်ခိုင်းလိုက်တာ” လန်ဟွားက ရှင်းပြပြီး နောက်တော့ နောက်တစ်ချက် ထပ်ဖြည့်လိုက်တယ်။
“မင်းဂိုဏ်းချုပ်”
ရွှမ်ထုံက ဒါကိုကြားချိန် မတောင့်ခံတော့ဘဲ သူ့ကောင်းကင်စိတ်အာရုံကို သူမကိုယ်ထဲ ဝင်ခွင့်ပြုလိုက်တယ်။
ခဏအတွင်း လန်ဟွားက နတ်ဆိုးချီအရင်းအမြစ်ကို ရှာတွေ့ပြီး မဆိုစလောက် လန့်သွားတော့တယ်။
“ဟမ်” ဘာလို့ သူမကိုယ်ထဲ နတ်ဆိုးအစေ့တစ်ခုရဲ့ အငွေ့အသက်ရှိနေရတာလဲ။
သူ ထပ်ပြီး ဆက်မစဉ်းစားတော့ဘဲ သူမကိုယ်ထဲကနေ နတ်ဆိုးချီကို မောင်းထုတ်ဖို့ကြိုးစားတော့တယ်။ ရွှမ်ထုံက ပူးပေါင်းဖို့ အကောင်းဆုံးကြိုးစားပေမဲ့ ကောင်းကင်မိုးကြိုးတွေကို ကာကွယ်နေရတာက သူတို့အမြန်နှုန်းကို လျော့ကျစေတယ်။
ဒါပေမဲ့ ရွှမ်ထုံရဲ့ နတ်ဆိုးချီက တဖြည်းဖြည်းလျော့ကျလာပြီး အမတအရိုးတွေက မြန်မြန် ဖွံ့ဖြိုးလာတယ်။
တစ်နာရီအကြာ။
လန်ဟွား နောက်ဆုံးတော့ ရွှမ်ထုံ့ကိုယ်က နတ်ဆိုးချီ လက်ကျန်ကို ဖယ်ရှားနိုင်ခဲ့ပြီ။ သူ ထရပ်ပြီး ဝဋ်ကြွေးချေမှုနယ်နိမိတ်ထဲက ထွက်ခဲ့တယ်။
“ပြီးပြီ” ရှန်းရင်ကိုကြည့်ပြီး သူပြောလိုက်တယ်။
“ရွှမ်ထုံ့ရဲ့မူလဝိညာဉ်ထဲက နတ်ဆိုးချီကို သန့်စင်ပြီးပြီ၊ သူ နောက်ဆုံးမိုးကြိုးတွေကိုပဲ တောင့်ခံဖို့လိုတော့တယ်၊ အဲကျ သူ့အမတအရိုးတွေ တည်မြဲသွားလိမ့်မယ်”
“ကျေးဇူးပါ ဧကရာဇ်လန်ဟွား” ချီချန်းယွီက ကျေးဇူးတင်ဂါဝရပြုလိုက်တယ်။ သူမ ပင့်သက်ချလိုက်တော့တယ်။ ရွှမ်ထုံကို သူမ ပျိုးထောင်ခဲ့တာမို့ သေချာပေါက် သူမက အစိုးရိမ်ဆုံးပဲပေါ့။
ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ်အနေနဲ့ ရှန်းရင်လည်း ကျေးဇူးတင်ရမယ်လို့ တွေးလိုက်တယ်။
“လန်…”
“ဘာမှမပြောနဲ့” လန်ဟွား ကြားဖြတ်ပြောလိုက်တယ်။
“ငါတောင်းပန်ပါတယ်၊ မင်းပါးစပ်ဟလိုက်တိုင်း ငါမင်းကို တစ်ခုခုပေးသင့်တယ်လို့ ခံစားရတယ်”
ရှန်းရင် ။ ။ “…”
ချန်းယွီ ။ ။ “…”
လူအုပ်ကြီး ။ ။ “…”
“ကောင်းကင်မိုးကြိုးက ပြီးလုနီးပါးဖြစ်နေပြီ” ကူယွဲ့က လူတိုင်းကို သတိပေးလိုက်တယ်။
လူတိုင်းက ရွှမ်ထုံ့ကို လှည့်ကြည့်လိုက်ကြတယ်။ ရွှမ်ထုံ့ဘေးက မသေမျိုးချီတွေက ဝဋ်ကြွေးချေမ်ုးကြိုးအရှိန်နဲ့အတူ ပိုအားကောင်းလာတယ်။ ကူယွဲ့ အထူးတလည်ပြင်ဆင်ပေးထားတဲ့ အင်းကွက်အစီအရင်က ပြိုကွဲတော့မဲ့အရိပ်အယောင်တွေ ပြလာတာတောင် အင်းကွက် အက်ကွဲကြောင်းတွေထဲကနေ အလင်းတန်းတွေ တလက်လက်တောက်ပလာခဲ့တယ်။
“ဧကရာဇ်ချူရွှမ် ကျုပ်ကိုကူညီပေးပါဦး”
အင်းကွက် ပြန်ဆောက်နေတဲ့ကူယွဲ့ ချူရွှမ့်ကိုလှမ်းခေါ်လိုက်တယ်။
ချူရွှမ်က အင်းကွက်ဖန်တီးဖို့ ကူယွဲ့ကို ချက်ချင်းလာကူညီတယ်။ သိပ်မကြာခင်ပဲ မှော်အလင်းတန်းတွေက တလက်လက်တောက်ပလာပြီး အင်းကွက်က နောက်တစ်ကြိမ် ကောင်းကင်မိုးကြိုးရဲ့ ဖိအားကို ရှောင်လွှဲနိုင်သွားပြန်ခဲ့တယ်။
ဒီအခိုက်အတန့်မှာ ကောင်းကင်မိုးကြိုးက ၇၉ကြိမ် ရိုက်ခတ်ပြီးပြီ။ ၂ခါပဲကျန်တော့တာ။ ရွှမ်ထုံက အားပြန်ရလာပြီမို့ အရှိန်အပြင်းဆုံး ရွှေအမတကောင်းကင်မိုးကြိုးတွေကို တောင့်ခံနိုင်ပြီ။
ရွှမ်ထုံ မြေကြီးပေါ် ဖျော့တော့စွာလှဲလိုက်ပြီး တစ်ကိုယ်လုံးမည်းတူးနေတယ်။ ဒါပေမဲ့ အမတအရိုးတွေအားလုံးက အပြည့်အဝ ဖြစ်ပေါ်ပြီးပြီ။ သူမက ဝဋ်ကြွေးချေမှုဆင်းသက်လာချိန်အတွင်း တစ်ဆင့်ခုန်ကျော်တက်သွားခဲ့တာမို့ သူမရဲ့မသေမျိုးချီက တူညီတဲ့ဝဋ်ကြွေးချေမှုကို ဖြတ်သန်းခဲ့ရတဲ့ အပေါင်းအသင်းတွေထက် ပိုများပြားနေတယ်။
“အားလုံးအဆင်ပြေသွားပြီ” ချီချန်းယွီ သက်ပြင်းချပြီး အင်းကွက်ထဲကထွက်လိုက်တယ်။ သူမ ရွှမ်ထုံ့ဆီ လျှောက်လာပြီး ပျော်ရွှင်စွာပြောလိုက်တယ်။
“ထုံအာ…”
“ယွီအာ မသွားနဲ့” ချီချန်းယွီက ရုတ်တရက် ဖုန်းယင်ပြန်ဆွဲခေါ်တာခံလိုက်ရတယ်။
ကောင်းကင်မီးတန်းကြီးတစ်ခု ကောင်းကင်ကနေ ကျဆင်းလာပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးသား ရွှမ်ထုံ့ကို တိုက်ရိုက်ထိမှန်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဖုန်းယင် စနစ်က သတိပေးချက် ထုတ်ပြန်လာတယ်။
[အန္တရာယ်အသိပေး စွမ်းအင်မြင့်မားတဲ့ကိုယ်တစ်ခု ချဉ်းကပ်လာနေပါတယ်]
ခဏအတွင်းအင်းကွက်အစီအရင်က မီးတောက်တွေနဲ့ ရဲရဲနီနေပြီ။ ဝူတိဂိုဏ်းတစ်ခုလုံး အနီရင့်ရောင်တွေနဲ့ တောက်ပကုန်တယ်။
“တောမီးပဲ” လူတိုင်း အံ့ဩတကြီး ရေရွတ်မိကုန်တယ်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
တောမီးက ဘာလို့ပေါ်လာရတာလဲ။ အမတတက်လှမ်းမှုအတွက် တောမီး၃၆ချက် ရှိသင့်တယ်ဆိုပေမဲ့ ရွှမ်ထုံက အမတတက်လှမ်းကာစ၊ ပြီးတော့ အဆင့်အနိမ့်ဆုံးမြေအမတ။ သူမရဲ့ အမတဝဋ်ျကြွးချေမှုက ဒီတောမီးကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ သူမရဲ့နတ်ဆိုးချီကို ဖယ်ရှားပြီးပြီမို့ အမတအဆင့်ဖြစ်နေပြီ။ နောက်ဆုံးမိုးကြိုးဝဋ်ကြွေးချေမှုနှစ်ခုက ကောင်းကင်ဝဋ်ကြွေးချေမှုကြောင့် စနက်ပျိုးသွားတာဖြစ်နိုင်ပြီး တောင့်ခံရမယ်ဆိုပေမဲ့ တောမီးကျတော့ဘယ်လိုရှင်းပြရမလဲ။
ရွှမ်ထုံ့ကို မီးတောက်တွေကြား မမြင်ရတော့ဘူး။ သူမရဲ့ နဂိုဖျော့တော့တဲ့ အရှိန်အဝါက ခုဆို လုံးဝ အာရုံမခံနိုင်တော့သလိုပဲ။
“ထုံအာ” ချီချန်းယွီက လှမ်းအော်လိုက်တယ်။ သူမက ရွှမ်ထုံ့ကိုကယ်ဖို့ ပြေးဝင်သွားမလို့ရှိသေး ဖုန်းယင်ပြန်ဆွဲထားတာခံလိုက်ရတယ်။
“ခဏ ယွီအာ၊ မင်းအခုဝင်သွားရင် ကောင်းကင်မိုးကြိုးက ပိုပြီး အရှိန်ပြင်းပြင်းပစ်ချလိမ့်မယ်၊ မင်းက ရွှေအမတပဲရှိသေးတာ၊ မင်း တောင့်ခံဖို့ အားနည်းလွန်းတယ်”
“ဒါပေမဲ့ ရွှမ်ထုံ… ဒီလိုသာဆက်သွားနေရင် သေချာပေါက်သေသွားလိမ့်မယ်” ချီချန်းယွီက စိုးရိမ်တကြီး ပြောလိုက်တယ်။
နောက်ထပ် တောမီးပစ်ချတော့မှာကို မြင်တော့ နောက်ကလူကိုလှည့်ကြည့်လိုက်တယ်။
“အကြီးအကဲကူယွဲ့၊ ဘာ…”
ကူယွဲ့လည်း အူကြောင်ကြောင်ဖြစ်နေတယ်။
“ငါမသိ… ဟမ်၊ ရှန်းရင်ရော”
အဲတော့မှ ရှန်းရင်ပျောက်သွားပြီဆိုတာ လူတိုင်း သိလိုက်ရတော့တယ်။
“…”
————
ဒီအချိန် တောမီးအလယ်မှာတော့…။
ရှန်းရင်က မမှတ်မိနိုင်တော့လောက်အောင် ခြစ်ခြစ်တူးနေတဲ့ ခန္ဓာကိုယ်တစ်ခုကို ကောက်ချီလိုက်တယ်။ သူ့မျက်နှာကိုပုတ်ပြီး ရှန်းရင်ပြောလိုက်တယ်။
“ဟေး ဂျပုလေး အသက်ရှိသေးလား”
ခဏနေတော့ ကျောက်မီးသွေးတုံးက သူမကိုကြည့်လာတယ်။ အားအကုန်ထုတ်ပြီး သူမက ရှန်းရင်ရဲ့ ဝတ်ရုံစကို ဆွဲဆုပ်ကာ တိုးညင်းစွာ ပြောလိုက်တယ်။
“ကောင်းကင်…” နောက်တော့ ပြန်လဲကျသွားပြီး မလှုပ်မယှက်ရှိနေတော့တယ်။
“ဂျပုလေး ဂျပုလေးရေ”
“…”
ရွှမ်ထုံက မတုံ့ပြန်။
ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ ပေါက်ကွဲသံအကျယ်ကြီး ပေါ်လာပြီး မီးလုံးကြီးတစ်ခုက ကောင်းကင်ကနေ သူတို့ဆီ တန်းတန်းမတ်မတ် တည်လာတော့တယ်။
မီးလုံးအရှိန်နဲ့အပူချိန်က ပြင်းလွန်းလို့ မြေကြီးပေါ်မရောက်ခင်မှာတောင် မြေပြင်ပေါ်က အရာအားလုံးကို မီးစွဲသွားစေလေရဲ့။
မိန်းကလေးနှစ်ယောက်ကို ထိမှန်ခါနီးဆဲဆဲမှာတင်…။
ရှန်းရင်အမူအရာက မာကြောသွားပြီး ဒေါသဆူပွက်လာတယ်။ ရှောင်ထုံ့ကို ချီပြီး ခြေထောက်ကို မြှောက်ကာ မီးလုံးကြီးကို ကန်ထုတ်လိုက်တော့တယ်။
“သွားစမ်းပါ” နင်ကန်းနေတာလား၊ မီးလုံးတွေကို နေရာတိုင်းပစ်နေရအောင်။
ဝှီးခနဲအသံနဲ့အတူ အဲကောင်းကင်မီးလုံးကြီးက ဆင်းလာတုန်းကအချိန်ထက်တောင် ပိုပြီးမြန်မြန် ကောင်းကင်ဆီ ပြန်ပျံတက်သွားလေရဲ့။
နောက်တော့ ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့တယ်။ မိုးကြိုးတိမ်တိုက်တွေနဲ့ ဖုံးလွှမ်းနေဆဲ ကောင်းကင်တစ်ခုလုံးက မီးတောက်ပင်လယ်ကြီးအဖြစ် တဟုန်းဟုန်း တောက်လောင်နေပြီ။ ကောင်းကင်နဲ့မြေကြီးက အနီရောင်အဖြစ် ပြောင်းလဲသွားတယ်။
ရှန်းရင် တစ်ဖက်လှည့်ပြီး သူမပတ်လည်က မီးပင်လယ်ကို မျက်လုံးမှေးကြည့်လိုက်တယ်။
ဝိုင်းနေတဲ့မီးတောက်တွေက ပြန်ကျုံ့သွားသလိုပဲ။ နောက်တော့ သူတို့ပတ်လည်က တောမီးက လမ်းတစ်ခုဟပေးတယ်။
လူသားကျောက်မီးသွေးတုံးကို ချီလာပြီး ရှန်းရင် ရွှေ့လာခဲ့တယ်။ တစ်ခဏနေတော့ သူမ လမ်းကြောင်းပြောင်းပြီး အကာအကွယ်အင်းကွက်ထဲ ပြန်ဝင်လာခဲ့တော့တယ်။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ဧကရာဇ်နှစ်ပါး ။ ။ “…”
စုံတွဲ ။ ။ “…”
ခုလေးတင် ဘာဖြစ်သွားတာလဲ။ ဘာလို့ ကောင်းကင်က မီးထလောင်ပြီး မြေကြီးပေါ်က မီးက သူ့ဘာသာ ငြိမ်းသွားရတာလဲ။ ကောင်းကင်ဝဋ်ကြွေးချေမှုက ဘာလို့ တစ်ဝက်တစ်ပျက် ရပ်သွားတာတုံး။
ရှန်းရင် ရွှမ်ထုံ့ကိုမြေကြီးပေါ်ချပြီး ချူရွှမ့်ကို လက်ယမ်းပြ ခေါ်လိုက်တယ်။
“ကြက် သူ့ကိုလာကြည့်ပေးပါဦး”
ချူရွှမ်ပခုံးတွန့်လိုက်တယ်။
“လာပြီ”
သူ မြန်မြန်လျှောက်လာပြီး အရင်ဆုံး သူမနှလုံးကို ကာကွယ်ဖို့ချိပ်တစ်ခု ဖန်တီးလိုက်တယ်။ နောက်တော့ သူမအခြေအနေကိုစစ်ဆေးဖို့ သူ့မသေမျိုးချီကို အသက်သွင်းလိုက်တယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့မျက်နှာပေါ်က မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်းလာလေရဲ့။
နောက်တော့ တုံ့ဆိုင်းနေတဲ့အကြည့်နဲ့ ချူရွှမ် ပြောလိုက်တယ်။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့ နတ်ဒေဝါ သူ့အမတအရိုးတွေ ဖြစ်ပေါ်လာချိန် သူ့ခံနိုင်ရည်အလွန်ဆုံးကို ရောက်နေပြီ” သူသက်ပြင်းချပြီး ကလေးမရဲ့ စိတ်ခွန်အားကို တိတ်တိတ်လေးအထင်ကြီးမိသွားတယ်။
“တကယ်တော့ ပြန်သက်သာလာနိုင်ပေမဲ့… တောမီးထိမှန်သွားခဲ့တာ၊ သူမကလုံးဝမပြင်ဆင်ခဲ့ရတာမို့ သွေဖည်မီးလျှံက သူမကိုယ်ထဲဝင်သွားပြီ၊ အခု တောမီးရဲ့ အမြိုက်ချီက သူ့နှလုံးသွေးကြောထဲကျူးကျော်နေတယ်၊ ပြီးတော့ သူမက ရေဝိညာဉ်ကြောမို့ ရေနဲ့မီး ထိပ်တိုက်တွေ့ပြီးထိန်းမညှိနိုင်တော့…”
“အဲတော့”
ချူရွှမ် ခေါင်းယမ်းပြီးဆက်ပြောလိုက်တယ်။
“သူမရဲ့သွေးကြောတွေအကုန် ထိခိုက်ပြီး အုတ်မြစ်လည်း ဖျက်ဆီးခံလိုက်ရတယ်၊ အမတအရိုးတွေ ကျိုးကုန်ပြီ၊ မူလဝိညာဉ်တောင် တောမီးတိုက်စားတာခံနေရတယ်၊ အခု သတိလစ်နေတာ၊ သတိပြန်ဝင်လာဖို့တောင် မျှော်လင့်ချက်ရေးရေးလေးပဲရှိတယ်၊ သတိပြန်လည်လာရင်တောင် သူမကျင့်ကြံမှုကို… ပြန်မရနိုင်တော့ဘူး”
“…”