အခန်း ၁၉၀ ။ အပိုဆောင်းဝဋ်ကြွေးချေမှု
“ဒါက… ဝဋ်ကြွေးချေခြင်းနဲ့တူတယ်” ကူယွဲ့က တောင်ခြေကို လှမ်းကြည့်ပြီး အမူအရာက မည်းမှောင်သွားခဲ့တယ်။ စိတ်ပူပန်စွာနဲ့ သူပြောလိုက်တယ်။
“ကြက်ကင်… အာဖွီ ချန်းယွီ အဲအောက်မှာ ဘာဖြစ်နေတာလဲ” ဂိုဏ်းထဲက တပည့်တွေရဲ့ ကျင့်ကြံဆင့်အရ ဘယ်သူမှ ဝဋ်ကြွေးချေခြင်းကို မဖြတ်သန်းသင့်သေးဘူးလေ။
“ရွှမ်ထုံပါ” ချီချန်းယွီ သွေးပျက်စွာနဲ့ ပြန်ဖြေလိုက်တယ်။
“စောနတုန်းက ကျွန်မတို့ သူ အမတအရိုးတွေ ကြီးထွားလာတော့မဲ့ အရိပ်အယောင်ပြနေတာ နားလည်လိုက်ရတော့ အကာအကွယ် တည်ဆောက်ပေးဖို့ ကြိုးစားနေကြတာ၊ စောနက… သူ့အမတအရိုးတွေ ဖွဲ့စည်းပြီးသွားပြီဆိုပေမဲ့ ဝဋ်ကြွေးချေခြင်းက ဘယ်ကမှန်းမသိ ရုတ်တရက် စလာတာပဲ”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” ကူယွဲ့အမူအရာ ပြောင်းသွားတယ်။
“တကယ်လို့ သူက အမတအရိုးတွေ ဖြစ်ပေါ်လာပြီဆိုရင်တောင် မြေအမတအဆင့်ပဲရှိသေးတယ်၊ ဒါက အောက်ဘုံမှမဟုတ်တာ + သူမ မြေအမတဖြစ်လာချိန် ဝဋ်ကြွေးချေခြင်းမရှိသင့်ဘူးလေ” ဂိုဏ်းထဲမှာ ကျင့်ကြံဆင့်နိမ့်နိမ့်လေးတွေနဲ့ တက်လှမ်းလာခဲ့တဲ့ တပည့်တွေအများကြီး။ သူတို့တွေ မြေအမတတွေဖြစ်လာချိန် ဘယ်သူမှ ဝဋ်ကြွေးချေခြင်းကို မဖြတ်သန်းခဲ့ရဘူး။
“ကျွန်မလည်းမသိဘူး” သူမ စိုးရိမ်နေတာ အသိသာကြီး။ “ကျင့်ကြံဆင့်က မြေအမတအဆင့်နဲ့ နီးနေပြီဆိုပေမဲ့ ဝဋ်ကြွေးချေခြင်းကရုတ်တရက်စလာတာပဲ၊ ဖုန်းယင်က အခု အပြင်မှာ ရွှမ်ထုံ့အတွက် အင်းကွက်တစ်ခုကူချပေးနေတယ်၊ တခဏလောက် သူမကိုကာကွယ်ပေးနိုင်အောင်ပေါ့”
သူမ စကားမဆုံးခင် ဝုန်းခနဲအသံကြီးပေါ်လာတယ်။ မိုးကြိုးကြီးတစ်ခု တောင်ခြေကိုထိမှန်သွားတယ်။
“စနေပြီ” ချီချန်းယွီ မျက်နှာက စိုးရိမ်မှုတွေနဲ့ပြည့်နေတယ်။ ရွှမ်ထုံ တောင့်ခံနိုင်မတောင့်ခံနိုင်ကို မေ့လိုက် – တကယ်လို့ ဒီလိုသာဆက်သွားနိုင်ရင် ဝဋ်ကြွေးချေခြင်းက ဂိုဏ်းထဲကလူတိုင်းကို သက်ရောက်တော့မှာ။
“သွားကြည့်ကြည့်ဦးမယ်” ရှန်းရင် ထရပ်ပြီး ပြေးဆင်းသွားဖို့ ပြင်လိုက်တယ်။
“ဒီကိုပြန်လာခဲ့” ကူယွဲ့က ဟောက်ပြီး သူ့နောက်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ဆင်းတဲ့လမ်းက အဲဘက်မှာ”
“… အော်” ရှန်းရင် တစ်ဖက်ပြန်လှည့်လိုက်တယ်။ နောက်တော့ သူမကတန့်သွားပြီး အနီးဆုံးက တပည့်တစ်ယောက်ကို လှမ်းဆွဲလိုက်တယ်။
“ရှောင်လွိ၊ သူဌေးလန်ကို ခေါ်လာခဲ့ချေ”
“ဟုတ်ကဲ့”
နောက်တော့ သူမ ဝဋ်ကြွေးချေခြင်းဖြစ်ပွားနေတဲ့နေရာဆီသွားမဲ့အုပ်စုနောက် လိုက်ခဲ့တယ်။
သူတို့ ရွှမ်ထုံ့ကို သီးသန့်ထားထားတဲ့နေရာနဲ့ နီးလာလေ မသေမျိုးချီတွေ ပေါကြွယ်ဝလာလေပဲ။ ရူးလောက်စရာအရှိန်နဲ့ကို တလိမ့်လိမ့်တက်လာတာ။ တောင်ခြေမှာ မသေမျိုးချီတွေက ထူထဲနေပြီး မကြာခင် ပုံစံတစ်စုံတစ်ရာအဖြစ် ငွေ့ရည်ဖွဲ့သွားတော့မယ်လို့တောင် ခံစားနေရတယ်။ ကြက်ကင်အစ်မနဲ့ တခြားသူတွေ မသေမျိုးတက်လှမ်းချိန်နဲ့ ကွာခြားတယ်။ မသေမျိုးချီက မသေမျိုးတက်လှမ်းမှုစင်မြင့်ဖြစ်ပေါ်လာဖို့ ပုံသဏ္ဌာန်မဖွဲ့စည်းလာခဲ့ဘူး။
ဖုန်းယင်က တောင်ခြေမှာရပ်နေပြီး သူနဲ့မနီးမဝေးက ရွှမ်ထုံ့ကို ကာကွယ်ပေးဖို့ အကာအကွယ်အင်းကွက်တစ်ခု ထိန်းနေတယ်။ ဒါပေမဲ့ အကြာကြီးဆက်မထိန်းထားနိုင်တော့တာ အသိသာကြီး။ အက်ကွဲကြောင်းတွေကို အင်းကွက်မှာမြင်နေရပြီ။ ကြည့်ရတာ အချိန်မရွေး ပြိုလဲသွားတော့မဲ့ပုံ။ မိုးကြိုးထိမှန်မှုကြီးအပြီးမှာ နောက်ထပ် မိုးကြိုးတစ်ချက်က မြေပြင်ကို ထိမှန်လာပြန်တယ်။ အင်းကွက်က အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး ရွှမ်ထုံ့ကို မိုးကြိုးထိမှန်သွားတော့တယ်။
သူမက ခန္ဓာကျင့်ကြံသူ မဟုတ်ဘူး။ သေချာပြင်ဆင်ထားတာတောင် အရှိန်ကြောင့် သွေးအန်သွားခဲ့တယ်။ ဒါပေမဲ့ သူမကိုယ်ထဲက အမတအရိုးတွေကတော့ ပိုပြီးမာကြောလာသလိုပဲ။
“ထုံအာ” ချီချန်းယွီက စိုးရိမ်တကြီး အော်လိုက်တယ်။ သူမခုပိုပြီးတောင် စိတ်ပူပန်နေပြီ။
“ဆ…” ရွှမ်ထုံက လှည့်လာပြီး သူမမျက်လုံးတွေကတောက်ပသွားခဲ့တယ်။
“ကောင်းကင်… ဂိုဏ်းချုပ်” သူမ တစ်ကိုယ်တည်း ကျင့်ကြံနေတဲ့ ဒီနှစ်အတွင်း သူမက မိန်းမပျိုလေး တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီ။ သူမက ရှန်းရင်ကို တန်းတန်းမတ်မတ်ကြည့်ရင်း လန်းဆန်းသွားတဲ့ပုံ။
“စိတ်မလွင့်နဲ့၊ ဝဋ်ကြွေးချေခြင်းကို ကိုင်တွယ်ဖို့ အာရုံစိုက်” ကူယွဲ့က ညွှန်ကြားလိုက်တယ်။
“စိတ်အာရုံစုစည်းထား” ရှန်းရင် ထပ်ပြောလိုက်တယ်။
“ဟုတ်ကဲ့” ရွှမ်ထုံ တောင့်တင်းသွားတယ်။ ကြည့်ရတာ ရုတ်တရက် သတ္တိရှိသွားသလိုပဲ။ သူမကိုယ်ထဲက မသေမျိုးချီကို လှည့်ပတ်ဖို့ အာရုံစိုက်လိုက်တယ်။ ခန္ဓာကိုယ်က ဒဏ်ရာတွေက သူတို့မျက်စိရှေ့မှာတငိ သက်သာပျောက်ကင်းလာပြီးနောက်တော့ တတိယအကြိမ် မိုးကြိုးထိမှန်သွားတယ်…။
ကူယွဲ့က မိုးကြိုးတွေ ဝူတိဂိုဏ်းကိုမထိမှန်အောင် အင်းကွက်တချို့ အမြန်စီရင်လိုက်တယ်။ သူက ဖုန်းယင်ကို လက်ပြပြီး ခဏအနားယူခိုင်းလိုက်တယ်။ ဝဋ်ကြွေးချေခြင်းက စတင်နေပြီမို့ သူတို့ ကြားထဲ ဘယ်လိုပဲဖြစ်ဖြစ် တားလို့မရတော့ဘူးလေ။ သူတို့ ဒါက ဘာကြောင့်ဖြစ်နေလဲ နားမလည်နိုင်သေးပေမဲ့ သူတို့လုပ်နိုင်တာက ရွှမ်ထုံ ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနိုင်အောင် ကူညီဖို့ပဲ။
ဒါပေမဲ့ ဒီမိုးကြိုးက…။
သူ မော့ကြည့်လိုက်တော့ ကောင်းကင်ထဲ မိုးကြိုးတိမ်တိုက်တွေ လိမ့်လာတာကို မြင်လိုက်ရတယ်။
မျက်မှောင်ကြုတ်ပြီး သူပြောလိုက်တယ်။
“ဒါက ၈၁ချက် မိုးကြိုးဝဋ်ကြွေးချေခြင်းနဲ့… မတူသလိုပဲ”
“တကယ်ပဲ မဟုတ်ဘူး” ယိချင်းက ဝင်ဖြေလာတယ်။
“အမတဘုံမှာ အမတတက်လှမ်းမှုဝဋ်ကြွေးချေခြင်းဆိုတာ မရှိဘူး”
“အဲတော့… ဒါက ရွှေအမတတွေအတွက် ဝဋ်ကြွေးချေခြင်းလို့ မပြောနဲ့နော်”
“ဟုတ်တယ်” ယိချင်းက ခေါင်းညိတ်ပြလိုက်တယ်။
“ချီး” ကူယွဲ့ အခုတော့ စိုးရိမ်နေပြီ။ သူ ရွှမ်ထုံကို လှမ်းကြည့်လိုက်တယ်။ သူမက မြေအမတရဲ့ကိုယ်ခန္ဓာတောင် မရှိသေးတာ။ ဒါတောင် ရွှေအမတတွေအတွက် ရည်ရွယ်တဲ့ ဝဋ်ကြွေးချေမှုကို ဖြတ်သန်းနေရတယ်…။ ခန္ဓာကျင့်ကြံသူတွေတောင် ဒါနဲ့ပတ်သက်ရင် ခက်ခဲမှာကို အကြာကြီး လေ့မကျင့်ရသေးတဲ့ ရွှမ်ထုံဆို ပြောမနေနဲ့တော့။
“သူမက မြေအမတဖြစ်လာဖို့ တက်လှမ်းနေတာကို၊ ဂိုဏ်းထဲမှာ တပည့်တွေအများကြီးရှိတာတောင် ဒီလိုကောင်းကင်ဝဋ်ကြွေးချေမှုကို ပထမဆုံး ဖြတ်သန်းတာ သူပေါ့၊ ဘာလို့အဲလိုဖြစ်ရတာပါလိမ့်” ကူယွဲ့ အဖြေမထုတ်နိုင်သေးဘူး။ ဇာတ်လိုက်မင်းသမီးက ဆွဲဆောင်မှုရှိတာ ဘာဖြစ်သွားခဲ့တာလဲ။ ဇာတ်လိုက်မင်းသမီးက ဒီလိုဆက်ဆံခံရတာလား။ စာရေးဆရာက ဒါကိုသိလား။
ကူယွဲ့ ဒီကိစ္စတွေအားလုံးကို စဉ်းစားနေတုန်း လန်ဟွားက မုန်လာဥဖြူကို ကျောပေါ်တင်ပြီး ဆင်းလာခဲ့တယ်။ သူက အနောက်တောင်မှာရှိနေတာမို့ အချိန်တိုအတွင်းရောက်လာနိုင်ခဲ့တယ်။
“စိတ်နှလုံးကောင်း ငါ့ကို ဘာလို့ခေါ်ရတာလဲ”
“မမလေး” မုန်လာဥက ရဲဘော်ရဲဘက်ရသွားပြီဆိုတော့ လူတွေရဲ့ပေါင်ကိုဖက်တာကနေ ကျောပေါ်တွယ်ထားတဲ့အထိ အဆင့်တက်သွားပြီ။ လန်ဟွားကျောပေါ်ကနေ ခုန်ဆင်းလာပြီး ကျည်ဆံလို အရှိန်နဲ့ ရှန်းရင်ဆီ ခုန်ပြေးလာတော့တယ်။
နောက်တော့… သူမနောက်က မြေကြီးထဲ ခေါင်းတန်းတန်းမတ်မတ် စိုက်သွားလေတယ်။
ရှန်းရင်က ရှေ့တက်ပြီး မျက်နှာထားတည်တံ့စွာနဲ့ လန်ဟွားကို လက်ယမ်းပြလိုက်တယ်။
“သူဌေးလန် ဒါကိုလာကြည့်ပါဦး”
“ဘာကြည့်ရမှာလဲ” လန်ဟွား သိသိသာသာ အူကြောင်ကြောင်ဖြစ်နေတယ်။ လူတိုင်းက ရှန်းရင် ဘာကြောင့်ဒီလိုလုပ်မှန်း မသိကြဘူး။
“ဝဋ်ကြွေးချေခြင်းက ဘာတွေအဲလောက်စိတ်ဝင်စား… အာ”
သူ တန့်သွားပြီး ဝဋ်ကြွေးချေခြင်းထဲက လူကို အံ့ဩတကြီးလှမ်းကြည့်မိလိုက်တယ်။
“အဲမိန်းကလေးက ဘယ်သူလဲ၊ ဘာလို့သူ့ကိုယ်ထဲ နတ်ဆိုးချီရှိနေရတာလဲ” တခြားသူတွေက မပြောနိုင်ပေမဲ့ သူက နတ်ဆိုးမို့ နတ်ဆိုးချီကို အရမ်းတုံ့ပြန်ခံစားနိုင်စွမ်းရှိတယ်။ အများကြီးမဟုတ်ပေမဲ့ နတ်ဆိုးချီ ခပ်ပါးပါး ဝိုင်းနေတာတော့ သိသာတယ်။ နတ်ဆိုးချီက သူမကိုယ်ထဲကနေ လာနေတယ်ဆိုတာလည်းပြောနိုင်တယ်။ ဒါပေမဲ့ သူမက အမတကျင့်ကြံသူလေ။
“နတ်ဆိုးချီ” ကူယွဲ့က အံ့အားသင့်သွားတယ်။ သူ ရွှမ်ထုံ့ရဲ့မူလဇာတ်မြစ်ကို သတိရသွားပြီးနောက်တော့ လန်ဟွားကို ဘာလို့ ရှန်းရင်လှမ်းခေါ်ရလဲ နားလည်သွားခဲ့ပြီ။
“အဲဒါကြောင့် သူမက မြေအမတဖြစ်ဖို့ တက်လှမ်းချိန် ဝဋ်ကြွေးချေခြင်းကို အသက်သွင်းမိတဲ့အကြောင်းရင်းလား”
“သူမက မြေအမတလား” လန်ဟွား ရပ်တန့်သွားပြီး နောက်တော့ ခေါင်းညိတ်ပြလိုက်တယ်။
“ဖြစ်နိုင်တယ်၊ ငါလည်း ပထမဆုံးအကြိမ် ဒီလိုမြင်ဖူးတာပဲ၊ ပုံမှန်ဆို အမတချီနဲ့ နတ်ဆိုးချီတွေက ဘယ်တော့မှ အစပ်မတည့်ဘူးလေ၊ ဒါပေမဲ့ သူမကိုယ်ထဲမှာ သူတို့ကအတူတည်ရှိနေတယ်၊ အဲဒါကြောင့် မသေမျိုးတက်လှမ်းချိန် ဝဋ်ကြွေးချေမှုကို အသက်သွင်းမိတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်တာပဲ၊ အဲဒီဝဋ်ကြွေးချေမှုက သူမကိုယ်ထဲက နတ်ဆိုးချီအတွက်ပဲဖြစ်ရမယ်” တကယ်ပဲ မိုးကြိုးတစ်ချက်ချင်းစီနဲ့အတူ နတ်ဆိုးချီနည်းနည်းစီက လွင့်ပျောက်သွားလေတယ်။
လန်ဟွား ခဏလောက်ဆက်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“ဒါပေမဲ့… နတ်ဆိုးချီက သူမမူလဝိညာဉ်ထဲက လာတဲ့ပုံပဲ၊ ဝဋ်ကြွေးချေခြင်းက လုံးဝအပြီးသတ်ရှင်းလို့ မရလောက်ဘူး…”
“သူမရဲ့ မူလဝိညာဉ်ကို ထိမှန်ပြီး မဖျက်ဆီးသရွေ့ပေါ့”
ယိချင်းက လန်ဟွားစကားကို အဆုံးသတ်လိုက်တယ်။
လန်ဟွားက ခေါင်းညိတ်ပြလိုက်တော့ ရှိနေတဲ့လူတိုင်း ရုတ်တရက် နေမကောင်းဖြစ်သွားတဲ့ပုံ။ အထူးသဖြင့် ချီချန်းယွီ။
“ဒီအမျိုးသမီးက တကယ်ပဲဘယ်သူများလဲ၊ သူက နတ်ဆိုးမျိုးနွယ်ကလား” လန်ဟွားမနေနိုင်ဘဲ မေးလိုက်တယ်။ သူမမူလဝိညာဉ်ထဲ နတ်ဆိုးချီတွေရှိပေမဲ့ မသေမျိုးချီပဲ သူမသွေးကြောထဲရှိနေတယ်၊ သူမက အမတသိုင်းတွေလည်း ကျင့်ထားတယ်၊ အမတတွေ နတ်ဆိုးဖြစ်လာဖို့ ကြွေကျလာတာကို ကြားဖူးပေမဲ့ နတ်ဆိုးတွေက အမတဖြစ်လာဖို့တက်လှမ်းတာတော့ တစ်ခါမှမကြားဖူးဘူး”
“ဖြေရှင်းနည်းရှိလား” ကူယွဲ့ သူ့မေးခွန်းကိုလျစ်လျူရှုလိုက်တယ်။
“ရှိတယ်” လန်ဟွားက ကြောက်သွားတဲ့ပုံ။
“ဒါပေမဲ့ နည်းနည်းအလုပ်ရှုပ်တယ်”
“ဘာဖြေရှင်းနည်းလဲ” ချီချန်းယွီ မေးလိုက်တယ်။
“သူ့နတ်ဆိုးချီအားလုံးကို ငါ့ကိုယ်ထဲ ထည့်လိုက်တာ”
သူ့မှာ နတ်ဆိုးချီ အများကြီးရှိလို့ အပြစ်တင်မှာမဟုတ်ဘူး။
“ဒါပေမဲ့ သူမနတ်ဆိုးချီအားလုံးကို စုပ်မယူနိုင်ခင် မူလဝိညာဉ်နဲ့ ထိတွေ့ဖို့လိုတယ်”
ချီချန်းယွီက ရင်တုန်သွားတယ်။
“အရှင်မင်းကြီးလန်ဟွား ကျေးဇူးပြုပြီးထုံအာ့ကို ကယ်ပါဦး”
“ဟင့်အင်း” လန်ဟွားငြင်းလိုက်တယ်။
“ငါသူ့ကိုသေချာမသိသလို သူ့ကိုကယ်ဖို့ ဝဋ်ကြွေးချေခြင်းထဲဖြတ်ရမှာ၊ ငါမလုပ်-”
“သူဌေး သူမကို ကယ်ပါ” ရှန်းရင် ကြားဖြတ်ပြောလိုက်တယ်။
“ကောင်းပြီလေ”
သူက သူမကိုဖြေပြီး သူ့ကိုယ်သူ မတားနိုင်ခင်မှာတင် လန်ဟွားက ဝဋ်ကြွေးချေခြင်းထဲ ခုန်ဝင်ခဲ့တော့တယ်။
လူအုပ်ကြီး ။ ။ “…”
မေ – ိုး သူ့စိတ်နှလုံးကောင်းကို မုန်းလိုက်တာဟေ့။
….