အခန်း ၁၈၆ ။ ကောင်းကင်သန့်စင်နာရီ
ဖုန့်လွမ်နန်းတော်၊ ဖုန့်ထျန်းတိုက်ကြီး။
ဝတ်ရုံပြာဝတ်ထားတဲ့ ဝူဟုန်က နန်းဆောင်ထဲ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတယ်။ အစေ့သေတ္တာတွေ ကြမ်းပြင်ပေါ် အမြင့်ကြီးတင်ထားတာကို မြင်နိုင်ပြီး ဘေးကအမတအရာရှိကို မကြာခဏလှည့်မေးနေတော့တာပဲ။
“ဒါ မင်းတို့ရှာတွေ့ထားတဲ့ အမတဆေးမြစ်အစေ့တွေလား”
“ဟုတ်ကဲ့ သီကျွင်း၊ စုစုပေါင်း ဆေးပင်အမျိုးပေါင်း ၃၇၅၀၀၀ ရှိပါတယ်၊ တစ်မျိုးစီကို အစေ့ဆယ်စေ့ပါ၊ ဒါတွေ အကုန်လုံးက ပထမတန်းစားအစေ့တွေပါ၊ အထူးသဖြင့် အမတသွေးကြောတွေပေါ် အထူးတလည် စိုက်ပျိုးထားပြီး နှစ်ရက်အတွင်း အညွန့်ပေါက်ဖို့ အာမခံပါတယ်”
“ကောင်းပြီလေ” ဝူဟုန်က ခေါင်းညိတ်ပြလိုက်တယ်။
“မင်း အဲဒါတွေကို စစ်ဆေးပြီးပြီလား၊ အထဲမှာ ပုပ်နေတဲ့အစေ့မရှိတာ သေချာတယ်နော်”
“ကျွန်တော်တို့ စစ်ဆေးမှုဆယ်ကြိမ် လုပ်ပြီးပါပြီ”
“ငါတို့မပို့ခင် နောက်တစ်ကြိမ် စစ်ဆေးချေ” မျက်မှောင်ကြုတ်ပြီး သူက ထပ်ပြီးသတိပေးလိုက်တယ်။
“ဒါတွေက ကြီးမြတ်တဲ့နတ်သမီးကို ပို့ရမှာ၊ တစ်ခုချင်းစီက ပြည့်စုံနေရမယ်၊ နားလည်လား”
“ဟုတ်ကဲ့ သီကျွင်း”
“ပြီးတော့ ဘူးတွေကိုလဲလိုက်၊ ဒါတွေက မသေမျိုးချီကိုပဲထိန်းထားနိုင်တဲ့ သာမန်ဘူးတွေ၊ မဟူရာအမတသစ်သားနဲ့ လုပ်ထားတဲ့ ဘူးတွေနဲ့လုပ်လိုက်”
“ဟုတ်ကဲ့”
“စကားမစပ် အဲဒီအမတသွေးကြောတွေကို ပို့လိုက်ပြီလား၊ ဒီတစ်ကြိမ် နောက်တစ်ခုထပ်ထည့်လိုက်၊ အညွန့်ပေါက်ပေမဲ့ မကြီးထွားလာဘူးဆိုရင် ပြဿနာတက်မယ်”
“ဟုတ်ကဲ့”
“ပြီးတော့ အမတလေကိုပါ ယူသွားလိုက်၊ သူတို့ကြီးထွားမှုကို အရှိန်မြန်စေလိမ့်မယ်”
“… ဟုတ်ကဲ့”
“လမ်းမှာဂရုစိုက်ဦး၊ ခရီးအတွင်း မထိခိုက်အောင် အမတချီကိုသုံးလိုက်”
“…”
“ထားလိုက်တော့ ငါပဲ ပို့လိုက်တော့မယ်၊ မင်းတို့ကိုမယုံဘူး”
“…”
လက်တစ်ဖက်ယမ်းပြီး ဝူဟုန်က အစေ့တွေ ဖြည့်ထားတဲ့ဘူးတွေအားလုံးကို ကျောက်စိမ်းသေတ္တာထဲ ထုတ်ပိုးလိုက်တယ်။ သူက ဂရုတစိုက် ကောက်ယူပြီး ထွက်တော့မဲ့ဆဲဆဲ အမတအရာရှိတစ်ယောက်က ခပ်သုတ်သုတ် ပြေးဝင်လာတယ်။
“သီကျွင်း၊ ထျန်းကျောက်တိုက်ကြီးရဲ့ ဧကရာဇ်ပိုင်ရောက်လာပါတယ်”
“ပိုင်ထီလား” ဝူဟုန် အံ့ဩသွားတယ်။
“ဘာလို့ရောက်လာတာလဲ” ပိုင်ထီက သူ အစေ့သွားပို့မဲ့အချိန်ကျတော့မှ သူ့ကိုလာတွေ့ဖို့ ဘာလို့ ရွေးရတာလဲ။
ဝူဟုန်စိတ်ရှုပ်မှုနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ရွေးစရာမရှိတော့ဘဲ ကျောက်စိမ်းသေတ္တာကို သူ့ဘေးကအရာရှိဆီ ကမ်းပေးလိုက်ပြီး ဒီနေ့တင် တန်းပို့ဖို့ ထပ်မှာလိုက်တယ်။ နောက်တော့ အပြင်ကလူကို ခေါ်လာခဲ့ဖို့ အမူအရာပြလိုက်တော့တယ်။
“ဧကရာဇ်ဝူဟုန်” မုတ်ဆိတ်မွေးဖြူဖြူ၊ ရွှေချည်မျှင်ထိုးထားတဲ့ ဝတ်ရုံစိမ်းနဲ့လူတစ်ယောက်က အထဲဝင်လာတယ်။ သူ့အသံက ခေါင်းလောင်းလို ကျယ်လှချည်ရဲ့။
“ငါတို့နောက်ဆုံးတွေ့ခဲ့တာ အတော်လေးကိုကြာပြီနော်၊ မင်း ဘယ်လိုနေလဲ”
“ဧကရာဇ်ပိုင်ထီ” ဝူဟုန် ယဉ်ကျေးစွာ ပြုံးလိုက်တယ်။
“ဘာက မင်းကို ဖုန့်လွမ်နန်းတော်ဆီ ရောက်လာစေတာလဲ” နှစ်ယောက်လုံးက မိစ္ဆာမျိုးနွယ်ဆိုပေမဲ့ ဖုန့်ထျန်းတိုင်းသူပြည်သားအများစုက အမတတွေအဖြစ် မြင့်တက်လာတဲ့ ပျံသန်းတဲ့ သတ္တဝါတွေ ဖြစ်ပြီး ထျန်းကျောက်က အများစုကတော့ ကုန်းနေသတ္တဝါတွေ။ တိုက်ကြီး၂တိုက်က တည့်ကြတယ်လို့ ပြောလို့မရပေမဲ့ ရန်ဖြစ်နေတာတော့လည်းမဟုတ်ဘူး။ ဒါက ဧကရာဇ်ပိုင်ထီ သူ့ကို ပထမဆုံးအကြိမ်လာတွေ့တာပဲ။
“ငါတို့နှစ်ယောက်လုံးက မိစ္ဆာမျိုးနွယ်ကလေ၊ ပိုပြီးတည့်သင့်တာပေါ့” ပိုင်ထီကပြုံးတယ်။
“မင်းက ဒါပြောဖို့အတွက်နဲ့ ဒီရောက်လာတာလား” အမူအရာ အပြောင်းအလဲမရှိ ဝူဟုန် တန်းတန်းမတ်မတ်ပဲပြောလိုက်တယ်။
“ဧကရာဇ်ပိုင်ထီက အရင်အချိန်တွေအကြောင်းတွေ ပြောဖို့လာတာလား၊ ဒါမှမဟုတ် တခြားကိစ္စပြောဖို့လား”
“ဧကရာဇ်ဝူဟုန်က တကယ်ပဲ ဉာဏ်ပြေးလှတာပဲ” ပိုင်ထီ့အမူအရာက ခပ်တောင့်တောင့်ဖြစ်သွားတယ်။
“တကယ်ပဲ၊ မင်းဆီက တောင်းဆိုစရာတစ်ခုရှိလို့ ရောက်လာခဲ့တာပါ၊ ငါ့ရဲ့ ဇွတ်တရွတ်သမီးလေးနဲ့ ပတ်သက်တဲ့ကိစ္စပါ”
“မင်းရဲ့မင်းသမီးလေးက ပျောက်သွားပြန်ပြီလား”
ဝူဟုန် မဆိုစလောက် လှောင်လိုက်တယ်။ ကောင်းကင်အလွန်မှကောင်းကင်များကလူတိုင်း ပိုင်ထီ့သမီးအကြောင်းသိကြတယ်လေ။
ပိုင်ထီက ဒီလိုလှောင်ပြောင်မှုကို ကျင့်သားရနေတဲ့ပုံနဲ့ သက်ပြင်းမောကြီးချတယ်။
“ငါ့မှာ ဒီကလေးပဲရှိတာ မင်းသိပါတယ်၊ သူ့ကို ငယ်ငယ်လေးတည်းကအလိုလိုက်မိလို့ အဲလောက်ခေါင်းကြောမာမာနဲ့ ကြီးပြင်းလာခဲ့တာပဲ၊ လူတွေအားလုံးထဲမှာမှ သူ ချစ်သွားတာက… ဟိုက် ငါသူ့ကိုဆူပြီးတဲ့နောက် စိတ်ဆိုးပြီး အိမ်ကထွက်သွားတာပဲ”
“ဒါဆို ဘာလို့ သူ့ကို ဒီမှာလာရှာနေတာလဲ၊ မင်းသမီးဘယ်မှာလဲဆိုတာ ငါ ဘယ်လိုလုပ်သိပါ့မလဲ”
“မနေ့က သူ့ကို နောက်ထပ်တိုက်ကြီးတစ်ခုမှာ အာရုံခံမိပြီး ပြန်ခေါ်လာမို့ပဲ၊ ဒါပေမဲ့…” ပိုင်ထီက တစ်စုံတစ်ရာကို တွေးမိသွားပုံနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
“ငါ အားကြီးတဲ့ဓားအမတနှစ်ယောက်နဲ့ ကြုံခဲ့ပြီး သူတို့ထောင်ချောက်ထဲ ကျတော့မလို့၊ တကယ်လို့ ဧကရာဇ်ကျီကျယ်နဲ့ ကောင်းကင်လက်နက် ကောင်းကင်သန့်စင်နာရီကြောင့်သာ မဟုတ်ရင် သူတို့ကို ဖမ်းမိနိုင်မှာမဟုတ်ဘူး”
နောက်တစ်ကြိမ် ပြန်ထိုင်ချပြီး သူကဆက်ပြောတယ်။
“ဒါပေမဲ့ သူက ငါ သူတို့နဲ့ တိုက်ခိုက်နေတဲ့အချိန် ထွက်ပြေးနိုင်သွားပြန်တယ်၊ တစ်ရက်လုံးလိုက်ရှာပေမဲ့ ရှာနတွေ့သေးဘူး၊ သူတို့အလိမ်တွေကို ယုံပြီး ပုန်းနေတာပဲဖြစ်ရမယ်လို့ ထင်တယ်၊ ဧကရာဇ်ဝူဟုန်က အမတဧကရာဇ်တချို့နဲ့ ရင်းနှီးတယ်လို့ကြားဖူးတယ်၊ သူ့ကိုရှာဖို့ ဒီအမတတွေကို လွှတ်ပေးလို့ရမလား”
ဝူဟုန် ခေါင်းညိတ်ပြလိုက်တယ်။ ဒါက တာဝန်လွယ်လွယ်လေးပဲကို။
“ဒါပေမဲ့ မင်း အမတနှစ်ယောက်ကို ဖမ်းထားပြီးပြီဆိုမှတော့ ဘာလို့ သူတို့ကို တန်းမမေးတာလဲ”
“သူတို့ကိုဖမ်းထားလိုက်ပြီဆိုပေမဲ့ ကောင်းကင်သန့်စင်နာရီက ခုနှစ်ရက်နေမှ တစ်ခါ အသက်သွင်းလို့ရတာ၊ ဒါကြောင့် အဲအချိန်မတိုင်ခင် မေးခွန်းမေးဖို့ ထုတ်လို့မရဘူး”
သူလက်သီးဆုပ်ကို ဟပြတော့ လက်ဖဝါးပေါ် ငွေနာရီလေးတစ်ခုပေါ်လာတယ်။ နာရီအလယ်ကနေ နီရင့်ရင့်အလင်းရောင်က တဖျတ်ဖျတ်တောက်ပနေတယ်။ သူသာ ၇ရက်ဆက်စောင့်နေရင် သူ့သမီးတော့ ပျောက်သွားလောက်ပြီ။
“ငါ ဒီပြဿနာကို အလွယ်လေး ဖြေရှင်းနိုင်ပါတယ်” ဝူဟုန်က အကြံပြုလာသည်။
“ငါတို့ငှက်မျိုးနွယ်မှာ နှလုံးလှစ်ဟအင်းကွက်ဆိုတာရှိတယ်၊ လူတစ်ယောက် အားအနည်းဆုံးအချိန် မှတ်ဉာဏ်တွေကို ဖော်ပြနိုင်တာမျိုးပဲ၊ တကယ်လို့ ငါတို့ ဒီအင်းကွက်ထဲ နာရီကို ထည့်လိုက်ရင် မင်းရဲ့မင်းသမီးလေးတည်နေရာကို ရှာတွေ့နိုင်လောက်တယ်”
“ကောင်းလိုက်တာ”
ပိုင်ထီက သူ့ကို နာရီ အမြန်ကမ်းပေးလာတယ်။
“ဒါဆို ငါ ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ မင်းကို အကူအညီတောင်းရတော့မှာပဲ”
ဝူဟုန် သူ့ဆီက နာရီကိုယူလိုက်တော့ နာရီထဲက အမတနှစ်ယောက်ရဲ့ အရှိန်အဝါကို အာရုံခံမိလိုက်တယ်။ ချိပ်တစ်ခုဖန်တီးရင်း သူမေးလိုက်တယ်။
“စကားမစပ် အထဲက အမတတွေက ဘယ်သူလဲ၊ သူတို့တွေက မင်းကို ဒီလိုမျိုးအကျပ်ရိုက်စေတော့ အတော်လေးစွမ်းရည်ရှိမှာပဲ”
“ငါ… ငါ သူတို့ကိုမသိဘူး၊ သူတို့ကို အရင်ကတစ်ခါမှမမြင်ဖူးဘူး”
“အော်…”
“ဒါပေမဲ့ သူတို့က… ဝူတိဂိုဏ်းကလို့ ပြောတာတော့ ကြားတယ်”
ခလွမ်း
ဝူဟုန် နာရီလေးကို ချက်ချင်း အဝေးလွှင့်ပစ်လိုက်တယ်။
ဝူတိ… ဝူတိ… ဝူတိဂိုဏ်းတဲ့
Σ(°△°|||)
မင်းတို့ ငါ့ကိုနောက်နေတာပဲဖြစ်ရမယ်။
“ဝူဟုန်” ကြောင်အမ်းသွားပြီး ပိုင်ထီ နာရီကို အမြန်လှမ်းဖမ်းလိုက်တယ်။
“မင်းဘာကို…”
သူ ဘာတွေဖြစ်နေတာပဲ ဝူဟုန့်ကိုမေးမလို့ရှိသေး မျက်နှာက ရုတ်တရက် ဖြူဖပ်ဖြူရော်ဖြစ်သွားတာ မြင်လိုက်ရတယ်။ သူ့လက်နှစ်ဖက်စလုံးက အသည်းအသန်တုန်ယင်နေတယ်။
ဟင့်အင်း ဟင့်အင်း ဟင့်အင်း… နားကြားမှားတာပဲဖြစ်ရမယ်။
“ထပ်… ထပ်… ထပ်ပြောပါဦး၊ သူတို့ကဘယ်ဂိုဏ်းက”
“ဖုန့်ချန်တိုက်က ဝူတိဂိုဏ်း”
ဘွန်း ဝူဟုန် မိုးကြိုးပစ်ချခံလိုက်ရသလိုပဲ။
ဖွီ…။
ငေးငိုင်နေမိရင်း သူ သွေးအန်မိတော့တယ်။
“ဧကရာဇ်ပိုင်” ဝူဟုန် လက်ကိုဆွဲပြီး အရေးတကြီး တောင်းပန်တော့တယ်။
“ငါ့စကားကိုနားထောင်ပါ၊ ဒီလူတွေကို ချက်ချင်းလွှတ်ပေးလိုက်၊ မြန်မြန်”
မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်။
“ဘာလို့လဲ” ပိုင်ထီ အူကြောင်ကြောင်ဖြစ်နေတယ်။
“ဒါပေမဲ့ ဒီနာရီက ၇ရက်နေမှ အသက်သွင်းလို့ရတာလေ…”
“ဒါဆိုလည်းချိုးလိုက်” ဝူဟုန် ငိုချင်နေပြီ။
“အမတလက်နက်တွေသုံး၊ သွေဖယ်မိုးကြိုး၊ မူလမီးတောက်တွေသုံး၊ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒီလူတွေကိုပဲ လွှတ်လိုက်ပါကွာ”
“ဒါပေမဲ့ ဒါတွေက ကောင်းကင်လက်နက်တွေ…”
“ကောင်းကင်လက်နက်တွေ ကောင်းကင်ဟုတ်မဟုတ် ဂရုမစိုက်… ဟုတ်သား ကောင်းကင်လက်နက်တွေက နာရီကို ချိုးဖောက်နိုင်တယ်၊ ဒီမှာခဏစောင့်၊ ငါ့မှာရှိတယ်… ငါပေးမယ်”
ဝူဟုန် ရှေးဟောင်းဗျပ်စောင်းတစ်ခုကို ဆွဲထုတ်ပြီး သူ့ကိုထိုးပေးလိုက်တယ်။
“မမျှော်လင့်ဗျပ်စောင်း…”
“ယူပြီး နာရီကိုခွဲဖွင့်လိုက် ထားလိုက်တော့ ငါပဲလုပ်တော့မယ်” ဝူဟုန် ဗျပ်စောင်းကိုမြှောက်ပြီး နာရီဆီလွှဲချလိုက်တယ်။
“ခဏ… ဧကရာဇ်ဝူ” ဗျပ်စောင်းကို ဒီလိုသုံးလို့မရဘူးလေ
ဗျပ်စောင်းက နာရီကို ထိတော့မဲ့ဆဲဆဲ မျက်စိကျိန်းစရာအဖြူရောင်အလင်းတန်းက အဲကနေ ထွက်လာတယ်။ ပိုင်ထီ့လက်ပေါ်က လက်ဖဝါးအရွယ် နာရီက တဖြည်းဖြည်းကြီးလာတာမို့ လွှတ်ချလိုက်ရတော့တယ်။ ခဏအတွင်း နာရီက လူတစ်ယောက်အရွယ်ကြီးလာခဲ့တယ်။
အသံအကျယ်ကြီးတစ်ခု လိုက်လာပြီး နာရီမျက်နှာပြင်ပေါ် အက်ကွဲသံတွေ တဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ အက်ကွဲကြောင်းတွေက နေရာအနှံ့ပျံ့လာလိုက်တာ နာရီမျက်နှာပြင်တစ်ခုလုံး ဖုံးသွားတဲ့အထိပဲ။
“ဘာတွေ… ဘာတွေဖြစ်နေတာလဲ” ပိုင်ထီ ထိတ်လန့်တကြား အော်ဟစ်လိုက်တယ်။
“ငါ့ကောင်းကင်ဖန်တီး…”
သူ စကားမဆုံးခင်မှာတင် အသံအကျယ်ကြီးပေါ်လာပြီး ငွေရောင်နာရီက အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့တယ်။ မသေမျိုးချီတန်းကြီးက သူတို့ဆီ တန်းတန်းမတ်မတ် ပစ်လွှတ်လာလေရဲ့…။
…