အခန်း ၁၈၅ ။ မြေခွေးကို ကောင်းကင်အလွန်ပို့ခြင်း
“ကြီးမြတ်တဲ့ အမတတို့… ကျေးဇူးပြုပြီး ဒီမီးအိမ်လေးငှားပါ” မြေခွေးမိစ္ဆာက လူတိုင်း ဒီမီးအိမ်က ဘာလုပ်နိုင်လဲဆိုတာ သိသွားတာကို ခန့်မှန်းမိပုံပဲ။ သူမက တောင်းပန်တော့တယ်။
“ကျွန်မ… ကျွန်မ ဆယ်ရက်အတွင်း ပြန်ပေးမယ်လို့ ကတိပေးပါတယ်၊ တောင်းပန်ပါတယ်”
“ဘယ်သူ့မူလဝိညာဉ်ကို ပြင်ဖို့ကြိုးစားနေတာလဲ” ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
“ကျွန်မ… ကျွန်မ…” မြေခွေးမိစ္ဆာက လန်ဟွားကို မော့ကြည့်ပြီး တုံ့ဆိုင်းနေကာ မလုံမလဲ ဟိုဟိုဒီဒီကြည့်လိုက်တယ်။
ကူယွဲ့ သူမ ဇာတ်လမ်းတစ်ပုဒ်လျှောက်ပြောမှာကို စောင့်နေဖို့ စိတ်အခြေအနေမရှိတာမို့ ချက်ချင်း ဂါထာတစ်ခုရွတ်ပြီး သူမဆီပစ်လွှတ်လိုက်တယ်။
“ဟင့်အင်း” မြေခွေးဖြူက သွေးပျက်သွားပြီး သူမကို တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။
တစ်ခဏအတွင်း ဂါထာအမှတ်အသားက မြေခွေးရဲ့နှင်းလိုဖြူစွတ်တဲ့အမွှေးပေါ် ပေါ်လာတယ်။ အမှတ်အသားပေါ်မှာတော့ ရေးထားတာက ရှင်းဟန်။
မြေခွေးဖြူက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။
“ရှင်းဟန်လား” အဲဒါဘယ်သူလဲ။ ကူယွဲ့ လှည့်ကြည့်ပြီး မေးလိုက်တယ်။
“ဒီနာမည်ကို ဘယ်သူကြားဖူးလဲ”
လူတိုင်း ထိတ်လန့်ကုန်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ခေါင်းယမ်းလိုက်ကြတယ်။
မြေကြီးပေါ်က မြေခွေးဖြူက တန့်သွားပြီး စိတ်လှုပ်ရှားမှုတို့ သူမမျက်ဝန်းထဲ ပြည့်နေခဲ့တယ်။ သူမကြည့်ရတာ စိတ်အေးသွားတဲ့ပုံပဲ။
“လန်ဟွား မင်းက ဒီမှာ အသက်အကြီးဆုံးပဲ၊ ဒီနာမည်ကြားဖူးလား” ကူယွဲ့က လန်ဟွားကို လှမ်းမေးလိုက်တယ်။
အသက်အကြီးဆုံးလား။ သောက်ကျိုးနည်း ဘာသဘောလဲ။
“ရင်းနှီးနေသလိုပဲ… ရှင်းဟန်… ရှင်း…” သူ အချိန်အတော်ကြာ စဉ်းစားနေပြီးတဲ့နောက် ခေါင်းယမ်းလိုက်တယ်။
“ငါမေ့သွားပြီ”
“…” မင်းက ဘာအသုံးဝင်လဲ။ မင်းက အရင်က အဇဋာဧကရာဇ်လေ။
ကူယွဲ့ မျက်ဆန်လှန်လိုက်ပြီး ပိုတောင်မျက်မှောင်ကြုတ်လိုက်တယ်။ ဒါက ခက်ခဲတော့မှာပဲ။ သူတို့တွေ ရွေးစရာမရှိဘဲ မနက်ဖြန်မှ အသစ်ခန့်အပ်ထားတဲ့ တိုင်းပြည်ဧကရာဇ်ဆီ သွားမေးရတော့မဲ့ပုံ။
“သိလောက်တဲ့သူရှိတယ်” လန်ဟွားက ရုတ်တရက် တစ်စုံတစ်ရာကို ယူသွားသလိုမျိုး အကြံပြုလာတယ်။
“ဘယ်သူလဲ”
“ခဏနေဦး၊ ငါသူ့ကိုသွားခေါ်လိုက်ဦးမယ်” သူက လေလိုအရှိန်နဲ့ ပြေးထွက်သွားပြီး နှစ်မိနစ်အတွင်း ပြန်ရောက်လာတယ်။ သူက ဝတ်ရုံအပြာနဲ့လူတစ်ယောက်ကို ဆွဲခေါ်လာတယ်။ တည်တံ့နေတဲ့ မျက်နှာပေးနဲ့ သူက အံ့ဩတကြီး ပြောလိုက်တယ်။
“သူပဲ”
“ကြီးမြတ်တဲ့ နတ်ဒေဝါရှန်း၊ ရောင်းရင်း… ရောင်းရင်းအမတတို့ မတွေ့တာကြာပြီနော်” ချူရွှမ် အနေရခက်ခက်နဲ့ ပြုံးလိုက်တယ်။
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
“မင်းဘာသာမင်းရှင်းပြစမ်း” ကူယွဲ့ နှုတ်ခမ်းကိုသပ်ပြီး သက်ပြင်းချလိုက်တယ်။ သူ လန်ဟွားကို မထိုးမိအောင် မနည်းထိန်းနေရတယ်။
“ဒီလူက ဘယ်ကရောက်လာတာလဲ” သူ့ကို ချန်ကောက ပိတ်လှောင်ထားတာမဟုတ်လား။ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။
“သူ… သူက မနေ့ညကတင် ပေါ်လာတာပဲ” လန်ဟွားကြည့်ရတာ နစ်နာသလိုခံစားနေရတဲ့ပုံ။ သူမနေ့ညက အခန်းကို ပြန်ချိန် ချူရွှမ်နဲ့ တွေ့ခဲ့တာပဲ။ နှင်ထုတ်ဖို့အချိန် မရှိသေးရုံပါ။
“အမတရောင်းရင်း ကူယွဲ့၊ မင်းအထင်လွဲနေပြီ” ချူရွှမ်က ချက်ချင်း ရှင်းပြလာတယ်။
“ငါ ထွက်ပြေးလာတာ မဟုတ်ဘူး၊ အဲကောင်စုတ်ချန်ကော… အာ သူက သူ့သဘောနဲ့သူ လွှတ်လိုက်တယ်၊ ဟယ်ချွမ်က ငါ့လွှတ်ပေးဖို့ အဖိုးအခပေးပြီး ဖုန့်ချန်နဲ့ ဘယ်တော့မှ ပြန်မတိုက်ခိုက်တော့ဖို့ ကတိပေးလိုက်ပြန်တယ်၊ အဲဒါကြောင့် အမတသုတ်သင်ကိစ္စကပြီးသွားတာပဲ၊ မေ့ပစ်လိုက်တာပေါ့” ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်လန်ဟွားကို ရှာတွေ့ပြီပဲ။ ကျေးဇူးကြွေးတွေ ပြန်ဆပ်ဖို့ အခွင့်အရေးတွေရှိသေးဦးမှာပဲ။
ပြီးတော့ သူသာ ထွက်ပြေးချင်ရင် ဒီနေရာကိုတောင် လာခဲ့မှာမဟုတ်ဘူး။ သူက မြေခွေးဖြူအမွေးကို ပွတ်နေတဲ့ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။ သူက လန်ဟွားနောက်ကို အလိုလို ဆုတ်သွားမိခဲ့တယ်။ ဘာကြောင့်မှန်းမသိ သူ့တစ်ကိုယ်လုံးနာကျင်သွားသလိုပဲ။
“ဒါကြောင့်…” ကူယွဲ့ သူ့ကို မကျေမနပ်နဲ့ကြည့်နေဆဲဖြစ်ပြီး လန်ဟွားကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။
“အဲဒါ မင်းဒီကိုလာတာနဲ့ ဘာဆိုင်လဲ” နောက်ထပ် ထမင်းမျိုအုံးမဲ့သူပဲ။
လန်ဟွားက ကူယွဲ့နဲ့အကြည့်ချင်းမဆုံအောင် ခေါင်းငုံ့လိုက်တယ်။ ဒါက သူနဲ့ဘာမှမှမဆိုင်တာ။ ချူရွှမ်က သူ့ဘာသာ ဒီကိုရောက်လာတာလေ။
“ငါက ဆ- အဇဋာဧကရာဇ်ကို လာရှာတာ” ချူရွှမ် ခပ်တိုးတိုးပြောလိုက်တယ်။
“ရွှီးမီကွင်းမှာတုန်းက ပြောချင်တာတွေ ပြောဖို့ အချိန်လုံလုံလောက်လောက်မရှိခဲ့လို့ ဒါကြောင့်…”
“အဲတော့၊ မင်း ဒီမှာ ဘယ်လောက်နေဖို့ စီစဉ်ထားလဲ”
“အာ… နှစ်ရက်သုံးရက်လောက်၊ ဒါမှမဟုတ် လပိုင်းလောက်ပေါ့”
အဇဋာဧကရာဇ်အပေါ်ပဲ အများကြီးမူတည်နေတယ်။
“ထွက်သွား” နှစ်ယောက်လုံး။
လန်ဟွား ။ ။ “…”
ချူရွှမ် ။ ။ “…”
ငါ့ဝူတိဂိုဏ်းကို ဖြတ်သွားဖြတ်လာအိမ်လို့များမှတ်နေတာလား။ ဘာလို့လူတိုင်းက ခိုလှုံဖို့ ဒီနေရာကို ရောက်လာကြတာလဲ။ သူတို့တွေ နတ်ဆိုးနှစ်ယောက်ကို ခေါ်ထားတာတင် မလုံလောက်သေးလို့လား။ ဘာလို့ တိုက်ကြီးရဲ့ ရန်သူတွေဖြစ်တဲ့ အဇဋာဧကရာဇ်ပါ ရှိနေတာလဲ။ တကယ်လို့ ဒီလိုသာ ဆက်သွားနေရင် ဒုက္ခသည်အားလုံးအတွက် လွယ်ကူတဲ့ ပစ်မှတ်ဖြစ်လာတော့မှာပဲ။
“အိုက်ယား ဖေဖေနျိုရယ် သူက ဧည့်သည်ပဲ၊ ဒီလိုအသေးစိတ်လေးတွေ စိတ်ရှုပ်ခံမနေစမ်းပါနဲ့” ရှန်းရင် မတ်တတ်ထရပ်ပြီး ကူယွဲ့ပခုံးကိုရိုက်လိုက်တယ်။ သူမ ချူရွှမ့်ဘက်လှည့်ပြောလိုက်တယ်။
“နင့်မှာ အမတ ကျောက်တုံးတွေပါလာလား”
“ဟမ်” ချူရွှမ်က သူမဘာဆိုလိုလဲ နားမလည်ဘဲ ရပ်သွားတယ်။ တစ်အောင့်နေတော့ သူ့ဝတ်ရုံအတွင်းကနေ အမတကျောက်တုံးအိတ်တွေ ထုတ်ပြီး ကမ်းပေးလိုက်တယ်။
“ငါ… ငါ အိတ်တချို့တော့ယူလာခဲ့တယ်”
စောစောပြောရောပေါ့။
ရှန်းရင် မျက်လုံးတွေ တောက်ပသွားခဲ့တယ်။ ကျောက်တုံးတွေ အများကြီးပဲ သူမ ကူယွဲ့ဆီ ကမ်းပေးလိုက်တယ်။
ကူယွဲ့အမူအရာ ပျော့ပြောင်းသွားလေရဲ့။
“ဟင်း… ငါ ဒီညတော့ ခွင့်ပြုလိုက်မယ်၊ မင်း မနက်ဖြန် သွားရမယ်နော်” ငါ မင်းရဲ့ ပိုက်ဆံကြောင့် အလွတ်ပေးတာနော်။
ချူရွှမ် ။ ။ “…”
သူ့ကို လှည့်စားဖို့ သူတို့ခုလေးတင် အဖွဲ့ဖွဲ့လိုက်တာလို့ သူ ဘာလို့ခံစားမိတာပါလိမ့်။
——————
“ရှင်းဟန်” ချူရွှမ်က မြေခွေးမိစ္ဆာရဲ့ ဇာတ်လမ်းကို နားထောင်ပြီးတဲ့နောက် ထိတ်လန့်သွားတယ်။
“သေချာပေါက် ငါ သူ့ကိုသိတာပေါ့၊ အဲကလေးက ယီရွှေ့က မဟုတ်လား”
“ယီရွှေ့တိုက်ကြီးကလား” ကူယွဲ့လည်း ထိတ်လန့်သွားတယ်။
“ရှင်းဟန်ဆိုတာ ယီရွှေ့ရဲ့ အဇဋာဧကရာဇ်နာမည်လို့တော့ မပြောနဲ့နော်”
“အမှန်ပဲ” ချူရွှမ် ခေါင်းညိတ်ပြလိုက်တယ်။
“မင်းမသိဘူးလား” ဒါက အမတဘုံက ပုံမှန်ဗဟုသုတ မဟုတ်ဘူးလား။
အာ…။
အမတဘုံရဲ့ဂိုဏ်းအသစ်က သူတို့တစ်ခုမှ မသိတဲ့အကြောင်း ရှင်းနေတာပဲ။
“ယီရွှေ့က ရှင်းဟန်ရဲ့ နယ်မြေပဲ” ချူရွှမ်က ခေါင်းညိတ်ရင်း ဖြေလိုက်တယ်။ သူ မြေခွေးမိစ္ဆာကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့တယ်။
“ဒါပေမဲ့ အဲကလူတွေကထူးဆန်းတယ်၊ သူတို့တွေက အေးစက်ပြီး မိတ်ဆွေဖွဲ့ဖို့ မလွယ်ဘူး၊ သူတို့တွေက တခြားတိုက်တွေကလူတွေနဲ့ ရောတယ်ဆိုတာ မရှိဘူး၊ ငါကိုယ်တိုင်လည်း သူတို့ကို အကြိမ်ရေတချို့လောက်ပဲမြင်ဖူးတာ၊ အဇဋာဧကရာဇ်ဆယ်ယောက်တွေကြားမှာ ချန်ကောဆိုတဲ့ အဲမျက်နှာပေါင်းစုံနဲ့ကောင်ပဲ သူတို့နဲ့ ဆက်ဆံရေးမျိုးစုံရှိတာ”
အဲတော့ ဒီမြေခွေးက အဇဋာဧကရာဇ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကိုး ကူယွဲ့ ငုံ့ကြည့်ပြီး အပြစ်ကင်းတဲ့ တိရစ္ဆာန်လေးကို လှမ်းကြည့်လိုက်တယ်။ အရမ်းကြည့်ကောင်းနေတာ မဆန်းတော့ဘူး။
“မင်းက အဇဋာဧကရာဇ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ဆိုမှတော့ ဘာလို့ ဝိညာဉ်စုဝေးမီးအိမ်ကို အသည်းအသန်ဖြစ်နေရတာလဲ”
မြေခွေးမိစ္ဆာက ကွေးကွေးလေးပဲနေနေပြီး လုံးဝမဖြေ။
“တကယ်လို့ မင်းဘာမှမပြောရင် ငါတို့ မင်းကို ကောင်းကင်အလွန်မှကောင်းကင်များဆီပို့ပြီး အဇဋာဧကရာဇ်ရှင်းဟန်ကို ကိုယ်တိုင်မေးရလိမ့်မယ်”
“ဟင့်အင်း…” မြေခွေးဖြူက သွေးပျက်သွားပြီး ရုတ်တရက် ထရပ်ကာ ကူယွဲ့ကို ခုန်အုပ်ရင်း အင်းကွက်ဖောက်ဖို့ ကြိုးစားတော့တယ်။ ဒါပေမဲ့ သူမက ဘယ်လိုအသွင်ပြောင်းရမလဲတောင် မသိသေးတဲ့ မြေခွေးမိစ္ဆာလေးပဲ။ ဘယ်လိုလုပ် ကူယွဲ့အင်းကွက်ကို ဖောက်နိုင်မှာလဲ။ မြေခွေးမိစ္ဆာလေးကနောက်ကို ပြန်ကန်ထွက်သွားပြီး သူမနဲ့ အင်းကွက်ထိသွားတဲ့နေရာမှာ အမွှေးလောင်သွားတဲ့အကွက် ပေါ်လာတော့တယ်။ မြေခွေးဖြူလေးက တစ်ဖက်ခြမ်းမှာ လောင်သွားတဲ့ပုံပဲ။ သူမက မြေကြီးပေါ်လဲပြီး သတိလစ်ကာ ညည်းတွားနေတယ်။
ကူယွဲ့ မေ့မျောစေတဲ့ ဂါထာတစ်ခုရွတ်ပြီး မြေခွေးမိစ္ဆာလေးကို မေ့သွားစေလိုက်တယ်။ ဒါက အဇဋာဧကရာဇ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ သူမကို အရမ်းကြီး နာကျင်စေလို့ မဖြစ်ဘူး။ မြေခွေးက မီးအိမ်ကို ခိုးဖို့ကြိုးစားတဲ့အကြောင်းရင်းအတွက်ကတော့ ကူယွဲ့ ရှင်းဟန်ကို ကိုယ်တိုင်မေးရတော့မဲ့ပုံပဲ။
“ကြည့်ရတာ ငါတို့ ဒီတွေ့ဆုံမှုကနေ အဖြေရမဲ့ပုံမပေါ်ဘူး” ကူယွဲ့ ညွှန်ကြားလိုက်တယ်။
“ယွီဟုန် ဒီမြေခွေးမိစ္ဆာကို တောင်နောက်ဘက်က အင်းကွက်ဆီ ခေါ်သွားလိုက်”
“ဟုတ်ကဲ့”
“ပြန်ပို့ဖို့ အချိန်ရှာ… ခဏ” သူက စကားပြောနေရင်း ရပ်သွားပြီး အမူအရာက မည်းမှောင်သွားခဲ့တယ်။
“ရှန်းရင် အဲမြေခွေးကိုချထားလိုက်၊ မင်းစားလို့မရဘူးပြောနေတယ်လေ”
“-ြီး”
“ငါ့ဖင်ကို-ျီး မင်း ကွမ်တုံးကနေ လာတာလား၊ ခဏ… မင်း အမြီးလည်းစားလို့မရဘူး”
“…”
သေစမ်း၊ ကြည့်ရတာ မြေခွေးကို မြန်မြန်ပို့မှပဲ။ ချက်ချင်း၊ ခုချက်ချင်းကို။
——————
ဖေဖေနျိုနဲ့ ယိချင်းက မြေခွေးကိုပို့ဖို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ သွားခဲ့တယ်။ သူတို့လောရတာကတော့ ညသန်းခေါင်မှာ မြေခွေးက ကိစ္စတစ်ခု ထဖြစ်လို့ပဲ။ ထွက်ပြေးဖို့ကြိုးစားပြီး တောင်နောက်ဘက်မှာ သွေးကြောကာကွယ်အင်းကွက်နဲ့ ထိမိသွားတယ်လေ။ တစ်ကိုယ်လုံး လောင်တော့မလို့။ တကယ်လို့ မုန်လာဥသာ အဲနေရာမှာ မရှိဘဲ သူ့ကို အမတဆေးမြစ်တွေ မကျွေးခဲ့ဘူးဆိုရင် မြေခွေးက သေနေလောက်ပြီ။
ဒီမြေခွေးဝတုတ်က ခံနိုင်ရည်တော့ရှိသား။ စကားတစ်လုံးတောင် မပြောဖို့ တောင့်ခံနေတယ်။ သူ့ကိုယ်သူ သတ်မသေမိစေဖို့ ကူယွဲ့လည်း ကောင်းကင်အလွန်မှကောင်းကင်များဆီ ခေါ်လာရတော့တာပေါ့။
ယီရွှေ့ရဲ့အဇဋာဧကရာဇ်က ဘယ်လိုမျိုးလဲဆ်ုတာ မသေချာလို့ သူ့ကိုယ်သူ ကာကွယ်ဖို့ ယိချင်းကိုပါ ဆွဲခေါ်လာခဲ့တယ်။
မိဘတွေမရှိတော့ ဝူတိဂိုဏ်းက လုံးဝကို လွတ်ထွက်သွားလေရဲ့။ ဘယ်သူမှ အိမ်မှုကိစ္စမလုပ်တော့သလို အမတဆေးမြစ်တွေကိုလည်း ဂရုမစိုက်တော့ဘူး။ ဂိုဏ်းထဲကလူတိုင်းက ရှန်းရင်အတွက် ဟင်းချက်ဖို့ ၁၀၁နည်းကို ဝေဖန်ဆန်းစစ်နေကြတော့တယ်။
ရှန်းရင် ဟင်းချက်ပြိုင်ပွဲကို စီစဥ်ရမလား စဉ်းစားနေတုန်းရှိသေး ဖေဖေနျိုခေါ်သွားတဲ့မြေခွေးက ရုတ်တရက် ပြန်ရောက်လာတယ်။
သူက အနောက်ဘက်ကို ဝုန်းခနဲပြုတ်ကျလာပြီး အမိုးကနေတစ်ဆင့် စားဖိုမှူး ဘယ်သူ့ကိုမှ မထိခိုင်းထားတဲ့အိုးထဲ တန်းတန်းမတ်မတ်ပြုတ်ကျသွားတော့တယ်။
ရှန်းရင် ။ ။ “…”
အိမ်အပြင်ဘက်မှ လူအားလုံး ။ ။ “…”
အဲတော့… ဒီကောင်ကတကယ်ပဲ ဟင်းချက်စရာအဖြစ် အသုံးခံချင်နေတာလား။
ဒါကတကယ့်ကိုရည်မှန်းချက်ကြီးတဲ့ မြေခွေးပဲ
( ̄『̄)
ရှန်းရင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမလား စဉ်းစားနေတာ။ ရုတ်တရက် မြေခွေးက အိုးထဲကနေ တွားသွားထွက်လာပြီး သူမရဲ့ဝတ်ရုံတွေကို ဆွဲတော့တယ်။ မိန်းကလေးအသံနဲ့ သူကပြောလာတယ်။
“ဂိုဏ်းချုပ်ရှန်းတပည့်တွေက နတ်ဆိုးအမတတွေ ဖမ်းခေါ်သွားတာခံလိုက်ရတယ်”
“…”
အဲဒါ ဝကျမိစ်ဆာလား။
“ဘာဖြစ်တာလဲ” လန်သွားက ပထမဆုံး တုံ့ပြန်တဲ့သူ။ သူ မြေခွေးမိစ္ဆာကို ကောက်ချီလိုက်တယ်။
“ဘယ်လိုပြန်ရောက်လာတာလဲ” ပြီးတော့ တစ်ကောင်တည်း။
“တခြားသူတွေရော”
“လမ်း… လမ်းမှာ… နတ်ဆိုးအမတကို တွေ့ခဲ့တာပါ” မြေခွေးမိစ္ဆာက တုန်ယင်နေရင်း သွေးပျက်နေတယ်။
“သူတို့တိုက်ခိုက်ပြီး နောက်တော့ ခေါ်… ခေါ်သွားတာခံလိုက်ရတယ်၊ ငါက မိစ္ဆာဆိုတာ မြင်လို့ သူတို့က မခေါ်သွားတာ၊ အားလုံး… ကျေးဇူးပြုပြီး သူတို့ကိုသွားကယ်ကြပါ”
“နတ်ဆိုးအမတတွေ” ချူရွှမ် မျက်မှောင်ကြုတ်ပြီး တစ်ပြိုင်နက်မေးလိုက်တယ်။
“ချန်ကောက ဘယ်လိုဖုန့်ချန်တိုက်ကို စီမံနေတာလဲ၊ ဘယ်လိုလုပ် နတ်ဆိုးအမတတွေက သူတို့စိတ်တိုင်းကျ သွားလာနေရတာတုံး”
ရှန်းရင် မျက်မှောင်ကြုတ်ပေမဲ့ ဘာမှမပြောဘူး။ မြေခွေးမိစ္ဆာက ဆက်ပြောတယ်။
“ခက်ခက်ခဲခဲထွက်ပြေးပြီး လာအသိပေးတာ၊ အဲဒီ… အဲဒီ နတ်ဆိုးအမတတွေက အရမ်းအင်အားကြီးတယ်၊ သွားမကယ်ခင် ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်”
“သူတို့ကို ဘယ်နေရာခေါ်သွားတာလဲ” လန်ဟွား မေးလိုက်တယ်။
“မ… မသိဘူး” မြေခွေးမိစ္ဆာက ခေါင်းယမ်းလိုက်တယ်။
“တောင်ဘက်ကို ဦးတည်သွားတာပဲ မြင်လိုက်တာ”
“တောင်ဘက်လား” ချူရွှမ်က တစ်ခဏတာ စဉ်းစားနေတယ်။
“ဒါဆို သူတို့ နောက်ထပ်တိုက်ကြီးကို ဦးတည်နေတာဖြစ်ရမယ်၊ ရှန်း… ကြီးမြတ်တဲ့နတ်ဒေဝါ၊ နတ်ဆိုးအမတတွေနဲ့ အမတကျင့်ကြံသူတွေက ဘယ်တုန်းကမှ မတည့်ခဲ့ကြဘူး၊ ဂိုဏ်းအကြီးအကဲတွေ ခေါ်သွားခံတာဆိုရတော့ ကောင်းမဲ့ပုံမပေါ်ဘူး၊ ငါတို့မြန်မြန်သွားတာကောင်းမယ်၊ မဟုတ်ရင်…”
“အလျင်မလိုနဲ့” ရှန်းရင်က ကုလားထိုင်ပေါ် ပျင်းတိပျင်းရွဲထိုင်ပြီး မြေခွေးနတ်ဆိုးကို ငုံ့ကြည့်လိုက်တယ်။
“ဖေဖေနျိုနဲ့ စားဖိုမှူးတို့နှစ်ယောက်လုံး ဖမ်းခံလိုက်ရတယ်လို့ပြောတယ်နော် – နတ်ဆိုးအမတတွေ ဖမ်းတာပေါ့”
“ဟုတ်တယ်” မြေခွေးနတ်ဆိုးက ခေါင်းညိတ်ပြတယ်။
“မျက်မြင်တွေ့ခဲ့ရတာပါ၊ သူတို့ကိုမြန်မြန်သွားမကယ်ရင် မီတော့မှာမဟုတ်ဘူး”
“ငါတို့ အရင်ဆုံးကိစ္စတွေရှင်းအောင် လုပ်ဖို့လိုတယ် မဟုတ်ဘူးလား” ရှန်းရင်က အရမ်းကို တည်ငြိမ်နေတယ်။
“ငါခန့်မှန်းပါရစေ- သူတို့နှစ်ယောက်လုံးက ဧကရာဇ်ငယ်တွေ၊ တကယ်လို့ ဒီနတ်ဆိုးအမတတွေ သူတို့ကို ဖမ်းချင်ရင် သူတို့ကျင့်ကြံဆင့်ကအများကြီးပိုမြင့်ရမှာ – အနည်းဆုံးတော့ အမတဧကရာဇ်အဆင့်လောက်ပေါ့၊ ဒါပေမဲ့… နင် ဒါကို မသိလောက်ဘူးထင်တယ်၊ သူတို့က ဓားအမတတွေဟ၊ ဖေဖေနျိုကိုထားဦး – အမတဧကရာဇ်၁၈ယောက်ပေါင်းရင်တောင် စားဖိုမှူးကို ထိန်းမထားနိုင်ဘူး”
မြေခွေးဖြူက ဒါကိုကြားချိန် တုန်ယင်သွားခဲ့တယ်။ သူ့ရဲ့စိတ်ပူပန်နေတဲ့ အသွင်အပြင်က ရုတ်တရက် သွေးပျက်မှုနဲ့ရောသွားပြီး အကြည့်လွှဲသွားတယ်။
“ပြောရရင်တော့… သူတို့ကိုခေါ်သွားတဲ့လူတွေက အဇဋာဧကရာဇ်တွေပဲဖြစ်ရမယ် – ပြီးတော့ တစ်ယောက်ထက်လဲ ပိုရမယ်” သူမက ချူရွှမ်ကို လှည့်ကြည့်လိုက်တယ်။
“ဟေး သူဌေးလန်နဲ့ နင့်ရဲ့အဲဒီရဲဘော်ရဲဘက်၊ အဇဋာဧကရာဇ်တွေကြားထဲ နတ်ဆိုးအမတတွေ ဘယ်လောက်ရှိလဲ”
ချူရွှမ်က ကြောင်သွားပြန်တယ်။ ဘာလို့ သူမက သူ့ကို ကြက်ဆီလို့ ခေါ်နေပြန်တာလဲ။ ဒါပေမဲ့ သူ အမှန်တိုင်းပဲ ဖြေလိုက်တယ်။
“အဇဋာဧကရာဇ်ဆယ်ပါးကြားထဲ သုံးယောက်က နတ်ဆိုးအမတတွေ၊ ချင်းဇယ်က ပြောင်ထင်၊ ဖုန့်ထျန်းက ဝူဟုန်၊ ထျန်းကျောက်က ပိုင်ထီတို့ပဲ”
“သုံးယောက်ပဲရှိတာပေါ့၊ လွယ်သားပဲ” ရှန်းရင် မျက်လုံးတွေမှေးပြီး မြေခွေးမိစ္ဆာကို ပြုံးဖြီးဖြီး ကြည့်လိုက်တယ်။
“ငါနင့်ကို တခြားတစ်ခုပြောရဦးမယ်၊ ဝူလေးနဲ့ ပြောင်လေးက ဖေဖေနျိုနဲ့ အရမ်းကိုခင်တာ၊ သူတို့ကို ဖမ်းသွားတဲ့လူတွေ မဖြစ်နိုင်ဘူး၊ အဲတော့ သံသယဝင်စရာ တစ်ယောက်ပဲကျန်မယ်”
မြေခွေးဖြူက အလိုလိုကွေးသွားတယ်။
“အဲဒီနောက်ဆုံး ပိုင်…”
“ပိုင်ထီ” ချူရွှမ် လိုက်ပြောလိုက်တယ်။
“အိုး ငါတို့ ဒီလူ့ကို မသိတာမို့ သူနဲ့ဘာရန်ငြိုးမှမရှိဘူး၊ သူက ငါတို့ကို တိုက်ခိုက်စရာအကြောင်းမှမရှိတာ၊ အဲဒီလူတွေက နင့်နောက်လိုက်နေတာပဲဖြစ်ရမယ်”
သူမ မြေခွေးမိစ္ဆာကို ငုံ့ကြည့်လိုက်တယ်။
“လူတစ်စုက နင့်ကိုလာရှာတာပဲဖြစ်ရမယ်၊ အဲဒီနတ်ဆိုးအမတတွေက စားဖိုမှူးရော ဖေဖေနျိုကိုရော ဖမ်းလိုက်နိုင်ပေမဲ့ နင့်ကိုတော့ ထွက်ပြေးခွင့်ပေးလိုက်တယ်ပေါ့၊ အဲဒါအဓိပ္ပာယ်မရှိဘူး၊ ဒါပေမဲ့…”
သူမက ကြမ်းပြင်ကို ငုံ့ကြည့်ပြီး ရုတ်တရက် မြေခွေးဖြူကို ထောက်လိုက်တယ်။
“နင်က သူတို့နဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဆိုရင်တော့ တစ်မျိုးပေါ့”
“…”
“နင်လိုချင်တာကို ခိုးတာမအောင်မြင်ဘဲ ဒဏ်ရာအကြီးအကျယ် ရသွားခဲ့တယ်၊ အရေးကြီးတဲ့အချိန်မှာ ထွက်မပြေးဘဲ ငါတို့ကို သတင်းတောင် လာတင်ပြသေးတယ်၊ မုန်လာဥတောင် နင့်အကြံက အကောင်း မဟုတ်မှန်း ပြောနိုင်တယ်”
“…”
“နင်က စောနလေးကတင် ငါတို့ သူတို့ကို သွားမကယ်ခင် သေချာပြင်ဆင်ရမယ်လို့တောင် ပြောတယ်၊ ဟုတ်တာပေါ့ သေချာပြင်ဆင်လေ ကောင်းလေပဲ၊ သာမန်အမတလက်နက်တွေက လုံလောက်မှာမဟုတ်ဘူး၊ ငါတို့တွေနဲ့အတူ ကောင်းကင်လက်နက်တချို့ပါ ယူသွားရင် ပိုကောင်းမှာပေါ့- ဝိညာဉ်စုဝေးမီးအိမ်လိုမျိုးလေ”
မြေခွေးမိစ္တာက ခုတော့ အတော်လေးတုန်ယင်နေပြီ။ သူ့တစ်ကိုယ်လုံးက အခုဘောလုံးတစ်လုံးကို ကွေးနေလေရဲ့။ ကြည့်ရတာ တံခါးအပြင်ခုန်ထွက်ပြီး ထွက်ပြေးတော့မဲ့ပုံပဲ။
ရှန်းရင် ဆောင့်ကြောင့်ထိုင်ပြီး မြေခွေးနား ကပ်သွားခဲ့တယ်။ တဖြည်းဖြည်းချင်း တမင်သက်သက် ပြောလိုက်တယ်။
“နင့်လို လိမ်ပြောတတ်တဲ့ တိရစ္ဆာန်လေးတွေက ကင်စားခံရမယ်နော်”
မြေခွေး ။ ။ “…”
လူများ ။ ။ “…”
“ပြော – သူတို့နှစ်ယောက် ဘာဖြစ်သွားတာလဲ”
အကြံအစည်ပေါ်သွားတဲ့ မြေခွေးမိစ္ဆာက ရှန်းရင်ကို မဖြေဘဲ ရုတ်တရက် ကိုယ်ကိုဆန့်တစ်ဖက်လှည့်ပြီး ထွက်ပြေးဖို့ပြင်တော့တယ်။
ဘေးမှာရှိနေတဲ့ လန်ဟွားက လက်ကိုယမ်းလိုက်တယ်။ နတ်ဆိုးချီတွေက သူတို့ကိုဖြတ်သန်းသွားပြီး မြေခွေးမိစ္ဆာလေးကို ထိမှန်သွားခဲ့တယ်။ သူ့ခေါင်းနဲ့ ကြမ်းပြင်နဲ့ရိုက်မိပြီး အသည်းအသန်ရုန်းကန်တော့တယ်။
“လွှတ်ပေးပါ… လွှတ်ပေး… ငါ လိမ်တာမဟုတ်ပါဘူး၊ သူတို့တကယ်ဖမ်းခံလိုက်ရတာပါ၊ ငါ အဲမီးအိမ်ကိုလိုချင်ရုံပါ၊ အဲမီးအိမ်ကိုလိုချင်ရုံ…”
သူ ဘယ်လောက်ပဲရုန်းရုန်း နတ်ဆိုးချီကနေ မလွတ်မြောက်နိုင်။ သူ့ရဲ့ ဖြူဆွတ်နေတဲ့ အမွှေးဖြူတွေက ဒဏ်ရာတွေနဲ့ ပြည့်လာတယ်။ အဲတော့မှပဲ ရုန်းနေတာရပ်ပြီး အညံ့ခံကာ ညည်းတွားတော့တယ်။
“တောင်းပန်ပါတယ်… မီးအိမ်ပေးပါ ငါ ဒီအကြောင်းကိုဘယ်သူ့ကိုမှ မပြောပါဘူး၊ ဘာမှမဖြစ်ခဲ့သလို နေပါ့မယ်၊ မယုံရင် နောက်ကျသတ်လိုက်ပါ ငါ လူတစ်ယောက်ကို ကယ်ဖို့ အဲမီးအိမ်ငှားချင်ရုံပါ၊ ဝူးဝူးဝူး… တောင်းပန်ပါတယ်”
“ငါတို့ဘာလုပ်လို့လဲ” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ ဘာတွေပြောနေတာလဲ။
“ငါ… ငါမပြောပါဘူး ကျိန်ပါတယ်၊ ကျိန်ပါတယ်”
“ပြော၊ ဘာတွေဖြစ်နေတာလဲ” ပြောစမ်းပါဟယ်
မြေခွေးမိစ္ဆာကခေါင်းကိုမော့ပြီး အောက်ကျို့စွာ ပြောလာတယ်။
“နင်တို့… နင်တို့တွေ နတ်ဆိုးတွေကို… ဝှက်ထားတာလေ”
ရှန်းရင် ။ ။ “…”
ပုန်းနေသော လန်ဟွား ။ ။ “…”
အာ… အဲဒါကြောင့် သူ့အသက်အတွက် ဘာကြောင့် မီးအိမ်ကို ခိုးရတာလဲဆိုတာ မပြောချင်ရတဲ့ အကြောင်းရင်းလား။ အခရာအကြောင်းက… ဘာတစ်ခုမှ အဓိပ္ပာယ်မရှိဘူးပဲ။ ဖေဖေနျိုက လန်ဟွား သူတို့နဲ့နေဖို့ကို ဘာလို့ အဲလောက်ငြင်းဆန်နေရလဲဆိုတာ ရှန်းရင် ရုတ်တရက် နားလည်သွားခဲ့ပြီ။
“ထားလိုက်တော့ ငါသူတို့နှစ်ယောက်ကိုသွားရှာတော့မယ်” တခြားကိစ္စတွေဆွေးနွေးဖို့က ဖေဖေနျိုပြန်လာတဲ့အထိစောင့်လို့ရတာပဲ။
“ကောင်းပြီ…”
“ပုန်းနေတဲ့လူတွေက ဒီမှာနေခဲ့သင့်တယ်”
လန်ဟွား ။ ။ “…”
“အဲဒီရဲဘော်(၁)… ငါ အဲဒီပိုင်ကျောင်းဆီ သွားတဲ့လမ်းနဲ့ သိပ်မရင်းနှီးဘူး၊ လမ်းပြ ပြီးတော့ ဒီတိရစ္ဆာန်လေးကိုပါ ငါတို့နဲ့ခေါ်သွားမယ်”
ချူရွှမ် ။ ။ “…”
ကြည့်ရတာ စကားတစ်လုံးလိုနေတဲ့ပုံပဲ။ သူ့ကို “ကြက်ဆီ” လို့ခေါ်တာက “ပြည့်တန်ဆာ” လို့ခေါ်တာထက်တော့ ပိုကောင်းပါတယ်
(ಥ_ಥ)
မှတ်ချက် ။ ။ ရှန်းရင် သုံးသွားတဲ့ (基) က လိင်တူ သဘောကျသူတွေကို ဗန်းစကားအနေနဲ့ ခေါ်တဲ့အသုံးပါ။ 鸡油 (ကြက်ဆီ) က 鸡 နဲ့ အသံချင်းဆင်ပြီး ချူရွှမ်က အဲဗန်းစကားမသိတာမို့ နောက်ထပ်ဗန်းစကားဖြစ်တဲ့ 鸡 (ပြည့်တန်ဆာ) အနေနဲ့ပဲ စဉ်းစားလိုက်တာပါ။
…