အခန်း ၁၈၄ ။ ညသန်းခေါင် မီးအိမ်ခိုးခြင်း
လူတိုင်းရဲ့ကျင့်ကြံမှုက ဒီတစ်ခေါက် အုပ်စုလိုက်အစွမ်းတက်မှုမှာ အတော်လေးကို မြင့်တက်သွားခဲ့တယ်။ အထူးသဖြင့် စိတ်တန်ခိုးအမတဆီ တိုက်ရိုက်မြင့်တက်သွားတဲ့ စစ်ယွီနဲ့ယွီဟုန်။ ဖေဖေနျိုရဲ့ ကျင့်ကြံမှုက မပြောင်းမလဲ အဆင့်မြင့်အမတတစ်ယောက်ဖြစ်နေဆဲပဲ။ သူ့ကိုယ်ထဲက မသေမျိုးချီကတော့ ဧကရာဇ်ငယ်အဆင့်ထိတက်သွားခဲ့ပြီ။ သူတို့တွေ ကောင်းကင်အလွန်မှကောင်းကင်များနဲ့ မဝေးသေးတာမို့ ပြန်လှည့်ပြီး မသေမျိုးတက်လှမ်းမှုစင်မြင့်ဆီ ဦးတည်ခဲ့တယ်။
ဒါပေမဲ့ သူတို့ ဉာဏ်အလင်းပွင့်မှုရပြီးတည်းက ခန္ဓာကိုယ်ထဲက မသေမျိုးချီက အရင်ကနဲ့ မတူတော့သလိုပဲ။ အတိတ်တုန်းက သူတို့ချီက ကြည်လင်ပြီးသစ်လွင်နေခဲ့တယ်။ အခုတော့ ရွှေရောင်အစင်းတွေနဲ့ အရောင်စွန်းနေပြီး သူတို့ကိုယ်ထဲ တဒုတ်ဒုတ်ခုန်နေတယ်။ ဒါက အထူးသဖြင့် ဖေဖေနျို့ကိစ္စအတွက် ပိုမှန်တယ်။ သူ့ချီကို မထိန်းရင် ရွှေချီတန်းတွေက သေချာပေါက် ရုပ်ဝတ္ထုအဖြစ် ငွေ့ရည်ဖွဲ့လာလိမ့်မယ်။
ယိချင်း ဒီထူးဆန်းတဲ့ဖြစ်ရပ်ကို နေ့တစ်ဝက်နီးပါး စုံစမ်းခဲ့ပေမဲ့ ဒီရွှေအစင်းကြောင်းတွေက ဘာလဲဆိုတာ အဖြေမထုတ်နိုင်သေးဘူး။ စစ်ဆေးဖို့ စနစ်ကိုသုံးခဲ့တဲ့ ဖုန်းယင်တောင် ပြည့်စုံခိုင်လုံတဲ့ရလဒ်မရခဲ့ဘူး။ သူ့စနစ်ပြောတာက အန္တရာယ်ကင်းတယ်ဆိုတာပဲ။
ဒီလိုနှောင့်နှေးမှုတွေနဲ့အတူ သူတို့ဝူတိဂိုဏ်းဆီပြန်ရောက်ဖို့ လေးလနီးပါးကြာသွားခဲ့တယ်။
အရာအားလုံးက ဝူတိဂိုဏ်းမှာ ပုံမှန်အတိုင်းပါပဲ။ သူတို့မှာလေ့ကျင့်ဖို့ နတ်ဆိုးချီတွေမရှိတော့ပေမဲ့ သူတို့ရဲ့ များပြားလှတဲ့ဓမ္မအသုံးအဆောင်တွေရဲ့ အကူအညီနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်က ကြီးထွားလာခဲ့တယ်။
အထူးသဖြင့် အမတအရိုးတွေ ဖွံ့ဖြိုးလာဖို့ အရိပ်အယောင်ပြလာတဲ့ ရွှမ်ထုံပဲ။ သူမရဲ့တိုးတက်မှုက တခြားတပည့်တွေနဲ့ ယှဉ်ရင်နှေးပေမဲ့ သူမကျင့်ကြံမှုက ဆွဲကြိုးရဲ့ တည်ငြိမ်စေမှု သက်ရောက်မှုကြောင့် ကန့်သတ်ခံထားရတာကို ထည့်စဉ်းစားရင် သူမ ဒီလောက် တိုးတက်လာတယ်ဆိုတဲ့အချက်နဲ့တင် သူမဘက်က ချီးကျူးထိုက်စရာ အားထုတ်မှုဆိုတာပြနေတယ်။
ကြက်ကင်အစ်မက အရမ်းကိုကျေနပ်နေတာပေါ့။ ရွှမ်ထုံက ကျင့်ကြံဖို့အတွက် တိတ်ဆိတ်တဲ့ မျက်ကွယ်နေရာတစ်ခုရဖို့ ကူယွဲ့ဆီကနေ မသေမျိုးချီအပေါဆုံးဖြစ်တဲ့ တောင်ခြေမှာ ဂူဗိမာန်တစ်ခုဆောက်ဖို့ ခွင့်တောင်းခဲ့တယ်။ ရံဖန်ရံခါ သူမက ရွှမ်ထုံကို သွားပြီးစစ်ဆေးကြည့်တယ်။ ဒါက လျစ်လျူရှုခံထားရတဲ့ ရည်းစားလိုခံစားနေရတဲ့ ဖုန်းယင်ကို ဒေါသထွက်စေလေရဲ့။
နှစ်လအကြာ…။
“ဟေး၊ နောက်ကျ မုန်လာဥဖြူကို တောင်နောက်ဘက်မှာ စိုက်လိုက်ဦး၊ ငါ သူ့အတွက် မြောက်ဘက်အခြမ်းမှာမြေတစ်ကွက်ချန်ပေးထားတယ်၊ သူ့ကိုအကြီးဆုံးတွင်းထဲ စိုက်ထားလိုက်”
ဝတ်ရုံလက်တစ်ဖက်ယမ်းပြီး ကူယွဲ့ ရှန်းရင်ဆီ လူတစ်ယောက်စာ ပန်းအိုးတစ်ခုကို ပစ်ပေးလိုက်တယ်။
အစိမ်းရောင်မုန်လာဥဖြူတစ်လုံးက အိုးအလယ်မှာ လှဲနေတယ်။ သူက ပျင်းရိနေတဲ့ပုံစံနဲ့ ကျောက်စရစ်ခဲတွေ ပစ်ပေါက်နေတယ်။ ကျောက်စရစ်ခဲတစ်ခုချင်းစီက ကူယွဲ့ကို ချိန်နေတာ။ ဒါပေမဲ့ အိုးအပြင်က အကာအကွယ်အင်းကွက်ကြောင့် သူ့အားထုတ်မှုက အချည်းနှီးပဲ။
“ဘာလို့လဲ” ရှန်းရင် နောက်ဆုံး ထမင်းတစ်လုတ်ကို မျိုချပြီး အိုးကိုလှမ်းကြည့်လိုက်တယ်။
မုန်လာဥဖြူက တောင်နောက်ဘက်မှာ သူ့ကိုယ်ပိုင်တွင်းရှိပြီးသားမဟုတ်လား။
“တွင်းအဟောင်းကြီးက ဝေးလွန်းတယ်၊ အမတဆေးပင်တွေ ပိုပြီးမြန်မြန်ကြီးထွားလာအောင် သူ့ကို အမတသွေးကြောထဲ စိုက်ကြမယ်”
ဝူဟုန်နဲ့ ပြောင်ထင်တို့ သူတို့ဆီပို့ပေးလိုက်တဲ့ ဆေးပင်တွေက အညွှန့်ပေါက်နေပြီ။ သူတို့ဆေးပင်တွေ ကောင်းကောင်း မကြီးထွားမှာဆိုးလို့ ဧကရာဇ်နှစ်ပါးက အမတသွေးကြောတွေကိုပါ အတင်းလက်ဆောင်ပေးလိုက်သေး။ အခု သူ သွေးကြောကို တောင်နောက်မှာ မြှုပ်ထားပြီး အင်းကွက်လည်းပြင်ဆင်ပြီးပြီ။ မုန်လာဥလည်း တွင်းပြောင်းရမှာပေါ့။
“အလုပ်ရှုပ်လိုက်တာ၊ ဘာလို့ ငါ့ကိုလုပ်ခိုင်းဖို့ ရွေးရတာတုံး”
ရှန်းရင်က ချက်ချင်း တစ်ကိုယ်လုံး ကိုက်ခဲလာသလိုပဲ။
“တကယ်လို့ မင်းမသွားရင် မုန်လာဥဖြူက အဲမှာ စိုက်ခံဖို့ဆန္ဒရှိမယ်ထင်နေတာလား” ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ မုန်လာဥဖြူရဲ့ ခေါင်းကြောမာတဲ့စရိုက်က အားလုံး သူမအပြစ်ပဲ။ သူမ သူ့ကို အလိုလိုက်ထားတာကိုး။ တစ်ချိန်က ဖြူစင်ပြီး အပြစ်ကင်းတဲ့အပင်ဝိညာဉ်က ပုန်ကန်ချင်တဲ့ ဆယ်ကျော်သက်အဖြစ် ပြောင်းလဲသွားဖို့ အရိပ်လက္ခဏာတွေပြနေပြီ။
“အမတတဆေးအပင်တွေ ကြီးထွားလာဖို့က နှစ်တစ်ထောင် ဒါမှမဟုတ် နှစ်တစ်သောင်းကြာတယ်၊ မုန်လာဥဖြူက သူတို့မြန်မြန်ရင့်မှည့်လာဖို့ မကူညီဘူးဆိုရင် ငါတို့ပိုက်ဆံရှာဖို့ ဆေးလုံးဖော်တဲ့နေရာမှာ ဘယ်လိုလုပ် သုံးနိုင်ပါ့မလဲ”
ရှန်းရင် ခပ်တိုးတိုး မေးလိုက်တယ်။
“ငါတို့ ပိုက်ဆံရှာဖို့ ဒီပေါင်းပင်တွေကို စိုက်ဖို့လိုသေးလို့လား” ငါတို့ ခုတလော အချီကြီး ရခဲ့တာမဟုတ်ဘူးလား။
“လိုလို့တဲ့လား” ကူယွဲ့ အော်ပြောလိုက်တယ်။ သူထရပ်ပြီး စားပွဲကိုလက်သီးနဲ့ထုတော့တာပဲ။
“တကယ်တော့ မင်းတို့သာ ကပ်ပါးရပ်ပါးတွေ ခေါ်လာတဲ့အကျင့်ကို ရပ်ခဲ့ရင် မလိုဘူး” သူ လန်ဟွားကို ဒေါသတကြီး လက်ညှိုးထိုးလိုက်တယ်။
“ရွှမ်ထုံက ထူးခြားတဲ့ကိစ္စမို့၊ ဒါပေမဲ့ ဒီတစ်ယောက်ကျတော့ ဘယ်လိုရှင်းပြမှာလဲ” သူက နတ်ဆိုးမျိုးနွယ်ကမဟုတ်လား။ ဘာလို့ ဒီမှာရှိနေသေးပြီး ငါတို့စားပွဲမှာစားနေတာလဲ။ အမတတွေနဲ့ နတ်ဆိုးတွေကရန်သူတွေမဟုတ်ဘူးလား”
“ဒီအသေးအဖွဲလေးတွေကို စိုးရိမ်မနေစမ်းပါနဲ့”
“ငါ့ခြေထောက်ကို အသေးအဖွဲ”
နတ်ဆိုးတစ်ယောက်အနေနဲ့ လန်ဟွားက အမတကျင့်ကြံသူတွေဆီကနေ မပုန်းရုံတင်မကဘူး စားသောက်ဖို့အတွက် အမတဂိုဏ်းဆီကိုပါ ပေါ်တင်ရောက်လာသေးတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်နဲ့သူ့တပည့်တွေကတော့ လုံးဝပုံမှန်အတိုင်းပုံစံနဲ့ ဒီအခြေအနေကိုဆက်ဆံနေတယ်။
သောက်ကျိုးနည်း သူတို့တွေက သင့်တင့်ပြီး လက်ခံနိုင်တဲ့ အမတတွေပဲ။
“မင်းတို့ကမှငါ့ကို အရင်ပြန်ပေးဆွဲလာပြီး ကောင်းကင်အလွန်မှကောင်းကင်များဆီ ခေါ်သွားခဲ့တာလေ”
လန်ဟွားက ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်တယ်။
“ဟမ့် တကယ်လို့ မင်းတို့အဲလိုမလုပ်ရင် ငါဒီမှာတောင် ရောက်နေမှာမဟုတ်ဘူး”
“ဒါကြောင့် မင်းဘာလို့ ထွက်မသွားတာလဲ” ကူယွဲ့ သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။ အခု ဘယ်သူမှ မင်းကို မချည်နှောင်ထားတော့ဘူး၊ ဘာလို့ ဒီမှာသောင်တင်နေသေးတာလဲ”
“အာ…” လန်ဟွား ကြောင်အမ်းသွားတယ်။ သူ တကယ်ကိုလွတ်မြောက်သွားပြီဆိုတာ နားလည်လိုက်ရတယ်။ သူ ဘာကြောင့် တရစ်ရစ်ဝဲပြီး ရှန်းရင်နဲ့တောင် ထမင်းထိုင်စားမိလိုက်လဲ နားမလည်တော့ဘူး။
ဒါပေမဲ့ သူ့ခြေထောက်က ထွက်သွားဖို့အတွေးကို ငြင်းဆန်နေတယ်။ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးတဲ့နောက် သူ ရှင်းပြလိုက်တယ်။
“ငါ့စိတ်ကောင်း ဒီမှာရှိနေလို့ ထွက်… ထွက်သွားလို့မရတာ” သူမ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
“အပိုတွေ” ကူယွဲ့ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။
“မင်း ဟိုတစ်ခေါက်တုန်းက ပျော်ပျော်ကြီး ထားသွားခဲ့တာပဲကို” တစ်ယောက်သောလူ မိုးမခတောအုပ်ထဲ ပုန်းနေခဲ့တာ သူမှတ်မိပါသေးတယ်။
“…”
ကောင်းပြီ၊ ဖေဖေနျို နင်နိုင်ပြီ။
စားပွဲက အသုံးမဝင်တဲ့ ပရိသတ်နှစ်ယောက်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး ကူယွဲ့က ခြိမ်းခြောက်လိုက်တယ်။
“ဝူတိဂိုဏ်းက အသုံးမဝင်တဲ့လူတွေကို အဖွဲ့ဝင်တွေအဖြစ် လက်မခံဘူး၊ မင်းတို့နေချင်ရင် အလုပ်လုပ်ဖို့လိုတယ်၊ နားလည်လား”
“အင်းအင်းအင်း” နှစ်ယောက်သားက ခေါင်းညိတ်ပြီး အေးအေးဆေးဆေး ထမင်းဆက်စားနေတယ်။
နှစ်ယောက်ဆီက တုံ့ပြန်မှုမရတာမြင်တော့ ကူယွဲ့ ညွှန်ကြားလိုက်တယ်။
“ယွီဟုန်၊ ဈေးသွားဝယ်တဲ့တပည့်ကို ချက်ချင်း ပြန်လာခိုင်းလိုက်တော့”
အသည်းအသန် ထမင်းစားနေတဲ့လူက ချက်ချင်းထရပ်တော့တယ်။
“မစိုးရိမ်ပါနဲ့ ဖေဖေနျို မုန်လာဥကို ငါ့ဆီလွှဲထားပေးလိုက်ပါ၊ အရည်အသွေးမြင့် ဝိညာဉ်ဆေးပင်တွေရတာ သေချာအောင် လုပ်ပါ့မယ်”
နောက်တော့ သူမက ပန်းအိုးကို ကောက်ယူပြီး တောင်အောက်ကနေ ဆင်းသွားခဲ့တယ်။
ကူယွဲ့ နောက်မှာကျန်ရစ်ခဲ့တဲ့ တစ်စုံတစ်ယောက်သာ လူကို လှည့်ကြည့်လိုက်တယ်။
“မင်း…”
“ငါလည်း အလုပ်စလုပ်တော့မယ်…” လန်ဟွားက လက်ထဲက ဖရဲစေ့ကို ယမ်းပြရင်းပြောလိုက်တယ်။
ဒါကြောင့် တစ်နေ့တာအတွင်း ကူယွဲ့ရဲ့ သိမ်းငှက်အကြည့်တွေအောက် ဘက်စုံတော်တဲ့ အမတဧကရာဇ်လန်ဟွားက တောင်ပတ်လည်မှာ အကာအကွယ် အင်းကွက်တွေနဲ့ ဂိုဏ်းတစ်လျှောက် အင်းကွက်မျိုးစုံအခုတစ်ရာလောက် ပြန်စီစဉ်ပြီး သက်စောင့်ဆေးအိုး ၃၀၀၊ အမတလက်နက်၂ခုကို အားသွန်ခွန်စိုက် ဖန်တီးခဲ့တယ်။
သူ ပင်ပန်းမှုကြောင့် အိပ်ရာထဲ စွပ်ခနဲ လှဲချလိုက်တော့မှ အတွေးတစ်ခု ပေါ်လာခဲ့တယ်။
ခဏနပေါဦး
အဲငကြောင်ယိချင်းခိုင်းနေတာမှ မဟုတ်တာ။ သူ ဘာကြောင့် အဲလောက်နာခံရမှာလဲ။
Σ(°△°|||)
——————
ညနက်ချိန်။
အမွှေးဖြူတွေနဲ့ အရာတစ်ခုက အရှေ့နန်းဆောင်ထဲ ခိုးဝင်လာပြီး အဆောက်အဦလေးတစ်ခုဆီ မရောက်ခင်ထိ နန်းတော်ဘေးအဆောင်ဘက်ဆီ သုတ်သီးသုတ်ပျာ ပြေးလာတယ်။ နောက်တော့။ ပြတင်းပေါက်တစ်ခုဆီ ခုန်တက်ပြီး ထိုင်နေတော့ အမြီးနှစ်ချောင်းက ပြတင်းပေါက်ဘောင်ကနေ ထွက်နေတယ်။
အမွှေးထူအကောင်က ညင်သာစွာ ပြတင်းပေါက်ကို ဖွင့်လာတယ်။ သူ့မျက်လုံးမည်းနှစ်လုံးက အခန်းကို သေချာစစ်ဆေးပြီး ရုတ်တရက် အနားက သစ်သားစားပွဲဆီ အကြည့်ရောက်သွားတယ်။ မျက်လုံးတွေပြူးသွားပြီး စိတ်လှုပ်ရှားစွာ စူးစူးဝါးဝါးအော်မိသွားတယ်။
“ခူး…”
ဒါပေမဲ့ ချက်ချင်း ပါးစပ်ကို အုပ်ပြီး တိတ်တိတ်လေး မောဟိုက်နေတယ်။ သူက သတိတကြီး ပတ်ပတ်လည်ကို စစ်ဆေးပြီး တစ်ခဏနေတော့ တစ်ယောက်မှ သူ့တည်ရှိမှုကို သတိမပြုမိတာကို ကျေနပ်သွားတဲ့ပုံစံနဲ့ သူ့အမြီးရှည်ကိုသုံးကာ စားပွဲဆီ လှမ်းတော့တယ်။
စားပွဲမှာ မီးအိမ်တစ်လုံးရှိနေပြီး မီးတောက်က ငြိမ်းနေတယ်။ မီးအိမ်က ကျောက်စိမ်းကနေ ပြုလုပ်ထားပုံပေါ်ပြီး အပေါ််မှာတော့ ပန်းပုံစံတွေ မျောလွင့်နေတယ်။ ညဆိုရင်တောင် မီးအိမ်က အရောင်ဖျော့ဖျော့လေးထွက်နေဆဲ။
သေးငယ်တဲ့အမွှေးလုံးလေးက သူ့အမြီးကို တတ်နိုင်သမျှဆွဲထုတ်ပေမဲ့ သစ်သားစားပွဲက အခန်းတစ်ဖက်စွန်းမှာမို့ လှမ်းမမီ။
သူ့ကြည့်ရတာ အနည်းငယ် စိတ်ပူပန်လာတဲ့ပုံနဲ့ ပြတင်းပေါက်အပြင်မှာရှိနေတဲ့ နောက်အမြီးတစ်ချောင်းကို စိတ်မရှည်စွာယမ်းနေမိတယ်။ တစ်ခဏနေတော့ အကြံတစ်ခုရသွားတဲ့ပုံပဲ။ သူက ခပ်တိုးတိုး ဓမ္မဂါထာတစ်ခုရွတ်တယ်။
ချက်ချင်းပဲ သူ့ရဲ့ခပ်ဝဝအမြီးက ရှည်လာလိုက်တာ နှစ်ဆနီးပါးဖြစ်သွားပြီး စားပွဲကို ထိလုနီးပါး ရောက်သွားတယ်။ ဒါပေမဲ့ မီးအိမ်ကို ပတ်ဖို့လောက်ထိတော့မရှည်သေးဘူး။
တစ်ကိုယ်လုံးနီးပါး ပြတင်းပေါက်ကတစ်ဆင့် တွန့်လိမ်နေပေမဲ့ မီးအိမ်ဆီ မရောက်နိုင်သေး။ သူ့ရဲ့ အမွှေးထူလှတဲ့ကိုယ်ကိုယမ်းခါပြီး နောက်ထပ်အမြီးတစ်ချောင်းကိုဆွဲဆန့်လိုက်တယ်။ ပါးစပ်ဟပြီး အမြီးကို ကိုက်ချလိုက်လေတယ်။ သွေးစက်တွေက ချက်ချင်းစိမ့်ထွက်လာပြီး အမြီးတစ်လျှောက် ဆင်းသွားတယ်။ တခြားအမြီးပါ ရှည်လာလိုက်တာ ပထမအမြီးကိုပါ ကျော်တက်သွားတယ်။
ရလဒ်ကြောင့်ကျေနပ်သွားပြီး အဲအကောင်က သွေးတွေစီးနေတာကို တိတ်အောင်လုပ်ဖို့ပါ လုံးဝမေ့သွားတယ်။ သူက မီးအိမ်ဆီ အမြီးကို ရောက်အောင် လုပ်ပြီး မီးအိမ်ဆီ ထိတော့မဲ့ဆဲဆဲ…။
စားပွဲဘေးထိုင်နေသော ရှန်းရင် ။ ။ “…”
နောက်အခိုက်အတန့်မှာတော့ သူမလက်ဆန့်ထုတ်ပြီး မီးအိမ်ကို အမြီးနဲ့တစ်လက်မအကွာဆီ တိတ်တိတ်လေးရွှေ့လိုက်တယ်။
“…”
“နင်မီးလောင်လိမ့်မယ်”
ရှန်းရင် သတိတကြီး ရှင်းပြလိုက်တယ်။
“မင်း…” အမွှေးဖြူက ကြောင်အမ်းသွားတယ်။ သူ့အမွှေးက ထောင်မတ်သွားပြီး အမျိုးသမီးတစ်ယောက်အသံ ထွက်လာတယ်။
“ဘာလို့ ဒီမှာရောက်နေတာလဲ” ဘယ်တုန်းက ဒီလူက အခန်းထဲဝင်လာတာလဲ။ သူမက သူသတိမထားမိအောင် ဘယ်လိုလုပ်ခဲ့တာလဲ။
အမွှေးဖြူရဲ့ မျက်နှာပေါ် သွေးပျက်နေတဲ့အကြည့်တစ်ခုပေါ်လာပြီး ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်တော့တယ်။
“မီးအိမ်ပေးစမ်း” နောက်တော့ သူ့ကိုယ်ကနေ အနီရောင်အလင်းတန်းကြီး ထွက်လာပြီး အမြီးနှစ်ချောင်းကရှည်လာပြန်တယ်။ သူ့အမြီးကို မီးအိမ်ကိုင်ထားတဲ့ ရှန်းရင်လက်မှာရစ်ပတ်လိုက်ပြီး လှည့်ထွက်ကာ ပြတင်းပေါက်ကတစ်ဆင့် ပြေးထွက်ဖို့ကြိုးစားတော့တယ်။
သူက အတင်းစောင့်ဆွဲပြီး ရှန်းရင်ရော မီးအိမ်ကိုပါ ဆွဲခေါ်သွားဖို့ကြံပေမဲ့… လှုပ်လို့မရတာ မြင်လိုက်ရတယ်။
(⊙_⊙)
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ
သူ လေဓမ္မဂါထာတစ်ခုရွတ်ပြီး ပိုအားထည့်ဆွဲလိုက်တယ်။ ဒါပေမဲ့… ဘာမှမလှုပ်။
○| ̄|_
သူ့ကြိုးစားအားထုတ်မှုအတွက် ရသမျှက အမြီးထိပ်ဖျားမှာ ပြဲသွားတဲ့ခံစားချက်ပဲ။ အမွှေးဖြူက နာကျင်မှုကြောင့် ကွေးကွေးလေးဖြစ်သွားတယ်။
ရှန်းရင်က အမြီးနဲ့ညှိနေတဲ့ သူမလက်ကို ငုံ့ကြည့်လိုက်တယ်။ ရွံရှာစွာနဲ့ မျက်မှောင်ကြုတ်ပြီး အလိုလို သူမလက်ကို ပြန်ဆွဲခွာလိုက်တယ်။
သူ့အမြီးကို ဆွဲဖို့ကြိုးစားနေဆဲ အမွှေးဖြူ ရှေ့ကို ဟတ်ထိုးလဲပြီး သူ့လက်သည်းလေးခုလုံးနဲ့ ပြတင်းပေါက်ဘောင်ကို အတင်းတွယ်ထားဆဲ။
ဘန်း ပြတင်းပေါက်ဘောင်နဲ့အတူ အမွှေးဖြူက အခန်းထဲ လိမ့်ကျလာတော့တယ်။
အရှိန်ကြောင့်လိမ့်လာလိုက်တာ ရှန်းရင် ခြေထောက်ထိရောက်လာပြီး မေ့ပါမေ့သွားလေရဲ့။
ရှန်းရင် ။ ။ “…”
ဒါ ဘာကြီးလဲ။
သူတို့ ညစာအဆာပြေအတွက်… သူတို့ဂိုဏ်း မွေးထားတဲ့ သားရဲလား။
——————
ဆယ်မိနစ်အကြာမှာတော့။
“မိစ္ဆာလား” ကူယွဲ့ ရုတ်ရုတ်သဲသဲ အသံတွေကြားချိန် အလောတကြီးဝင်လာခဲ့တယ်။ အဖြူရောင်တိရစ္ဆာန်လေးကို သူ ကောက်ယူကြည့်လိုက်တယ်။
“ဒါဒုတိယအဆင့်မိစ္ဆာလေးပဲကို ဘာတွေဖြစ်နေတာလဲ”
ယွီဟုန့်ဘက် သူ လှည့်ပြောလိုက်တယ်။
“ဒီမိစ္ဆာလေးက ဘယ်လိုလုပ် ငါတို့ဂိုဏ်းထဲ ကျူးကျော်လာတာလဲ” ရှန်းရင်အခန်းထဲတောင် ခိုးဝင်လာသေးတယ်။
“ကျွန်မ… မသိပါဘူး” ယွီဟုန် လက်ကိုခါယမ်းရင်း ဖြေလိုက်တယ်။
“မင်းတို့ထဲက ဘယ်သူမှ ဒီလောက်သိသာတဲ့ မိစ္ဆာကို သတိမထားမိဘူးလို့ပြောနေတာလား” ကူယွဲ့က အသစ်တပ်ဆင်ထားတဲ့ အင်းကွက်တွေရဲ့ အသုံးဝင်မှုကို သံသယဝင်စပြုလာတော့တယ်။
“တပည့်တွေ သွင်းထားတဲ့ တိရစ္ဆာန်တွေအများကြီးမို့ ဒီမိစ္ဆာက ဘယ်ချိန်တုန်းက ဂိုဏ်းထဲကျူးကျော်လာလဲ အတိအကျမသိလိုက်ပါဘူး”
ကူယွဲ့နှုတ်ခမ်းတွေ တွန့်ချိုးသွားခဲ့တယ်။
“မင်းတို့သွင်းထားတဲ့ တိရစ္ဆာန်တွေက အသိဉာဏ်မဖွံ့ဖြိုးဘူးလို့ ငါထင်နေတာလေ”
ဒီတိရစ္ဆာန်တွေက သူက သူတို့စားသောက်စရိတ်ကို လျှော့ချလိုက်ရင် ရှန်းရင်ရဲ့ အရန်စားစရာရင်းမြစ်ဆိုတာ သူ မသိဘူးလို့များ သူတို့ထင်နေတာလား။
“ဒါက မြေခွေးဆိုတာ အသိသာကြီး၊ အမြီးနှစ်ချောင်းဝိညာဉ်မြေခွေးနော်”
“မြေခွေးလား” ယွီဟုန်က အံ့ဩတကြီး ရေရွတ်ပြီး အမွှေးလုံးကို လှမ်းကြည့်လိုက်တယ်။ သူတို့ သူ့ကို သတိမထားမိတာ အံ့ဩစရာ မဟုတ်တော့ဘူး။
“ယုန်မိစ္ဆာလို့ထင်နေတာ”
စစ်ယွီ ။ ။ “ဆိတ်မိစ္ဆာလို့ထင်နေတာ”
ပိထောင် ။ ။ “ဝက်မိစ္ဆာလို့ထင်နေတာ”
ရှန်းရင် ။ ။ “အင်း အရသာရှိမဲ့ပုံပဲ”
ယိချင်း ။ ။ “ဆရာ ကျွန်တော်ဓားသွားယူလိုက်ရမလား”
“ဟေး တော်လောက်ပြီ” ကူယွဲ့သူတို့ကို ဒေါသတကြီး ကြည့်လိုက်တယ်။
“မင်းတို့ဦးနှောက်ထဲ စားစရာထက် တခြားဟာရှိသေးရဲ့လား”
အမတကမ္ဘာထဲ အသိစိတ်ဖွံ့ဖြိုးလာတဲ့ မိစ္ဆာတွေက တခြားတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန် ဒါမှမဟုတ် အမတနတ်ဆိုးတစ်ယောက်နဲ့ ပတ်သက်မယ်ဆိုတာ သူသိတယ်။ သေချာပေါက် ပိုင်ရှင်ရှိမှာပဲ။
ကူယွဲ့ မြေခွေးမိစ္ဆာကို နှိုးဖို့ သိုင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။
“မင်း ဘယ်ကရောက်လာပြီး ဘာလို့ ဒီမီးအိမ်ကို ခိုးချင်ရတာလဲ”
သူ စားပွဲပေါ်က ကျောက်စိမ်းမီးအိမ်ကို လက်ညှိုးထိုးပြလိုက်တယ်။
မြေခွေးမိစ္ဆာက အနည်းငယ်ရီဝေဝေဖြစ်နေဆဲ။
ခေါင်းကိုယမ်းပြီး သူက အလိုလို စားပွဲပေါ်က မီးအိမ်ဆီ အကြည့်ရောက်သွားခဲ့တယ်။ ချက်ချင်းပဲ မျက်လုံးပြူးသွားခဲ့တယ်။
“မီးအိမ် ငါ့…” နောက်တော့ မီးအိမ်ဆီ ခုန်ပေါက်ပြေးသွားတယ်။
သူက လက်သည်းနှစ်ဖက်နဲ့ မီးအိမ်ကို အသည်းအသန်ဖက်ထားလေတယ်။ သူ မီးအိမ်ကို မ မနိုင်ခင် ရုတ်တရက် အကျယ်ကြီးညည်းလာပြီး လက်သည်းနှစ်ဖက်ကို လွှတ်လိုက်တယ်။ သူ့ရှေ့ခြေထောက်က အမွှေးတွေက အမည်းရောင်ပြောင်းစပြုလာတယ်။ အသားလောင်ကျွမ်းနေတဲ့အနံ့ပါ မဆိုစလောက်ရလိုက်သေး။
ရှန်းရင် ။ ။ “…” ပူတယ်လို့ ငါသတိပေးခဲ့သားပဲ။ နင်က အကင်ခံချင်တာလား။ ငါက ပေါင်းတာ ကြိုက်တာကို။
ကူယွဲ့က မျက်မှောင်ကြုတ်ပြီး မြေခွေးမိစ္ဆာကို နဂိုမူလနေရာ ချက်ချင်းပြန်ထားလိုက်တယ်။
“ငါ့ကို အမှန်တိုင်းပြော၊ ဘာလို့လေဝိညာဉ်ကြော မြေခွေးမိစ္ဆာက မီးအိမ်ဟောင်းတစ်ခုကို လာခိုးရတာလဲ”
အဲတော့မှပဲ မြေခွေးမိစ္ဆာက သူ့မှာရှိတဲ့ အကျပ်အတည်းကို နားလည်သွားခဲ့တယ်။ သူက သူတို့ကို ကြောက်ရွံ့စွာ ကြည့်ပြီး ခွေသွားတယ်။ ပြန်မဖြေဘဲ စားပွဲပေါ်က မီးအိမ်ကိုပဲကြည့်နေတယ်။
“မင်းက ပြောဖို့ငြင်းတယ်ပေါ့” ကူယွဲ့ရဲ့ မျက်နှာ မှောင်မည်းသွားတယ်။
“မင်းမပြောဘူးဆိုရင် မင်းသခင်ကိုသွားရှာပြီး မေးပစ်မယ်”
သူနောက်တော့ စာချုပ်လှပ်ဟချိပ်တစ်ခုကို ဖန်တီးပြီး မြေခွေးကိုယမ်းပြလိုက်တယ်။ သူတို့တွေက ဝိညာဉ်အိမ်မွေးတိရစ္တာန်ပဲဖြစ်ဖြစ် နတ်ဆိုးအမတတစ်ယောက်ရဲ့ ဆွေမျိုးပဲဖြစ်ဖြစ် အမတကမ္ဘာထဲက အမတအဆင့်ရောက်ပြီးသား မိစ္ဆာတွေအကုန်လုံး မှားယွင်းပြီး တိုက်ခိုက်မခံရအောင် စာချုပ်ချိပ်တံစည်းတွေရှိကြတယ်။ သူ့ပိုင်ရှင်က ဘယ်သူလဲဆိုတာ ရှာဖို့ အလွယ်လေးပဲ။
မြေခွေးဖြူက တုန်ယင်သွားတယ်။ ကြည့်ရတာ ကူယွဲ့ ဘာလုပ်မလဲဆိုတာ နားလည်သွားတဲ့ပုံနဲ့ အော်ပြောလာတယ်။
“မလုပ်ပါနဲ့ မလုပ်ပါနဲ့… ဒါက သခင်နဲ့ မဆိုင်ပါဘူး၊ သူက ဒီအကြောင်း မသိပါဘူး၊ သခင့်ကို သွားမရှာပါနဲ့”
“ဒါဆို ဘာလို့ ဒီမီးအိမ်ကို ခိုးချင်ရတာလဲ”
“ငါ… ငါ…” သူ့အသံကတဖြည်းဖြည်း ပိုတိုးလာပြီး ပိုတောင် တုန်ရီလာခဲ့တယ်။ အဖြေမပေးနိုင်သေးတဲ့ပုံပဲ။
“ယွီဟုန်၊ လန်ဟွားကို အနောက်နန်းဆောင်ကနေ ခေါ်လာခဲ့” ကူယွဲ့ ညွှန်ကြားလိုက်တယ်။ သူ ဒီမြေခွေးဝတုတ်ပြောတာကို နားထောင်မနေတော့ဘူး။ ဒီမီးအိမ်က သူ အမတဓမ္မအသုံးအဆောင်ပုံထဲကနေ ထုတ်လာတဲ့ပစ္စည်းတွေထဲက တစ်ခုပဲ။ ဘာမှန်းမသိတာမို့ ရှန်းရင်အခန်းထဲ အလင်းရအောင် ထားထားခဲ့တာ။
အခုကြည့်ရတာတော့ မီးအိမ်က တခြား သုံးစရာတွေရှိပုံပဲ။
“ဒါကဝိညာဉ်စုဝေးမီးအိမ်ပဲ” ယွီဟုန်ဆွဲခေါ်တာ ခံလာရတဲ့ လန်ဟွားကရှင်းပြတယ်။
“ဝိညာဉ်စုဝေးမီးအိမ်လား” အဲဒါဘာလဲ။
“ဝိညာဉ်အကြွင်းအကျန်တွေအားလုံးကို စုဝေးဖို့သုံးတာပဲ” လန်ဟွားက ခပ်ပေါ့ပေါ့လေသံနဲ့ ပြောလာတယ်။
“တစ်ယောက်ယောက်ဝိညာဥ် မပျောက်သရွေ့ ဘာမှအသုံးဝင်တာတော့ မရှိပါဘူး၊ ဒါပေမဲ့ ဒီမီးအိမ်က သေမျိုးတွေရဲ့ ဝိညာဉ်အကြွင်းအကျန်ကိုပဲ စုဆောင်းနိုင်တာ၊ အကြီးအကျယ်ဒဏ်ရာရထားတဲ့ အမတတွေရဲ့ ဝိညာဉ်ကို ပြန်ခေါ်လို့မရဘူး၊ အလွန်ဆုံးက သူ့မူလဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလောက်ကို ပြန်ခေါ်နိုင်ရုံပဲ”
“သေမျိုးဝိညာဉ်တွေကို ပြန်ရအောင်လုပ်နိုင်တဲ့ ဓမ္မလက်နက်တကယ်ရှိတယ်ပေ့ါ”
ကူယွဲ့က အံ့ဩသွားတယ်။ သူ သိသလောက်အရဆို ခန္ဓာကိုယ်ထဲကနေ ထွက်သွားတဲ့ဝိညာဉ်တွေက ပြန်မရနိုင်သလောက်နီးပါးပဲ။
သေမျိုးတွေရဲ့ဝိညာဉ်က အတော်လေး နူးညံ့ပြီး ခန္ဓာကိုယ်ကနေ နှင်ထုတ်ခံလိုက်ရတာနဲ့ အရည်ပျော်သွားလိမ့်မယ်။
“ဒါ အမတအသုံးအဆောင်လို့ ဘယ်သူပြောလဲ”
လန်ဟွားက ကူယွဲ့ကို နလပိန်းတုံးကို ကြည့်နေတဲ့ပုံစံအတိုင်း ကြည့်လာတယ်။
“အမတအသုံးအဆောင် မဟုတ်ဘူးလား” ဒါဆို ဒါကဘာလဲ။
“ဒါက ငါယွီဖုန်းအမတမြို့မှာ ရှာတွေ့ခဲ့တဲ့ အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်အစစ်ပဲ”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
မင်းမှာ ကောင်းကင်လက်နက်တောင် ရှိတယ်ပေါ့ ရှန်းရင်ကို မပေးရသေးတာ တခြားရှိသေးရဲ့လား။
ဟီးဟီး… အဲတော့ ရှန်းရင်က ဒီကောင်းကင်လက်နက်ကို အလင်းရင်းမြစ်အနေနဲ့ သုံးနေတယ်လား။
ဒီအရပ်ဆယ်မျက်နှာကောင်းကင်လက်နက်ရဲ့ အသုံးဝင်မှုတွေက တကယ်ကိုကျယ်ပြန့်လွန်းတာပဲ
…