အခန်း ၁၈၃ ။ စုပေါင်းစွမ်းအင်
လေးနာရီအကြာ။
အရပ်ဆယ်မျက်နှာရွက်လှေက နောက်ဆုံးတော့ ကောင်းကင်အလွန်မှကောင်းကင်များဆီက ထွက်ခွာလာခဲ့ပြီး ချုံလန်တိုင်းပြည်ဆီ ဦးတည်ခဲ့တယ်။
“ဟေး” ကူယွဲ့က ထိုင်ခုံပေါ်ခွေပြီး သစ်သီးတမြုံ့မြုံ့ဝါးနေတဲ့ရွှံ့တုံးကို တံတောင်ဆစ်နဲ့တွတ်လိုက်တယ်။
“မင်းဒီတစ်ကြိမ် ဘာဖြစ်တာလဲ၊ မင်းက မင်းနဲ့လုံးဝမတူတော့သလိုပဲ – မင်းက ချန်ကောနဲ့ သူ့တပည့်ကို အဲလောက်အလွယ်လေး ခွင့်လွှတ်ပေးခဲ့တာပဲ”
သူမကို စိတ်အနှောင့်အယှက်ပေးတဲ့လူတွေကို အဲလိုမျိုးပုံမှန် သဘောထားကြီးမြတ်လို့လား။
“ငါက သူတို့ကို ဘာလို့ခွင့်မလွှတ်ရမှာလဲ” ရှန်းရင်က သူ့ကိုသံသယနဲ့ကြည့်လိုက်တယ်။
“သူ ဘာအမှားလုပ်မိလို့လဲ”
“ပြောဖို့လိုလို့လား…” သူမရဲ့ မှတ်ဉာဏ်ချို့ယွင်းမှုက နောက်တစ်ကြိမ် ရောဂါထလာသလိုမျိုး ကြည့်လိုက်မိတယ်။
“သူဘာလုပ်ခဲ့လို့လဲ”
“သူ…” ကူယွဲ့ စကားပြောနေရင်း ရုတ်တရက်ရပ်သွားခဲ့တယ်။ ကြည့်ရတာ ချန်ကောက တကယ်ကို ဘာမှမလုပ်ခဲ့သလိုပဲ။ အဲအစား အကြောင်းရင်းမရှိ ကူယွဲ့နဲ့ယိချင်းတို့ ထုထောင်းတာပါ ခံလိုက်ရသေးတယ်။
“ဟွေ့လင်… အဲကောင်မစုတ်လေးကို… မင်း သည်းမခံနိုင်ဘူးထင်နေတာ”
“ငါ သူ့ကိုသည်းမခံနိုင်ဘူးလို့ ဘယ်သူပြောလဲ”
“မင်းငါ့ကိုနောက်နေတာပဲဖြစ်ရမယ်” ကူယွဲ့ သူမကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ သူမရဲ့ သူတော်ကောင်းလို စရိုက်က ဘယ်လိုလုပ် အခုမှ ပေါ်လာတာတုံး။
“ပင်မခန်းမမှာ သူ မင်းကို ဘာပြောခဲ့လဲမေ့သွားပြီလား၊ သူက မင်းဘယ်သူလဲဆိုတာကို အထင်မှားနေတာ အသိသာကြီး၊ နောက်တော့ တစ်ဦးတည်းသောမိန်းကလေးဧကရာဇ်ဖြစ်နေတာကို မနာလိုနေတာလေ၊ အဲဒါကြောင့် မင်းကိုစိန်ခေါ်ဖို့ကြိုးစားခဲ့တာပဲ၊ သူက မင်းကို အဇဋာဧကရာဇ်ရဲ့တပည့်ဆိုတဲ့ နာမည်နဲ့ ခြိမ်းခြောက်ဖို့ကြိုးစားတာလေ”
“ငါအဲဒါမမေ့သေးပါဘူး” ရှန်းရင်ကြည့်ရတာ ပျင်းနေတဲ့ပုံ။ သူမက လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူပြီး သောက်လိုက်တယ်။
“ပြီးတော့ ပြိုင်ပွဲအတွင်းမှာ သူက လူတိုင်းရှေ့ လိမ်ခဲ့တာလေ၊ တကယ်လို့ သူသာ ဆွဲကြိုးထဲကလူကို မမှီခိုခဲ့ရင်”
“အော်… ပြီးတော့”
“ပြီးတော့ ဘာဖြစ်လဲ” ကူယွဲ့ မျက်လုံးပြူးလိုက်တယ်။
“ကိစ္စနှစ်ခုရှိနေပြီကို မင်းက နည်းနည်းလေးတောင် ဒေါသမထွက်ဘူးပေါ့”
“ထွက်တယ်လေ”
“ဒါဆိုမင်း…” ကူယွဲ့ ခုတကယ်ကို ဇဝေဇဝါဖြစ်နေပြီ။
ရှန်းရ်ုက သူ့ကိုမော့ကြည့်ပြီး ဘေးက တခြားတပည့်တွေကို ကြည့်လိုက်တယ်။ ရုတ်တရက် သူမက ဝါးနေတဲ့ သစ်သီးကိုချပြီး သက်ပြင်းမောကြီးချလိုက်တယ်။ အလုပ်များလိုက်တာ။
“ဖေဖေနျို နင့်မျက်လုံးထဲ ငါက ဘယ်လိုလူစားလဲ” သူမက အသံကိုနှိမ့်ပြီး ရုတ်တရက်ကြီး အတော်လေး လေးနက်လာတယ်။
“ဟမ်” ကူယွဲ့ တန့်သွားပြီး ဘာကြောင့်ရှန်းရင်မေးတာလဲ သိချင်သွားတယ်။
“အဲလက်ဖက်စိမ်းမလေးက ငါ့ကို စော်ကားခဲ့တယ်ဆိုပေမဲ့ ငါသူ့ကို ပြန်ပေးဆပ်ခိုင်းပြီးပြီလေ၊ သူမက လိမ်ခဲ့တယ်ဆိုပေမဲ့ ပေါ်သွားပြီးတော့ ငါးဆားနယ်ကိုလည်း တောင်းပန်ပြီးပြီ၊ ပြန်ပြင်ဆင်ဖို့လည်း ကြိုးစားခဲ့တာပဲ၊ အပြစ်ပေးခံရတာ လုံလောက်နေပြီပဲ မဟုတ်လား”
“ဒါပေမဲ့…”
“နင်က ငါ့ကိုဘာလုပ်စေချင်တာလဲ၊ သူ့ခေါင်းကိုရိုက်ခွဲရမှာလား”
“…”
“ဒီကိစ္စနှစ်ခုကလွဲရင် တခြားဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်သေးဘူးမလား၊ တကယ်လို့ လူတစ်ယောက်က ပြိုင်ပွဲတစ်ခုမှာ ကလိမ်ကျပြီး တခြားတစ်ယောက်ကို အပေါက်ဆိုးတဲ့စကားတချို့ ပြောရုံနဲ့ သေရမယ်ဆိုရင် ကြောက်စရာမကောင်းလွန်းဘူးမလား”
ရှန်းရင်က လုံးဝကို တင်းမာနေတယ်။
“ငါ သူ့ကို သဘောမကျဘူး၊ စိတ်ရှုပ်စရာကောင်းပြီး ကြောင်သူတော်လို့ထင်တယ်၊ ဒါပေမဲ့ ငါသူ့ကို မကြိုက်တာနဲ့တင် သတ်လိုက်လို့မရဘူးလေ”
“…”
“နင့်မျက်လုံးထဲ ငါက… သားကောင်တစ်ယောက် ဘာစဉ်းစားလဲဆိုတာ ဂရုမစိုက်တဲ့ လူသတ်သမားတစ်ယောက်လား၊ တစ်ဖက်အမြင်ကို လက်မခံနိုင်တဲ့လူတစ်ယောက်လား”
“…”
“တခြားလူတွေကို စိတ်ရှုပ်စရာကောင်းတယ်လို့ လူတိုင်းတွေးခွင့်ရှိပေမဲ့ သူများတွေကို အကဲဖြတ်ဖို့ သူတို့ရဲ့ကိုယ်ပိုင် ကိုယ်ကျင့်တရားတွေကိုတော့ သုံးလို့မရဘူး” ရှန်းရင်က ဆက်ပြောတယ်။
“ဥပမာ ငါးဆားနယ်ကိုပဲကြည့် – နင် သူ့ကို ဝတ္ထုကြောင့် အစတည်းက မုန်းတာသိတယ်၊ ဒါပေမဲ့ တကယ်တမ်းကျ သူတစ်ခုခု အမှားလုပ်မိတာရှိလို့လား၊ အဇဋာဧကရာဇ်တစ်ပါးအနေနဲ့ သူ့လက်အောက်က ဧကရာဇ်တွေကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့တာပဲ၊ ဆရာတစ်ယောက်အနေနဲ့ သူ့တပည့်ကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့သလို တစ်ခုခုလွဲနေတာ သတိထားမိသွားချိန်မှာလည်း အခြေအနေကို ပြန်ပြင်ဖို့ ကြိုးစားခဲ့တယ်၊ သူ့ တပည့်ကို ကိုယ်တိုင် အပြစ်ပေးခဲ့တာပဲ၊ ငါတို့သိခဲ့တဲ့လူတစ်ယောက်အနေနဲ့ ဧကရာဇ်တွေ သူတို့ အမုန်းတရားတွေ ပျောက်အောင် ခြောက်ဖို့အတွက်နဲ့ ဆန်းကြယ်ဝိညာဉ်များနဲ့ အမတများတွေ့ဆုံပွဲဆီ ဖိတ်ခဲ့တယ်လေ၊ သူက ဝတ္ထုထဲက ဇာတ်လိုက်ဖြစ်တာကြောင့်နဲ့ ဒီအချက်တွေအားလုံးကို မျက်ကွယ်ပြုဖို့ရွေးသင့်လို့လား၊ သူလုပ်သမျှမှာ အကြံကြီးတဲ့ ရည်ရွယ်ချက်တွေရှိနေတယ်လို့ အတင်းလက်ခံထားသင့်လို့လား”
“…”
“ဖေဖေနျို… ငါဘယ်တုန်းက အဲလိုမျိုး အမြင်ကျဉ်းပြီး ဘာမှမသိနားမလည်တဲ့ အပျင်းခိုသူ ဖြစ်လာတာလဲ”
လှေပေါ်ကလူတိုင်း တိတ်ကုန်ကြတယ်။
ကူယွဲ့ အတော်လေး ဇဝေဇဝါဖြစ်နေတယ်။ ဒီတော့မှ သူ လွန်ခဲ့တဲ့နှစ်ရက်က ကောင်းကင်အလွန်မှကောင်းကင်များထဲ ဖြစ်ခဲ့တာတွေကို အမှန်တကယ် စသုံးသပ်မိတော့တယ်။ သူ ချန်ကောအပေါ်ထားမိတဲ့ အမြင်စောင်းမှုတွေကို ဘေးဖယ်လိုက်ရင် ကြည့်ရတာ… သူ တကယ်ပဲ သူတို့အပေါ် ဘာအန္တရာယ်မှမပြုခဲ့တာပဲ။ အဲအစား အစတည်းက သူက ဝူတိဂိုဏ်းဘက်မှာ ရှိခဲ့တဲ့ပုံ။ သူက ဧကရာဇ်တွေရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး ဝူတိဂိုဏ်းကို ပြိုင်ပွဲကြီးမှာတောင် ဝင်ပါခွင့်ပေးသေးတယ်။
ရှန်းရင်က အဲမှာရှိနေပြီး တစ်ဂိုဏ်းလုံးက သူ့အမူအရာကို ဂရုတောင်မစိုက်ပေမဲ့ ချန်ကောက ဒါကိုမသိတာ အမှန်ပဲ။ သူက အမတသုတ်သင်အင်းကွက်အကြောင်းတောင် မသိဘူး။ တစ်လျှောက်လုံး ယိချင်းနဲ့ကူယွဲ့ကပဲ အင်းကွက်ကိုဖျက်ခဲ့တဲ့လူလို့ထင်နေတာ။ ဒါကြောင့် သူ တကယ်ပဲ… ဝူတိဂိုဏ်းကို ကူညီဖို့ အတတ်နိုင်ဆုံးလုပ်ခဲ့တယ်။ သူတို့ သူ့အကူအညီမလိုပေမဲ့ အကျိုးမဖြစ်လို့ သူ့ကြိုးစားအားထုတ်မှုအားလုံးကို တကယ်ပဲ လျစ်လျူရှုနိုင်လို့လား။
သေချာပေါက် ဟွေ့လင်က ရှန်းရင်ကို အပြစ်ပြုပြီး ချန်ကောက တစ်နေ့ပဲ အပြစ်ပေး၊ နောက်နေ့ကျ လွှတ်ပေးခိုင်းတယ်ဆိုတဲ့အချက်တော့ ရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့ အများဆုံး ပြောနိုင်တာက ဟွေ့လင်က သူတို့အပေါ် ရိုင်းခဲ့တယ်ဆိုတာပဲ။ ခေတ်သစ်အချိန်မှာဆို ဒါက စော်ကားတယ်လို့တောင် တွက်လို့မရဘူး။ ပြိုင်ပွဲဝင်ပြိုင်ဖို့လာတဲ့ တပည့်တစ်ယောက်အနေနဲ့ – တစ်ရက်တည်း သူမကိုပိတ်လှောင်ခဲ့တာက အဲလောက်ကျိုးကြောင်းမသင့်ရာကျတာတော့ မဟုတ်တဲ့ပုံပဲ။
ဘာကြောင့် သူ သူတို့ အဲလောက်ခက်ခက်ထန်ထန်ဆက်ဆံမိနေတာလဲ။
သူ့စိတ်ထဲမှာ ဝတ္ထုကြောင့်ဆိုတာတော့ သိတယ်။ ဒါမတိုင်ခင်က သူ ဝတ္ထုထဲကအတိုင်းဖြစ်လာမှာကို ကြောက်နေမိတာ။ ဝတ္ထုက ဖြစ်ရပ်မှန်နဲ့ကွာခြားတယ်ဆိုတာကို လက်ခံဖို့ အများကြီး အားထုတ်ခဲ့ရပေမဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေအပေါ် အမြင်ကိုတောင် မပြောင်းလဲနိုင်ဘူး။
ချန်ကောက ဇာတ်လိုက်ဖြစ်ပြီး ဟွေ့လင်က ဇာတ်လိုက်မင်းသမီးအသစ်ဖြစ်ရုံနဲ့ ကူယွဲ့ သူတို့နှစ်ယောက်လုံးအပေါ် အမြင်စောင်းမိခဲ့တယ်။ သူတို့က အနားကလူတွေကို အန္တရာယ်ပေးမယ်လို့ သေချာနေခဲ့တာ။ ဒါက သူတို့ ကူယွဲ့အပေါ် ထားရစ်ခဲ့တဲ့အမြင်ပဲ။ အစကဆို ရွှမ်ထုံကိုတောင် အဲလောက်သဘောမကျခဲ့ဘူး။ ဟွေ့လင်ပေါ်လာမှပဲ သူ တဖြည်းဖြည်းလက်ခံနိုင်ခဲ့တာ။
အခု သူက သူတို့အပေါ် ဒီအထင်အမြင်မှာ ပိတ်မိနေခဲ့ပြီး အမှန်တရားကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ သူ သူတို့နှစ်ယောက်ကို… လောကကြီးပေါ်က ပျောက်ကွယ်သွားအောင် လုပ်ဖို့တောင် စဉ်းစားမိခဲ့တယ်။
ကူယွဲ့က ရင်ထဲ ထိတ်သွားပြီး သူသင်္ဘောပေါ်က မဆင်းခင် ရုတ်တရက် ရပ်လိုက်မိတယ်။
ရုတ်တရက် အရာအားလုံးက ကြည်လင်နေတယ်။ အချိန်အကြာကြီးရှိနေခဲ့တဲ့ မြူခိုးက နောက်ဆုံးတော့ ရှင်းလင်းသွားသလိုပဲ။ သူ အချိန်အကြာကြီး အထဲမှာမြုပ်နေခဲ့တဲ့အရာတစ်ခုက ပေါက်ကွဲဖို့ ခြိမ်းခြောက်နေသလိုမျိုး ခပ်ရေးရေးခံစားလိုက်ရတယ်။
“ရှန်းရင်…”
“ဟမ်…” ရှန်းရင် တန့်သွားတယ်။
“ငါတို့ သူတို့ကိုသတ်လို့ရအောင် တစ်ဖက်လှည့်နေခိုင်းမှာတော့ မဟုတ်ပါဘူးနော်”
“ဟင့်အင်း အကြံပေးချက်ပါပဲ”
“ဘာလဲ”
ရုတ်တရက် ကူယွဲ့က စပ်ဖြီးဖြီးပြုံးတယ်။
“မင်း နောက်တစ်ကြိမ် ငါနဲ့လေးလေးနက်နက် စကားပြောချင်တဲ့အချိန်ကျရင်… ကောင်းကင်ထဲမှာ မလုပ်ဘဲ နေလို့မရဘူးလား”
“ဟမ်”
ရှန်းရင် မေးတောင်မမေးရသေး ကူယွဲ့ကိုယ်တစ်လျှောက် မသေမျိုးချီတွေ ပွင့်ထွက်လာတယ်။ သူ့တစ်ကိုယ်လုံးက တောက်ပနေတဲ့ပုံနဲ့ အလင်းတန်းဖြူတွေက မျက်စိကျိန်းစရာ။ သူ့ခြေထောက်အောက်မှာရှိတဲ့ ထိပ်တန်းအဆင့် အမတဓမ္မအသုံးအဆောင် အရပ်ဆယ်မျက်နှာရွက်လှေက ရုတ်တရက် အသံကျယ်ကြီးနဲ့ ကျိုးပဲ့သွားတယ်။
ဟိုလီရှစ်
ရှန်းရင်က ဟန်ချက်ပျက်ပြီး ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့တယ်။
“ဆရာ” ကံကောင်းလို့ ယိချင်း အမြန် တုံ့ပြန်ပြီး လှမ်းဖမ်းကာ သူမကိုဓားပျံပေါ် တင်ပေးလိုက်တယ်။ သူတို့ မသေမျိုးချီရဲ့ အပြင်ဘက်ဆီ ပျံသန်းလာခဲ့တယ်။
“ဘာဖြစ်နေတာလဲ”
“သူဉာဏ်အလင်းပွင့်နေတာ”
သေစမ်း ဖေဖေနျို့ရဲ့ စကားပြောနေတုန်း ဉာဏ်အလင်းပွင့်နိုင်စွမ်းက အရမ်းကိုသန်မာနေတုန်းပဲ။
“တခြားလူတွေကရော”
“ကျွန်တော်ထင်တာတော့… သူတို့လည်း ဉာဏ်အလင်းပွင့်နေတာနေမယ်”
“…”
ရှန်းရင်က တစ်ဂိုဏ်းလုံးအတွက် စွမ်းအားတစ်ခု အသက်သွင်းပေးလိုက်သလိုခံစားလိုက်ရတယ်။
“ခဏ…”
ရှန်းရင် အမူအရာက ပြောင်းလဲသွားပြီး ကူယွဲ့ရှိနေတဲ့နေရာဆီ ပြန်သွားဖို့ အလိုလို ကြိုးစားမိလိုက်တယ်။
“ဖေဖေနျို နင်ငါ့ကို လစဉ်မုန့်ဖိုးမပေးရသေးဘူးလေ”
“…”