အခန်း ၁၇၉ ။ အမတသုတ်သင်အင်းကွက်
ဒီတစ်ကြိမ် လေးကြိမ် ယှဥ်ချတာ နှစ်ဖက်လုံးက နှစ်ကြိမ်စီနိုင်ခဲ့တယ်။ ဆန်းကြယ်အမတနဲ့ မဟူရာအမတတွေက ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲစဉ်တွေ ဖြစ်ရမှာမှန်ပေမဲ့ အဆုံးသတ် ပြိုင်ပွဲနှစ်ခုက အရမ်းကိုလှလှပပနဲ့ အနိုင်ရသွားခဲ့တယ်။ တချို့က အလဲထိုးချက်တွေနဲ့ နိုင်သွားတာ။ ဒါကြောင့် ပျမ်းမျှပြောရရင်တော့ တစ်ဖွဲ့ချင်းစီက ညီတူညီမျှစိတ်ဝင်စားစရာကောင်းနေလေရဲ့။
ချူရွှမ့်အမူအရာက ဖြူဖျော့နေတယ်။ ချူရွှမ်က အရှုံးသမားတွေကို လှောင်ဖို့ပြင်ဆင်နေခဲ့တာဆိုပေမဲ့ ခုတော့ ပြန်မျိုချလိုက်ရပြီ။
ဖုန့်ချန်တိုက်ကြီးက ဧကရာဇ်တွေလည်း သိပ်ပြီး ပျော်ရွှင်နေတဲ့ပုံမပေါ်ဘူး။ သူတို့အားလုံးက အမတဖြစ်လာတဲ့ ပါရမီရှင်တွေ – နောက်ဆုံးတိုက်ပွဲမှာ ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူ မပြောနိုင်လို့လဲ။
ဟွေ့လင်က မြေအမတအုပ်စုရဲ့ အနိုင်ရသူ။ တခြားသူနှစ်ယောက်ကို သူမ နိုင်ခဲ့တာ အသိသာကြီး။ ဒါပေမဲ့ သူမက ဘယ်လိုလုပ် ဟယ်ချွမ်က လူတွေကို အဲလောက်တောင် ဆိုးဆိုးဝါးဝါး ရှုံးနိုင်ရတာလဲ။ တကယ် သူတို့အရည်အချင်းတွေက သိပ်ကို ကြောက်စရာကောင်းနေရင်တော့ ထားပါ။ ဒါပေမဲ့ နောက်တိုက်ပွဲမှာ သူတို့က တခြားခန္ဓာကျင့်ကြံသူနှစ်ယောက်ကိုရှုံးခဲ့တယ်။ မိနစ်ပိုင်းအတွင်း အနိုင်ယူတာ ခံလိုက်ရတာလေ။ လူတွေက အရင်ရလဒ်တွေက ကလီကမာလုပ်ထားတာလားဆိုတာ သိချင်လာကြတော့တယ်။
တစ်ပြိုင်နက်တည်းနီးပါး လူတိုင်းက ချန်ကောရင်ခွင်ထဲက လူကိုလှမ်းကြည့်ပြီး ဖြစ်နိုင်ခြေ လျှို့ဝှက်စုပေါင်းကြံစည်မှုသီအိုရီအားလုံးကို စဉ်းစားကြတော့တယ်။ ဘယ်သူမှ အဇဋာဧကရာဇ်ကို မပြောရဲကြပေမဲ့ သူတို့စိတ်ထဲတော့ စောနက ဟွေ့လင်က ညစ်ခဲ့တာ သိနေကြတယ်။ ချန်ကောက ဝူတိဂိုဏ်းကို တမင်သက်သက် ဟွေ့လင်ကို အရှုံးပေးဖို့ ပြောထားတာလားများပါ သိချင်လာလေရဲ့။
ချန်ကောအမူအရာက လုံးဝကိုမှောင်မည်းနေပြှး ဟွေ့လင်ကို ရှုပ်ထွေးနေတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ လူတိုင်း ဘာဖြစ်လဲသိနေကြတာ သူ ကောင်းကောင်းသိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟွေ့လင်က သူ့တပည့်ရင်းပဲ။ သူမ ဒီလောက် ဒဏ်ရာရသွားတာမြင်ရပြီး ဟယ်ချွမ်ကလူတွေ ရှိနေသေးတာ သိတော့ ဆိုးဆိုးဝါးဝါး မသက်မသာခံစားမိတယ်။ သူ ဟွေ့လင်ကို ဖက်ထားပြီး သူ့ရှေ့ကလူတွေကို လှမ်းပြောလိုက်တယ်။
“အဇဋာဧကရာဇ်ချူရွှမ် ငါတို့တစ်ယောက်စီက ဒီပြိုင်ပွဲမှာ ၂ပွဲစီနိုင်ခဲ့တယ်၊ ငါတို့အဆုံးသတ်ပြီလို့ စဉ်းစားနိုင်တယ်ထင်တာပဲ၊ ဒီနေ့ပြိုင်ပွဲကို ရပ်လိုက်ကြရအောင်”
“မင်းက အခုဒီကိစ္စကို မေ့ချင်နေတာလား” ချူရွှန်က တောက်ခေါက်ပြီး မျက်လုံးထဲ ဒေါသတွေ ပြည့်နေတယ်။
“အိပ်မက်မက်နေလိုက်၊ ဒါက ဘယ်လိုပဲဖြစ်ဖြစ် သရေကျတာ၊ ငါတို့ နောက်ဆုံး အဆုံးအဖြတ်ပွဲ လုပ်ရင်ရော” သူ စကားပြောပြီးတာနဲ့ သူ့ယပ်တောင်ကို ထုတ်ပြီး ချန်ကောဆီ အမတအရှိန်တွေကို လွှတ်ထုတ်လိုက်တယ်။
“မင်း…” ချန်ကော အမူအရာပြောင်းသွားပြီး သူ့ပတ်လည်က အမတတွေကို ကာကွယ်ဖို့ ကိုယ်ပိုင်အမတအရှိန်ကို ထုတ်သုံးရတော့တယ်။ သူ အတော်လေး သိသိသာသာ မကျေမနပ်ဖြစ်သွားခဲ့တယ်။
“ချူရွှမ် မင်း ဘာလို့ဒီလိုတွေလုပ်နေတာလဲ၊ ငါ မင်းနဲ့ရန်ဖြစ်ဖို့ စိတ်ကူးမရှိဘူး၊ မင်းရောငါရောက အဇဋာဧကရာဇ်တွေ၊ ငါတို့ တိုက်ခိုက်ဖို့ပဲလုပ်နေရင် အပြစ်ကင်းတဲ့လူတွေ ထိခိုက်ကုန်ကြလိမ့်မယ်၊ ဒါက ငါတို့အောက်က အမတတွေအတွက် ရည်ရွယ်တဲ့ပြိုင်ပွဲပဲ၊ တကယ်လို့ ဘယ်သူအနိုင်ရလဲ ဆုံးဖြတ်ချင်နေတယ်ဆိုရင်… အာ ငါ မင်းကို အနိုင်ပေးမယ်”
“အဓိပ္ပာယ်မရှိတာတွေ” ချူရွှမ့်မျက်နှာက ဒေါသတွေနဲ့ ပြည့်နေတယ်။ သူ ချန်ကောကို ဒေါသတကြီး စိုက်ကြည့်နေတာ အကြည့်နဲ့တင် ချန်ကောကို ထိခိုက်အောင်လုပ်တော့မဲ့ပုံစံမျိုးပဲ။
“ဖွီ ငါ မင်းရဲ့ ဟန်ဆောင်နေတဲ့ အပိုလောကဝတ်တွေကို ဂရုမစိုက်ဘူး၊ မင်းရဲ့ အဲဒီကြောင်သူတော်ပါးစပ်ကို ပြန်သိမ်းထားလိုက်၊ ငါအရင်က ပြောဖူးတယ်… ငါတို့ထပ်တွေ့ရင် မင်းအသက်ကို ယူမယ်လို့ ငါ ဒီနေ့လာရဲတဲ့အချက်က ပြန်နောက်ဆုတ်ဖို့ မကြောက်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ”
ချန်ကောအမူအရာက ပြောင်းလဲသွားပြန်တယ်။ တစ်စုံတစ်ရာကို သတိရသွားသလိုမျိူး သူက အံ့ဩတကြီး ပြောလာတယ်။
“မင်းဘာလုပ်ခဲ့တာလဲ”
ချူရွမ်က သူ့ကို မဖြေဘဲ ခြောက်ကပ်ကပ်ရယ်တယ်။ ပြီးတော့ အသံမြှင့်ပြီး ပြောလိုက်တယ်။
“မင်း ဘာလို့ မလှုပ်ရှားတာလဲ”
“ဘာလဲ”
ဘယ်သူမှ မတုံ့ပြန်နိုင်ခင် ချန်ကောနဲ့အနီးဆုံးထိုင်နေတဲ့ ဧကရာဇ်ကောယိုးက ပေါက်ကွဲထွက်လာတယ်။ သူက ဓားကိုဆွဲပြီး ချန်ကောကို ဦးတည်တော့တာပဲ။
သူက ချန်ကောက ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်ဆိုတာ သဘောမပေါက်ရှာဘူး။ ချန်ကောက အလိုလိုနေရင်း တစ်ဖက်လှည့်ပြီး လက်ကိုယမ်းကာ ကောယိုးကို နောက်ပြန်လွင့်စေလိုက်တယ်။ သူ အောင်အောင်မြင်မြင် ဓားကနေ ကာကွယ်နိုင်လိုက်ပေမဲ့ ကောယိုးရဲ့ဓားက ချန်ကောရဲ့ အကာအကွယ်အင်းကွက်ကို ဖောက်ထွက်နိုင်ပြီး လက်မောင်းမှာ ဒဏ်ရာကြီးရသွားစေခဲ့တယ်။ လတ်လတ်ဆတ်ဆတ်သွေးတွေက ဒဏ်ရာကနေ စီးကျလာတော့တယ်။
“ကောယိုး မင်း…”
ချန်ကောတင်မရဘူး တခြားဧကရာဇ်တွေအားလုံးလည်း ခုမြေကြီးပေါ်ရောက်နေတဲ့ ကောယိုးကို စိုက်ကြည့်ရင်း အတော်ထိတ်လန့်နေတဲ့ပုံ။ သူ သစ္စာဖောက်အဖြစ် ပြောင်းလဲသွားတာ ဘယ်သူမှ မသိခဲ့ကြဘူး
“အဇဋာဧကရာဇ် ခင်ဗျား ကျုပ်ကို ဒါအတွက် အပြစ်တင်လို့မရဘူး” ကောယိုးက မတ်တပ်ထရပ်ဖို့ ကြိုးစားရင်း ပြောလာတယ်။ သူ့မျက်နှာပေါ်မှာ စပ်ဖြဲဖြဲအပြုံးပဲရှိနေပြီး သွေးပျက်တဲ့ အရိပ်အယောင် မရှိ။
“ခင်ဗျားကမှ အမှားအမှန်မခွဲနိုင်တာ၊ ဧကရာဇ်တွေရဲ့ တောင်းဆိုချက်ကို လေးလေးနက်နက် မမှတ်ယူဘဲ အဲဝူတိဂိုဏ်းကိုပဲ ကာကွယ်ဖို့ အတင်းလုပ်နေတာလေ၊ ခင်ဗျားမှာ ဖုန့်ချန်တိုက်ကြီးကို စီမံဖို့အခွင့်အရေးလုံးဝမရှိဘူး၊ ဒီတိုက်ကြီးက သခင်အသစ်လိုနေပြီ”
ချန်ကော အမူအရာက မှောင်မည်းသွားခဲ့တယ်။
“ချူရွှမ်ကို အားကိုးပြီး ငါ့ကိုဒဏ်ရာရအောင်ညလုပ်ရုံနဲ့ ဖုန့်ချန်တိုက်ကြီးရဲ့ သခင်ဖြစ်လာနိုင်မယ် ထင်နေတာလား”
အဇဋာဧကရာဇ်တောင် မဟုတ်ဘဲ ကောယိုးက တိုက်ကြီးကိုထိန်းချုပ်ဖို့ ဘယ်လိုလုပ် အိပ်မက်မက်နိုင်ရတာလဲ။ ဒီဓားနဲ့တိုက်ခိုက်မှုက ချန်ကောအတွက်တော့ ဘယ်လောက်မှ မဟုတ်ဘူး။ သူ သူ့လက်ကို လွယ်လင့်တကူ လက်ယမ်းလိုက်ပြီး ဒဏ်ရာကပျောက်သွားခဲ့တယ်။
ကောယိုးအပြုံးတွေက ပိုပြီးဖြီးလာတယ်။
“ခင်ဗျားတို့အားလုံး သေပြီဆိုတာနဲ့ သေချာပေါက် ကျုပ်လုပ်လို့ရပြီပေါ့”
သူစကားပြောပြီးတာနဲ့ လူတိုင်းရဲ့ခြေထောက်အောက်ကနေ ရုတ်တရက် အနီရောင်အလင်းတန်း အင်းကွက်နီကြီး ပေါ်လာပြီး စင်မြင့်ပေါ်ကလူတိုင်းကို ဖုံးလွှမ်းသွားခဲ့တယ်။ လူတိုင်း သွေးပျက်ပြီး ထပျံကာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ကြိုးစားပေမဲ့ သူတို့ရှိနေတဲ့နေရာမှာတင် လှုပ်ရှားမရဘဲ အမြစ်တွယ်နေတာ မြင်လိုက်ရတယ်။ ချန်ကောခြေထောက်အောက်မှာတော့ သွေးအရောင်လိုမျိုး တစ်စုံတစ်ရာက လှုပ်ရှားလာပြီး ထူးဆန်းတဲ့အဆောင်တစ်ခုဖြစ်ပေါ်လာတယ်။ အနီးကပ်သေချာကြည့်လိုက်တော့ ဒါက ချန်ကောရဲ့ သွေးဖြစ်နေတာ နားလည်လိုက်ရတယ်။
စောနက တိုက်ခိုက်မှုက ချန်ကောကို အနိုင်ယူဖို့မဟုတ်ဘဲ အင်းကွက်အတွက် သွေးကိုထုတ်ဖို့ပဲ
စောနကတိုက်ပွဲကို ကြည့်နေတဲ့တပည့်တွေက ပြေးလာပြီးကူညီချင်ပေမဲ့ ချူရွှမ့်အမတတွေက သူတို့ကို တားထားတယ်။
ဖြစ်စဉ်နေရာကို ရောက်လာတဲ့သူတွေတောင် အလင်းနီကြီးဆီရောက်လာချိန် တန့်သွားကုန်ကြတယ် – သူတို့လည်း မလှုပ်ရှားနိုင်တော့ဘူး။ အလင်းတန်းနီကြီးက ကျယ်ပြန့်လာပြီး ပတ်ပတ်လည်က ရှုခင်းတွေက ပြောင်းလဲသွားတယ်။ နဂိုကစင်မြင့်က ပြိုကွဲလာပြီး ကြားထဲ လျှိုမြောင်တစ်ခုဖြစ်သွားတယ်။ ကမ္ဘာတစ်ခုက သူ့အလိုလိုဖန်တီးနေတဲ့ပုံစံမျိုးပဲ။
“ဒါ… ဒါဘာအင်းကွက်လဲ” ချန်ကော သွေးပျက်စပြုလာတယ်။ သူ မသေမျိုးချီကို လည်ပတ်စေပြီး အင်းကွက်ထဲကထွက်ဖို့လုပ်ပေမဲ့ သူရုန်းလေ ပိုပြီးတင်းတင်းကြပ်ကြပ်နှောင်ဖွဲ့လေဖြစ်နေတာ မြင်လိုက်ရတော့တယ်။
“အမတသုတ်သင်အင်းကွက်ပဲ” ချူရွှမ်က ဖြေပြီး သူ့မျက်ဝန်းတွေထဲက နောက်ဆုံးတော့ လက်စားချေနိုင်ပြီဆိုတဲ့အတွေးကြောင့် ကျေနပ်မှုအပြည့်။
“ဒီအင်းကွက်အတွက် နှစ်ထောင်ကျော်ရှာခဲ့ရတာ၊ ဘယ်လိုအလုပ်လုပ်လဲဆိုတာသိရဖို့ နှစ်ရာချီသုံးခဲ့ရတယ်၊ ဒါက အမတဘုံမှာတွေ့ရတဲ့ ရှေးဟောင်းအင်းကွက်ပဲ၊ ဒီက အမတတွေအများကြီးကို အစုလိုက်အပြုံလိုက်သတ်ဖို့ သုံးခဲ့တာပဲ”
ရှေးဟောင်းအင်းကွက် လူတိုင်း အသက်ပြင်းပြင်းရှူလိုက်မိပြိး ချက်ချင်း ဖြူဖျော့လာတယ်။ ဒီပြိုင်ပွဲက ရွှီးမီပြိုင်ကွင်းမှာ ကျင်းပတာမဆန်းတော့ဘူး။ သူတို့ကို ဒီနေရာကနေ လွှတ်ပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့တာပဲ။
“မင်းတို့ ဒီအင်းကွက်ထဲဝင်လိုက်ပြီဆိုတာနဲ့ ပြန်ထွက်ဖို့မေ့လိုက်တော့” သူစကားဆုံးတာနဲ့ ဂါထာတစ်ခုရွတ်ပြီး သူ့ကိုယ်က ဖြတ်ခနဲပျောက်သွားတယ်။ ချန်ကောဆီဦးတည်ပျံသန်းလာပြီး သူပလက်ထဲက အမတလက်နက်ကို ဝှေ့ယမ်းလိုက်လေရဲ့။ ရုတ်တရက် လေပြင်းဓားသောင်းချီ ပေါ်လာတယ်။
သူတို့က လောလောဆယ် ကူကယ်ရာမဲ့နေတဲ့ ဧကရာဇ်တွေနဲ့ချန်ကောကို ချိန်ထားတာ အသိသာကြီး။
ရုတ်တရက် ဘယ်ကနေမှန်းမသိ အရှိန်အဝါပြင်းတဲ့ ဓားချီက လေထုထဲ ပြည့်သွားပြီး သူ့လေပြင်းဓားတွေကို ဘေးဖယ်ထုတ်ပစ်လိုက်တယ်။
ချူရွှမ် သိသိသာသာထိတ်လန့်သွားခဲ့တာ။ သူ ဓားချီကိုရှောင်ဖို့တောင် ခြေလှမ်းတွေဆုတ်လိုက်ရတယ်။ ခေါင်းငုံ့လိုက်တော့ ဓားကိုင်ထားတဲ့လူတစ်ယောက်က ချန်ကောဘေး ရပ်နေတာ မြင်လိုက်ရတယ်။ သူ့တစ်ကိုယ်လုံးက ဓားချီတွေထွက်နေပြီး အလင်းနီက ဘာကြောင့်မှန်းမသိ သူ့ဆီ မရောက်တဲ့ပုံ။
ချန်ကော မျက်မှောင်ကြုတ်လိုက်တယ်။ ဖုန့်ချန်မှာ ဒီလိုအစွမ်းကြီးတဲ့ ဓားအမတတစ်ယောက် ရှိမယ်မထင်ခဲ့ဘူး။ အမတသုတ်သင်အင်းကွက်မှာ ပိတ်မိနေတာတောင် ဓားကိုသုံးနိုင်သေးတယ်။
အလင်းနီက မြန်ဆန်စွာ ပြန့်နေဆဲ။ ကြည့်ရတာ ချူရွှမ့်တပည့်တွေတောင် ပိတ်မိတော့မဲ့ပုံ။ အမတသုတ်သင်အင်းကွက်က ပြီးတော့မယ်။ သူတို့ ဘယ်တော့မှ နေရာကနေ ထွက်သွားလို့ရတော့မှာမဟုတ်ဘူး။
“ဟာ့” သူက ယပ်တောင်ကိုယမ်းပြီး လေပြင်းဓားတွေကို လူအုပ်ကြီးဆီ ထပ်လွှတ်လိုက်တယ်။
“ယိချင်း မင်းညာဘက်မှာ” ကူယွဲ့ အော်ပြောလိုက်တယ်။ သူတို့အတွက် လေပြင်းဓားတွေဆီကနေ ပုန်းရှောင်ဖို့က အဆင်ပြေပေမဲ့ ယိချင်းညာဘက်မှာရပ်နေတာက ယွီဟုန်တို့တွေ။ သူတို့ သိပ်ပြီးခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
ယိချင်းက လှည့်ပြီး ဓားကိုယမ်းကာ ညာဘက်ခြမ်းဆီ ဦးတည်ရင်း လေပြင်းဓားတွေကို တားဆီးလိုက်တယ်။
ချူရွှမ်က အခွင့်ကောင်းယူပြီး ပြေးဝင်လာတယ်။ သူက ချန်ကောကို စိန်းစိန်းဝါးဝါးကြည့်ပြီး စိတ်ဆုံးဖြတ်ထားပုံ။
“မင်းကို ဒီနေ့ငါ့လက်နဲ့မသတ်ရရင် မင်းတပည့်တွေကို ဖျက်ဆီးမယ်” ဆက်ပြီးမတုံ့ဆိုင်းတော့ဘဲ သူ့ဘယ်ဘက်က လက်လှမ်းမှီတဲ့ ပထမဆုံးလူကို ဆုပ်ကိုင်ပြီး ပျံသန်းလာခဲ့တယ်။ သူက လှည့်တောင်မကြည့်။
ရုတ်တရက်ကြီး အဆွဲခံလာရသောရှန်းရင် ။ ။ “…”
သူဘယ်သန်တော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား။
————
ချူရွှမ်ပျံထွက်လာတာနဲ့ သူနဲ့ခေါ်လာတဲ့လူတိုင်းက ပျောက်သွားတယ်။
အမတသုတ်သင်အင်းကွက်က ပြီးမြောက်သွားပြီ။ အပျက်အစီးပုံကြီးက ခုတော့ သွေးရဲရဲနီနေတဲ့ အမိုးခုံးကြီးလွှမ်းမိုးတာခံထားရပြီး ဘယ်သူမှအထဲမှာဘာဖြစ်နေလဲ မမြင်ရတော့ဘူး။
အပြင်ကနေ တိုက်ပွဲကိုစောင့်ကြည့်နေခဲ့တဲ့ တပည့်တချို့ပဲ အင်းကွက်ထဲပိတ်မမိဘဲ ကံကောင်းခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ အဲနားမသွားရဲကြဘူး။
လန်ဟွားနဲ့ ဖုန်းယင်တို့က ချူရွှမ်ပျံထွက်သွားတာကို ကြည့်လိုက်ရသလို သူဆွဲခေါ်သွားတဲ့လူက ရှန်းရင် ဖြစ်နေတာလည်းမြင်လိုက်ရတယ်။
“အဲဒါက…” လန်ဟွားက ရုတ်တရက် ထရပ်ပြီး သူ့နောက်လိုက်ဖို့ လုပ်တော့တယ်။
“ခင်ဗျားဘာလုပ်နေတာလဲ” ဖုန်းယင်က သူ့ကို ပြန်ထိန်းထားလိုက်တယ်။
“ငါ သူ့ကို သွားကယ်မို့လေ၊ ငါ့စိတ်နှလုံးကောင်း ခေါ်သွားခံရတာ မမြင်ဘူးလား”
ဖုန်းယင်က နှုတ်ခမ်းသပ်လိုက်တယ်။
“ကျုပ်ကိုယုံ၊ သူက ခင်ဗျားကယ်ဖို့မလိုတဲ့ တစ်ဦးတည်းသောလူပဲ ကျုပ်တို့-”
“ဟင့်အင်း” လန်ဟွားက သူဘာပြောမလဲဆိုတာ ဂရုစိုက်မနေဘူး။ သူက ဖုန်းယင်လက်ကို ခါယမ်းပြီး ချူရွှမ်နောက် ပြေးလိုက်တော့တယ်။
“ခဏ” သူ စကားပြောတာမဆုံးသေးခင် လန်ဟွားက ကောင်းကင်ထဲ ပျောက်ဆုံးသွားခဲ့တယ်။
ဟိုလီရှစ်
လန်ဟွား အရမ်းကို မြန်ဆန်စွာ ပျံလာခဲ့တယ်။ သူ ပျံသန်းလာတာ တစ်မိနစ်ကျော် ကြာသွားပြီဆိုပေမဲ့ လူရိပ်လူယောင်တစ်ခုမှ မတွေ့ရသေးဘူး။
စိတ်ထဲ သူ ရှန်းရင်ကိုခေါ်သွားတဲ့လူကို ကျိန်ဆဲလိုက်တယ်။ တကယ်ပဲ အဇဋာဧကရာဇ်တစ်ယောက်မှ မကောင်းဘူး – တစ်ယောက်ချင်းစီက အရိုးအရင်းထိ ပုပ်ပွနေတာပဲ။ သူ့စိတ်ထဲ အတော်လေး ရင်လေးနေမိတယ်။
ဒါက ကောင်းကင်အလွန်မှကောင်းကင်များ ဖြစ်ပြီးတော့ အဲလူက အဇဋာဧကရာဇ်ဆိုတာ သူ ကောင်းကောင်းသိတယ်။ အဲလူကိုဖမ်းမိရင်တောင် တိုက်ခိုက်ပြီိဆိုတာနဲ့ သူ့နတ်ဆိုးအသွင်က သေချာပေါက် ပေါ်သွားမှာ။ နောက်တော့ သူလည်းထွက်ပြေးရတာ ခက်သွားလိမ့်မယ်။ ဉာဏ်အပြေးဆုံး ဖြေရှင်းချက်ကတော့ ဝူတိဂိုဏ်းရဲ့ဧကရာဇ်ငယ်ကို ကယ်ပြီး နောက်တော့ ရှန်းရင်ကို အတူတူကယ်ဖို့ စဉ်းစားဖို့ပဲ။
သူ ပိုပြီးတည်ငြိမ်ခဲ့မယ်ဆိုရင် ဒီလောက်ပြဿနာအများကြီး ကြုံရမှာမဟုတ်ဘူး။ ရှန်းရင်က သူ့စိတ်နှလုံးကောင်း – သူမသာ ပျောက်သွားပြီး အဲလူလက်ထဲ သေသွားခဲ့ရင် လန်ဟွား အကျိုးအမြတ်ရမှာပဲ။ သူ့ စိတ်နှလုံးကောင်း ဖယ်ရှားခံလိုက်ရပြီဆိုတာနဲ့ ကောင်းကင်မိစ္ဆာ ဖြစ်လာနိုင်ပြီ။
ဒါက ကျိုးကြောင်းသင့်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့… သူ့ကိုယ်သူ မထိန်းချုပ်နိုင်တာ
○| ̄|_
သူမက သူ့စိတ်နှလုံးကောင်းဆိုတာ တွေးမိတာနဲ့ ကိုယ်ခန္ဓာက ဇာတ်ဆယ်သလိုကိုဖြစ်နေတာ။ သူ့လည်ပင်းက ဆွဲကြိုးကို ဆွဲဖြုတ်လိုက်ပြီး အရှိန်မြှင့်ဖို့ နတ်ဆိုးချီတွေကိုသုံးလိုက်တယ်။
တစ်ခဏနေတော့ အဇဋာဧကရာဇ်ရဲ့ အရှိန်ဖျော့ဖျော့ အငွေ့အသက်ကိုခံစားမိလိုက်တယ်။ သူ့ရင်ထိတ်သွားပြီး အဲအရှိန်အဝါရှိတဲ့ဦးတည်ဖက်ဆီ ပျံသန်းလာခဲ့တယ်။ ခဏအကြာမှာ တောင်ထိပ်တစ်ခုပေါ် မတူညီတဲ့ အငွေ့အသက်ဆယ်မျိုးလောက်ခံစားလိုက်ရတယ်။ ရင်ထဲ တင်းကြပ်သွားပြီး သူ အော်လိုက်တယ်။
“အဲအမျိုးသမီးကို လွှတ်လိုက်”
သူ စကားပြောပြီးပြီးချင်း အရပ်အရှည်ဆုံးလူက ရပ်သွားပြီး သူ့ကိုလက်ယမ်းပြတယ်။
“ဟေး သူဌေး”
“စိတ်နှလုံးကောင်းလား၊ မင်း…” အဆင်ပြေတယ်လား။ သူ စကားမဆုံးခင် ဆင်းဆင်းချင်း ခြေထောက်အောက်မှာ တစ်ခုခုခံစားလိုက်ရတယ်။ သူငုံ့ကြည့်လိုက်တော့ အမတတစ်ယောက်။ ဟိုဟိုဒီဒီလှည့်ကြည့်လိုက်ချိန် တစ်ခုခုလွဲနေတာသိလိုက်ရပြီ။
ဟမ်။
ဘာလို့ ဒီမှာလူဆယ်ယောက်ကျော် လဲနေရတာလဲ။
ဘာလို့ အဲသစ်ပင်ပေါ်မှာ လူတွေ တွဲချိတ်နေတာလဲ။
ဘာလို့ရှန်းရင် တက်နင်းထားတဲ့လူကို အရမ်းရင်းနှီးနေရပါလိမ့်။
သောက်ကျိုးနည်း… ဒီမှာဘာတွေဖြစ်နေတာလဲ။
တစ်မိနစ်အတွင်း ဘာတွေဖြစ်သွားတာလဲ။
ლ(°△°ლ)
“စိတ်နှလုံး… ကောင်းလား” မင်းက စိတ်နှလုံးကောင်းပါနော်။ ငါ လူမမှားဘူးမလား။
“မင်း… အဆင်ပြေရဲ့လား”
သူမ သူ့ကိုခေါင်းစခြေဆုံး စစ်ဆေးလိုက်တယ်။ ကောင်းတယ် ခြေလက်တွေ ပြတ်မနေသလို အရိုးလည်း ကျိုးထားတာမရှိဘူး။ ဆံပင်တောင် နေသားတကျ။ သူ့ဝတ်ရုံတွေပဲ နည်းနည်းဖုန်တက်ပြီး ရုပ်ဆိုးနေတာ…အိုး အဲဒါ နဂိုတည်းက အဲပုံစံပါပဲလေ။
“ငါအဆင်ပြေပါတယ်” ရှန်းရင်က တစ်ခုခုကို မှတ်မိသွားသလို ခေါင်းလေးစောင်းလိုက်တယ်။
“အော်ဟုတ်သား၊ စား…”
သူမ တခြားသူတွေ ဘယ်လိုနေလဲ မေးဖို့ရှိသေး သူမခြေထောက်အောက်က လူက ရုတ်တရက် ခုန်လာတယ်။ သူက ထူးဆန်းတဲ့တစ်စုံတစ်ရာကို ကြားသွားပုံပဲ။ ရုတ်တရက် ထရပ်ဖို့ အသည်းအသန်လုပ်တော့တယ်။
“ခင်ဗျားက… အဇဋာ… အဇဋာဧကရာဇ်လန်ဟွား… ခင်ဗျားက အဇဋာဧကရာဇ်လန်ဟွား မဟုတ်လား”
သူ လှည့်ချင်ပေမဲ့ လှုပ်လှုပ်ချင်း ရှန်းရင်က သူပြန်လဲနေအောင် တက်နင်းလိုက်တယ်။ သူ ခေါင်းလှည့်ပြီး လန်ဟွားကို တစ်ချက်ကြည့်လိုက်တယ်။
လန်ဟွား မမှတ်မိနိုင်လောက်အောင် ထုထောင်းခံထားရတဲ့ ရှန်းရင်ခြေထောက်အောက်လူကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။
“ဒီ… ဝက်ခေါင်းက ဘယ်သူလဲ”
“အာ…” ရှန်းရင်က တစ်ခဏစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
“သူက နင့်ရဲ့ အရမ်းရင်းနှီးတဲ့မိတ်ဆွေကောင်းလို့ ပြောတာပဲ”
“…ဘာ၊ ကြက်ဆီလား”
[မှတ်ချက် ။ ။ ရှန်းရင်ပြောတဲ့စကားက အရမ်းရင်းနှီးတဲ့ ဂေးလက်တွဲဖော်တွေကို ပြောတဲ့ဗန်းစကားပါ၊ ကြက်ဆီက အသံထွက်ချင်းဆင်တာပါ]
“အဇဋာဧကရာဇ် ကျွန်တော်… ကျွန်တော်ပါ”
ဝက်ခေါင်းက လန်ဟွားကို မျက်နှာအပြည့်မြင်ရအောင် အသည်းအသန် လှည့်လေတယ်။ သူက လန်ဟွားနား တွန့်လိမ်တွ့န်လိမ်နဲ့ ကပ်ဖို့လုပ်တယ်။
“ကျွန်တော်က ချူရွှမ်လေ ဆရာ ခင်ဗျား… ခင်ဗျား အသက်ရှင်နေသေးတာပဲ၊ ကောင်းလိုက်တာ ဆရာ…”
ဟယ်၊ သူက သူဌေးရဲ့တပည့်လား။
ရှန်းရင် တန့်သွားပြီး ခြေထောက်ပြန်ရုပ်လိုက်တယ်။ နောက်တော့ သူမဘေးကလူကို လှည့်ကြည့်လိုက်တယ်။
“ဟေးဟေးဟေး မင်းအဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ၊ ငါ ဘယ်တုန်းက တပည့်လက်ခံဖူးလို့လဲ”
လန်ဟွားမျက်မှောင်ကြုတ်လိုက်တယ်။
“ဆ… အဇဋာဧကရာဇ်” ချူရွှမ်က သိသိသာသာ စိတ်လှုပ်ရှားလာတဲ့ပုံ။ သူက လန်ဟွားကိုပဲ စိုက်ကြည့်နေတယ်။
“ကျွန်တော်က တကယ်ပဲချူရွှမ်ပါ၊ ကျွန်တော်က ချူရွှမ်လေ… လွန်ခဲ့တဲ့ နှစ်ပေါင်း၇ထောင်တုန်းက ရှုထိုက်တောင်ထွတ်ကလေ”
“ရှုထိုက်တောင်ထွတ်လား” လန်ဟွားက ငုံ့ပြီး ချူရွှမ်ကို အနီးကပ်ကြည့်လာတယ်။ သူ အချိန်အကြာကြီး သေချာစဉ်းစားပြီးတဲ့နောက် ကြေညာလိုက်တယ်။
“ငါမင်းကိုမသိဘူး”
ချူရွှမ် ။ ။ “…”
ရှန်းရင် ။ ။ “…”
အာ ဘာလို့ တစ်ခုခုကျိုးပဲ့သွားသံကြားရတာပါလိမ့်။
ချူရွှမ်ရဲ့ ယောင်ကိုင်းနေတဲ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။ ကြည့်ရတာ သူ့ကိုယ်ထဲက ဒေါသလက်ကျန်တိုင်းက ထွက်သွားတဲ့ပုံ။
သူက ပစ်ထိုင်ကျသွားပြီး ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားတယ်။
“ချူရွှမ်သိပါတယ်… တပည့်မဖြစ်ထိုက်ဘူးဆိုတာ၊ အရင်က မမေးရဲခဲ့သလို… အခုဆို ပိုတောင် မမေးရဲတော့ပါဘူး… အရင်တုန်းက ကျွန်တော်ကef;ပြီး ဆရာ့ကိုစိတ်ပျက်စေခဲ့တယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ၊ ကျွန်တော် တောင်းဆိုတာက… ကျွန်တော်တောင်းဆိုတာတစ်ခုတည်းက ကျွန်တော့်အမှားတွေအတွက် ပြန်ပေးဆပ်ခွင့်ပြုဖို့ပါ”
သူ့မျက်ရည်တွေက မထိန်းချုပ်နိုင်တော့သလိုမျိုး ပါးပြင်ပေါ်စတင်စီးကျလာခဲ့တယ်။ မကြာခင်မှာပဲ မျက်ရည်စီးကြောင်းတွေ မျက်နှာကို လွှမ်းသွားလေရဲ့။ သူက အခုပိုတောင်ရုပ်ဆိုးလာပြီ။
“အကယ်၍… အကယ်၍ ကျွန်တော့်ကို သတ်မယ်ဆိုရင်တောင် အပြစ်တစ်စုံတစ်ရာ မတင်ပါဘူး”
ဟေး သူက ခံစားချက်များလိုက်တာ ရှန်းရင် လန်ဟွားကိုလှည့်ကြည့်လိုက်တယ်။
“ဘာလို့ ငါ့ကို အဲလိုကြည့်နေတာwhhk;” လန်ဟွား ကြက်သီးတွေထလာပြီး သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ သူက နောက်တစ်လှမ်းပြန်ဆုတ်သွားပြီး ရွံရှာဟန်နဲ့။
“ငါ သူ့ကိုသိတောင်မသိဘူး”
“အဇဋာဧကရာဇ်…” ချူရွှမ်က အခုပိုတောင်အသည်းအသန်ဖြစ်နေတဲ့ပုံ။
ရှန်းရင် သက်ပြင်းချလိုက်တယ်။
“ဟဲ့… နင့်ခံစားချက်တွေကို အရင်ထိန်းပါဦး
“…” ဘာလို့သောက်ကျိုးနည်း ငါ့ခံစားချက်ကို ထိန်းချုပ်ရမှာလဲ – ရှင်းပြစမ်းပါဦး
“ဟေး နင်အသက်ရှင်သေးတာပဲ၊ နင်အသက်ရှင်နေသေးတာဆိုတော့ ပြန်လိုက်ပြီး ငါ့အတွက် အင်းကွက်ကို ဖျက်ပေးဦး” ငါ နေ့လယ်စာစားချင်နေပြီကို စားဖိုမှူးက အထဲမှာရှိနေတုန်းပဲ။
“အော်ဟုတ်သား” လန်ဟွားu ရုတ်တရက် လက်ထဲကကိစ္စကို ပြန်သတိရသွားတယ်။ ဒါတွေကို ပြောနေဖို့အချိန်မဟုတ်ဘူး။ သူ ရုတ်တရက် ရှန်းရင်ဘယ်လိုလွတ်အောင်လုပ်လိုက်လဲဆိုတာ ပြန်သိချင်မိသား။
“ခင်ဗျားတို့ ပြန်သွားချင်တယ်ပေါ့” ချူရွှမ် သူ့နားကိုတောင် သူမယုံနိုင်ဘူး။ အဇဋာဧကရာဇ်က တကယ်ပဲပြန်သွားပြီး အဲကျေးဇူးကန်းတဲ့ချန်ကောကို ကယ်ချင်တာလား။
“ဘာဖြစ်လို့လဲ” ဗိုက်ဆာနေတဲ့ရှန်းရင်အမူအရာ အေးစက်သွားတယ်။
“ပြောစရာတစ်ခုခုရှိလို့လား”
ပုံရိပ်တချို့က ချူရွှမ့်စိတ်ထဲ ဖြတ်ပြေးသွားပြီး တုန်ယင်စပြုလာတယ်။ သူ့ရဲ့ ယောင်ကိုင်းနေတဲ့ မျက်နှာမှာ ချက်ချင်းအကြောက်တရား ပေါ်လာရှာတယ်။ ချက်ချင်း သူက လန်ဟွားနောက် ဆုတ်လိုက်တယ်။
“မ-မရှိဘူး” အဇဋာဧကရာဇ်နဲ့ယှဉ်ရင် ဒီအမျိုးသမီးကျင့်ကြံသူက ပိုကြောက်ဖို့ကောင်းတယ်
လန်ဟွား ချူရွှမ့်ကို အာရုံထားမနေတော့ဘဲ သူ့ဓားပျံကိုထုတ်ပြီး ဝက်ခေါင်းကိုဆွဲထူ၊ ရှန်းရင်ကိုဆွဲခေါ်ကာ ကောင်းကင်ထဲ ပျံသန်းခဲ့တယ်။
သူတို့တွေ အရမ်းကိုမြန်တဲ့အရှိန်နဲ့ပျံလာတာမို့ မိနစ်ပိုင်းအတွင်း ရွှီးမိကွင်းဆီပြန်ရောက်လာပြီ။ လမ်းမှာ သူတို့တွေ နောက်ဆုံးတော့ လန်ဟွားနဲ့ ချူရွှမ်ကြားကဆက်ဆံရေးကို ရှင်းလင်းအတည်ပြုနိုင်ခဲ့တယ်။
ချူရွှမ်နဲ့ချန်ကောက ယွင်ဖုန်းတိုက်က ရှုထိုက်တောင်ထွတ်ရဲ့ အမတတွေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၇၀၀၀၀တုန်းက ချူရွှမ်က စိတ်တန်ခိုးအမတဖြစ်နေချိန် သူ့အရည်အချင်းနဲ့သိုင်းတွေက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူနောက်ခံကြောင့် ချို့တဲ့နေခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ ချူရွှမ် ကောင်းကင်ဝဋ်ကြွေးဖြတ်သန်းချိန် ပြဿနာတစ်ရပ်ပေါ်လာတာပဲ။ အဲအချိန် လန်ဟွားက နတ်ဆိုး မဖြစ်သေးဘဲ အမတဧကရာဇ်ပဲဖြစ်နေသေးတယ်။ သူက ဖြတ်သွားရင်း ချူရွှမ့်ကို ကူညီပေးခဲ့တာပဲ။ ချူရွှမ်နဲ့ ချန်ကောတို့ကို သူတို့နဲ့လိုက်တဲ့ သိုင်းတောင်သင်ပေးခဲ့တယ်။
ကံကြမ္မာရဲ့စေစားရာကြောင့်ပဲ ချူရွှမ်က လန်ဟွားကို ဆရာအဖြစ် သတ်မှတ်လိုက်ပြီ။ လန်ဟွားက သူတို့ကို သင်ပေးခဲ့တဲ့သိုင်းနဲ့ ချူရွှမ်နဲ့ချန်ကောတို့က လေ့ကျင့်ပြီး နောက်ဆုံးတော့ အဇဋာဧကရာဇ်တွေဖြစ်လာခဲ့တာ။ နောက်ပိုင်း နတ်ဆိုးတွေက ပြဿနာရှာနေတယ်လို့ ကြားတော့ နှိမ်နင်းဖို့ ချန်ကောက တခြားအဇဋာဧကရာဇ်တွေနဲ့အတူ သူ့ကိုပါဖိတ်ကြားခဲ့တယ်။
အဲအချိန်တုန်းက နတ်ဆိုးဘယ်သူလဲဆိုတာ သူမသိခဲ့ဘူး။ ပြီးတော့ လန်ဟွား သူ့ကိုကူညီခဲ့ချိန်က နာမည်လည်း ချန်ရစ်မထားခဲ့ဘူးလေ။ လန်ဟွား နတ်ဆိုးဖြစ်သွားပြီးနောက်ပိုင်း သူ့ကိုယ်ကို ဝိုင်းနေတဲ့နတ်ဆိုးချီတွေကြောင့် မမှတ်မိခဲ့တာပဲ။
ကိစ္စအားလုံးအပြီးမှာ ချူရွှမ်က သူ့သိုင်းနဲ့ လေ့ကျင့်ရေးနည်းလမ်းတွေအားလုံးက နှိမ်နင်းဖို့သူကူညီခဲ့တဲ့ အဲနတ်ဆိုးတစ်ဖြတ်လဲ အဇဋာဧကရာဇ်လန်ဟွား ဖန်တီးခဲ့တယ်ဆိုတာ သိခဲ့ရတယ်။
ချူရွှမ် သူ့ကျေးဇူးရှင်ကို သူ့လက်နဲ့သတ်မိပြီဆိုပြီး အတော်လေးနာကျင်ခဲ့တာ။ နောက်တော့ လန်ဟွားရဲ့ညီ လန်ယွီက နတ်ဆိုးဖြစ်သွားစေခဲ့တာကို သိလိုက်ရပြီး ချန်ကောနဲ့ အလုပ်တွဲလုပ်ကာ အဇဋာဧကရာဇ်လန်ဟွားအတွက် လက်စားချေဖို့ဆုံးဖြတ်ခဲ့တယ်။ လန်ယွီက နောက်ဆုံးတော့ ယွင်ဖုန်းတိုက်ကြီးရဲ့ အဇဋာဧကရာဇ်ဖြစ်လာချိန် ချန်ကောက သူနဲ့ပြဿနာမတက်ချင်တော့ဘူး။
သူက ချူရွှမ်ကို ငြင်းခဲ့တယ်။ ချူရွှမ်က ချန်ကောရဲ့ကျေးဇူးမသိတတ်မှုကြောင့် ဒေါသထွက်ခဲ့ရပြီး မုန်းလာတော့တာပဲ။
ဒါကြောင့် ဒီနှစ်တွေအတွင်းမှာ လန်ယွီနဲ့ချန်ကောကို ပြဿနာအများကြီးရှာခဲ့တာ။
ချူရွှမ် ဒီကိစ္စတွေကိုပြန်ပြောရင်း ငိုလေတယ်။ သူ ပြင်းထန်တဲ့ဒေါသခံစားနေရတာ အသိသာကြီး။ ဓားပျံပေါ်ကနေ ခုန်ချမှာတောင် ကြောက်မိတယ်။
တစ်ဖက်မှာတော့ လန်ဟွားက တည်ငြိမ်နေတယ်။ သူ့ရင်ထဲ ဘာမှမခံစားရဘူး။ အဲအစား အစေ့တွေပဲ စားချင်နေတယ်။ ချူရွှမ်မေ့မရတာကို… လန်ဟွားကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်စဉ်းစားမရဘူး။
လန်ဟွားက လူတွေအများကြီးကို သိုင်းတွေအများကြီးသင်ပေးခဲ့လို့ မှတ်မိတာရှားကြောင်း ဖော်ပြလာတယ်။
အမှန်ပဲ – သူဌေးလန်ဟွားက ငွေကို လက်ဖွာအောင် ဝေတဲ့ကလေး။ သူ့ညီ သူ့ကို ထိပ်ကကန်ချချင်တာ ပိုက်ဆံအများကြီး ဖြုန်းလို့လားတောင် ရှန်းရင်က သံသယဝင်စပြုလာတယ်။
ဟင်း… သူမ အနာဂတ်မှာ ဖေဖေနျို့ ကိုပိုပြီးကောင်းကောင်းဆက်ဆံမှဖြစ်မယ်။