အခန်း ၁၇၇ ။ တိုက်ကြီး၂ခုကြားမှ တိုက်ပွဲ
“ဟင့်အင်း… ဟင့်အင်း ကျေးဇူးပါ” ချန်ကောက တုံ့ဆိုင်းနေတယ်။ သူက ကူယွဲ့ရဲ့ ရုတ်တရက်ယဉ်ကျေးမှုကြောင့် သံသယဝင်နေမိတယ်။ ဒါပေမဲ့ တယဉ်တကျေးတော့ ပြုံးပြလိုက်တာပေါ့။
“အဆင့်မြင့်အမတကူယွဲ့ကတော့ နောက်နေတာပဲဖြစ်ရမယ်၊ လင်အာက ကျင့်ကြံဆင့်နိမ့်သေးပေမဲ့ အမတဖြစ်နေပြီဆိုတော့ အဲလောက်အလွယ်လေး နေထိုင်မကောင်း မဖြစ်ပါဘူး၊ ဒါက တခြားတိုက်ကြီးက အမတတွေနဲ့ ပြိုင်ပွဲဝင်ရလို့ စိတ်လှုပ်ရှားနေတာကြောင့်ဖြစ်မှာပါ”
သူက ဟွေ့လင်ကို အားပေးတဲ့အကြည့်နဲ့ လှည့်ကြည့်လိုက်တယ်။ ဟွေ့လင်က မတုံ့ပြန်။ အဲအစား ဖြူဖျော့သွားပြီး သွေးပျက်နေတဲ့ပုံ။ သူမ ကြည့်ရတာ မပြောဘဲ ထိန်းထားရတဲ့ကိစ္စ တစ်သန်းနဲ့တစ်ခု ရှိနေသလိုမျိုးပဲ။
ဒါက ချန်ကော သူမဒီလောက်စိတ်ရှုပ်နေတာကို မြင်ရတာ ပထမဆုံးအကြိမ်မို့ မနေနိုင်ဘဲ ပြောလိုက်မိတယ်။
“လင်အာ၊ သာမန်ပြိုင်ပွဲလို့ပဲယူဆ၊ မင်းတိုက်နေကျအတိုင်းပဲတိုက်ရင် အဆင်ပြေသွားလိမ့်မယ်၊ မင်းဆရာက မင်းကိုယုံပြီးသား၊ သိပ်ပြီးစိတ်မဖိစီးနဲ့”
“… ဟုတ်ကဲ့ ဆရာ” သူမကပိုပြီးတောင် ဖြူဖျော့လာတယ်။ ပြိုင်ပွဲကနေ ထွက်လို့ရမလားကို ဘယ်လိုမေးရမလဲ မသိတော့ဘူး။
“အရှင်မင်းကြီးပြောတာ အဓိပ္ပာယ်ရှိတယ်” ကူယွဲ့က မျက်လုံးတွေ ကွေးသွားတဲ့အထိ ပြုံးဖြီးသွားတယ်။ သူက ဟွေ့လင်ကို လှမ်းကြည့်ပြီးတဲ့နောက် တပည့်တွေကိုလှည့်ကြည့်လိုက်တယ်။
“မင်းတို့ ကြားလိုက်လား၊ ပုံမှန်အတိုင်းပဲ တိုက်ကြ၊ မင်းတို့ကိုယုံတယ်”
သူ့နောက်က တပည့်ငါးယောက်က ပြန်ဖြေတယ်။
“ဟုတ်ကဲ့အကြီးအကဲ”
သူတို့အသံက ခန်းမထဲ ပဲ့တင်ထပ်သွားခဲ့တယ်။ ဟွေ့လင် ရုတ်တရက် တုံ့ဆိုင်းမှုနဲ့ သံသယတွေကို ဖိချုပ်နေရတယ်။ မျက်နှာအမူအရာလည်း ပိုပြီးပျက်ယွင်းလာတာပေါ့။
ချန်ကောတောင် မျက်မှောင်ကြုတ်နေပြီ။ သူ စိတ်ထင်နေတာလား။ ဘာလို့ ကူယွဲ့စကားတွေက ထေ့ငေါ့တာတွေ ပါနေတယ်လို့ ခံစားမိတာလဲ။
ချန်ကော ဒါကို ကူယွဲ့နဲ့ရှင်းမို့ရှိသေး သူ့ရှေ့အလင်းတန်ဖြူကြီး ပေါ်လာတယ်။ ဟယ်ချွမ်တိုက်က လူတွေရောက်လာပြီ။
သူတို့နဲ့ အလင်းတန်းကြားမှာစင်မြင့်ကြီးတစ်ခုရှိတာမို့ ကူယွဲ့တို့ ဒီတစ်ခါတော့ ရှင်းရှင်းလင်းလင်း မြင်ရပြီ။ အလင်းတန်းဖြူကြီးကနေ နေရာရွှေ့ပြောင်းအစီအရင်ကြီးတစ်ခု လင်းလာတယ်။ ခဏနေတော့ လူဆယ်ယောက်ကျော်က အလင်းတန်းထဲကနေ ပေါ်လာလေတယ်။ အရှေ့ဆုံးမှာကတော့ ချူရွှမ်။
သူ့အကြည့်က ချန်ကောနဲ့ တခြားသူတွေဆီ ဝေ့ဝဲသွားတယ်။ နောက်တော့ ခြောက်ကပ်ကပ်ရယ်တယ်။
“ချန်ကော မင်းတို့ပေါ်မလာရဲဘူးလို့ထင်နေတာ၊ ငါတို့အရင်က်တိုက်ခိုက်ခဲ့ရမဲ့ အချိန်တွေတုန်းက လုပ်ခဲ့သလိုမျိုးလေ၊ ဒီနေ့တော့ စောစောရောက်လာသားပဲ”
ချန်ကောကတော့ ဒီစိန်ခေါ်မှုကို လျစ်လျူရှုထားတယ်။ သူက လူကြီးလူကောင်းဆန်ဆန် အရှိန်အဝါကို ထိန်းထားပြီး ခပ်တိုးတိုးဖြေတယ်။
“အဇဋာဧကရာဇ်ချူရွှမ်က ဟယ်ချွမ်တိုက်ကြီးနာမည်နဲ့ ဖိတ်ကြားမှတော့ ဖုန့်ချန်တိုက်က ဘယ်လိုလုပ် မလာဘဲနေရမှာလဲဗျာ”
“အိုး မင်းကြည့်ရတာ အရမ်းကို ယုံကြည်ချက်ရှိနေပုံပဲ” ချူရွှမ်က သူ့ကို အထင်သေးမှုနဲ့ကြည့်ပြီး စိတ်မပါလက်မပါဆက်ပြောတယ်။
“အဲလိုဆိုမှတော့ ဖုန့်ချန်တိုက်က တိုက်ခိုက်ရေးသမားတွေ ဘယ်လောက်အရည်အချင်းရှိလဲ ကြည့်ကျတာပေါ့”
သူ စကားပြောပြီးသွားတဲ့နောက် လက်ကိုယမ်းပြီး အမတသုံးယောက်က သူ့နောက်ကနေထွက်လာကာ စင်မြင့်ပေါ်ဆင်းသက်လာတယ်။ သုံးယောက်လုံးက မဟူရာအမတတွေ။
“တစ်ယောက်ချင်းစီပြိုင်နေတာ အလုပ်ရှုပ်လွန်းပါတယ်၊ ကျင့်ကြံဆင့်တူတဲ့လူတိုင်းကို ပြိုင်ခိုင်းလိုက်ရင်ရော” ချူရွှမ်က အကြံပြုလာတယ်။
ချန်ကောက မငြင်း။ ဒီပြိုင်ပွဲမှာပါတဲ့ မဟူရာအမတသုံးယောက်ကို ခေါင်းညိတ်ပြလိုက်တော့ စင်အလယ်ဆီ တက်သွားကြတယ်။
ကူယွဲ့ စင်မြင့်ပေါ်ကလူခြောက်ယောက်ကို လှမ်းကြည့်လိုက်တယ်။ သူ တစ်ခဏစဉ်းစားနေပြီးတဲ့နောက် ချူရွှမ်က ဘာလို့ အမတသုံးယောက်အားလုံးကို တစ်ခါတည်းတိုက်ခိုက်စေချင်လဲ နားလည်သွားပြီ။ ဟယ်ချွမ်တိုက်ကြီးက မဟူရာအမတသုံးယောက်က ဖုန့်ချန်က အမတတွေလောက် အရည်အချင်းရှိတဲ့ပုံ မပေါ်ပေမဲ့ တိုက်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်နေကျဆိုတာ သိသာတယ်။ ဖုန့်ချန်က မဟူရာအမတတွေကတော့ မတူညီတဲ့တိုင်းပြည်က ရွေးခံထားရသူတွေ။ အတူတူမတိုက်ခိုက်ဖူးတာ ဖြစ်နိုင်ခြေရှိတယ်။ သူတို့ရဲ့ အသင်းစိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက သိသိသာသာချို့ယွင်းနေလေရဲ့။
တကယ်ပဲ တခဏအတွင်း မဟူရာအမတသုံးယောက်က အလဲလဲအပြိုပြိုဖြစ်ကုန်တယ်။ သူတို့တွေ ရှက်စရာကောင်းစွာ ရှုံးနိမ့်သွားတယ်လို့တောင် ပြောလို့ရတယ်။ သုံးယောက်သားက စင်ပေါ်ကနေ ကန်ထုတ်ခံလိုက်ရတယ်။ ရုတ်တရက် တိုင်းပြည်အသီးသီးက ဧကရာဇ်တွေရဲ့အမူအရာတွေ ပြောင်းလဲသွားတာပေါ့။
ဆန်းကြယ်အမတအုပ်စုပြိုင်ပွဲလည်း အတူတူပဲ။ ဒီတစ်ကြိမ်တော့ ပိုပြီးတောင် မြန်မြန်အဆုံးသတ်သွားလေရဲ့။ မဟူရာအမတတွေက တစ်နာရီလောက် ထိန်းနိုင်ခဲ့ပေမဲ့ ဆန်းကြယ်အမတတွေတော့ မိနစ်ပိုင်းနဲ့တင်ရှုံးသွားခဲ့တာ။
ချူရွှမ်က ခု လုံးဝကို ပျော်နေတာပေါ့။ သူ ဒီရလဒ်ကို ထင်ထားပြီးသား။ ချန်ကောရဲ့ရှက်နေတဲ့ အမူအရာကို မြင်ရဖို့ပဲစောင့်နေတာ။ အဲဒါက… ရွှေအမတတွေအလှည့် ရောက်မလာခင်ထိပေါ့။
သော့ချက်က ပူးပေါင်းဆောင်ရွက်မှုဆိုရင် ဝူတိဂိုဏ်းက အမတတွေ ဘယ်သူ့ကိုမှ မရှုံးတာ သေချာပေါက် အသိသာကြီး။ သူတို့က အစတည်းက အတူတူလေ့ကျင့်ခဲ့တာ။ သူတို့ထဲက စွမ်းအားအကြီးဆုံးစစ်ယွီဆို အသွင်ပြောင်းဖို့တောင်မလို။ သူတို့က တစ်ဖက်ကတပည့်သုံးယောက်ကို ကူကယ်ရာမဲ့အောင် ဖိအားပေးဖို့ ယွီဟုန်နဲ့တခြားတပည့်ကိုပဲ အားကိုးထားတယ်။ ဆယ်မိနစ်လောက်မှာတင် တစ်ဖက်ကလူတွေ စင်ပေါ်ကနေ ပစ်ပေါက်ခံလိုက်ရတယ်။ သူတို့တွေက… အရင်ကရှုံးနိမ့်သွားခဲ့တဲ့ အမတတွေထက်တောင် ပိုပြီးသနားဖို့ကောင်းနေလေရဲ့ ။
“ခန္ဓာကျင့်ကြံသူတွေပဲ” ချူရွှမ် ဒီရလဒ်ကို မထင်ထားခဲ့ဘူး။ သူက အုပ်စုတိုင်းကို နိုင်မယ်လို့ အပြည့်အဝယုံကြည်နေခဲ့ပေမဲ့ သူ့တွက်ချက်မှုကနေ ဒါဖြစ်နိုင်ခြေကို ချန်လှပ်ထားမိသွားခဲ့တာ။ ဟယ်ချွမ်တိုက်ကလူတွေ ဘယ်လိုတုံ့ပြန်ရမလဲ မသိကြတော့ဘူး။
ဒါသောက်ကျိုးနည်းမတရားတာပဲ။ ဒီခန္ဓာကျင့်ကြံသူတွေ တကယ်ပဲ ဘယ်နေရာကနေ ရောက်လာတာလဲ။ သူတို့တွေက မိန်းကလေးကျင့်ကြံသူတွေ။ ဘယ်လိုလုပ် ခန္ဓာကျင့်ကြံသူဖြစ်လာဖို့ ဆုံးဖြတ်ချက်ကို ချနိုင်ရတာလဲ။
ဖုန့်ချန်တိုက်က လူအုပ်ကတော့ ခန္ဓာကျင့်ကြံသူတွေကိုမြင်တဲ့ ကနဦးထိတ်လန့်မှုကို ကျော်လွှားပြီးပြီမို့ ဒီတစ်ကြိမ်တော့ ဘာထိတ်လန့်မှုမှမပြကြ။ အဲအစား ရင်ထဲကနေ ကြိတ်ပြီး အောင်ပွဲခံနေကြတယ်။ သူတို့တွေ အမှမအတာ။ မဟူရာအမတတွေရဲ့ အလှည့်အပြီးမှာ ပြိုင်ဘက်က သူတို့တွက်ချက်မှုကို လုပ်ပြီးထားတာ အသိသာကြီး။ အစက အမတတွေကို အုပ်စုလိုက်ပြိုင်ခွင့်ပေးဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲစည်းကမ်းကမ်းကိုပြောင်းဖို့ ရှက်ကြရုံပဲ။ ကျေးဇူးတင်စရာကောင်းတာက ဝူတိဂိုဏ်းက အုပ်စုက ပြောင်းနိုင်… ခဏ သူတို့က ခန္ဓာကျင့်ကြံသူတွေ။ တကယ်လို့ ဝူတိဂိုဏ်းသာ နောက်တစ်ပွဲနိုင်ရင် သူတို့ သရေတော့ကျမှာပဲ။
နောက်ဆုံးမှာတော့ မြေအမတအဖွဲ့အတွက် အချိန်ကျလာပြီ။
“ဆရာ ကျွန်မ…” သွေးပျက်မှုကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ဟွေ့လင် နောက်ဆုံးတော့ အကြောက်တရားကို မလွန်ဆန်နိုင်တော့ဘူး။ သူမမျက်နှာပေါ်မှာ အတိုင်းသား။ အလိုလို သူမက ချန်ကောဝတ်ရုံလက်ကို ဆွဲလိုက်တယ်။
“လင်အာ” ချန်ကောက သူမလက်ကို ပုတ်ပြီး ရင်ထဲတော့လေးနေတယ်။ သူ ဟွေ့လင်ကို ပြိုင်ပွဲကနေ နုတ်ထွက်ခွင့် ပြုချင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက အဇဋာဧကရာဇ်လေ။ သူ့တပည့်က မြေအမတအုပ်စုမှာ နိုင်ထားတာ။ တိုက်ခိုက်ဖို့သာခွင့်မပြုရင် တခြားဧကရာဇ်တွေကို ဖြေနိုင်မှာ မဟုတ်ဘူး။ သူ့လေသံက ပိုနူးညံ့သွားပြီး နှစ်သိမ့်လိုက်တယ်။
“ဒီတိုင်းအကောင်းဆုံးကြိုးစား၊ ဆရာ့ကိုယုံပါ၊ မင်းအဆင်ပြေသွားလိမ့်မယ်” ဟွေ့လင်က အရင်က တခြားသူတွေနဲ့ တစ်ခါမှ အတူတူမလှုပ်ရှားဖူးဘူး။ သူမစိတ်လှုပ်ရှားနေတာပုံမှန်ပါပဲလေ။ ဒါပေမဲ့ အရင်ပွဲစဉ်အခြေအနေကို ကြည့်ပြီး သူမအဆင်ပြေမယ်လို့ ချန်ကောကတော့ ယုံကြည်ချက်ရှိတယ်။
အလိုလို သူ ဝူတိဂိုဏ်းဘက်လှည့်ကြည့်လိုက်တယ်။ အားပေးဖို့ တစ်ခုခုပြောမယ်တွေးပေမဲ့ ကူယွဲ့က သူ့တပည့်တွေကို ညွှန်ကြားချက်ပေးနေပြီး သီးသန့်ခြားအင်းကွက်ကိုတောင် ချထားသေးတယ်။
သူ့စိတ်ထဲမှာတော့ ပြိုင်ဘက်တွေကို အနိုင်ရဖို့နည်းဗျူဟာဆွေးနွေးနေရုံပဲလားသိချင်နေမိတယ်။ သူ အများကြီး စဉ်းစားမနေတော့ဘူး။ သုံးယောက်က စင်မြင့်ပေါ် တက်ခါနီးကျမှ ကူယွဲ့က အင်းကွက်ကိုဖယ်ပြီး မှာလေတယ်။
“ငါပြောတာသတိရနော်”
“ဟုတ်ကဲ့ အကြီးအကဲ” တပည့်၂ယောက်က ဂါဝရပြုပြီး စင်ပေါ်ပျံတက်လာတယ်။
ဟွေ့လင် မတ်မတ်ရပ်ပြီး အံကြိတ်ကာ နောက်ကနေ လိုက်သွားခဲ့တယ်။
သူမဆင်းသက်သက်ချင်း ဟွေ့လင်က အမတလက်နက်ဖြစ်တဲ့ စာရွက်နီယပ်တောင်တစ်ခုကို ထုတ်လိုက်တယ်။ သူမက ညင်ညင်သာသာလေး တစ်ချက် ယပ်ခပ်လိုက်တာနဲ့တင် ကောင်းကင်စီ အလင်းတန်းနီကြီးတွေ ပျံတက်သွားပြီး သူတို့ပြိုင်ဘက်တွေဆီ ဦးတည်သွားခဲ့တယ်။ ဒါက နောက်ထပ်ထိပ်တန်းအဆင့် အမတလက်နက်ဖြစ်တဲ့ မီးတောက်နှိမ်နင်းယပ်တောင်ပဲ။
ကူယွဲ့ အကြည့်ငုံ့သွားတယ်။ သူမက တကယ်ကို အဇဋာဧကရာဇ်ရဲ့တပည့်ပဲ – လက်နက်အကောင်းစားတွေ အပြည့်။
ပြိုင်ဘက်သုံးယောက်လည်း သူမက ဒီလို ရှိန်စရာလက်နက် ကိုင်ဆောင်ထားမယ်မထင်ခဲ့ဘူး။ သူတို့က အမြန်ဆုတ်သွားပြီး မီးတောက်နီတန်းတွေကို ရှောင်လိုက်ပေမဲ့ မှန်တော့မှန်သွားသေးတယ်။ သူတို့ရဲ့ဝတ်ရုံတစ်ခုဆို ဆိုးဆိုးရွားရွား မီးဟပ်သွားပြီး တစ်ဝက်ပဲကျန်ခဲ့တယ်။ မီးတောက်နှိမ်နင်းယပ်တောင်ဆိုတာက ပုံမှန်မဟုတ်တဲ့ မီးတောက်ကို ထုတ်ပေးတဲ့ အမတလက်နက်ပဲ။ သာမန်ရေသိုင်းတွေက မီးတောက်တွေကို နှိမ်နင်းနိုင်မှာမဟုတ်ဘူး။ ပြိုင်ဘက်တွေက ပိုပြီးအာရုံစိုက်လာကြပေမဲ့ ပြန်ဆုတ်ဖို့ကလွဲနည်းမရှိ။
ဟွေ့လင် ယုံကြည်ချက်ရရှိလာခဲ့တယ်။ သူမစောနက ခံစားခဲ့ရတဲ့ သွေးပျက်မှုက တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီ။ သူမက တခြားလက်တစ်ဖက်ကိုမြှောက်လိုက်တော့ ခေါင်းလောင်းသံမြည်လာတယ်။ သူမ နောက်ထပ်အမတလက်နက်ထုတ်လာတာပဲ။ ရွှေလက်ကြပ်တစ်ခုပဲ။ ဟွေ့လင် ဆွဲထုတ်ထုတ်လိုက်ချင်း သန်းနဲ့ချီ အဆရေတိုးသွားပြီး ကောင်းကင်နဲ့မြေကြီးကို ဖုံးလွှမ်းသွားပုံပဲ။ ရွှေလက်ကြပ်နံရံက ပြိုင်ဘက်တွေဆီ ဦးတည်လာတယ်။ မီးတောက်တွေကို ရှောင်ဖို့တင် အလုပ်များနေတဲ့ပြိုင်ဘက်တွေက ရွှေလက်ကြပ်နံရံကနေပါ ထပ်ပြီးပုန်းနေရပြီ။
ဟွေ့လင်က မဲ့ပြုံးပြုံးလိုက်တယ်။ သူမ စောနက အတွေးလွန်ခဲ့မိတာပဲ။ ပြိုင်ဘက်တွေက အဇဋာဧကရာဇ်ချူရွှမ် ပို့လိုက်တဲ့လူတွေဆိုပေမဲ့ သာမန်ကျင့်ကြံသူတွေထက် မပိုဘူး။ သူတို့က ဝူတိဂိုဏ်းက ခန္ဓာကျင့်ကြံသူတွေမှ မဟုတ်တာ။ သူတို့ သူ့ကို မကူညီရင်တောင် ပြိုင်ဘက်တွေက သူမပြိုင်ဘက် မဟုတ်ဘူး။ သူမ ဒါကိုစဉ်းစားရင်း ဂိုဏ်းချုပ်ရှန်းအပေါ် အမုန်းတရားက ပိုတိုးလာတယ်။ သူမကြောင့်သာ မဟုတ်ရင် ဟွေ့လင် အဲလည်ဆွဲကို ဆုံးရှုံးလိုက်ရမှာမဟုတ်ဘူး။
သူမ လှည့်ပြီး အတူစင်ပေါ်တက်လာတဲ့တခြားတပည့်နှစ်ယောက်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ အဲတော့မှ နားလည်လိုက်တာက နှစ်ယောက်သားက တခြားဖက်မှာ။ တစ်ယောက်စီက အမတဓားကိုကိုင်ထားပြီး ပြိုင်ဘက်တွေထုတ်လွှတ်နေတဲ့ မှော်အတတ်တွေကို တားဆီးဖို့ ကြိုးစားနေတယ်။ ဟွေ့လင် နှာမှုတ်မိလိုက်တယ်။ ခန္ဓာကျင့်ကြံသူဆိုတော့ရော ဘာဖြစ်လဲ။ သူတို့က ဂိုဏ်းသေးလေးတစ်ခုကပဲ။ သူတို့ ဘယ်လောက်ပဲသန်မာပါစေ ကောင်းကင်အလွန်မှကောင်းကင်များဆီက အမတတွေနဲ့တော့ ဘယ်တော့မှယှဉ်နိုင်မှာမဟုတ်ဘူး။ သူမတစ်ယောက်တည်း သူတို့ကို ဒီပွဲအနိုင်ရအောင် ကူညီနိုင်တယ်။
ရုတ်တရက် သူမတိုက်ခိုက်မှုတွေက ပိုပြီးကြမ်းတမ်းလာတော့တယ်။ စင်မြင့်တစ်ခုလုံး သွေဖည်မီးတောက်နီတွေနဲ့ ပြည့်နေပြီ။ ဝူတိဂိုဏ်းက တပည့်၂ယောက်တောင် ထောင့်ကို ဆုတ်သွားရတယ်။ တခြားပြိုင်ဘက်သုံးယောက်လည်း စင်မြင့်ပေါ် ရပ်စရာနေရာမရှိတော့တာမို့ ရွှေကွင်းခွေနံရံကြီးနဲ့ တိုက်ခိုက်ရင်း လေထဲပျံတက်လာရတော့တယ်။
…