အခန်း ၁၇၆ ။ ဝတုတ်ပြီးအသားများ
“မင်းတို့ဘယ်သွားတာလဲ” ကူယွဲ့ လူပုံအသွင်ယူတာရှားတဲ့ မုန်လာဥဖြူကိုကြည့်လိုက်တယ်။
“ငါတို့ အနားက အမတနန်းတော်ဆီသွားပြီး အဲမှာတစ်ပတ်လောက် လျှောက်ခဲ့တာ”
လန်ဟွားက မုန်လာဥဖြူ ဘာမှမပြောနိုင်ခင် ဖြေလာတယ်။
“ဒီနေ့ပြန်လာတာစောတာပဲ၊ ပြိုင်ပွဲပြီးပြီလား”
ကူယွဲ့ သူတို့နှစ်ယောက်ကို သံသယနဲ့ကြည့်လိုက်တယ်။ သူတို့ ကောင်းကင်အလွန်မှ ကောင်းကင်များဆီရောက်တာ ရက်နည်းနည်းရှိနေပြီ။ အစကတော့ လန်ဟွားက အရမ်းကို သတိကြီးတာ။ ဘယ်သူမှ သူ့နတ်ဆိုးအသွင်ကို အာရုံမခံနိုင်တာ နားလည်ချိန်မှာတော့ လုံးဝကို လွတ်လပ်သွားတယ်။ သူက တပည့်တွေ သွားပြိုင်တိုင်း ကျန်ခဲ့တဲ့ကလေးတွေနဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ဖို့ အခွင့်အရေးယူတယ်။ သူတို့ လျှောက်စူးစမ်းလေ့လာဖို့သွားရင်းနဲ့ ဆက်ဆံရေးက ကောင်းသထက်ကောင်းလာတာပဲ။
“အော်ဟုတ်သား မမလေး” မုန်လာဥဖြူက တစ်ခုခုကို သတိရသွားတဲ့ပုံ။ သူက သိုလှောင်အိတ်ကို ထုတ်ပြီး တလေးတစား ကမ်းပေးလာတယ်။
“မမလေးအတွက် ယူလာပေးတာ”
အုပ်စု ။ ။ “…” နင်တို့သောက်ကျိုးနည်း လေ့လာရေးခရီးထွက်သွားကြတာလား။
ရှန်းရင်ကတော့ ဒီဟင်းသီးဟင်းရွက်ကို မ,lတာ အသိသာကြီး။ သူမက အိတ်ကိုမယူဘဲ ကူယွဲ့ကယူလိုက်တယ်။
“ဒါဘာလဲ”
“အသားလေ” မုန်လာဥဖြူက ဂုဏ်ယူဝင့်ကြွားစွာ ဖြေလာတယ်။
“ဖမ်းဖို့အချိန်အကြာကြီးယူခဲ့ရတာ”
ကူယွဲ့က အိတ်ကိုယူပြီး အထဲလက်လှမ်းလိုက်တယ်။
“ဘာအသား…” သူစကားမဆုံးခင် အိတ်ထဲကနေ ညည်းသံကြားလိုက်ရတယ်။ လေတစ်ချက်တိုက်သွားပြီး အဖြူအမည်းအရာတစ်ခုက သူ့မျက်နှာကိုလာမှန်တယ်။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ဒါ…။
ဒါ သောက်ကျိုးနည်းအသားမှမဟုတ်တာ ဒါအမတခိုဆိုတာ အသိသာကြီး ဒါ စာပို့ခိုအမျိုးအစားဟ… ဒါနဲ့ သူ့လက်သည်းမှာ ဆက်သွယ်ရေးအဆောင်လား။
သူ့ရင်ထိတ်သွားပြီး မကောင်းတဲ့ခံစားချက်က ရင်ထဲမြင့်တက်လာတယ်။ သူ့မျက်နှာကို တဖြတ်ဖြတ် ရိုက်နေတဲ့ တောင်ပံကို တင်းတင်းဆုပ်ကိုင်ပြီး သိုလှောင်အိတ်ကို နောက်ထပ်တစ်ကြိမ်ဖွင့်လိုက်တယ်။ အမတခိုတွေ အိတ်ထဲကနေ တစ်ကောင်ပြီးတစ်ကောင်ထွက်လာပြီး တစ်ကောင်ချင်းစီက ဝတုတ်သလို အသားထူလေရဲ့။
“…”
မင်းတို့တွေ ကောင်းကင်အလွန်မှကောင်းကင်များဆီက အမတခိုတွေအားလုံးကို ဖမ်းခဲ့တာလား။
ကူယွဲ့က ပင့်သက်ချလိုက်ပြီး မုန်လာဥဖြူကို အရှင်သက်သက်ပြုတ်ချင်စိတ်ကို ထိန်းနေရတယ်။ တစ်ခဏအတွင်း သူတို့အမတခိုတွေကို လိုက်ရှာနေတဲ့ အမတစာပို့သမားတွေအားလုံးကို မြင်လိုက်ရသလိုပဲ။
“ဒါတွေက… မင်းယူလာတဲ့… လက်ဆောင်လား”
ကူယွဲ့ အံကြိတ်လိုက်တယ်…။
“ဟုတ်တယ်လေ” မုန်လာဥဖြူက တခြားသူတွေရဲ့ အလုပ်ပစ္စည်းတွေကို ဖမ်းလာလို့ အပြစ်ရှိတဲ့ပုံမပြ။ အဲအစား ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြောလာသေး။
“တမင် ဝတဲ့အကောင်တွေကိုဖမ်းလာတာ၊ မမလေး ကြည့်ပါဦး… ဒီတစ်ကောင်ဆို မုန်လာဥထက်တောင် ဝသေးတယ်” သေချာပေါက် အရသာရှိမှာ
မုန်လာဥဖြူက စကားပြောရင်း အသက်ဘေးအတွက်ရုန်းကန်နေတဲ့ အမတခိုတစ်ကောင်ကို ကောက်ယူလိုက်တယ်။
ကူယွဲ့ နှုတ်ခမ်းတွေ စေ့သွားပြီး မုန်လာဥဖြူရဲ့ တွဲဖက်တရားခံကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
လန်ဟွားက လက်နှစ်ဖက်လုံးမြှောက်ပြီး ပြောလိုက်တယ်။
“ဒါက ငါနဲ့ဘာမှမဆိုင်ဘူး – သူက ဖမ်းမယ်ဆိုပြီး အတင်းပြောနေတာ” လန်ဟွားလည်း ဘာမှမလုပ်နိုင်ဘူး။
ဒီမေ-ိုးတွေကတော့
ကူယွဲ့ခေါင်းထဲ တစ်စုံတရာက ပြတ်ထွက်သွားတယ်။ သူ ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ သူ မုန်လာဥဖြူကို ဆွဲယူပြီး ခြေလှမ်းကျဲကြီးတွေနဲ့လှမ်းကာ ခြံဝန်းထဲက ပန်းအိုးကြီးထဲ ထိုးထည့်လိုက်တယ်။
“ခင်ဗျားဘာတွေလုပ်နေတာလဲ၊ လွှတ်ပေးစမ်း” မုန်လာဥဖြူ ဘာမှထပ်မပြောနိုင်ခင် ကူယွဲ့ မြေကြီးတစ်ပုံ ယူပြီး မုန်လာဥဖြူခေါင်းပေါ်ကို တင်လိုက်တယ်။ မုန်လာဥဖြူက ရုန်းကန်ပြီး အော်ဟစ်နေလေရဲ့။
“ရုပ်ဆိုးတဲ့ကောင်ကြီး၊ ငါ့သန်စင်တဲ့ကိုယ်ကို ညစ်ညမ်းအောင်လုပ်ဖို့ကြိုးစားနေတာ ရပ်လိုက်စမ်း ခဏ ငါပုံစံ ပြန်မပြောင်းချင်ဘူး ငါ အပြင်ထွက်ပြီး လှပတဲ့မမလေးနဲ့ တွေ့ချင်တယ်၊ ဘာလို့ ခင်ဗျား… ကျီကျီကျီ” မုန်လာဥစကားမဆုံးခင် ကူယွဲ့က သူ့ကိုမုန်လာဥဖြူပြန်ပြောင်းအောင် စည်းတစ်ခု ဖန်တီးလိုက်တယ်။
နောက်တော့ မုန်လာဥဖြူပေါ် နောက်ထပ် လက်သုံးဆုပ်စာမြေကြီးတွေ ထပ်ပုံပြီး တင်းမာနေအောင် မြေဆီလွှာပေါ်ပါ တက်နင်းလိုက်တယ်။ အဲတော့မှပဲ သူစိတ်ငြိမ်သွားတော့တယ်။
ငါ-ိုး၊ တစ်ယောက်ပြီးတစ်ယောက်… သူတို့ သူ့ကို ပြဿနာဖန်တီးနေတာပဲ
“ရှန်းရင် အဲအမတခိုကို လွှတ်လိုက်စမ်း၊ ဒါက သူများဟာ၊ ဝတုတ်နေရင်တောင် စားလို့မရဘူး” ကူယွဲ့ ပြန်လှည့်ကြည့်ပြီး ခေါ်လိုက်တယ်။
“ယွီဟုန် တပည့်တချို့ ခေါ်လာပြီး ဒီအမတခိုတွေအားလုံးကို ကူလွှတ်ပေးဦး၊ ဒဏ်ရာရနေတာတွေကိုတော့ ကူပြီးကုသပေး၊ ပြီးတော့.. ရှန်းရင် မင်းနောက်မှာဝှက်ထားတာတွေကို လွှတ်လိုက်စမ်း”
“မဝှက်ထားပါဘူး”
“ဘာကိုမဝှက်တာ – ငါ သူတို့တောင်ပံတွေကို မြင်နေရတာကို၊ ငါကန်းနေတယ်များ ထင်နေလား”
ရှန်းရင်က စုတ်သပ်တယ်။
“ခဏ ယိချင်း မင်းဘာလုပ်နေတာလဲ၊ ဒီခိုတွေအတွက် ဝိညာဉ်သားရဲအသားနဲ့လဲလို့မရဘူးနော် – ဒါဈေးလို့များထင်နေလား”
“…”
“နောက်တစ်ကောင် ထပ်ပြီးဝှက်ရဲဝှက်ကြည့် – ငါ မင်းတို့အသုံးစရိတ်ကို လျှော့ပစ်မယ်ဆိုတာ ယုံထားလိုက်”
——————
တစ်နာရီအကြာမှာ…
“ချူရွှမ်လား” လန်ဟွားက ရပ်သွားပြီး မျက်မှောင်ကြုတ်ကာ အတော်ကြာစဉ်းစားနေတယ်။
“ဘယ်သူလဲ”
“မင်း သူ့ကိုမသိဘူးပေါ့” ကူယွဲ့ အံ့ဩတကြီးရေရွတ်မိလိုက်တယ်။ အဲဒါမဖြစ်နိုင်ဘူးမလား။
“ငါ သူ့ကိုမသိဘူး” လန်ဟွား ခေါင်းယမ်းပြလိုက်တယ်။
“အဲဆို သူကဘာလို့… မင်းအတွက် အရမ်းကိုရပ်တည်ပေးချင်နေတဲ့ပုံပေါက်တာလဲ”
မြင်ရတာ လန်ဟွားအတွက် ချန်ကောကို ပြဿနာဆက်ရှာနေသလိုပုံစံလေ။
“ငါဘယ်လိုလုပ်သိမလဲ” လန်ဟွား ခေါင်းယမ်းပြီး အမတခိုတစ်ကောင်တောင် မရလိုက်လို့ စိတ်ဆိုးနေတဲ့ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။ သူ မနေနိုင်ဘဲ အမတအသီးတချို့ ထုတ်ပေးမိပြီး သူမရှေ့တင် ပေးမိသွားတယ်။
“ငါက အဇဋာဧကရာဇ်ဆယ်ယောက်လုံးနဲ့ ပြဿနာတက်ခဲ့တာ၊ တကယ်လို့ သူတို့ထဲက ဘယ်သူမှ အစားထိုးမခံရသရွေ့တော့… ငါ့ကို နတ်ဆိုးဖြစ်ချိန် တိုက်ခိုက်ခဲ့တဲ့လူတွေထဲကပဲနေမှာ”
ထူးဆန်းလိုက်တာ။ ချူရွှမ်ကြည့်ရတာ ဟန်လုပ်နေတဲ့ပုံလည်းမတူဘူး။ ကြားထဲဘာတွေဖြစ်ခဲ့တာလဲ။
ကြည့်ရတာ သူတို့ မနက်ဖြန် ရွှီးမီပြိုင်ကွင်းက ပြိုင်ပွဲကိုသွားကြည့်မှပဲ အမှန်သိမဲ့ပုံ။
ပြီးတော့ ဟွေ့လင်က ရွှမ်ထုံ့အစား ဇာတ်လိုက်မင်းသမီးဖြစ်သွားပြီလား ကြည့်ဖို့လည်းကျန်သေးတယ်။
***
ရွှီးမီပြိုင်ကွင်းက ကောင်းကင်အလွန်မှကောင်းကင်များမှာ စွန့်ပစ်ခံရှေးဟောင်းနေရာတစ်ခု။ ရှေးခေတ်တုန်းက အမတဘုံတစ်ခုလုံးမှာ အဇဋာဧကရာဇ်တစ်ယောက်ပဲရှိခဲ့တယ်တဲ့။ သူက ပင်လယ်ကြီးလေးစင်း တိုက်ကြီး၆ခုကို စီမံခဲ့ပြီး ရွှီးမီပြိုင်ကွင်းက ဒီအဇဋာဧကရာဇ်ရဲ့ တစ်ခုတည်းသော ကောင်းကင်နန်းတော်တဲ့။
အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်နန်းတော်က အရင်ဂုဏ်ကျက်သရေပျောက်ဆုံးသွားပြီး အခုတော့ စွန့်ပစ်ဘုရားကျောင်းကြီးပဲ ဖြစ်နေခဲ့တယ်။
ဒီပြိုင်ပွဲက အဆင့်တစ်ခုချင်းစီကထိပ်သီးသုံးယောက်ကိုဆုံးဖြတ်ဖို့ပဲဆိုပေမဲ့ အဓိကကတော့ တိုက်ကြီး၂ခုကြားက ပြိုင်ပွဲပေါ့။ ယှဉ်ပြိုင်ဖို့ တပည့်တွေ ခေါ်လာတဲ့ ဧကရာဇ်တွေကလွဲရင် ထူးဆန်းတဲ့အမတတချို့လည်း ပြိုင်ပွဲကို လာကြည့်ကြတယ်။ အရင်က ခြောက်သွေ့လူသူကင်းမဲ့တဲ့ ရွှီးမီပြိုင်ကွင်းကခုတော့ လူတွေနဲ့ပြည့်နေပြီ။
ကူယွဲ့နဲ့ လန်ဟွားလည်း ရွှီးမီပြိုင်ကွင်းက အခြေအနေကိုကြည့်ဖို့လာခဲ့တယ်။ သူတို့ လိုလိုပိုပို ဖုန်းယင်ကိုပါ ခေါ်လာလိုက်တယ်။ တပည့်တွေက လူအုပ်ကြီးထဲနေပြီး သူတို့နဲ့အတူလိုက်မလာဘူး။
ပြိုင်ပွဲထဲ ဝင်ပြိုင်တဲ့ တပည့်ငါးယောက်ကလွဲရင် တခြားသူတွေက အမတနန်းတော်မှာ အနားယူနေတယ်။ သူတို့ကလည်း အဓိကကတော့ မုန်လာဥဖြူကို ကြည့်နေတာ။
သူတို့ စောစောရောက်လာခဲ့တယ်။ ချူရွှမ်ကလည်း ပေါ်မလာသေးဘူး။ ကောင်းကင်နန်းတော်က အလယ်မှာ စွန့်ပစ်ပစ္စည်းပုံကြီးရဲ့အပေါ်မှာ လွင့်မျောနေတဲ့ စင်မြင့်တစ်ခုရှိနေတယ်။ ကျိန်းသေပေါက် ပြိုင်ပွဲကျင်းပမဲ့နေရာပဲ။
ချန်ကောက လူအုပ်ကြီးကို ခေါ်လာပြီး ညာဘက်က စင်မြင့်တစ်ခုဆီ ပျံသန်းသွားတယ်။ သူ့အမူအရာက ကြင်နာမှုသိပ်မရှိတော့ဘဲ ပိုပြီးစည်းကမ်းတင်းကြပ်နေတယ်။ သူ့ဘေးမှာတော့ ဟွေ့လင်။
သူမက သိပ်ပြီးနေကောင်းပုံမပေါ် – အရင်က မော်ကြွားနေတဲ့ အရှိန်အဝါလည်းလုံးဝပျောက်သွားပြီ။ အချိန်နဲ့အမျှ မျက်နှာထက်မှာ သွေးပျက်နေတဲ့ပုံ ပေါ်လာတယ်။ သူမက ရှန်းရင်ကို လှမ်းမကြည့်ရဲဘူး။
သူ ဘာလို့ကြောက်နေလဲ ကူယွဲ့သိတယ်။ သူမရဲ့ ရွှေလက်ညှိုးက ရှန်းရင်ဖျက်ဆီးတာ ခံလိုက်ရတာ။ ပြီးတော့ မြေအမတအုပ်စုမှာ အနိုင်ရသူ။
ဒါက တိုက်ကြီးတစ်ခုထဲက ဖော်ရွေတဲ့ပြိုင်ပွဲ မဟုတ်ဘူး။ သူမပြိုင်ဘက်က ချန်ကောကို လေးစားမှုလုံးဝပြုမှာမဟုတ်။ ဆိုလိုတာကတော့ သူမပြိုင်ဘက်က သူမကို အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာပဲ။
ကူယွဲ့ ရုတ်တရက် ကြိတ်ပျော်သွားတယ်။ တကယ်ပဲ နာမည်ကြီးချင်တော့ ပေးဆပ်ရမှာပေါ့။
ပြိုင်ပွဲအချိန်က နီးကပ်လာတယ်။ ဟွေ့လင် ပိုပိုပြီးစိတ်လှုပ်ရှားလာကာ ချန်ကောဝတ်ရုံလက်ကိုဆွဲပြီး ခပ်တိုးတိုးပြောလိုက်တယ်။
“ဆရာ၊ ကျွန်မ… ကျွန်မ… ကျွန်မနေလို့မကောင်းဘူး”
“လင်အာ ဘာဖြစ်တာလဲ” ချန်ကောက စိုးရိမ်သွားတဲ့ပုံ။
“မနေ့က ဆန်းကြယ်ဘုံမှာ ဒဏ်ရာရခဲ့တာလား”
“မဟုတ်ပါဘူးဆရာ၊ ကျွန်မစဉ်းစားနေတာကလေ…”
သူမက အသံတိုးသွားပြီး ဘေးပတ်လည်က ဘယ်သူမှ သူတို့စကားဝိုင်းကို ဂရုစိုက်ပုံမပေါ်။ သူမ ထူးထူးဆန်းဆန်းပြုမူနေတာကို သတိထားမိတဲ့ ကူယွဲ့ကလွဲပြီးပေါ့…။
ရုတ်တရက် ကူယွဲ့မျက်လုံးတွေ တောက်ပလာတယ်။
ဟွေ့လင် ပြိုင်ပွဲကနေထွက်ဖို့ အကြံမပြုနိုင်ခင် သူကစပ်ဖြဲဖြဲရယ်ပြီး စကားပြောလိုက်တယ်။
“အဇဋာဧကရာဇ်၊ ခင်ဗျားရဲ့ တပည့်က နေမကောင်းဖြစ်နေတာလား၊ ကျုပ်မှာ အမြုတေ ပြန်လည်ဖွဲ့စည်းဆေးလုံးရယ်၊ အမြုတေအစီအရင် ဖျော်ရည်နဲ့ မကောင်းမှုစင်ကြယ်အဆောင်တို့ ရှိနေတာနဲ့အတော်ပဲ…၊ သူတို့က ခုခံစားနေရတဲ့ ဘယ်လက္ခဏာကိုမဆို ဖြေရှင်းနိုင်တယ်၊ အဇဋာဧကရာဇ် နည်းနည်းလောက်စမ်းကြည့်မလား” သေချာပေါက် ပိုက်ဆံတော့ပေးရမှာပေါ့။
ဟွေ့လင် ။ ။ “…”
ချန်ကော ။ ။ “…”
…