အခန်း ၁၇၄ ။ သတ္တိအတွက်ဆု
ကူယွဲ့ ဆက်မေးမို့ပဲရှိသေး ဧကရာဇ်တွေက ဂုဏ်ပြုဖို့ထရပ်နေကြပြီ။
“သူက တကယ်ပဲ အဇဋာဧကရာဇ့်တပည့်ပဲ၊ ကျင့်ကြံဆင့်ကထူးချွန်လှတယ်”
“သူတို့ပြောသလိုပဲ ဆရာကောငခးဆိုတာက အရည်အချင်းရှိတဲ့ တပည့်တွေကို မွေးထုတ်တာပဲ၊ အဇဋာဧကရာဇ်က အရည်အချင်းကို သတိထားမိတဲ့နေရာမှာ တကယ်ကိုတော်တာပဲ၊ အဲဒါကြောင့် အထက်ဘုံဆီခေါ်လာတာပေါ့”
“အဇဋာဧကရာဇ် ကျုပ်တို့ ဒီလိုအရည်အချင်းရှိတဲ့ တပည့်တွေကို ခင်ဗျားလို ဘာလို့ရှာမရတာပါလိမ့်”
“ခင်ဗျားတို့အားလုံး ချီးကျူးလွန်းနေပါပြီ” ချန်ကောက ရယ်ရယ်မောမောနဲ့ပြောတယ်။
“ကျုပ်ရဲ့ဒီတပည့်က ကြိုးကြိုးစားစား လေ့ကျင့်တာမို့ပါ”
ဒါပေမဲ့ ချန်ကောလည်း သူ့တပည့်ကို သံသယတော့ ရှိနေမိတယ်။ တကယ်ဆို ဟွေ့လင်က ခန္ဓာကျင့်ကြံသူတွေအတွက် ပြိုင်ဘက် မဟုတ်ဘူး။ ဒီနေ့ရလဒ်က… ဒါပေမဲ့ သူ ဒီကိစ္စကို ဆက်မတွေးတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့တပည့်လေ။
တခြားအုပ်စုတွေကလည်း သူတို့ပြိုင်ပွဲပြီးသွားတယ်။ ဧကရာဇ်တွေက အပြန်အလှန်ဂုဏ်ပြုပြီးတာနဲ့ ချန်ကောက ပြိုင်ပွဲအဆုံးမှာ တရားဝင်ကြေညာတော့တယ်။ လက်ကိုယမ်းပြီး သူက စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ အောက်က စင်မြင့်လေးခုက ချက်ချင်း တစ်ခုတည်းဖြစ်သွားပြီး တဖြည်းဖြည်းမြင့်တက်လာတယ်။
စင်မြင့်ပေါ်ရပ်နေတာကတော့ ပြိုင်ပွဲဝင်အုပ်စုတွေဆီက ထိပ်သီးသုံးယောက်စီ။ စစ်ယွီက ရွှေအမြုတေအုပ်စုမှာ ပထမ။ ဖြစ်နိုင်တာက မြေအမတအုပ်စုမှာဖြစ်သွားတာကို သိလို့ထင် သူမက ပျော်တဲ့အရိပ်အယောင်တစ်ချက်မပြဘူး။ အခမ်းအနားတစ်လျှောက်လုံး ခေါင်းငုံ့ထားခဲ့တယ်။
ကူယွဲ့ရင်ထဲ ဖော်မပြနိုင်တဲ့ ဒေါသခံစားနေရတယ်။ ဒီလက်ဖက်စိမ်းမကို သဘောမကျမှုလည်း မြင့်တက်သွားပြီ။ ယိချင်းက မသေမျိုးချီနဲ့ပတ်သက်ပြီး အရမ်းသိလွယ်တယ်။ သူက စင်မြင့်ပေါ်ကလူတွေ အာရုံမခံနိုင်တာကို အာရုံခံနိုင်တယ်။ ပြီးတော့ ခုလေးတင် သူက ဟွေ့လင်ရဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာရှိကြောင်း ပြောခဲ့တာ။ ကူယွဲ့ သူ့ကိုယုံတယ်။ ဒါပေမဲ့ ဘာလဲဆိုတာပဲ အတိအကျမပြောနိုင်တာ။
ချန်ကောက ပြိုင်ပွဲဝင်တွေကိုချီးကျူးပြီးတော့ ဆုတွေစတင်ပေးအပ်တော့တယ်။ အများစုက အမတလက်နက်အဆောင်တွေနဲ့ သက်စောင့်ဆေးတွေ။ တစ်ဖွဲ့စီက ထိပ်သီးဆယ်ယောက်လုံး ဆုရကြတယ်။ အဇဋာဧကရာဇ်ဖြစ်တာမို့ ဓမ္မအသုံးအဆောင်တွေအားလုံးကို မျက်တောင်တစ်ချက်မခတ်ဘဲ အကုန်ကမ်းပေးနိုင်တာပေါ့။
ပြီးတော့ အုပ်စုတစ်ခုချင်းစီက ထိပ်သီးပြိုင်ပွဲဝင်က သူတို့နဲ့သင့်တော်တဲ့ ထိပ်တန်းအဆင့်အမတဓမ္မလက်နက် ရွေးခွင့်ရတယ်။ သူတို့ရဲ့ဆုတွေက အထူးတလည် ပြုလုပ်ထားသလိုမျိုး အရည်အသွေးကထိပ်တန်း။ ကူယွဲ့ကတော့ ဟွေ့လင်ပြိုင်ပွဲအကြောင်း စဉ်းစားနေဆဲဖြစ်ပြီး ဆုအပ်နှင်းပွဲမှာစိတ်မဝင်စားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာရှိတဲ့ ဓမ္မလက်နက်တွေအားလုံးက ရွှင်ရှူးကိုယ်တိုင်ကိုယ်ကျ လုပ်ပေးထားတာလေ။
“ဆရာ” ဆုလက်ခံယူဖို့ ဟွေ့လင်အလှည့်ရောက်လာတော့ သူမ လိုချင်တာကို ချန်ကောကို ပြောရမဲ့အစား ရှေ့တက်ပြီးမေးလာတယ်။
“ဓမ္မလက်နက်အဆောင်ကို ငြင်းလို့ရမလားဟင်”
ချန်ကောကသူမကိုပြုံးပြတယ်။ သူက သူ့တပည့်ရဲ့ တဇွတ်ထိုးအကျင့်ကို ကျင့်သားရနေပြီ။ ဒါကြောင့် ချစ်မြတ်နိုးစွာမေးလိုက်တယ်။
“အော် မလိုချင်ဘူးလား” သူ့တပည့်က ဘယ်လိုပဲဖြစ်ဖြစ် ဓမ္မလက်နက်အဆောင် ချို့တဲ့တာမှ မဟုတ်တာ။
“ကျွန်မရဲ့ ကျင့်ကြံဆင့်က အားနည်းတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ တာအိုလမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်ထားတာလေ၊ ကျွန်မရဲ့ အကန့်အသတ်ကိုစမ်းသပ်ဖို့နဲ့ လေ့ကျင့်ဖို့ ပြိုင်ပွဲထဲဝင်ခဲ့တာပါ၊ ဒါပေမဲ့ တစ်ခါမှ မတွေးမိခဲ့ဘူး…” သူမက ဝူတိဂိုဏ်းဆီလှမ်းကြည့်ပြီး နည်းနည်း ရန်လိုနေတဲ့လေသံနဲ့ ဆက်ပြောလေတယ်။
“အနိုင်ရသူ ဖြစ်လာလိမ့်မယ်လို့ပေါ့၊ ဒါကြောင့်… တိုက်ခိုက်ရေးအတွေ့အကြုံစုဆောင်းဖို့ကလွဲ တခြား ဘာမှမလိုချင်ပါဘူး”
ချန်ကော ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆိုမင်းဘာလုပ်ချင်လဲ”
“ကျွန်မ…” ဟွေ့လင်က အကြည့်လွှဲသွားပြီး ရုတ်တရက် စင်မြင့်ပေါ်ထိုင်နေတဲ့ ရှန်းရင်ကို လှမ်းကြည့်တယ်။ သူမက ကျယ်လောင်စွာ ဖြေလိုက်လေတယ်။
“ဝူတိဂိုဏ်းချုပ်နဲ့ နှစ်ယောက်တည်း တိုက်ခိုက်ဖို့ တောင်းဆိုချင်ပါတယ်”
ဘာ။
(⊙_⊙)
လူတိုင်း သူမစကားကြောင့် တိတ်ကုန်ကြတယ်။
“…”
ကျန်တဲ့လူအုပ်ကြီးလည်း ထိတ်လန့်ကုန်ပေမဲ့ ဝူတိဂိုဏ်းက လူတွေကတော့…။
“ဟားဟားဟား၊ ဟားဟားဟား…”
ရယ်သံအကျယ်ကြီးထွက်လာတယ်။ ဝူတိဂိုဏ်းဝင်တွေ မတုံ့ပြန်နိုင်ခင် ရွှင်ရှူးက ခုံကိုထုပြီး အော်ကြီးဟစ်ကျယ်ရယ်နေပြီ။ သူရယ်တာ စားပွဲပေါ် မှောက်လုနီးပါးပဲ။ မျက်လုံးအားလုံး သူ့ပေါ်ရောက်လာတယ်။
“တောင်းပန်ပါတယ်… တောင်းပန်ပါတယ် ကျုပ်မနေနိုင်လို့ပါ” ရွှင်ရှူးက မရယ်မိအောင် မနည်းထိန်းနေရတယ်။ နောက်တော့ ချန်ကောဘက်လှည့်ပြီး ပြောလိုက်တယ်။
“အဇဋာဧကရာဇ်၊ ခင်ဗျားရဲ့ ဒီတပည့်က… တကယ့်ကို… ဟားဟား” သူ တကယ်ကို မနေနိုင်တာ။ အရမ်းကို ရယ်စရာကောင်းလွန်းတယ်လေ။
ကူယွဲ့နဲ့ယိချင်းတို့လည်း ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေတယ်။ သူတို့နှစ်ယောက်လုံး ဒီအသက်အရွယ်ထိ နေလာခဲ့တာတောင် ဒီလောက် သေချင်စိတ်ပြင်းပြနေတဲ့သူ မမြင်ဖူးဘူး။ သူက တကယ်ကြီး ရှန်းရင်ကို တိုက်ခိုက်ချင်တယ်လား။ ဘယ်သူက သူ့ကို သတ္တိပေးထားတာလဲ။ လျန်ကျင့်ရူလား။
[သတ္တိဆိုတဲ့ သီချင်းကိုဆိုခဲ့တဲ့ ထိုင်ဝမ်အဆိုတော်ပါ]
သူတို့မျက်ဝန်းတွေမှာ ရှုပ်ထွေးနေတဲ့အမူအရာနဲ့ ဟွေ့လင်ကို လှမ်းကြည့်ကုန်တယ်။ ဒီလူက… စိတ်ပိုင်းဆိုင်ရာတစ်ခုခု ဖြစ်နေတာများလား။
တကယ်တော့ သူမ တောင်းဆိုရတဲ့အကြောင်းရင်းကို သူတို့နားလည်နိုင်တယ်။ ဒါတွေအားလုံးက သူမ မနေ့က နန်းတော်မှာ အရှက်ခွဲခံရတာကြောင့်မို့ပဲ။ သူမက ဂုဏ်ပြန်ရအောင် အခွင့်အရေး ယူချင်နေတာပဲ။ ခန္ဓာကျင့်ကြံသူတွေကိုအနိုင်ရတာနဲ့တင် မြေအမတရှန်းရင်ကိုပါ အနိုင်ရမယ်လို့ တွေးနေတာပေါ့။
အခုမှပဲ ကူယွဲ့တော့ ဟွေ့လင်က နည်းနည်း – ရိုးအတာလို့ တကယ်ခံစားမိတော့တယ်
သေချာပေါက် ချန်ကောက သူ့တပည့်ရဲ့ ရည်ရွယ်ချက်အစစ်ကို မြင်တာပေါ့။ သူ့အမူအရာက မှောင်မည်းသွားပြီး ဆူလိုက်တယ်။
“လင်အာ မရိုင်းပျနဲ့စမ်း ဂိုဏ်းချုပ်ရှန်းက ဂိုဏ်းတစ်ခုရဲ့ဆရာပဲ၊ ဒါကြောင့် မင်းထက်ဝါကြီးတယ်၊ ဘယ်လိုလုပ် မင်းလို ဝါငယ်တဲ့လူကို တိုက်ခိုက်နိုင်မှာလဲ”
“ဆရာ အမတဘုံက တခြားအရာအားလုံးထက် အရည်အချင်းအစစ်တွေကို အမြဲတန်ဖိုးထားခဲ့တာပါ၊ သူမက ဂိုဏ်းချုပ်ကြောင့်မို့နဲ့တင် တစ်ယောက်နဲ့တစ်ယောက် လက်ရည်ယှဉ်လို့မရတာမရှိပါဘူး”
အလျှော့ပေးဖို့ငြင်းပြီး ဟွေ့လင်က သမာသမတ်ကျတယ်ဆိုတဲ့လေသံနဲ့ ပြောလာတယ်။
“ပြီးတော့… ဒါကနှစ်ယောက်တည်း ယှဉ်ပြိုင်တာတာပဲလေ၊ ဂိုဏ်းချုပ်က အငယ်တစ်ယောက်ကို လမ်းညွှန်တယ်လို့ပဲ သတ်မှတ်လိုက်ပေါ့… ကြောက်နေတာမဟုတ်ရင်… ပြောပါတယ်”
“ပမာမခန့်နိုင်လိုက်တာ” ချန်ကောမျက်နှာက မည်းမှောင်သွားတယ်။
“ဆရာ…” ဟွေ့လင်က စိတ်ထိခိုက်နစ်နာသွားတဲ့ပုံ။ ဘာလို့ သူက အမြဲရှန်းရင်ဘက် ပါနေရတာလဲ။
ချန်ကောက စိတ်ရှုပ်လာတယ်။ သူက ဝူတိဂိုဏ်းနဲ့ သင့်မြတ်ချင်တာ။ ဒါပေမဲ့ ဟွေ့လင်ရဲ့ မှတ်ချက်တွေက သူမရဲ့ တဇွတ်ထိုးဆန်တဲ့စရိုက်အရ မထင်မှတ်ထားစရာတော့ မဟုတ်ဘူး။ သူ ဘာလုပ်ရမလဲမသိ လွန်ဆွဲနေတယ်။ ဒါပေမဲ့ ရှန်းရင်ရဲ့ တကယ့် အစွမ်းအစစ်ကိုလည်း သိချင်စိတ်က တိတ်တခိုးရှိနေတာ။
“ကျုပ်တပည့်က ခင်ဗျားတို့ကိုရိုင်းပျမိရင် တောင်းပန်ပါတယ်”
“လုံးဝမဖြစ်ပါဘူး အဇဋာဧကရာဇ်” ကူယွဲ့မျက်လုံးထဲ တောက်ပမှုတွေနဲ့။
“ခင်ဗျားတပည့်ကမှန်ပါတယ်၊ ကျင့်ကြံသူတွေကြား လက်ရည်ချင်းယှဉ်ကြတာ ပုံမှန်ပါပဲ၊ ပြီးတော့ သူက အနိုင်ရသူလေ၊ သူက အရည်အချင်းတွေတိုးတက်အောင်လုပ်ဖို့ ဆန္ဒပြင်းပြနေတာ ပျော်သင့်တယ်”
“ဒါပေမဲ့…” ချန်ကောက ကူယွဲ့ရည်ရွယ်ချက်ကို အဖြေမဖော်နိုင်ရှာဘူး။
“သူက အငယ်တစ်ယောက်ပဲလေ”
“ဟုတ်ပါတယ်… မှန်ပါတယ်” ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
“ဒါက ထိခိုက်ဒဏ်ရာရသွားနိုင်တယ်”
“ကျွန်မ မကြောက်ဘူး” ဟွေ့လင်က ရုတ်တရက် အသံမြှင့်ပြောတယ်။
“ဂိုဏ်းချုပ်ရှန်း ကျွန်မတို့စပြီးတိုက်ခိုက်ကြရအောင်၊ ဘာဒဏ်ရာပဲရရ ကျွန်မ မညည်းပါဘူး”
“အဲလိုဆိုရင်တော့… ကောင်းပြီလေ” ကူယွဲ့က သက်ပြင်းချလိုက်ပေမဲ့ မျက်လုံးတွေကတော့ ကွေးသွားတယ်။ ရှန်းရင်ဘက် လှည့်ပြီး သူပြောလိုက်တယ်။
“သွား ရှန်းရင်” ငါ့မျက်နှာထောက်စရာမလိုဘူး။ ကြိတ်သာကြိတ်.
ရှန်းရင် ။ ။ “…”
ဘာလို့ သူက သူမထက်တောင် ပျော်နေတယ်လို့ ခံစားမိနေတာပါလိမ့်။
“အဲမြေခွေးအိုကတော့” ရွှင်ရှူး မျက်ဆန်လှန်ပြီး တိတ်တိတ်လေး ဆူလိုက်တယ်။ ကူယွဲ့အစတည်းက သူမကို ပညာပေးချင်နေတာ အသိသာကြီး။ ဒါပေမဲ့ ဒီတောင်စဉ်ရေမရတွေပြောပြီး တမင်ပဲ အတင်းအကြပ် ဖိအားပေးခံရလို့ လုပ်တဲ့ပုံစံမျိုး လုပ်နေသေး။
“ဂိုဏ်းချုပ်ရှန်း ကျေးဇူးပြုပြီး” ဟွေ့လင်က သူမနောက်က စင်မြင့်ဆီလျှောက်သွားပြီး ယုံကြည်ချက်အပြည့်အဝနဲ့။
ဒီအဆင့်ရောက်တော့ ချန်ကော ဆက်ပြီးငြင်းသင့်တယ်မခံစားရတော့မို့ ထိုင်ခုံဆီ ပြန်လာခဲ့တယ်။ စင်မြင့်ပတ်လည်မှာ ထိုင်နေတဲ့ ဧကရာဇ်တွေအားလုံးက စိတ်လှုပ်ရှားနေတဲ့ပုံ။ သူတို့က ယိချင်းကို အငြိုးထားနေတာမို့ တစ်ယောက်ယောက်က အစားဝင်ခံပေးဖို့ဆန္ဒရှိနေတာကို ပျော်တာထက်တောင် ပိုသေး။ ပြီးတော့ ဒီလူက အဇဋာဧကရာဇ်ရဲ့ တပည့်။ ဒီလိုဂိုဏ်းချုပ်ကို ရွေးတာ သူတို့အပြစ်ပဲ။ လူတိုင်းက ဝူတိဂိုဏ်း အရှက်ကွဲမှာကို စောင့်နေကြတယ်။
ရွှင်ရှူးနဲ့ ဝူတိဂိုဏ်းသားတွေကလွဲ အားလုံးက… မျက်နှာပေါ် တုံးအတဲ့အမူအရာတွေနဲ့။
“ရှန်းရင် မြန်မြန်သွားလေ” ကူယွဲ့က လောပြီး သူမလက်ထဲက အသီးကို လုလိုက်တယ်။
“တော်ပြီ၊ စားတာတော်တော့၊ စင်မြင့်ပေါ်တက်”
ရှန်းရင်က နောက်ဆုံးတော့ ထရပ်ပြီး အေးအေးလူလူ စင်မြင့်ဆီ လျှောက်လာခဲ့တယ်။ ဟိုက် စိတ်ရှုပ်စရာကောင်းလိုက်တာ။
သူမစိမ်ပြေနပြေ လမ်းလျှောက်လာပြီး နောက်ဆုံးတော့ စင်လယ်ဆီ ရောက်လာခဲ့တယ်။ ပတ်ပတ်လည်က အင်းကွက်အစီအရင်တွေက လင်းထိန်ပြန်သွားပြီး ပွဲကြည့်ပရိသတ်တွေဆီကနေ ကာထားလိုက်တယ်။
ဟွေ့လင် သူမရှေ့က ပျင်းတိပျင်းရွဲလူကို ကြည့်လိုက်တယ်။ အေးစက်စက်နှာမှုတ်ပြီး သူမက ယုံကြည်ချက်ရှိရှိ ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ရှန်း ကျေးဇူးပြုပြီး ခဏနေကျအပြစ်ပြုမိရင် ခွင့်လွှတ်ပေးပါ၊ မစိုးရိမ်ပါနဲ့ ကျွန်မကိုယ်ကျွန်မ ချုပ်တည်းထားပါ့မယ်၊ ကျွန်မ ရှင့်ကို ထိခိုက်အောင်မလုပ်ပါဘူး… အရမ်းကြီးပေါ့”
သူမက သူမပြိုင်ဘက် ဒူးထောက်ပြီးအသနားခံမှာကို မြင်နိုင်သလိုမျိုး တမင်သက်သက် နောက်ဆုံးစကားလုံးတွေကို ဖိပြောလေရဲ့။
ရှန်းရင်က ပျင်းနေသေးတဲ့ပုံစံမျိုးနဲ့ ခေါင်းကို ငဲ့စောင်းထားတုန်း။ သူမအကြည့်က ဟွေ့လင်လည်ပင်းပေါ် ရောက်သွားခဲ့တယ်။
“နင်နိုင်နိုင်တာ သေချာရဲ့လား”
“သေချာပေါက်ပေါ့” ဟွေ့လင်က ပိုပြီးမော်ကြွားစွာရယ်တော့တယ်။
“ကျွန်မ ရှင့်ဂိုဏ်းရဲ့ ခန္ဓာကျင့်ကြံသူတွေကို အနိုင်ရခဲ့တယ်မဟုတ်လား”
“အော်” ရှန်းရင်က တစ်ခဏတန့်သွားတယ်။ တိစချက် ဝေဝါးသွားပြီး သူမပုံရိပ်က ရုတ်တရက် ပျောက်သွားကာ ဟွေ့လင်ရှေ့ ပေါ်လာပြန်တယ်။
“ဒီပစ္စည်းကြောင့်လား”
ဟွေ့လင် မတုံ့ပြန်နိုင်ခင် သူမရဲ့လည်ပင်းပေါ် အေးစက်စက်အရာခံစားလိုက်ရတယ်။ ဘာဖြစ်နေလဲ မသိခင်မှာတင် ရင်းနှီးတဲ့ အဖြူရောင်ဆွဲကြိုးက သူမပြိုင်ဘက်လက်ထဲရောက်နေပြီ။ သူမက ရင်ဘတ်ကို အလိုလိုစမ်းကြည့်လိုက်တော့ တကယ်ပျောက်သွားတာပဲ။
“ရှင်…” ဟွေ့လင်မျက်နှာကချက်ချင်းဖြူဖျော့သွားခဲ့တယ်။ ပြင်းထန်တဲ့ အကြောက်တရားက သူမနှလုံးသားထဲ မြင့်တက်လာခဲ့တယ်။ အဲဒါက သူမရဲ့ ဝှက်ဖဲပဲ။ ဘယ်လိုမျိုးသိသွားခဲ့တာလဲ။
“ပြန်ပေး” သူမပိုင်ပစ္စည်းကို ယူဖို့ ရှန်းရင်ဆီ တစ်ရှိန်ထိုးပြေးသွားလိုက်တယ်။
“ခဏ မင်း…” အသံတစ်သံက သူမလည်ဆွဲထဲကနေ ထွက်လာတယ်။
ဒါပေမဲ့ ရှန်းရင်က ပစ္စည်းကိုလက်ထဲ တင်းတင်းဆုပ်ကိုင်ထားတယ်။
အက်ကွဲသံအကျယ်ကြီး ပေါ်လာလေရဲ့…။
“ဟင့်အင်း” ဟွေ့လင် အော်မိလိုက်တယ်။
နောက်ကျသွားပြီ။ လည်ဆွဲက အပိုင်းပိုင်းဖြစ်သွားခဲ့ပြီ။
“မရှိတော့ဘူး” ရှန်းရင် ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
ကြောင်အနေရင်း ဟွေ့လင် ရှန်းရင်လက်သီးဆုပ်ကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ သူမ… သူမကတကယ်ပဲ…။
ဟွေ့လင် ရှန်းရင်ကို မော့ကြည့်ပြီး သူမမျက်လုံးတွေက ဒေါသနဲ့တောက်လောင်နေတယ်။
“ရှင်… ရှင် ရှင့်ကိုသတ်ပစ်မယ်”
ဟွေ့လင်က အသိစိတ် ပျောက်သွားတဲ့ပုံပဲ။ သူမရဲ့ အမတဓားကို ဆင့်ခေါ်ပြီး ရှန်းရင်ဆီ ဦးတည်တော့တယ်။
ရှန်းရင်ကတော့ မလှုပ်မယှက်။ ဟွေ့လင်ဓားက သူမကိုယ်ကို ထိုးတော့မဲ့ဆဲဆဲမှာတင် သူမက တစ်ဖက်ကို ရွှေ့လိုက်ပြီး… ပုံမှန်ကလေး ခြေထောက်ကို အပြင်ထုတ်လိုက်တယ်။
ဘုန်းခနဲအသံကျယ်ကြီး ထွက်လာတယ်။ ရှန်းရင်ဆီ ရန်လိုစွာဦးတည်လာနေတဲ့လူက ချော်လဲပြီး မြေကြီးပေါ် တိုက်ရိုက်ကျသွားလေရဲ့။ သူမမျက်နှာက မြေကြီးပေါ် ကျသွားပြီး ဖုန်မှုန့်တွေ ထကုန်တော့တယ်။
အို့… တကယ်ကိုနာမှာပဲ။
“ငါပြောရမယ် ညီမရေ…” ကိုယ်ကိုကိုင်းချပြီး ရှန်ူရင် သူမပခုံးကိုခပ်ဖွဖွပုတ်ကာ လေးလေးနက်နက် ဆူလိုက်တယ်။
“လှည့်ဖျားတာ မှားတယ်နော်”
ဟွေ့လင်မျက်နှာက ထိတ်လန့်မှုကြောင့် စိမ်းဖန့်နေတယ်။ ကြောက်လန့်စရာအတွေးတစ်ခု သူမစိတ်ထဲ ဖြတ်ပြေးသွားလေရဲ့။ သူမ သိနေတယ် သူမ ဘယ်လိုသိတာလဲ။ ဆရာတောင်မပြောနိုင်တာ သေချာပေါက်…။
“ရှင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ…” ဟွေ့လင်က အလိုလိုထရပ်ဖို့ကြိုးစားကြည့်ပေမဲ့ မရတာ သိလိုက်ရတယ်။ သူမကိုယ်ကိုဖိထားတဲ့လက်က အလေးချိန် တစ်တန်လောက်ရှိမဲ့ပုံ။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဟွေ့လင် ရှန်းရင်ကို မျက်နှာချင်းပဲဆိုင်နိုင်လေတယ်။ ဒါပေမဲ့ ရှန်းရင်အကြည့်ကြောင့် ကြောက်လန့်သွားခဲ့တယ်။ တစ်စုံတစ်ရာကြောက်လန့်စရာက သူမကို အသက်မရှူနိုင်အောင် ဖို့သတ်နေသလိုမျိုးပဲ မွန်းကြပ်လာလို့ အသက်တောင်မရှူနိုင်တော့ဘူး။ ခပ်တိုးတိုးအသံက ငရဲကနေ လွှင့်လာတဲ့အသံလိုပဲ။
“နင်သိပါတယ်၊ လိမ်တဲ့အတွက် ရိုက်ခံရမှာပေါ့”
“…”
ကြည့်ရှူသူ စင်မြင့်ပေါ်တွင်။
“ရှန်းရင် ဘာတွေဖြစ်နေတာလဲ” ကူယွဲ့ မေးလိုက်တယ်။ စင်မြင့်ပေါ် အင်းကွက်အစီအရင် ရှိနေတဲ့အတွက် အပြင်ကလူတွေက အထဲကို မကြားနိုင်ဘူး။ သူမကို ရိုက်ရမဲ့အစား ရှန်းရင်က စကားပြောနေတာလား။
“လည်ဆွဲမှာ တစ်ခုခုဖြစ်နေတာ” ယိချင်းက စိတ်ထဲကနေ ဆက်သွယ်လာတယ်။
“ဘာ”
“စောနက ပြိုင်ပွဲတစ်ပွဲပြီးတိုင်း လည်ဆွဲဆီကနေ သူမပြိုင်ဘက်တွေကို အနိုင်ရအောင် ကူညီပေးတဲ့ ထူးခြားတဲ့မသေမျိုးချီတစ်မျိုး ထုတ်ပေးလိမ့်မယ်၊ အဲမသေမျိုးချီက သူမဟာ မဟုတ်ဘူး”
“…” ကူယွဲ့ ဆွံ့အနေမိတယ်။ ဝိုး အဲတစ်ယောက်က တကယ့်ကို cheatပဲ
ရှန်းရင် သူ့လည်ဆွဲကို အစတည်းက ဖျက်ဆီးလိုက်တာ အံ့ဩစရာမရှိတော့ဘူး။ ဒါက အကြောင်းရင်းကိုး။
ဒါပေမဲ့ ဒီမသေမျိုးချီက ဘယ်သူ့ဟာလဲ။ ကူယွဲ့ အလိုလိုချန်ကောကို သံသယဝင်မိသွားပေမဲ့ အတွေးကို ပြန်ဖျက်လိုက်တယ်။ အဇဋာဧကရာဇ်တစ်ယောက်အနေနဲ့ လူအုပ်ကြီးရဲ့ မျက်စိရှေ့မှောက်မှာတော့ မျက်နှာသာမပေးနိုင်ဘူး။
လိုမှမလိုတာ။ ဧကရာဇ်တစ်ပါးအနေနဲ့ သူ့တပည့် ရှုံးသွားရင်တောင် ဘယ်သူက ဝေဖန်ရဲမှာလဲ။
ပြီးတော့ ပြိုင်ပွဲအစတည်းက ချန်ကောက ဒီမှာထိုင်နေတာ။ သူမကိုကူညီဖို့ မသေမျိုးချီကို သုံးနိုင်စရာနည်းလမ်းလုံးဝမရှိဘူး။ ကြည့်ရတာ ချီကို သိလွယ်တဲ့ ယိချင်းနဲ့ cheat ရှန်းရင်ပဲ တစ်ခုခုလွဲနေတာကို ရှာတွေ့ခဲ့တဲ့ပုံ။
ဘယ်သူက ဧကရာဇ်တွေနဲ့ အဇဋာဧကရာဇ်ရဲ့ မျက်စိရှေ့မှာတင် ဒီလိုလုပ်မှာလဲ။ ပြီးတော့ အဲလည်ဆွဲက ဘယ်လောက်တောင် ထူးခြားတာလဲ။
သူ ဒါကို စဉ်းစားနေတုန်းရှိသေး မြေကြီးက ရုတ်တရက် တုန်ခါလာပြီး အလင်းတန်းတစ်ခု ကောင်းကင်ကနေ စင်မြင့်တည့်တည့်ဆီဆင်းလာတယ်။ သူနဲ့အတူ မသေမျိုးချီနဲ့ ဓားချီ အလိမ့်လိုက်ကြီးလည်း သယ်လာလေရဲ့။
“လင်အာ” ချန်ကော ထိတ်လန့်တကြား အော်လိုက်မိတယ်။
“ဆရာ” ယိချင်းလည်း ထရပ်လိုက်တယ်။
လူနှစ်ယောက်က ချက်ချင်း စင်မြင့်ပေါ် တစ်ရှိန်ထိုးပြေးသွားပြီး အလင်းတန်း စင်မြင့်ပေါ်ဆင်းလာချိန် မိန်းကလေးတွေကို ဆွဲဖမ်း သူတို့နဲ့အတူ ပျံသန်းလာတယ်။
နောက်တော့ ဝုန်းခနဲဆိုတဲ့အသံကြီး ပေါ်လာပြီး စင်မြင့်တစ်ခုလုံး ပေါက်ကွဲသွားခဲ့တယ်။ ပတ်ပတ်လည်က အင်းကွက်တွေတောင် အရှိန်ကြောင့် ပြန့်ကျဲသွားလေရဲ့။
“လင်အာ မင်းအဆင်ပြေရဲ့လား” ချန်ကောက အခု သူ့ရင်ခွင်ထဲရောက်နေပြီဖြစ်တဲ့ ဟွေ့လင်ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ သူသာ အချိန်မီမရောက်ခဲ့ရင် သူမတော့…။
“ဆရာ…” ဟွေ့လင်မျက်နှာက သေမလိုဖြူဖျော့နေလေရဲ့။ အလိုလို သူမရှန်းရင်ကို လှမ်းကြည့်မိပြီး ချက်ချင်း အကြည့်ပြန်ရုတ်လိုက်တယ်။ တုန်ရီစွာနဲ့ သူမက ချန်ကောရင်ခွင်ထဲ ပိုကျုံ့သွားလေရဲ့။ သူမ ကြောက်တာက အလင်းတန်းကို မဟုတ်ဘူး။ ဂိုဏ်းချုပ်ရှန်းပဲ… သူမနှလုံးသား တင်းကြပ်နေခဲ့တယ်။ စိတ်အာရုံ လှည့်စားမှုသက်သက်လည်း ဖြစ်နိုင်တာပဲ။ မြေအမတတစ်ယောက်က ဒီလိုကြောက်စရာကောင်းတဲ့ အရှိန်အဝါရှိနေရတာလဲ။
“ဆရာ အဆင်ပြေရဲ့လား” ယိချင်းလည်း စိုးရိမ်တကြီးမေးလိုက်တယ်။
တရွတ်တိုက်ဆွဲခံလာရသော ရှန်းရင် ။ ။ “အာ…”
“သူက ဘယ်လိုလုပ် အဆင်မပြေဘဲနေမှာလဲ” ကူယွဲ့ မျက်ဆန် လှန်လိုက်တယ်။
“မင်းက ဘာမဟုတ်တာကိုစိုးရိမ်နေတာပဲ”
ကူယွဲ့ရဲ့ မှတ်ချက်တွေက ယိချင်းကို အသိဝင်လာစေတယ်။ စေနာက ချန်ကောက ဟွေ့လင်ဆီ ပြေးသွားတာမြင်တော့ သူ့စိတ်ထဲ ပေါ်လာတဲ့တစ်ခုတည်းသောအတွေးက ဆရာလည်း စင်ပေါ်မှာရှိနေတယ်ဆိုတာပဲ။ ဒါကြောင့် သူမ အကူအညီလိုလားတောင် မစဉ်းစားဘဲဆွဲခေါ်လာခဲ့တာ။
“ကျေးဇူးပါ” ရှန်းရင်က ရှက်သွားတဲ့ စားဖိုမှူးကို နှစ်သိမ့်ပေးလိုက်တယ်။ မြေကြီးပေါ် တလိမ့်လိမ့်တက်နေတဲ့ ဖုန်မှုန့်တွေကို လက်ညှိုးထိုးပြီး သူမက ပြောလာတယ်။
“အနည်းဆုံးတော့ နင် ငါ့ကိုဖုန်မှုန့်တွေ မရှုမိအောင် ကယ်ခဲ့ပါတယ်”
ယိချင်း ။ ။ “…” သူဘာလို့ သူမစကားတွေကြောင့် နည်းနည်းလေးတောင် နှစ်သိမ့်မှုမခံစားရတာပါလိမ့်။
“ဟားဟားဟား…” ရုတ်တရက် ယောက်ျားတစ်ယောက်အသံက အလင်းတန်းထဲကနေ ထွက်လာတယ်။
လေအဝှေ့တစ်ချက်မှာ ဝတ်ရုံပြာဝတ်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်က ကောင်းကင်ကနေ ဆင်းသက်လာတယ်။
“ချန်ကော၊ မင်း ဘာကြောင့် ငါ့ကို မင်းရဲ့ဆန်းကြယ်ဝိညာဉ်များနဲ့အမတများတွေ့ဆုံပွဲအကြောင်း အသိမပေးရတာလဲ၊ ငါလည်း ဝင်ပျော်ချင်တာပေါ့”
ချန်ကောက မျက်မှောင်ကုပ်သွားတယ်။ လက်သီးဆုပ်ပြီး သူက ကောင်းကင်ပေါ်ကလူကို မော့ကြည့်ကာအော်ခေါ်လိုက်တယ်။
“ချူရွှမ်”
လူတိုင်းက ဒီနာမည်ကိုကြားချိန် အံ့အားသင့်ကုန်ပြီး ကောင်းကင်ကလူကိုမော့ကြည့်လိုက်ကြတယ်။
“ဘယ်သူ” ဝူတိဂိုဏ်းပဲ မျက်နှာပေါ် အူကြောင်ကြောင်အကြည့်လေးတွေနဲ့။
“ဟယ်ချွမ်တိုက်ကြီးရဲ့ အဇဋာဧကရာဇ်” ရွှင်ရှူး ရှင်းပြလိုက်တယ်။ ချန်ကောဘက်လှည့်ကြည့်ပြီး သူက ချက်ချင်း စိတ်ထဲကနေ ပြောင်းဆက်သွယ်လိုက်တယ်။
“သူက လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဧကရာဇ်ချန်ကောနဲ့ တိုက်ခိုက်ခဲ့တဲ့သူပါ၊ ကိစ္စက… ဧကရာဇ်ချန်ကော ရှုံးသွားခဲ့တာပဲ”
“အော်” ကူယွဲ့နောက်ဆုံးတော့ အခြေအနေကို သဘောပေါက်သွားခဲ့ပြီ။ ချန်ကောအငယ်လေးက သူအကြီးအကျယ် ဒဏ်ရာရနေချိန် နတ်ဆိုးအစေ့ စိုက်တာခံခဲ့ရတာလို့ ပြောဖူးတာ အမှတ်ရသွားခဲ့တယ်။ ဒီတော့ ဒီလူက သူ့ကို ဒဏ်ရာရစေခဲ့သူပေါ့။
ကြည့်ရတာတော့… သူက သေချာပေါက်ကို ပြဿနာလာရှာတဲ့ပုံ။
“မင်းတို့ဖုန့်ချန်အမတတွေက ကျင့်ကြံခြင်းမှာ အတော်လေး လုံ့လရှိတာမြင်ရတယ်” ချူရွှမ်က သူ့ပတ်လည်က လူတွေကို လေ့လာနေတယ်။
“မင်း ဒီတွေ့ဆုံပွဲကျင်းပဖို့ အချိန်ရှိမှတော့ ဟယ်ချွမ်က အမတတစ်ယောက်နဲ့ လက်ရည်ချင်း ယှဉ်ရင်ရော၊ ဖုန့်ချန်အမတတွေက တကယ်ပဲ တခြားတိုက်က အမတတွေထက် ပိုသန်မာလားကြည့်ရအောင်”
“ဧကရာဇ်ချူရွှမ်၊ ဆန်းကြယ်ဝိညာဉ်များနဲ့ အမတများတွေ့ဆုံပွဲက ဖုန့်ချန်အမတတွေအတွက် ပုံမှန်လက်ရည်ချင်းယှဉ်တဲ့ လေ့ကျင့်မှုပါ၊ တခြားတိုက်ကြီးတွေက အမတတွေအပေါ် သူတို့စွမ်းရည်ကို စမ်းသပ်ဖို့မဟုတ်ပါဘူး”
“သာမန်လက်ရည်ချင်းယှဉ်တာလား” ချူရွှမ်က အေးတိအေးစက် နှာမှုတ်ပြီး စင်မြင့်ပေါ်ကလူတွေကို တစ်ချက်ကြည့်လိုက်တယ်။
“ငါမြင်ရတာတော့ ဒါတွေက ‘သာမန်အမတတွေ’ မဟုတ်ပါဘူး၊ ခန့်မှန်းပါရစေ၊ သူတို့က ယိရွှေ ဒါမှမဟုတ် ချန်းနော့တိုက်ကြီးကလား”
ချန်ကောက ပြန်မဖြေ။ တခြားတိုက်ကြီးတွေက သူတို့လူတွေကို လွှတ်လိုက်ပေမဲ့ သူတို့အားလုံးက သူ့အသိအကျွမ်းတွေ။ သူတို့ကို လွှတ်လိုက်တယ်ဆိုတာက သူ တစ်ကိုယ်တည်း ကျင့်ကြံနေတာကနေ ထွက်လာတဲ့အပေါ် ဂုဏ်ပြုတဲ့နည်းလမ်းပဲ။
“တခြားလူတွေက လာလို့ရပြီး ငါကျလာလို့မရဘူးလို့ဆိုလိုချင်တာလား”
ချူရွှမ်က နှာမှုတ်လိုက်တယ်။
“ဒါမှမဟုတ် မင်းပြောချင်တာက… သူတို့ကလည်း မင်းလို ဟယ်ချွမ်ကလူတွေကို ကြောက်တာလား”
“…” ချန်ကော အမူအရာပိုလို့တောင် မည်းမှောင်သွားခဲ့တယ်။
အောက်မှာထိုင်နေတဲ့ ဧကရာဇ်တစ်ယောက်က ဒေါသမထိန်းနိုင်ဘဲပေါက်ကွဲတော့တယ်။
“လူပါးဝလိုက်တာ ခင်ဗျားက ဟယ်ရွှမ်ရဲ့ ဧကရာဇ်ဖြစ်တော့ရော ဘာဖြစ်လဲ၊ ဖုန့်ချန်က ကျုပ်တို့က ခင်ဗျားကိုကြောက်မယ် ထင်…”
သူစကားမဆုံးခင် ချုရွှမ်က မသေမျိုးချီဖိအားကို သူ့ပေါ်လွှတ်လိုက်တဲ့အတွက် ဖိအားကြောင့် ဒူးထောက်ကျသွားလေရဲ့။
“ချူရွှမ်” ချန်ကောလည်း သူ့မသေမျိုးချီကို လွှတ်ပြီး အဲလူကိုကာကွယ်ရတော့တယ်။ သူဒေါသသံ စွက်ပြီး ပြောမိလိုက်တယ်။
“ငါမင်းကိုပြောပြီးသား… ဧကရာဇ်လန်ဟွားဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါဘာမှမပတ်သက်ဘူး၊ ဘာလို့ ငါ့ကို နှောင့်ယှက်ပြီး တခြားသူတွေအပေါ်ပါ ဒေါသပုံချနေရတာလဲ”
“ပါးစပ်ပိတ်ထား” ချူရွှမ် ဒေါသပေါက်ကွဲတော့တယ်။
“မင်း သူ့နာမည်ကို ပြောခွင့်မထိုက်တန်ဘူး” သူ့မျက်လုံးတွေက ဒေါသအမျက်တွေနဲ့ပြည့်နေတယ်။ ချန်ကောကို အချိန်မရွေးဓားနဲ့ထိုးစိုက်တော့မဲ့ပုံစံမျိုး။
လန်ဟွားလား။
ဟမ့်၊ ဒါက သူဌေးလန်နဲ့ တစ်ခုခုပတ်သက်နေတဲ့ပုံမလား။ ကူယွဲ့ မျက်လုံးမှေးပြီး စဉ်းစားနေမိတယ်။
“မင်းနဲ့ ဒီနေ့ အတိတ်ကကိစ္စတွေကို မဆွေးနွေးချင်ဘူး” ချူရွှမ်က အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထားလိုက်တယ်။
“ထိပ်သီးပြိုင်ပွဲဝင်သုံးယောက်က ဘယ်သူတွေလဲဆိုတာ မင်းဆုံးဖြတ်ပြီးပြီထင်တယ်၊ ဒီလိုဆိုရင်ရော… ငါလည်း တစ်ဆင့်ဆီက လူသုံးယောက်ကို မင်းတို့နဲ့ပြိုင်ဖို့လွှတ်လိုက်မယ်လေ”
ချန်ကောက တွေးတောရင်းမျက်မှောင်ကြုတ်လိုက်တယ်။
“ဧကရာဇ်ချူရွှမ်က အဲလောက် စိတ်အားထက်သန်နေမှတော့ ကျုပ်တို့ဖုန့်ချန်တိုက်ကလည်း လိုက်ကစားပေးရမှာပေါ့”
“ကောင်းပြီလေ ဒါဆို ငါတို့ မနက်ဖြန် နေ့လယ်ရွှီးမီပြိုင်ကွင်းမှာတွေ့တာပေါ့” သူ လက်တစ်ဖက် ယမ်းလိုက်တော့ လေပြင်းတွေတိုက်လာပြီး ပျောက်ကွယ်သွားလေတယ်။
ချန်ကောက သက်ပြင်းချပြီး လူအုပ်ကြီးကို လှည့်ကြည့်ကာ တည်ငြိမ်စွာပြောလာတယ်။
“ခင်ဗျားတို့အားလုံး ဖြစ်သွားတာမြင်မှာပဲ၊ ကြည့်ရတာ ခင်ဗျားတို့ကို ကောင်းကင်အလွန်မှ ကောင်းကင်များမှာရက်ကြာကြာနေဖို့ တောင်းဆိုရဦးမဲ့ပုံပဲ”
ဧကရာဇ်တွေက လာမဲ့တိုက်ပွဲမှာ ဖုန့်ချန်တိုက်ကြီးအတွက် အကုန်ထောက်ပံ့ပေးမယ်ဆိုပြီး တုံ့ပြန်ကြတာပေါ့။
ရှန်းရင်တို့အုပ်စုလည်းစိတ်လှုပ်ရှားနေတယ်။
စိတ်လှုပ်ရှားလွန်းလို့… သူဌေးလန်နဲ့ ချူရွှမ်တို့ရဲ့ ဇာတ်လမ်းကို သိရဖို့ ပြန်ရမှာကို မစောင့်နိုင်တော့ဘူး
…