အခန်း ၁၇၃ ။ ဗိုလ်လုပွဲဝင်ရောက်ခြင်း
“ရှင်တို့အားလုံး…” ဟွေ့လင် ဒေါသထွက်လာတယ်။ သူမဆရာရဲ့ ဂုဏ်ပုဒ်ကိုသုံးဖို့ ကြိုးစားပြီးပြီ။ ဒါပေမဲ့ ဒီလူတွေက လေးစားမှု နည်းနည်းလေးပြဖို့တောင် ဂရုမစိုက်ဘဲ အလံကို သူမဆီကလုဖို့ပဲ အာရုံစိုက်နေတယ်။ သူမစဉ်းစားလေ ဒေါသထွက်လာလေပဲ။ ဒီလူတွေက သူတို့အတွက် ဘာကောင်းလဲဆိုတာ မသိကြဘူးပဲ။ သူတို့တွေက မျိုးရိုးနာမည်ရှန်းဆိုတဲ့ သူတို့ဂိုဏ်းချုပ်လိုပဲ စိတ်တိုစရာကောင်းတယ်။
“ရှင်တို့တွေက ယဉ်ယဉ်ကျေးကျေး ညှိနှိုင်းတာ မလုပ်ချင်ဘူးပေါ့၊ ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ မြင်ချင်မိသား”
သူမကစကားပြောရင်း လက်ယမ်းလိုက်တော့ သူမလက်ထဲ အနီရောင်ဖဲကြိုးကြီးတစ်ခုပေါ်လာတယ်။ ထိပ်တန်းအဆင့်အမတလက်နက်ပဲ။ ပတ်လည်မှာ မသေမျိုးချီတွေ ပေါကြွယ်ဝနေပြီး မှော်အတတ်အကြွင်းအကျန်တွေနဲ့ ပြန့်ကျဲနေတယ်။ ဖျတ်ခနဲလင်းသွားပြီး ဖဲကြိုးနီက ဖုန်းယင်ဓားထိပ်ကို ဖမ်းဆုတ်သွားတယ်။ ဟွေ့လင်က ဆတ်ခနဲ တောက်ပစ်လိုက်တော့ သူ့လက်ထဲက အမတဓားတောင် တရွတ်ဆွဲသွားခဲ့တယ်။
“ဖုန်းယင်” ချီချန်းယွီက ထိတ်လန့်သွားတယ်။ သူမ သူ့ကိုကူဖို့ အမြန်ပျံသန်းလာတယ်။
ဟွေ့လင်က တောက်ခေါက်ပြီး အမူအရာက အထင်သေးမှုအပြည့်။
“ဖွီ ဒီလိုကျင့်ကြံဆင့်နဲ့များ ငါနဲ့တိုက်ခိုက်ချင်နေသေး…”
သူ စကားမဆုံးခင် ဘေးနားကနေ အက်ကွဲသံကြားလိုက်ရတယ်။ သူမ လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ရာက သူမဘေးကဖြတ်သွားတယ်။ နောက်အခိုက်အတန့်မှာ အက်ကွဲသံကျယ်ကြီး ထွက်လာတယ်။ သူမခြေထောက်အောက်က မြေကြီးက အက်ကွဲလာပြီး အက်ကွဲကြောင်းနက်ကြီးတွေ ပေါ်လာလေရဲ့။
ဟွေ့လင်က အမြန်နောက်ဆုတ်သွားတယ်။ အဲတော့မှပဲ သူမ သေချာမြင်ရတော့တယ်။ သူမကိုဝိုင်းထားတဲ့ ဗလတောင့်တောင့် မိန်းကလေး၈ယောက်။ မြေကြီး ဒီလိုဖြစ်သွားတာ သူတို့ထဲက တစ်ယောက် ထိုးလိုက်လို့ပဲ။ ဟွေ့လင်ဝတ်ထားတဲ့ ဝတ်ရုံရဲ့ အင်္ကျီလက်တွေတောင် ဆွဲဖြဲခံလိုက်ရလို့ အပေါ်တစ်ဝက်ပဲ ကျန်တော့တယ်။
ဟွေ့လင်ရဲ့ အမူအရာက ပြောင်းလဲသွားတယ်။ သူမကိုဝိုင်းထားတဲ့ လူတွေကို ကြောက်လန့်တကြား ကြည့်လိုက်တယ်။ သူတို့က ဘယ်လိုလုပ် ပုံစံပြောင်းသွားတာလဲ။
“ရှင်တို့အားလုံး… ရှင်တို့အားလုံး ဘာမှော်အတတ်တွေ လုပ်နေတာလဲ”
သူမဆရာပေးထားတဲ့ ထိပ်တန်းအဆင့်ဝတ်ရုံတောင် ထိုးနှက်ချက်ကို မခံနိုင်ဘူး။
“တကယ်လို့ အမတရောင်းရင်းက အလံကို မပေးဘူးဆိုရင် ကျွန်မတို့ ရှင့်ကို ဒီဘုံကနေ ထုတ်ပစ်လိုက်ရပါမယ်” မိန်းကလေးတွေက ဟွေ့လင်မေးခွန်းကို ဖြေဖို့ အာရုံမစိုက်ဘဲ ရှေ့ကို အပြေးချီတက်လာတော့တယ်။
ဟွေ့လင် သွေးပျက်စပြုလာတယ်။ သူမက သူတို့ထိုးနှက်ချက်တွေကို ရှောင်ဖို့ လေထဲပျံသွားပြီး ကိုယ်ထဲက မသေမျိုးချီကို လှည့်ပတ်လိုက်တယ်။ ဖဲကြိုးနီက ရုတ်တရက် အသက်ဝင်လာသလိုမျိုး ကြီးလာတယ်။ မိန်းကလေးတွေဆီ ပျံသန်းလာပြီး သူတို့ကိုဝိုင်းသွားခဲ့တယ်။
“သတိထားဦး အဲပိုးထည်က မိုးကြိုးတစ်ထောင်အင်းကွက်ပါတယ်” ဖုန်းယင် သတိလှမ်းပေးလိုက်တယ်။
ဒါပေမဲ့ နောက်ကျလွန်းသွားပြီ။ ဟွေ့လင်ကို တိုက်ခိုက်ဖို့လာတဲ့ မိန်းကလေးရှစ်ယောက်လုံး ဖဲကြိုးရစ်ပတ်တာခံလိုက်ရတယ်။
ဟွေ့လင်က အခြောက်တိုက်ရယ်တော့တယ်။
“ဖွီ နင်တို့အားလုံးရုပ်ဆိုး လာကြတာတောင် ညံ့နေတုန်းပဲ” သူမက လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် ထပ်လှည့်လိုက်တော့ ဖဲကြိုးအဆုံးမှာ မိုးကြိုးတစ်ထောင် အလင်းတန်းတွေ ပေါ်လာတယ်။ မိုးကြိုးတွေက မိန်းကလေးရှစ်ယောက်ဆီ ဦးတည်သွားတယ်။ သူတို့အကာအကွယ်မဲ့နေတာကိုမြင်တော့ ဟွေ့လင်က ငေါ့ရယ်တယ်။
“ငါ အလံလေးတစ်ခုလိုချင်တာတောင် နင်တို့က ကြောင်းကျိုးမဆီလျော်နေတာ၊ ငါအခု ကျန်တဲ့အလံကိုးခုကို သိမ်းထားလိုက်တော့မယ်”
သူမစကားဆုံးတော့ မိန်းကလေးတွေရဲ့ အမူအရာတွေက မည်းမှောင်သွားခဲ့တယ်။ ဒီမိန်းမရူးနေတာလား။
“အားလုံး…” ချီချန်းယွီ စိုးရိမ်တကြီး လှမ်းခေါ်လိုက်တယ်။ သူမ ပြေးလာဖို့ လုပ်ပေမဲ့ တပည့်တစ်ယောက်က လှမ်းတားတယ်။
“ဆရာတူညီမချီ၊ နင်က ခန္ဓာကျင့်ကြံသူမဟုတ်ဘူး၊ အနားမလာခဲ့နဲ့”
ချီချန်းယွီ ရပ်လိုက်တယ်။ ဟွေ့လင်က အဲတပည့်ကို ဇဝေဇဝါကြည့်နေတယ်။
ပထမတပည့် ။ ။ “ဆရာတူအစ်မ၊ ကျွန်မတို့ဘာလုပ်ကြမလဲ”
ဒုတိယ ။ ။ “ဆရာတူအစ်မဟုန်က အရင်ကပြောဖူးတယ်၊ ဂိုဏ်းချုပ်က အကြောင်းရင်းကောင်းကောင်းမရှိဘဲ မိန်းကလေးကျင့်ကြံသူတွေကို အကြမ်းပတမ်း မလုပ်သင့်ဘူးလို့ ညွှန်ကြားဖူးတယ်တဲ့”
တတိယ ။ ။ “ရွေးချယ်စရာမရှိတာ မဟုတ်သရွေ့တဲ့”
စတုတ္ထ ။ ။ “ဒါကို ရွေးချယ်စရာမရှိဘူးလို့ သတ်မှတ်လို့ရလား”
ပဉ္စမ ။ ။ “ဒါက ပြိုင်ပွဲပဲ၊ ငါတို့ရှုံးလို့မဖြစ်ဘူး၊ ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေအတွက် တိုက်ခိုက်ဖို့လိုတယ်၊ ဒါ… ထည့်တွက်လို့ရတယ်မလား”
ဆဋ္ဌမ ။ ။ “ကောင်းပြီလေ ဒါဆို…”
သတ္တမ ။ ။ “လှုပ်ရှားကြရအောင်”
အဋ္ဌမ ။ ။ “သူမကိုအဆုံးသတ်လိုက်တော့”
တပည့်ရှစ်ယောက်ကို ဝိုင်းထားတဲ့ မသေမျိုးချီက ရုတ်တရက်ပေါက်ကွဲလာတယ်။ အက်ကွဲသံတွေ အကျယ်ကြီး။ သူတို့တွေကို ပိတ်လှောင်ထားတဲ့ဖဲကြိုးနီကိုဆွဲယူပြီး အပိုင်းပိုင်းဆွဲဖြဲလိုက်တယ်။
ပွဲကြည့်စင်ပေါ်မှာတော့ သံသယအကြည့်သုံးခုက ရှန်းရင်ပေါ် ရောက်လာတယ်။
“မင်းပြောခဲ့တာပေါ့”
“ဟမ်၊ ငါ… ပြောမိခဲ့တာလား”
“…”
သလင်းကျောက်ထဲက အခြေအနေက ပိုပြီးဆိုးသွားပြီ။ ဟွေ့လင်က နဂိုက နိုင်မယ်လို့ တွက်ချက်ထားတဲ့ပုံ။ ဒါပေမဲ့ သူမရဲ့ အသုံးမဝင် ပျက်စီးသွားတဲ့ အမတလက်နက်ကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ ဒါ… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ အဲဒါက အထက်တန်းအဆင့်အမတလက်နက်ပဲ။ မြေအမတမပြောနဲ့ ရွှေအမတတွေတောင် မဖျက်ဆီးနိုင်ဘူး…။
သူမ မတုံ့ပြန်နိုင်ခင် သူမလက်မောင်းကို လာဆွဲတာခံစားလိုက်ရတယ်။ သူမနဲ့အနီးဆုံးတပည့်က ဖဲကြိုးနီတစ်ပိုင်းကို ယူပြီး ဆွဲလိုက်တာပဲ။ ဟွေ့လင် အချိန်မီဖဲကြိုးနီကို မလွှတ်မိလို့ ရှေ့ကိုလဲကျသွားခဲ့တယ်။
လက်သီးတစ်ချက်က သူမမျက်နှာဆီ တည့်တည့်ရောက်လာတယ်။ ဒါ ပထမဆုံးအကြိမ် ဟွေ့လင် အကြောက်တရားကို မြည်းကြည့်ဖူးတာပဲ။ သူမ ဖြူဖျော့သွားပြီး သွေးပျက်လာကာ အော်ဟစ်တော့တယ်။
အက်သံကြီး ပေါ်လာပြီး သူမကိုယ်က အကာအကွယ်လက်နက်က အသက်ဝင်လာတယ်။ လက်သီးက သူမမျက်နှာနဲ့ သုံးလက်မအကွာလေးမှာတင် ရပ်သွားခဲ့တယ်။ သူမ ဒီထိုးချက်ကို ကပ်သီးလေးရှောင်လိုက်နိုင်ပေမဲ့ သူမနားမှာ ပင့်ကူအိမ်ကြီးလိုမျိုးပေါ်လာတယ်။ အက်ကွဲရာတွေ – သူမနားက အင်းကွက်က ပြိုကွဲလာပြီဆိုတာကို ပြနေတဲ့ အရိပ်အယောင်။
တပည့်က သူမကို ထိုးဖို့နောက်တစ်ကြိမ်ပြင်တော့မယ်လို့ ယူဆမိလိုက်တယ်။ ဒီတစ်ကြိမ်တော့ ထိုးချက်က သူမကို တကယ် ထိတော့မှာ။ ဟွေ့လင် ပိုပြီးသွေးပျက်လာခဲ့တယ်။ သူမမျက်နှာပေါ်မှာ ဖြူစင်မှုရော၊ အထင်သေးမှုရောမရှိတော့ဘူး။ အကြောက်တရားသီးသန့်ပဲရှိတော့တယ်။ သူမက အော်ဟစ်ပြီး သွေးရူးသွေးတန်းလက်ကိုယမ်းကာ ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ သူမ သိထားသမျှ မှော်အတတ်ကိုလည်း မေ့လိုက်ပြီ။ သူမ ဘာလုပ်လုပ် သူမမျက်နှာဆီဦးတည်လာနေတဲ့ အဲလက်သီးအတွက် အသုံးဝင်မှာမဟုတ်ဘူး။
“ဟင့်အင်း… ဟင့်အင်း ကျေးဇူးပြုပြီး ကယ်ကြပါ ကယ်ကြပါဦး…”
တပည့်က သူမကိုနာကျင်အောင်လုပ်ဖို့ အစတည်းက မရည်ရွယ်ထားဘူး။ လက်ကို လမ်းကြောင်းပြောင်းလိုက်ပြီး ဟွေ့လင်ခါးက အင်းကွက်အလံဆီ လက်လှမ်းလိုက်တယ်။ ရုတ်တရက် ဟွေ့လင်ကိုယ်ကနေ အလင်းတန်းတစ်ခု ထွက်လာပြီး ကြီးသထက်ကြီးလာတယ်။
တပည့်က ထူးဆန်းတဲ့ဖိအားတစ်မျိုး ဖြတ်သန်းသွားတာခံစားမိလိုက်တယ်။ ရင်ထဲထိတ်သွားခဲ့ပြီး နောက်တော့ ဘေးကို ပစ်ပေါက်ခံလိုက်ရတယ်။ သူမနောက် ရပ်နေတဲ့တခြားတပည့်တွေပါ အလင်းတန်းကြီးက ဖြတ်သွားချိန် လဲကျကုန်တယ်။ တစ်ယောက်ပြီးတစ်ယောက် သွေးအန်ပါလေရော။
“အာ”
အသီးဝါးနေတဲ့ရှန်းရင်က ရုတ်တရက် ရပ်သွားပြီး သလင်းကျောက်ဘက်လှည့်လာတယ်။
“ဘာတွေဖြစ်နေတာလဲ” ကူယွဲ့ သလင်းကျောက်ကို မျက်နှာသေနဲ့စိုက်ကြည့်နေမိတယ်။ အဲဒီအလင်းတန်းက ဘာများလဲ။
“ထူးခြားတဲ့… မှော်အတတ်တစ်ခုခုလား” ရွှင်ရှူးခန့်မှန်းလိုက်တယ်။ အဇဋာဧကရာဇ်ရဲ့ တပည့်တွေအနေနဲ့ သူတို့ကို အန္တရာယ်ကာကွယ်ပေးနိုင်တဲ့အမတလက်နက်တွေ သယ်ထားတာ မထင်မှတ်ထားစရာတော့ မဟုတ်ဘူး။
“…” ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
ချီး အဲလောက် လက်နက်အများကြီး ယူလာခွင့်ပြုရင် မျှတတဲ့ပြိုင်ပွဲ ဖြစ်ပါဦးမလား။ သူတို့ရဲ့ နောက်ခံတွေနဲ့ပါ ပြိုင်နေတာအသိသာကြီ။ သူာ ကြိုသိခဲ့မယ်ဆို တပည့်တွေကို လက်နက်တွေ ပိုဖြန့်ဝေပေးခဲ့မှာ။
သလင်းကျောက်ထဲက အခြေအနေက နောက်တစ်ကြိမ် တစ်ဆစ်ချိုးပြောင်းသွားပြန်တယ်။ ဝူတိဂိုဏ်းတပည့်အားလုံး လဲကုန်ပြီး ဒဏ်ရာပါရကုန်တဲ့ပုံ။ အဲချိန်မှာပဲပြိုင်ပွဲက အတိအကျ ပြီးသွားခဲ့တယ်။ ယှဉ်ပြိုင်နေတဲ့တပည့်တွေအားလုံး ဆန်းကြယ်ဘုံထဲကနေ မောင်းထုတ်ခံလိုက်ရလေတယ်။
“ဆရာ…” ယိချင်း ရှန်းရင်ဘက်လှည့်လိုက်တယ်။
“အေး ငါမြင်လိုက်တယ်”
“…”
——————
ပြိုင်ပွဲကနေ့လယ်ခင်းတစ်ပိုင်းအပြီးမှာ အဆုံးသတ်သွားခဲ့တယ်။ တစ်ဖွဲ့ချင်းစီက ထိပ်သီးဆယ်ယောက်ကို မြန်မြန်ပဲ ဆုံးဖြတ်လိုက်တယ်။ ပျမ်းမျှကတော့ စိတ်တန်ခိုးအမတနဲ့ မဟူရာအမတအုပ်စုတွေမှာ ထိပ်သီးဆယ်ယောက်က တိုင်းပြည်တစ်ခုဆီက တစ်ယောက်နှစ်ယောက်။ မြေအမတနဲ့ ရွှေအမတအုပ်စုတွေအတွက်ကတော့… ကိစ္စတွေကနည်းနည်းပိုရှုပ်ထွေးတယ်။
ရွှေအမတအုပ်စုနာမည်စာရင်းက သိပ်မဆိုးဘူး။ ဝူတိဂိုဏ်းကနာမည်လေးခု – တစ်ဝက်နီးပါးပေါ့။ ဟုတ်တယ်၊ နောက်ဆုံးမိနစ်ပိုင်းမှာ ယွီဟုန်တို့တွေ နောက်ထပ်အင်းကွင်အလံတစ်ခုကို ခိုးနိုင်ခဲ့တာ။
မြေအမတအုပ်စုအတွက် ကိစ္စတွေက ပိုပြီးတစ်ဖက်စွန်းရောက်တယ်။ ဟွေ့လင်ကလွဲ ကျန်တဲ့သူတွေအားလုံးက ဝူတိဂိုဏ်းက။ လုံးဝကို အပြတ်အသတ်ပဲ။ နာမည်စာရင်း ထွက်လာချိန် ဧကရာဇ်တွေ ဘယ်လိုတုံ့ပြန်ရမလဲတောင်မသိတော့ဘူး။ ခန္ဓာကျင့်ကြံသူတွေက ဝူတိဂိုဏ်းကပဲ။ တကယ့်ကို ပုံမှန်မဟုတ်တဲ့ ဂိုဏ်းပဲ- သူတို့တပည့်တွေကပါ ကြောင်လွန်းတယ်။
ကူယွဲ့ ဒီရလဒ်အပေါ် စိတ်ပျက်မှုတချို့ ဖော်ပြလိုက်တယ်။
“အာ ငါတို့ဂိုဏ်းသားနှစ်ယောက် မအောင်မြင်ခဲ့ဘူးပဲ”
ဧကရာဇ်များ ။ ။ “…”
သူတို့က လူဆယ့်ငါးယောက်ပဲ ခေါ်လာတာကို ၁၃ယောက်က ဗိုလ်လုပွဲ ရောက်လာတယ်လေ။ ဘာထပ်လိုချင်လို့တုံး။
(#‵′)凸
ပြိုင်ပွဲအဆုံးသတ်ပြီး သိပ်မကြာခင်မှာပဲ ဗိုလ်လုပွဲစတင်တော့တယ်။ ဒါကတော့ အောက်ဘုံမှာကျင်းပတဲ့ ပြိုင်ပွဲတွေနဲ့မခြားဘူး။ အတွဲလိုက် အမတတွေက တိုက်ပွဲအတွက်ပြင်ဆင်ကြတော့တယ်။
ချန်ကောက သူ့ဘေးက အမတအရာရှိကို ညွှန်ကြားချက်တချို့ပေးပြီး သူ့ရှေ့ ကျောက်သလင်းတွေကို ထားလိုက်တယ်။ ခဏနေတော့ ဆန်းကြယ်ဘုံတွေဆီဦးတည်တဲ့ ကျောက်တံခါးတွေက ဖယ်ရှားခံလိုက်ရတယ်။ သူတို့နေရာမှာ စင်မြင့်ကြီးလေးခုပေါ်လာပြီး သီးခြားအစီအရင်တွေကို စင်မြင့်တစ်ခုစီမှာ ခင်းထားတယ်။
ဗိုလ်လုပွဲကိုလည်း အုပ်စုလိုက်ကျင်းပတာ။ ကနဦးပြိုင်ပွဲထက်စာရင် ဗိုလ်လုပွဲက ပိုရိုးရှင်းတယ်။ ထိပ်သီးအမတသုံးယောက်ကိုဆုံးဖြတ်ဖို့ အလွန်ဆုံးတိုက်ပွဲ၂ခုပဲလိုတယ်။
ကူယွဲ့ မြေအမတအုပ်စုပေါ် လုံးဝလောင်းကြေးထပ်ထားတာ။ သူကြည့်လေ ပိုပြီး အမူအရာ မှောင်မည်းလာလေပဲ။ ဟွေ့လင်က ဆန်းကြယ်ဘုံမှာ သူမအတွက် ပျာယာခတ်နေခဲ့ချိန်နဲ့ အင်မတန်ကို ကွာခြားနေတယ်။ ကျင်းပတဲ့တိုက်ပွဲ၂ခုမှာ ဝူတိဂိုဏ်းက ခန္ဓာကျင့်ကြံ့သူတပည့်တွေ တိုက်ပွဲရဲ့ နောက်ဆုံးလက်ကျန်အခိုက်အတန့်လေး ရောက်ရင် ရှုံးကုန်တယ်။
ကူယွဲ့ သူ့ဂိုဏ်းကတပည့်တွေကိုလုံးဝယုံကြည်ချက်ရှိတယ်။ မြေအမတမပြောနဲ့ရွှေအမတတွေတောင် သူတို့ပြိုင်ဘက် မဟုတ်လောက်ဘူး။ ဒ့ပေမဲ့ ဒီလိုမျိုးဖြစ်ပျက်နေတဲ့ပုံက တကယ်အံ့ဩစရာပဲ။ ဟွေ့လင်က သာမန်မြေအမတ။ သူမ တိုက်ပွဲအစမှာ အတော်လေးအားထုတ်ရတာ သိသာပေမဲ့ နောက်ဆုံးအချိန်ကျရင် အရှုံးကိုအနိုင်ဖြစ်အောင် အမြဲလှည့်ပြောင်းနိုင်ပြီး ခန္ဓာကျင့်ကြံသူကို အနိုင်ရသွားတယ်။
ပြီးတော့ သူမက အစကနေအဆုံးထိကို နိုင်နေတယ်။ ဆန်းကြယ်ဘုံမှာတုန်းက ဟွေ့လင်ရဲ့ ညံ့ဖျင်းတဲ့သိုင်းကွက်တွေကို သူတို့စိတ်ကူးယဉ်မိခဲ့သလိုမျိုးနီးပါးပဲ။
“သူက တကယ်တော့… အတော်လေး စွမ်းဆောင်ရည်ရှိတာပဲ” အစက တမင် အရည်အချင်းတွေကို ဖုံးကွယ်ထားတာလား။
“ဘာလို့လဲဆိုတော့ တိုက်ပွဲမှာတုန်းက သူမ မဟုတ်ဘူးလေ” ယိချင်းက ရုတ်တရက် ပြောလာတယ်။
“ဟမျ ဘာအဓိပ်ပာယျလဲ”
…