အပိုင်း (၂)
ကျန်းယွင်ရှို့ ထွက်သွားပြီးနောက် အတန်ကြာသည်အထိ အမျိုးသမီးချန်သည် ကျန်းယွင်ရှို့က သည်လမ်းမှ ပြန်လာမည်ကို စောင့်နေသည့်အလား တံခါးဝတွင် ရပ်နေကြည့်နေဆဲ။
သူမ ဝမ်းနည်းနေမှန်း ကျန်ယွင်ကျူးက သိနေသဖြင့် မနှောင့်ယှက်ဘဲ ထားလိုက်တော့သည်။
နေသည် အနည်းငယ် စွေစောင်းလာ၏။ ဆောင်းဦးရာသီ၏ နေက လူများကို အနွေးဓာတ်ပေးရန် တောက်ပလို့ပင်။ ကျန်းယွင်ကျူးက မော့ကြည့်လိုက်၏။ မြင့်မားသည့်ကောင်းကင်နှင့် အိစက်နေသည့် တိမ်များကို မြင်လိုက်ရပြီး သူမ၏စိတ်မှာ ရုတ်ခြည်းဆိုသလို ပေါ့ပါးသွားတော့သည်။ ရှည်ကြာစွာ ပျောက်ဆုံးနေသည့် သည်လွတ်လပ်မှုက လူကို အမှန်ပင် အတိုင်းမသိ ပျော်ရွှင်လာစေတော့သည်။
အမှန်ပင်။ ကျန်းယွင်ကျူးသည် လူတိုင်း လေးစားအားကျကြသည့် သူမ၏ခင်ပွန်း လင်ထင်အန်း အပါအဝင် အန်းဖင်နယ်စားအိမ်တော်တွင် နေရသည့်ဘဝကို လုံးဝမလွမ်းပေ။
သူမအတွက်တော့ အဲဒီနေရာက အကျဥ်းထောင်တစ်ခုပဲ။ အစက ဒီတစ်ကြိမ် နယ်စားအိမ်တော်ကို ဝင်သွားပြီးရင် ထွက်ပြေးလွတ်မြောက်နိုင်မဲ့ နည်းလမ်းကို စဥ်းစားထားခဲ့သေးတယ်။ အခုတော့ အရာအားလုံးက အဆင်ပြေသွားပြီ။ အားစိုက်ထုတ်မှုအများကြီး မလုပ်လိုက်ရဘူး။
ဒါပေမဲ့ အခုလောလော ငါ့မှာ ဖြေရှင်းရမဲ့ အရေးပေါ်ပြဿနာတစ်ခု ရှိသေးတယ်။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ချန်ဖုန်းက ကပ်ဘေးကို အပြင်းအထန် ခံစားခဲ့ရတယ်။ မနှစ်က အလွန်အကျွံမိုးခေါင်ပြီး ဘာကောက်နှံမှ မရိတ်သိမ်းနိုင်ခဲ့ဘူး။ ဒီနှစ်ကျတော့ မိုးခေါင်ပြီး ကျိုင်းကောင်ပလိပ်ရောဂါ ဖြစ်နေတယ်။ ဒီကပ်ဘေးကရော ဘယ်လောက်အထိ ပြင်းထန်မှာလဲ။ နွေရာသီဆိုတာ သစ်ပင်တွေ စိမ်းစိုနေမဲ့အချိန်ဖြစ်နေပေမဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဘာအစိမ်းရောင်မှ ရှိနေဘူး။ ပတ်ဝန်းကျင် မိုင်ထောင်ချီအထိ မြေကြီးတွေက ပက်ကြားအက်လို့။
လူတွေက ခိုကိုးရာမဲ့၊ အိမ်ခြေမဲ့လို့။ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာကလည်း ဆာလောင်ငတ်မွတ်မှုဒဏ်ကြောင့် သေကြေနေကြပြီ။
ဒါကလည်း အလုပ်ကြိုးစားလှတဲ့ ကျန်းချိန်နဲ့ အမျိုးသမီးချန် လင်မယားက အသက်ဆက်ရှင်သန်ဖို့အရေး သူတို့ရဲ့သမီးကို စိတ်တင်းပြီး ရောင်းခဲ့ရတဲ့ အကြောင်းအရင်းပဲ။
ကျန်းယွင်ကျူးက စဥ်းစားကြည့်လိုက်၏။ ချန်ဖုန်းမှာ ဆက်နေလို့မဖြစ်တော့ဘူး။
တစ်ချက်က ကပ်ဘေးက အရမ်းကို ပြင်းထန်တယ်။ စကားပုံတစ်ခုတောင် ရှိသေးတာပဲ။ ဒုက္ခရောက်နေတဲ့အချိန်မှာ လူဖြစ်ရတာထက် ငြိမ်းချမ်းတဲ့ ခွေးတစ်ကောင်ပဲ ဖြစ်တာက ပိုကောင်းသေးတယ်တဲ့။ ဒါက အရမ်းအဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ လူ့ပတ်ဝန်းကျင်က တည်ငြိမ်အေးချမ်းပြီး လူတွေက အေးအေးချမ်းချမ်း ရောင့်ရဲလုပ်ကိုင် နေထိုင်နိုင်ရင် ခွေးတစ်ကောင်ကလည်း အသား စားရကောင်းပါရဲ့။ ခေတ်သစ်လူ့အဖွဲ့အစည်းလိုပဲပေါ့။
အပြန်အလှန်အားဖြင့်တော့ တကယ်လို့ လူ့အဖွဲ့အစည်းက ယိုယွင်းပျက်စီးနေပြီး လူတွေကလည်း ဆင်းရဲမွဲတေနေမယ်ဆိုရင် လူတစ်ယောက်က ဘယ်လောက် အလုပ်ကြိုးစား ကြိုးစား သူလိုချင်တဲ့ဘဝမှာ နေရဖို့ ခက်ခဲသွားလိမ့်မယ်။
ဒီတော့ သူတို့တွေသာ ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေချင်ရင် အရင်ဆုံး ချမ်းသာကြွယ်ဝမဲ့နေရာတစ်ခုကို ပြောင်းမှရမယ်။
နောက်တစ်ချက်က ချန်ဖုန်းမှာ နောက်နှစ်အထိ မိုးခေါင်အုံးမယ်ဆိုတာကိုလည်း မှတ်မိနေသေးတယ်။
ကျန်းမိသားစုက နောက်နှစ် တောင်တွေတုံးပြီး မြစ်တွေခမ်းသွားတဲ့ အချိန်မှ ထွက်ပြေးကြလိမ့်မယ်။ ဒါကြောင့်လည်း သူမအိပ်မက်ထဲမှာ အန်းဖင်နယ်စားအိမ်တော်မှာ အခြေခိုင်လာပြီး သူတို့ကို ဆက်သွယ်ချင်တဲ့အချိန်ကျတော့ ဆက်သွယ်လို့ မရနိုင်ခဲ့တာ။
ဒီလိုဆိုမှတော့ ဘာမှမလုပ် ဘဲနေတာထက် အရင်ဆုံးလက်ဦးမှုယူပြီး ကြိုတင် ပြောင်းရွှေ့သွားလိုက်လို့ ရတာပဲမလား။
ထိုသို့စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးသည် ခြံထဲတွင် ပတ်လျှောက်ကြည့်နေလိုက်သည်။
မကြာလိုက်ပေ။ နောက်ဖေးတံစက်မြိတ်အောက်တွင် ခေါင်းငိုက်စိုက်ချကာ ဆောင့်ကြောင့်ထိုင်နေသည့် ကျန်းချိန်ကို တွေ့လိုက်ရလေသည်။ သူသည် သည်ခန္ဓာကိုယ်၏ဖခင်ပင်။
ကျန်းချိန်ကို အရှက်သွားစေမည်စိုးသဖြင့် ကျန်းယွင်ကျူးက နောက်သို့ ပြန်ဆုတ်သွားလိုက်၏။ ထို့နောက် သူမက ခြေလှမ်းများကို တမင် ခပ်ပြင်းပြင်းနှင့် ထိုနေရာသို့ လျှောက်သွားလိုက်လေသည်။
ခြေသံများကို ကြားလိုက်သည့် ကျန်းချိန်က သူ့မျက်လုံးများကို မြန်မြန်သုတ်ကာ ထရပ်လိုက်လေသည်။
“အဖေ အဖေဝမ်းနည်းနေတာ သမီး သိပါတယ်၊ ဒါပေမဲ့ ဖြစ်ပြီးသွားပြီလေ၊ အနာဂတ်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကိုပဲ စဥ်းစားရအောင်ပါ၊ ယွင်ရှို့ကတော့ နောက်ကျရင် သမီးတို့ သူနဲ့ ထပ်တွေ့ရမှာပါ” ကျန်းယွင်ရှို့က ဖျောင်းဖျလိုက်လေသည်။ သူမသည် အမှန်ကို ပြောနေခြင်းပင်။
ကျန်းချိန်သည် သူမက သူ့ကို နှစ်သိမ့်ပေးနေသည်ဟု ထင်လိုက်၏။ ရောင်းစားလိုက်ပြီးတဲ့ သူတို့ရဲ့သမီးကို ဘယ်လိုလုပ်ပြီး ထပ်တွေ့နိုင်တော့မှာလဲ။
“ အဖေက သမီးတို့ကို နစ်နာစေမိတာပါ”
ကျန်းချိန်က ပြောလိုက်၏။ သူ အသုံးမကျလို့လေ။
ကျန်းယွင်ကျူးက ထိုအကြောင်းကို ဆက်မပြောချင်တော့ပေ။ အငတ်ဘေး ကြုံရသည့်နှစ်များတွင် လူများသည် အစားအသောက်အတွက် သူတို့၏ကလေးများနှင့် အလဲအလှယ်လုပ်ရသည်မှာ ဖြစ်နေကြပင်။
ကျန်းချိန်သည် ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီး အနာဂတ်အတွက် စဥ်းစားရန် အချိန်ကျပြီဟု တွေးလိုက်၏။ သူ သမီးတစ်ယောက်ကို ဆုံးရှုံးရပြီးပြီ။ နောက်တစ်ယောက်ကို မဆုံးရှုံံးချင်တော့ဘူး။
“ မစိုးရိမ်ပါနဲ့လေ၊ ဒီလျန်၆စနဲ့ဆိုရင် အဖေတို့တွေ ချွေချွေတာတာသုံးရင် နောက်နှစ်ထိ ခံမှာပါ၊ နောက်နှစ်နွေဦးရောက်လာတာနဲ့….”
“ တကယ်လို့များ နောက်နှစ်လည်း မိုးခေါင်အုံးမယ်ဆိုရင်ကော” ကျန်းယွင်ကျူးက မေးလိုက်၏။
ကျန်းချိန်သည် ထိုမေးခွန်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’ဟု ပြန်ဖြေချင်လိုက်သည်။ သို့သော် မနှစ်က အလွန်အကျွံ မိုးခေါင်ခဲ့သည့်အကြောင်း နှင့် သည်နှစ် မိုးခေါင်ပြီး ကျိုင်းကောင်ပလိပ်ရောဂါအကြောင်း စဥ်းစားလိုက်မိချိန်၌ နောက်နှစ်လည်း မိုးခေါင်မည့်ကိစ္စက မဖြစ်နိုင်တာ မဟုတ်မှန်း စဥ်းစားမိလိုက်လေသည်။
ဟုတ်တယ်။ တကယ်လို့များ နောက်နှစ် မိုးခေါင်အုံးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူသည် အေးခဲသွားတော့သည်။
ကျန်းယွင်ကျူးက သူ သတိပြန်ဝင်လာသည်အထိ စောင့်နေလိုက်၏။
ခဏကြာပြီးမှ ကျန်းချိန်က ပြန်ဖြေလိုက်တော့သည်။
“ သမီးအမေ ၊ ကျန်းလင်နဲ့ တခြားသူတွေကို ခေါ်လိုက်၊ သေသေချာချာတိုင်ပင်ကြရအောင်”
ကျန်းမိသားစုတွင် ကျန်းယွင်ကျူးနှင့် ကျန်းယွင်ရှို့ ဟူသည့် သမီးနှစ်ယောက်သာ ရှိသည်မဟုတ်ပေ။ ကျန်းလင်၊ ကျန်းယွင်ရွှယ် နှင့် ကျန်းဝူ ဟူသည့် သားနှစ်ယောက်နှင့် သမီးတစ်ယောက်လည်း ရှိသေးသည်။ သူတို့သည် အလွန်ငယ်လွန်းနေခြင်းကြောင်းသာ။ သည်လိုကာလမျိုးတွင် သူတို့ကို တခြားသူများအား အလကားပေးလျှင်တောင် လိုချင်မည့်သူမရှိပေ။
ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်ကြီး အမျိုးသမီးချန်နှင့် တခြားသူများကို သွားခေါ်လိုက်တော့သည်။
ခဏကြာပြီးနောက် မိသားစုတစ်ခုလုံးသည် အိမ်ထဲတွင် လူစုလိုက်ကြသည်။
ကျန်းယွင်ကျူးက ကျန်းဝူ၏လက်ကို တွဲထားပြီး အခန်းထဲ ဝင်လာခဲ့၏။
ကျန်းဝူမှာ သည်နှစ်မှ ၆နှစ်သာ ရှိသေးသည်။ တော်တော်ကျန်းမာပြီး ချစ်စဖွယ်လေးပင်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့နှစ်ယောက်လုံးက ရုပ်ရည်ချောမောကြသည်။ ကျန်းချိန်က လေးထောင့်ကျကျ မျက်နှာရှိပြီး အမျိုးသမီးချန်က ကျန်းနန်ရေမြို့တော်က သိမ်မွေ့မှုနှင့် ချောမွတ်သည့် အသားအရေ ရှိလေသည်။ ထို့ကြောင့် ကျန်းမိသားစု၏ကလေးများအားလုံးသည် အလွန်ချောမောကြသည်။ ကျန်းယွင်ကျူးသည် ကျန်းဝူကို တွေ့လိုက်ချိန်တွင် သူ့ကို ချစ်ခင်မိသွားတော့သည်။
ကံအကြောင်းမလှသဖြင့် သူမ၏အိပ်မက်ထဲတွင်တော့ သူသည် ဒုက္ခသည်စခန်းကို ရှာလာသည့်လမ်းတွင် သေဆုံးခဲ့ဟန်တူသည်။
ဒါဟုတ်တယ်။ အိပ်မက်ထဲက အခြေအနေအတိုင်းလိုက်သွားရင် ကျန်းမိသားစုက ထွက်မပြေးရသေးခင် နောက်နှစ်ငွေကုန်သွားတဲ့အထိ စောင့်နေကြလိမ့်မယ်။ ကျန်းဝူက အရမ်းငယ်သေးတော့ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။
တော်ပါသေးရဲ့။ အခုတော့ ဒီလိုဖြစ်မှာမဟုတ်တော့ဘူး။
ကျန်းယွင်ကျူးသည် ကျန်းဝူ၏လက်ကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ ကျန်းဝူက သူမ၏ခြေထောက်ကို မှီထားပြီး မျက်လုံးအဝိုင်းသားဖြင့် မျက်တောင်ခတ်နေသည်။ သူသည် အိမ်တွင် တစ်ခုခု ဖြစ်သွားသည်ကို အာရုံရနေသယောင်။
“အိမ်ဦးနတ်ကြီး”
အမျိုးသမီးချန်က ဘာဖြစ်နေမှန်းမသိသဖြင့် ကျန်းချိန်ကို မေးလိုက်၏။
ကျန်းချိန်က ကျန်းယွင်ကျူး အခုလေးတင် ပြောခဲ့သည့် စကားများကို ပြန်ပြောပြလိုက်ပြီး သူမ၏သဘောထားကို မေးလိုက်သည်။
အမျိုးသမီးချန်မှာ စိတ်နှင့်ကိုယ်မကပ်နိုင် ဖြစ်သွားတော့သည်။ နောက်နှစ်လည်း မိုးခေါင်အုံးမှာတဲ့လား။ ဘုရားသခင်က လူတွေကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုတောင် မပေးတော့ဘူးပေါ့။ ဒါပေမဲ့ အခုပဲ ဆောင်းဦးရောက်နေပြီးလေ။ မိုးရွာမဲ့အရိပ်အယောင် လုံးဝမပြဘူး။ နောက်နှစ် တကယ်ပဲ မိုးခေါင်လိမ့်အုံးမယ်ထင်တယ်….
သူမသည် ထိုအကြောင်းကို အရင်က မစဥ်းစားရဲခဲ့ဖူးချေ။ နောက်နှစ်တွင် အခြေအနေ ပိုကောင်းလာလိမ့်မည် ဟုသာ အမြဲဆုတောင်းခဲ့သည်။ သို့သော် အခုတော့ တစ်ယောက်ယောက်က ထောက်ပြလာသဖြင့် သူမကို အိပ်မက်ထဲမှ နိုးလိုက်သလို ဖြစ်သွားတော့သည်။
ကျန်းချိန်က ကျန်းယွင်ကျူးဘက် လှည့်လိုက်၏။ သည်ကိစ္စ ပြီးသွားသည့်နောက်တွင် သူမက အများကြီး ရင့်ကျက်လာသည်ဟု ခံစားမိလိုက်လေတော့သည်။
…
“အဖေနဲ့ အမေ သမီးအထင်ကတော့ သမီးတို့တွေ ပြောင်းရွှေ့သင့်တယ်၊ ကပ်ဘေးက ထွက်ပြေးတယ်လို့ ပြောရင် ပိုမှန်မယ်”
ကျန်းယွင်ကျူး၏စကားများမှာ အံ့ဩစရာကောင်းနေလေသည်။
“ပြောင်းမယ် ဟုတ်လား၊ ဘယ်ကို ပြောင်းကြမှာလဲ”
အမျိုးသမီးချန်က အမှတ်တမဲ့ ငြင်းဆန်လိုက်၏။ သူမသည် အိမ်ရာပစ်သွားရသည့် နာကျင်မှုကို သိနေသည်။ ထိုအချိန်က သူမနှင့် အဖေအိုကြီးချန်တို့သည် ကျန်းနျိုရွာမှ ထွက်ပြေးလာခဲ့ရသည်။ နောက်ဆုံး သည်နေရာတွင် အခြေကျနေပြီးမှ သူမသည် သည်နေရာမှ ထွက်မသွားချင်တော့ပေ။
ကျန်းယွင်ကျူးက ကျန်းချိန်ဘက် လှည့်ကြည့်လိုက်၏။ သူက သူမကို ထောက်ခံလိမ့်မယ်လို့ ခံစားမိနေသည်။
အမှန်ပင်။ ကျန်းချိန်သည် အကြောင်းအရင်းကို နားလည်လေသည်။ သစ်ပင်တစ်ပင်ကို ရွှေ့စိုက်လျှင်တော့ သေသွားလိမ့်မည်။ လူတစ်ယောက်က ပြောင်းရွှေ့လျှင်တော့ အသက်ရှင်လိမ့်မည်။
သူက အမျိုးသမီးချန်ကို လေသံတိုးတိုးဖြင့် တိုင်ပင်ဆွေးနွေးလိုက်၏။ နောက်နှစ် မိုးထပ်ခေါင်ခဲ့ရင် သူတို့တွေ သေချာပေါက် သည်းခံနိုင်တော့မှာမဟုတ်ဘူး။ မိုးမခေါင်ဘူးဆိုရင်တောင် သူတို့ဘဝတွေက သေချာပေါက် လွယ်ကူလိမ့်မှာမဟုတ်ဘူး။
အခုပဲ ဆောင်းဦးရောက်နေပြီ။ ဒါပေမဲ့ မိုးရွာမဲ့အရိပ်အယောင် လုံးဝမရှိဘူး။ ကျန်းချိန်သည် နောက်နှစ် မိုးခေါင်နိုင်ခြေ အရမ်းများမှန်း ခံစားမိသွားတော့သည်။
အမျိုးသမီးချန်က စကားကို နားထောင်ကြည့်လေလေ သူမ၏မျက်လုံးများက နီရဲလာလေလေ ဖြစ်လာလေသည်။ ကျန်းချိန်၏စကားမှန်မှန်း သူမ သိလေသည်။
ညနေခင်းတွင် ကျန်းမိသားစုသည် ပြောင်းရွှေ့ကြမည့်ဟု ဆုံးဖြတ်လိုက်ကြတော့သည်။
“ သိမ်းဆည်းလိုက်ကြ၊ ဒီနှစ်ရက်အတွင်း ခရီးထွက်ကြမယ်” ကျန်းချိန်က ကြေညာလိုက်လေသည်။
“ ဒီနှစ်ရက်အတွင်း ဟုတ်လား”
ကျန်းယွင်ကျူးသည် ကျန်းချိန်က ဤမျှအလျင်လိုနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ကျန်းချိန်က ပြန်ဖြေလိုက်၏။
“ အခုပဲ ဆောင်းဦးရောက်နေပြီလေ၊ ပိုပို အေးလာဖို့ပဲရှိတယ်၊ အဖေတို့တွေ ဆောင်းမဝင်ခင် နေထိုင်ဖို့ နေရာတစ်ခု ရှာထားရင် ပိုကောင်းမယ်”
မဟုတ်လျှင် ဆောင်းရာသီတွင် နားခိုးရာ အမိုးအကာမရှိခဲ့လျှင် သူတို့သည် အေးခဲပြီး သေသွားပေလိမ့်မည်။
ဒါလည်း ဟုတ်တာပဲ။ ကျန်းယွင်ကျူး နားလည်သွား၏။
ကျန်းမိသားစုသည် ချက်ချင်း အလုပ်များသွားကြပြီး ချန်ဖုန်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြတော့သည်။
သွားမည့်နေရာအတွက်တော့ သူတို့သည် တောင်ပိုင်းသို့ သွားချင်ကြသည်။ ပထမအချက်မှာ တောင်ပိုင်းတွင် မိုးများသည်။ ဒုတိယအချက်မှာ သူတို့တွေ တောင်ပိုင်းသို့ ရောက်သွားသည်နှင့် အပူချိန်က ပိုနွေးလာလိမ့်မည်။ ဒါသည် အိပ်မက်ထဲတွင် သူတို့ ထွက်ပြေးခဲ့သည့် လားရာနှင့် အတူတူပင်။
ထိုညမှာပင် ကျန်းချိန်က အိမ်၌ လှည်းတစ်စီးကို ပြန်ပြင်လိုက်သည်။
အမျိုးသမီးချန်က အိမ်ရှိ ပစ္စည်းများ သိမ်းဆည်းလိုက်သည်။
ကျန်းယွင်ကျူးက သူမကို ကူညီပေးသည်။
အမှန်တွင်တော့ သိမ်းဆည်းရန် ပစ္စည်းက ဘာမှမရှိချေ။ ကပ်ဘေးကာလနှစ်နှစ်အတွင်း မိသားစုက ရောင်းချလို့ရသမျှအားလုံးကို ရောင်းချခဲ့ပြီးဖြစ်သည်။ အခုတော့ ယူသွားလို့လည်းမရ ဘယ်သူမှ မလိုချင်သည့် စားပွဲအကျိုးအပဲ့ တချို့သာ ကျန်တော့သည်။
“ အစ်မ ဒီဟာကိုရော ယူသွားချင်လား” ကျန်းလင်က မြေအိုးကွဲတစ်လုံးကို ကိုင်ထားပြီး ကျန်းယွင်ကျူးကို မေးလိုက်တော့သည်။
“မယူသွားဘူး” ကျန်းယွင်ကျူးက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
ကျန်းလင်သည် လှည့်ကာ ပြေးထွက်သွားသည်။
“အစ်မ ဒါရော”
ကျန်းယွင်ရွှယ်က စုတ်ပြဲနေသည့်ခါးစည်းပုဝါတစ်ုကို ကိုင်ကာ ကျန်းယွင်ကျူးကို လာမေးပြန်သည်။
ကျန်းယွင်ကျူးက ပိတ်စအပိုင်းလေးကို ဆန်းစစ်လိုက်၏။ ဒါကို အဝတ်စုတ်အနေနဲ့ သုံးရင်တောင် အထင်သေးခံရလောက်တယ်။ ဒါပေမဲ့ အခုက….
“ယူမယ်” သူမက ပြန်ဖြေလိုက်၏။ အနည်းဆုံးတော့ ဒါက ပိတ်စလေးတစ်ခုပဲလေ။ လမ်း အရမ်းအေးလာရင် ထိုင်ဖို့ ခင်းဖို့ အခင်းတစ်ခုလို သုံးလို့ရတယ်။
ကျန်းယွင်ရွှယ်က အဝတ်စစုတ်လေးကို ရတနာတစ်ခုသဖွယ် ဝမ်းသာအားရဖြင့် ဂရုတစိုက် ခေါက်သိမ်းလိုက်လေသည်။
ကျန်းဝူကပင် ကူညီပေးနေလေသည်။ ကလေးများသည် ကောင်းကင်ပေါ်သို့ တက်တော့မည့် စိတ်အားထက်သန်မှုနှင့် တက်ကြွနေကြတော့သည်။
အမျိုးသမီးချန်က ဘေးမှစောင့်ကြည့်ရင်း စိတ်အေးသွားသလို စိတ်ပူနေမိပြန်သည်။
သူတို့သည် ဉာဥ့်နက်သည်အထိ လုပ်လိုက်ကြပြီးနောက် အားလုံးက စားသောက်ပြီးစီးကာ အနားယူလိုက်ကြသည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချိန်က မနက်စောစောထပြီး လမ်းတွင်စားသောက်မည့် အစားအသောက်များကို ဝယ်ရန် မြို့သို့သွားလိုက်သည်။ သူဝယ်လာသမျှမှာ ပြောင်းဆန်များသာ ဖြစ်သည်။ သည်ရက်ပိုင်းတွင် ဆန်စျေးကလည်း ခေါင်ခိုက်နေ၏။ သည်ကာလမျိုးတွင် ဆင်းရဲသားများက ဆန်ဝယ်ရန် အဘယ်မှာ တတ်နိုင်ပါမည်နည်း။ သူတို့အားလုံးသည် သည်လိုဆန်မျိုးကိုသာ ဝယ်စားကြသည်။ သူ့ကို အရက်ချက်ရာတွင် သုံးလေ့ရှိသည်။ အခုတော့ စားဖို့ရန် တစ်ခုခုရှိတာပင် လုံလောက်နေပြီဖြစ်သည်။
သူသည် ပြောင်းဆန် ပေါင် ၅၀ကိုဝယ်ခဲ့ပြီး ဝမ်၅၀၀ ကုန်ကျခဲ့သည်။
စျေးမှာ အတက်မြန်လွန်းလှသည်။ သူသည် သည်နေရာမှ ထွက်သွားရန် ပိုသေချာသွားတော့သည်။
အမျိုးသမီးချန်က ရွာထဲသို့သွားကာ ဘယ်လမ်းကြောင်းက ခရီးပိုတွင်ပြီး သူတို့သည် ချန်ဖုန်းမှ ထွက်သွားချင်လျှင် လမ်းပြတစ်ယောက်ငှားရန် စီရင်စုအစိုးရရုံးသို့ သွားဖို့လိုမည်လားဟု အခြေအနေကို စုံစမ်းခဲ့လေသည်။
သူမသည် ထိုအကြောင်းကို စုံစမ်းလိုက်ခါမှ ရွာထဲက တချို့မှာ ထွက်ပြေးသွားနှင့်ပြီမှန်း သိလိုက်ရတော့သည်။
သူတို့အများစုသည် တောင်ပိုင်းသို့ သွားခဲ့ကြသည်။ သို့သော် သူတို့သွားကြသည့် လမ်းကြောင်းကတော့ မတူကြချေ။ ရွာထဲက လူများကလည်း ဘယ်လမ်းက ကောင်းမှန်း မသိကြချေ။ နောက်ဆုံးတွင် ခြေကျင်သွားကြသူများ အကြောင်းသိသွားကြပြီး လုံးဝပြန်မလာတော့ပေ။
လမ်းပြအနေဖြင့် တစ်ယောက်ယောက်ကို တစ်ကြိမ် မေးကြည့်ခဲ့သည်။ စီရင်စုရုံးတော်က လုံးဝမစီစဥ်ပေးချေ။ ထို့အပြင် သည်ကိစ္စကို ကောင်းကောင်းမဖြေရှင်းလျှင် အရာရှိကြီးကို ဒေါသထွက်စေပြီး အဖမ်းခံရနိုင်လေသည်။ နောက်ဆုံး လူအများအပြားက ချန်ဖုန်းမှ ထွက်ခွာသွားချင်ကြသည်။ အထက်လူကြီးများသာ သိရှိသွားလျှင် အရာရှိကြီး၏အနက်ရောင်ဦးထုပ်ကို ထိန်းသိမ်းရန်ပင် မသေချာလောက်ပေ။
တစ်ယောက်ယောက်က ထွက်သွားချင်လျှင် သူတို့သည် တိတ်တဆိတ်သာ သွားမှရပေမည်။
နေ့ခင်းတွင် မိသားစုက လူထပ်စုလိုက်ကြပြီး သူတို့စုဆောင်းထားသည်များကို တိုင်ပင်လိုက်ကြသည်။ သူတို့သည် သည်နေရာမှ ထွက်သွားရန် ဆုံးဖြတ်ချက် ပိုပြတ်သားလာခဲ့သည်။
စားသောက်ပြီးနောက် အမျိုးသမီးချန်သည် ချက်ချင်း အလုပ်ရှုပ်သွားတော့သည်။ သူမသည် လမ်းတွင် စားသောက်ရန် ဆန်မှုန့်လုပ်ဖို့ ပြောင်းဆန်နှင့် ဆန်ကွဲများကို ရောလိုက်သည်။
ကျန်းယွင်ကျူးက ပုလင်းထဲက ဆားရည်စိမ်ထားသည့် လက်ကျန်အရွက်ချဥ်များအားလုံးကို ထုတ်ကာ အပိုင်းပိုင်း ဖြတ်လိုက်သည်။ ဒါသည်ကလည်း လမ်းတွင် စားဖို့ပင်။
သူမ၏အမြန်နှုန်းမှာ အလွန်မှ မြန်ဆန်လေသည်။ အချိန်တိုအတွင်းတွင် ဆားရည်စိမ်ထားသည့်အရွက်များသည် အပိုင်းပိုင်းဖြတ်ပြီးသား အချဥ်အဖြစ် ပြောင်းလဲသွားတော့သည်။
အိမ်တွင် နှမ်းဆီအနည်းငယ် ကျန်သေးသည်။ ဒါကို နှစ်သစ်ကူးအတွက် သိမ်းထားခြင်းဖြစ်သည်။ အခုတော့ အသုံးမလိုတော့ချေ။ သူမသည် နှမ်းဆီကို အချဥ်ဖတ်များပေါ် လောင်းချလိုက်တော့သည်။
ပြီးစီးသွားသည့်နောက် သူမက သောက်သုံးရေအတွက် ပြင်ရန် သွားလိုက်သည်။ ယခုမူ နေရာတိုင်းတွင် မိုးခေါင်နေသဖြင့် ရေကလည်း အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်နေသည်။
အစောပိုင်းက ကျန်းမိသားစုခြံထဲတွင် ရေတွင်းတစ်ခု ရှိသည်။ သို့သော် ရွာထဲက ရေတွင်းအများစုလိုပင် အခုတော့ ရေခမ်းခြောက်သွားပြီ။ ရေရရန် ရွာသူကြီးအိမ်ရှိ ရေတွင်းသို့သွားကာ ရေခပ်ရသည်။ ထိုရေတွင်းမှာ အတော်ပင်နက်လှသည်။
ကျန်းယွင်ကျူးနှင့် ကျန်လင်းတို့သည် နာရီဝက်လောက် တန်းစီလိုက်ပြီးမှ ရေနှစ်ပုံးရလာခဲ့သည်။
ရေမှာ ဝါကျန့်ကျန့်ရွှံ့ရေ ဖြစ်နေသည်။
ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်၏။ ဒါက သောက်လို့ရပါ့မလား။
“ တစ်ညလောက် ထားပြီးရင်တော့ သောက်လို့ရပါတယ်”
မီးဖိုထဲတွင် အမျိုးသမီးချန်က သတိထားမိသွားပြီး ပြောပြလိုက်၏။ ရေကို ကျိုချက်ဖို့ကလည်း သူတို့မှာ ချက်ပြုတ်ဖို့ ထင်းတောင်မရှိတာလေ။ ဒီတော့ ဘယ်လိုလုပ်ပြီး ရေကိုကျိုချက်လို့ရမှာလဲ။
“အိမ်က စားပွဲတွေ၊ ခုံရှည်တွေနဲ့ ခုတင်တွေကို မီးရှို့လိုက်၊ သောက်ဖို့ဆို ရေကို ကြိုလိုက်တာက ပိုကောင်းတယ်၊ မဟုတ်လို့မှ ဖျားနာကြရင် ဘယ်လိုလုပ်မလဲ” ကျန်းယွင်ကျူးက ပြောလိုက်၏။
အမျိူးသမီးချန်မှာ အံ့ဩသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ စားပွဲနဲ့ ခုတင်ကို မီးရှို့လိုက်တဲ့လား။ ဒါက ဘယ်လိုလုပ်ရမှာပဲ…. သို့သော် ထိုအကြောင်းကို စဥ်းစားကြည့်လိုက်၏။ သူတို့တွေက ဒီကနေ ထွက်သွားတော့မှာပဲလေ။ ဒီလိုလုပ်တာလည်း မှားတော့ မမှားဘူး ထင်ပါတယ်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် အကျိုးအပဲ့များကို စတင်စုဆောင်းလိုက်သည်။ သူတို့သည် အိမ်ထဲက ပစ္စည်းများကို တစ်ခုပြီးတစ်ခု အားလုံးကို စုပုံလိုက်၏။ သည်ခုတင်မှာ သူတို့ကြင်စဦးတုန်းက ဝယ်ခဲ့သည့် ခုတင်ဖြစ်သည်။ စားပွဲကလည်း ကျန်းချိန်က ကျန်းယွင်ကျူးကို မွေးစဥ်က တစ်ယောက်ယောက်ကို လုပ်ခိုင်းခဲ့သည့် စားပွဲဖြစ်သည်။
ပစ္စည်းတစ်ခုစီတိုင်းတွင် သူမ၏အမှတ်တရများ ရှိနေလေသည်။ သို့သော် အခုတော့ ထိုပစ္စည်းများကို မီးရှို့ပစ်ရတော့မည်….
အမျိုးသမီးချန်က နှုတ်ဆိတ်နေဆဲ။ သည်တစ်ကြိမ်တွင် သူတို့သည် ဖောင်ဖျက်ပြီး အားလုံးကို တစ်ချီထဲ လောင်းကြေးထပ်ရမည်ကို သိလိုက်သည်… သူမသည် အလွန်မှ ကြောက်ရွံ့နေမိသော်လည်း သူမ၏ဘေးတွင် မိသားစုသာရှိနေလျှင် ကြောက်ရွံ့နေမည်မထင်ပေ။ ထို့အပြင် သူမသည် သူမ၏ကလေးများကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်ရန် သန်မာရပေမည်။
ကျန်းယွင်ကျူးက ရေပုံးနှစ်ပုံးကို ကြည့်နေသော်လည်း ကိစ္စတစ်ခုကို စဥ်းစားလိုက်လေသည်။ အခုနေတော့ သူတို့တွေ ရေသောက်ဖို့ ရေကို ကျိုချက်နိုင်တယ်။ ဒါပေမဲ့ လမ်းမှာဆိုရင်ကော။ ရေက ဒီထက်တောင် ဆိုးနိုင်သေးတယ်။ ဒီကိစ္စအတွက် ငါ တစ်ခုခု ကြိုတင်ပြင်ဆင်ထားသင့်တယ် ထင်တယ်။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် သူမသည် ညစ်ပတ်သည့်ရေများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် ရေစစ်တစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ကျန်းလင်နှင့်တခြားသူများက ဘာမှလုပ်စရာမရှိတော့ပေ။ သူမ လုပ်နေသည့်အရာက အလွန်မှ စိတ်ဝင်စားစရာကောင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့အားလုံးက သူမကို ဝိုင်းအုံကာ စောင့်ကြည့်နေကြလေသည်။
ကျန်းယွင်ကျူးက သူတို့ကို အကူအညီတောင်းလိုက်၏။ ကျောက်တုံးများကို ဆေးကြောခြင်းနှင့် ကရားအိုးကို ပွတ်တိုက်ခြင်းတာဝန်ကို ပေးလိုက်လေသည်။ မကြာမီတွင် ကရားအိုးပုံစံရေစစ်တစ်ခု အဆင်သင့်ဖြစ်လာတော့သည်။
ရေပုံးထဲက ရေကို ရေကရားထဲလောင်းထည့်လိုက်သည်။
ရေစက်များက ကရားအိုးအောက်ချေသို့ စီးကျသွားသည်။ ဖန်သားကဲ့သို့ ကြည်လင်နေ၏။
ကလေးသုံးယောက်မှာ သည်အံ့ဩဖွယ်မြင်ကွင်း၏ ဆွဲဆောင်ခြင်းခံလိုက်ရတော့သည်။ ကျန်းယွင်ကျူးကတော့ သူမ၏စိတ်ထဲတွင် ယုံကြည်မှုအချို့ ရှိပြီးသားပင်။ အလုပ်ဖြစ်တယ်။
…