အပိုင်း (၁)
လယ်သမားအများအတွက် အလုပ်များလွန်းသည့် ဆောင်းဦးရာသီတစ်ခုပင်။ သို့သော် သည်အချိန်၌ ချင်းဟယ်ရွာသားများအားလုံးသည် ရွာမြောက်ပိုင်းရှိ ကျန်းအိမ်ကို ဝိုင်းကြည့်နေကြလေသည်။
ပထမတွင် မြင့်မားသည့် မြင်းများကိုစီးလာသည့် အစေခံအချို့က လမ်းကိုပြလာပြီး နောက်မှာ လှည်းတစ်စီးက ဖြည်းဖြည်းချင်းလိုက်လာ၏။ လှည်းကို တောက်ပသည့် ကျောင်းစိမ်းပုတီး ခန်းဆီးဖြင့် ကာထားသည်။ လှည်းကို ဆွဲလာသည့် မြင်းများကိုပင် ရွှေ ငွေတို့ဖြင့် ဆင်ယင်ထား၏။ ဖော်ပြလို့မတတ်အောင်ပင် ချမ်းသာကြွယ်ဝလှပေစွ။
တချို့က အခြေအနေကိုမသိကြသဖြင့် မေးမြန်းနေကြတော့သည်။
“ အဲဒါဘယ်သူလဲ၊ ကျန်းမိသားစုမှာ အဲလိုဆွေမျိုးတွေရှိလို့လား”
“ အဲဒါကျန်းမိသားစုရဲ့ သမီးလေ၊ သူ့ကို ကျန်းယွင်ကျူးလို့ ခေါ်တယ်ထင်တာပဲ၊ သူ့ကို အစောပိုင်းနှစ်တွေတုန်းက ရောင်းစားလိုက်တာတဲ့၊ သူ့ကို မတွေ့တာ အရမ်းကြာနေပြီပဲ သူက နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ သူက တကယ့်ကို လူပေါ်လူဇော်ပဲ၊ ချမ်းသာမှုကလည်း အင်မတန်မှများပြားလိုက်တာ”
တချို့က ယူကျုံးမရဖြစ်ကြသည်။ သူတို့သည် ကျန်းယွင်ကျူး၏ကံကြမ္မာကို ယူကျုံးမရ ဖြစ်နေသည်လား။ သူတို့တွင် သည်လို သမီးလိမ္မာလေးတစ်ယောက် မရှိသဖြင့် ယူကျုံးမရ ဖြစ်နေသည်လားတော့ မသိပေ။
လှည်းသာ် ကျန်းအိမ်တံခါးရှေ့တွင် ရပ်သွား၏။ အမျိုးသမီးအစေခံ ၅ယောက် ၆ယောက်က ချက်ချင်းဆင်းလာပြီး လူငယ်လေးတစ်ယောက်နှင့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက်ကို ဝန်းရံထားလိုက်သည်။ သူတို့သည် ခြံဝင်းထဲသို့ ဝင်သွားကြတော့သည်။
လျက်တပြက်အတွင်းမှာပင် အားလုံးက လူငယ်လေးတစ်ယောက်နှင့် မိန်းမလှလေးတို့၏ အသွင်ပြင်ကို မြင်လိုက်ကြတော့သည်။
“ ဒါ နယ်စားအိမ်တော်က သခင်လေးပဲ၊ ရုပ်လေးက တကယ်ပဲ ချောမောလိုက်တာနော်”
“ အခုမှ ကျန်းမိသားစုက မိန်းကလေးကို ကြည့်မိတယ်၊ ကျွတ်… ကျွတ်… နတ်သမီးလေးကျနေတာပဲ၊ နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်လာတာလဲ မဆန်းတော့ပါဘူးဟယ်”
“ ကျန်းမိသားစုက ဘယ်လိုများ ဒီလိုသမီးမျိုး မွေးနိုင်ခဲ့တာလဲ မသိဘူး”
…
အားလုံးက အားကျရင်း မနာလိုရင်းပင်။ အမျိုးမျိုး ပြောဆိုနေကြတောသည်။ လူကြားထဲတွင် ကျန်းယွင်ရှို့က လက်သီးကို သွေးထွက်တော့မတတ် တင်းနေအောင် ဆုပ်ထား၏။ ဒီလှည်း၊ ဒီချမ်းသာမှု၊ အဲဒီကိုယ်လူချော။ သူမ ပိုင်ဆိုင်နိုင်ခဲ့မှာပဲ။ တကယ်လို့များ….
“ အမေ သမီးတို့ကို နစ်နာစေမိပါပြီ၊ သမီးတို့တွေ တစ်ခု ရွေးလိုက်ကြ၊ နေခဲ့ရမှာပဲဖြစ်ဖြစ်၊ လိုက်သွားရတာပဲဖြစ်ဖြစ် ၊ ကံပဲပေါ့ကွယ်”
အမျိုးသမီးချန်သည် မျက်လုံးများထဲတွင်မျက်ရည်များ ပြည့်လျက် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ လက်တစ်ဖက်စီတွင် သူမသည် အစွန်းကို အနည်းငယ်သာဖော်ထားသည် တုတ်ချောင်းတစ်ခုစီ ကိုင်ထားသည်။ တုတ်ချောင်းနှစ်ချောင်းသည် အလျားမတူကြချေ။ အရှည်တစ်ချောင်းကို ရွေးခဲ့မိသူက နေခဲ့ရမည်ဖြစ်ပြီး အတိုတစ်ချောင်းကို ရွေးခဲ့မိသူက လူပွဲစားနောက် လိုက်သွားရလိမ့်မည်။
သူမရှေ့က မြင်ကွင်းများမှာ လည်ထွက်နေသည်။ ကျန်းယွင်ကျူးက သူမကိုယ်သူမ စိတ်စုစည်းလိုက်ပြီးမှ သူမရှေ့က အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
သုံးခန်းတွဲအိမ်နဲ့ ခြံဝင်းငယ်လေးတစ်ခု။ နည်းနည်း မရင်းနှီးတာကလွဲရင် နှစ်ခုလုံးက အစစ်တွေချည်းပဲ။ ဒါက ငါ ဒီကမ္ဘာကို ပထမဆုံးရောက်လာခဲ့တုန်းက နေခဲ့တဲ့ ခြံဝင်ထင်ပါတယ်။ ဘာဖြစ်သွားတာလဲ။ ငါ လက်ထပ်ပြီးသွားပြီမလား။ နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မ ဖြစ်သွးပြီးပြီမလား။
“ယွင်ကျူး သမီးနေမကောင်းဖြစ်နေတာ အခုထိ မပျောက်သေးဘူး၊ သမီးအရင်ရွေးလိုက်”
အမျိုးသမီးချန်က ပြောလိုက်၏။
ကျန်းမိသားစုတွင် သမီးနှစ်ယောက်ရှိသည်။ အကြီးဆုံးသမီး ကျန်းယွင်ကျူးမှာ အသက် ၁၆နှစ်။ ဒုတိယသမီး ကျန်းယွင်ရှို့မှာ အသက်၁၅နှစ်။ သမီးနှစ်ယောက်လုံးက ကျောသားရင်သားမခွဲခြားသည့် သမီးများပင်။ အမျိုးသမီးချန်မှာ နာကျင်ရလေသည်။ သို့သော် ယခုမူ တခြားနည်းလမ်းကလည်းမရှိပြီ။ တစ်ယောက်ကိုတော့ ရောင်းရတော့မည်။
အမှန်တွင်တော့ အမျိုးသမီးချန်က ပြီးခဲ့သည့် ရက်အနည်းငယ်က အပြင်းအထန်ဖျားနာခဲ့သည့် ကျန်းယွင်ကျူးကို နေခဲ့စေချင်သည်။ သူမသည် အလွန်မှ နုံအလေသည်။ သူမကိုသာ ရောင်းလိုက်ရလျှင် သူမအတွက် အသက်ရှင်နေထိုင်ဖို့ရာ အလွန်မှ ခက်ခဲရပေလိမ့်မည်။
သို့သော် ကျန်းယွင်ကျူးကို နေခိုင်းခဲ့ပြီး ကျန်းယွင်ရှို့က ထွက်သွားရမည်ကို စဥ်းစားလိုက်မိသည်နှင့် အမျိုးသမီးချန်သည် သူမ ပြောခဲ့သည့်စကားကို ပြန်ရုပ်သိမ်းလိုက်ချင်တော့သည်။ သူမသည် ဘယ်သူနှင့်မှ မခွဲခွာရက်ပေ။
ကျန်းယွင်ကျူးက အမျိုးသမီးချန်၏လက်ထဲက တုတ်ချောင်းနှစ်ချောင်းကို ကြည့်လိုက်၏။ နောက်ဆုံးတော့ သူမသည် သည်ကမ္ဘာကို ပထမဆုံး ကူးပြောင်းလာသည့်အချိန် အမှန်တကယ် ဖြစ်နေမှန်း လက်ခံလိုက်ရတော့သည်။
သူမ သည်တုတ်နှစ်ချောင်းကို သေချာပေါက် မှတ်မိနေသည်။ ဘယ်တစ်ခုကအတိုဖြစ်ပြီး ညာတစ်ခုက အရှည်ဖြစ်သည်။ ထိုချိန်က သူမသည် ဘယ်ဖက်တစ်ခုကို ရွေးခဲ့ပြီး အန်းဖင်အိမ်တော်သို့ အမျိုးသမီးအစေခံအဖြစ် ရောင်းစားခံလိုက်ရသည်။
သူမ ထွက်သွားပြီးနောက် အချိန် ၇နှစ်ကြာခဲ့သည်။ အားလုံးက သူမ၏စိတ်ထဲတွင် အထင်အရှားပင်။ သို့သော် အဘယ်ကြောင့်များ သည်အချိန်သို့ ပြန်ရောက်လာခဲ့ရပါသနည်း။
ဆန်ပြုတ်တစ်အိုးကျိုစာ အချိန်လေးလောက်ပဲကြာတဲ့ အိပ်မက်တစ်ခုများလား။
ကျန်းယွင်ကျူးတစ်ယောက် ဇဝေဇဝါဖြစ်သွားတော့သည်။
သို့သော် သူမဘေးက တစ်စုံတစ်ယောက်က စိတ်မရှည်စွာဖြင့်
“ မြန်မြန်လုပ်၊ ဘယ်အချိန်ရှိနေပြီလဲ၊ ကျွန်မ ပြန်သွားရအုံးမှာရှင့်”
ပေါင်ဒါမှုန့်အဖွေးသားနှင့် မိန်းမတစ်ယောက်က ကျန်းယွင်ကျူးကို အရင်ဆုံး တိုက်တွန်းလိုက်ပြီး အမျိုးသမီးချန်ကို ပြောလိုက်သည်။
“ အစ်မ ကျွန်မပြောမယ် ရှင် ငိုမနေသင့်ဘူးနော်၊ ဟုတ်တယ်လေ၊ လျန်ငွေ ၆စဆိုတာ အများကြီးပါ၊ ရှင် ပတ်မေးကြည့်လိုက်ရတယ်၊ အခုဆိုရင် လျန်ငွေ ၂စနဲ့ အရွယ်ရောက်ပြီးသား မိန်းကလေးကို ဝယ်လို့ရနေပြီ၊ လူတွေ ဘယ်လောက်တောင်မှ ရောင်းချင်လိုက်ကြသလဲ ဒါပေမဲ့ မရောင်းနိုင်ကြဘူးလေ၊ ကျွန်မရဲ့မျက်လုံးက သမီးနှစ်ယောက်ကို မြင်ရတာ အရမ်းကို သဘောကျလွန်းလို့သာ ရှင့်ကို ဒီလိုစျေးမြင့်ပြီးပေးတာမလား”
ထိုသို့ ပြောလိုက်ပြီးသည်နှင့် ထိုမိန်းမ၏မျက်လုံးများက ဝေ့ကြည့်လိုက်၏။ သူမက အမျိုးသမီးချန်၏ လက်ကို ကိုင်လိုက်ပြီး အားတက်သရော အကြံပေးလိုက်လေသည်။
“ အစ်မရယ် ကျွန်မသာဆို မဲနှိုက်ခိုင်းမနေတော့ဘူး၊ သူတို့နှစ်ယောက်လုံးကို ရောင်းလိုက်ပါလား၊ နှစ်ယောက်လုံးက နောက်ဆိုရင် ကောင်းကောင်းနေကြရမှာပါ၊ ရှင်နဲ့တူတူ ငတ်ရင်း အေးခဲရင်း နေရတာထက်စာရင် ပိုမကောင်းဘူးလား၊ ၁၃လျန်ပေးမယ်၊ နှစ်ယောက်လုံး ကျွန်မကိုရောင်းလိုက်၊ သူတို့လည်း အသက်ရှင်လမ်းတစ်ခုရမယ် ရှင်လည်း ပိုကောင်းတဲ့ဘဝနဲ့ နေရလိမ့်မယ် ဟုတ်ပြီလား”
ထိုမိန်းမက စကားများလာလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေပင်။ ကျန်းမိသားစု၏ သမီးနှစ်ယောက်လုံးက သိပ်ချစ်ဖို့ကောင်းတာပဲ။ သူတို့တွေက ၁၅-၁၆နှစ်လေးတွေ။ မနက်ခင်း မက်မွန်ပွင့်လေးတွေပေါ်က နှင်းစက်လေးတွေလိုပဲ။ သူမ သူတို့ကို ဝယ်နိုင်သရွေ့တော့ သူတို့ကို ပြန်ရောင်းပြီး ငွေအများကြီးရှာနိုင်မှာ သေချာတယ်လေ။
အမျိုးသမီးချန်က ခေါင်းကို တွင်တွင်ယမ်းလိုက်၏။ တစ်ယောက်ကိုတောင် မတတ်သာလို့ ရောင်းရတာလေ။ နှစ်ယောက်လုံးရောင်းလိုက်ရင် ဆင်ခြင်ဉာဏ်မရှိတော့လို့ပဲ။
ထိုမိန်းမ၏မျှော်လင့်ချက်မှာ အလကားဖြစ်သွားတော့သည်။ သူမသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲနေလိုက်၏။ တကယ့်အုံးနှောက်မရှိတဲ့ဟာတွေ။ အပေါ်ယံတွင်တော့ သူမက တိုက်တွန်းရန်သာ တတ်နိုင်တော့သည်။
“ဒါဆိုလည်း မြန်မြန်လုပ်၊ ရှင် ဘယ်တစ်ယောက်ကို ရောင်းမှာလဲ”
အမျိုးသမီးချန်က ကျန်းယွင်ကျူးကို ကြည့်ကာ ရွေးရန် သူမကို အချက်ပြလိုက်တော့သည်။
သည်အခိုက်တွင်မှ ကျန်းယွင်ကျူးမှာ အသိပြန်ဝင်လာ၏။ အိပ်မက်တစ်ခုပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အသက်ကတော့ ဆက်ရှင်ရအုံးမှာပဲလေ။
ခဏလောက် တွေဝနေလိုက်ပြီးမှ သူမက အမျိုးသမီးချန်၏ ဘယ်ဘက်လက်ဆီသို့ လှမ်းလိုက်တော့သည်။ ငါက ဒီကမ္ဘာက မဟုတ်ဘူး။ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း သေသွားပြီ။ ဒီခန္ဓာကိုယ်ကို ငါသုံးနေပြီဆိုမှတော့ သူ့မိဘတွေကို ကျေးဇူးပြန်ဆပ်ပေးရမှာပေါ့လေ။ ပြီးတော့ တကယ်လို့များ အားလုံးက အိပ်မက်ထဲကအတိုင်းသာဆိုရင် ငါ တစ်ကြိမ် တွေ့ကြုံခဲ့ရပြီးပြီပဲ။ ဒီတစ်ခါတော့ ပိုပြီး လွယ်ကူလောက်မှာပါ။
သူမ၏ဘေးတွင်တော့ ကျန်းယွင်ရှို့၏အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။ အခုလေးတင်ပဲ သူမက တကယ့်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေကနေ တကယ်ပျော်စရာကောင်းတဲ့ ဘဝ အကူအပြောင်းတစ်ခုကို တွေ့ကြုံခဲ့ရတယ်….. ယုံတောင် မယုံနိုင်ဘူး။ မိုးကောင်းကင်က သူမကို အစကနေပြန်စဖို့ အခွင့်အရေးတစ်ခု တကယ် ထပ်ပေးခဲ့တာပဲ။ ဒီတစ်ခါတော့ သူမက တောင်ပေါ်ရွာလေးတစ်ရွာက လယ်သူမတစ်ယောက် ဘယ်တော့မှ မလုပ်တော့ဘူး။
သူမ ချမ်းသာမှုနဲ့ ဂုဏ်အရှိန်အဝါတွေ လိုချင်တယ်။ သူမ ဘရိုကိတ်အဝတ်အစား နဲ့ အစားအသောက်ကောင်းတွေ လိုချင်တယ်။
သူမ ဘယ်ဘက်က တုတ်ချောင်းကို ရနိုင်သရွေ့ အန်းဖင်နယ်စားဆီကို ရောင်းခံရလိမ့်မယ်။ ဒီလိုဆိုရင် သူမက အရင်က ကျန်းယွင်ကျူးရခဲ့တဲ့အရာတွေအားလုံးကို ပိုင်ဆိုင်ရလိမ့်မယ်။
သူမ ဒီအကြောင်းကို တစ်ကြိမ်မက စဥ်းစားထားပြီးပြီလေ။ အခု နောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့ပြီ။
သည်အကြောင်းကို ပြန်စဥ်းစားလိုက်ပြီးနောက် သူမက ကျန်းယွင်ကျူးဆီ တစ်လှမ်းတိုးသွားလိုက်ပြီး အမျိုးသမီးချန်၏ဘယ်ဖက်လက်ကို ဖမ်းဆွဲလိုက်တော့သည်။
“ အမေ သမီး ဒီတုတ်ကို ယူမယ်”
သူမ၏စိတ်လှုပ်ရှားနေမှုကို ဖိနှပ်ထားရင်း ကြေညာလိုက်လေသည်။
“ယွင်ရှို့”
အမျိုးသမီးချန်မှာ အံ့ဩသွား၏။ ဘယ်တစ်ချောင်းက အတို ဘယ်တစ်ချောင်းက အတို၊ ဘယ်တစ်ချောင်းက အရှည်မှန်း သူမ မသိပါဘူး။ အခုလးတင် ကျန်းယွင်ကျူးက ရွေးလိုက်ပြီး ဘယ်ဖက်လက်ထဲက တုတ်ချောင်းကို ရွေးပြီးသားလေ။ ကျန်းယွင်ရှို့က ဘာလို့ လုသွားတာတဲ့လဲ။
ကျန်းယွင်ရှို့သည် မကောင်းသည့်ရည်ရွယ်ချက်မျိုး မရှိခဲ့သော်လည်း သူမသည် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။ ရုတ်တရက် သူမက အသံကျယ်ကျယ်ဖြင့် ဝေဖန်ပြစ်တင်လိုက်တော့သည်။
“အမေက ဘာလို့ အစ်မကို အရင်ဆုံးရွေးခိုင်းတာလဲ၊ သမီးကို အရင်ဆုံးရွေးခိုင်းလို့ မရဘူးလား”
ဟုတ်ပါသည်။ ကျန်းယွင်ရှို့သည် အမျိုးသမီးချန်ကို စိတ်နာနေလေသည်။ အရင်ဘဝတုန်းက သူမက အမျိုးသမီးချန်နဲ့ ကျန်းချိန်တို့ဘက်မှာ နေခဲ့ပြီး သူတို့ကို ပြုစုလုပ်ကျွေးခဲ့ရတယ်။ သူမကပဲ မောင်ငယ် နှမငယ်တွေကို စောင့်ရှောက်ပေးခဲ့ရပြီး သူတို့စကားကိုလည်း နားထောင်ခဲ့ရတယ်။ သူမကအသုံးမကျတဲ့ ရွှီချင်ရှန်း နဲ့လက်ထပ်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့ကျတော့ရော။ သူတို့စိတ်ထဲမှာ အမြဲတမ်း ကျန်းယွင်ကျူးတစ်ယောက်ပဲ ရှိတာ။
ကျန်းယွင်ကျူး လုပ်နေခဲ့တာတွေကို စဥ်းစားကြည့်လိုက်ရင် သူမက အစားလည်းစားရ အဝတ်ဆိုလည်း မပူရ။
တကယ်တော့ သူမက အန်းဖင်နယ်စားအိမ်တော်မှာ နေ့တိုင်း အရသာရှိတာတွေ စားနေပြီး ပျော်ရွှင်ရွှင် သောက်နေတဲ့အချိန်မှာ သူတို့ကျတော့ ရွာလေးမှာပဲ နေ့တိုင်း ဆန်ကွဲနဲ့အသီးအရွက်တွေပဲ မျိုနေရတယ်။
ဒီတော့ သူဘာတွေ ထည့်တွက်ပေးခဲ့လဲ။ သူဘာတွေ လုပ်ပေးခဲ့လဲ။
ပြီးတော့ ကျန်းယွင်ကျူး ပြန်လာတဲ့အချိန်ကျတော့ သူမက အထက်တန်းစားသခင်မ တစ်ယောက်ဖြစ်ပြီလေ။ သူတို့မျက်လုံးထဲမှာ သူမ ဆိုတာကို မရှိတော့တာ။
သူတို့နှစ်ယောက်လုံးက သမီးတွေပါ။ သူတို့တွေက သူမကို ဒီလိုဆက်ဆံရသလား။
ဒီတစ်ခါတော့ သူမက ကျန်းယွင်ကျူးနေရာကို အစားထိုးရအောင်ယူပြီး ချမ်းသာတဲ့ဘဝမျိုးမှာ နေရမယ်။ ဘယ်သူကမှ သူမကို တားလို့မရဘူး။ မဟုတ်ရင်တော့ သူမ သူတို့တွေနဲ့ တိုက်ခိုက်ရလိမ့်မယ်။
သူမသည် ထိုအကြောင်းကို စဥ်းစားလေလေ ကျန်းယွင်ရှို့သည် ပိုပြီး စိတ်ပျက်လာလေလေ ဖြစ်နေတော့သည်။ သူမက အမျိုးသမီးချန်၏လက်ကို အတင်းဖျစ်ညှစ်ထားလိုက်ကာ သူမလက်ထဲက တုတ်ချောင်းကို ဆွဲထုတ်လိုက်တော့သည်။
အမျိုးသမီးချန်၏လက်သည် ဖျစ်ညှစ်ခံလိုက်ရသည့်အတွက် နာကျင်သွားတော့သည်။ သူမသည် ကျန်းယွင်ရှို့ကို မယုံကြည်နိုင်သလို ငေးကြည့်နေမိတော့သည်။
ကျန်းယွင်ရှို့က သူမကို ဂရုမစိုက်ပေ။ သူမသည် လက်ထဲက တုတ်ချောင်းကိုသာ မခွာတမ်း ကြည့်နေလေသည်။ တုတ်ချောင်းအတိုပဲ။ တကယ် အတိုတစ်ခုပဲ။ အားလုံးက မှန်နေတယ်။ သူမ နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်လာတော့မယ်။
ကျန်းယွင်ကျူး၏ မျက်လုံးများသည် နီနေသော်လည်း ပြုံးနေလိုက်၏။ သည်တုံ့ပြန်မှုက ထူးထူးဆန်းဆန်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေတော့သည်။
အမျိုးသမီးချန်သည် သူမရှေ့တွင်ရှိနေသည့် ကျန်းယွင်ရှို့မှာ သူမ၏သမီးလုံးဝ မဟုတ်သည့်နှယ် အလွန်သူစိမ်းဆန်နေသည်ဟု ခံစားလိုက်ရတော့သည်။
ကျန်းယွင်ကျူးက ကျန်ယွင်ရှို့၏ မူမမှန်နေမှုကို သတိထားမိသွား၏။ အားလုံး၏ အပေါ်ယံအမြင်တွင်တော့ ရောင်းစားခံလိုက်ရခြင်းက ဒုက္ခရောက်တော့မည့် သဘောတရားပင်။ ပိုကောင်းသူများက လူချမ်းသာများထံတွင် အမျိုးသမီးအစေခံအဖြစ် ရောင်းစားခံရမည်။ သူတို့သည် အကြိမ်ကြိမ် ရိုက်နက် ဆူဆဲခံရမည်။ သူတို့၏ ရှင်သန်ခြင်း သေဆုံးခြင်းသည် တစ်ဖက်လူအပေါ်တွင်သာ မူတည်သည်။ အဆင့်နိမ့်သူများနှင့် ကံဆိုးသူများကတော့ ဆောင်ကြာမျိုင်သို့ တိုက်ရိုက်ရောင်းစားခံရမည်။ သူတို့၏ဘဝများသည် ဖျက်ဆီးခံလိုက်ရမည်။
ငါအိပ်မက်ထဲမှာတော့ ငါ့ကို အန်းဖင်နယ်စားဆီ ရောင်းစားလိုက်တယ်တဲ့။ အဲဒီရဲ့ခါးသီးမှုက အပြင်လူတွေနားမလည်နိုင်လောက်တဲ့ အထိပဲ။
ဒါကြောင့်ပဲ ငါက တုတ်ချောင်းအတိုကို ရွေးတာ ပိုကောင်းမယ်လို့ စဥ်းစားလိုက်တာလေ။
အခုကျတော့ ဘယ်လိုဖြစ်တာလဲ။ ကျန်းယွင်ရှို့က အရင်က ရောင်းစားခံရမှာ ကြောက်ခဲ့တာမလား။ သူဘာလို့ အမျိုးသမီးချန်ရဲ့ဘယ်ဖက်လက်ထဲက တုတ်ကို ရုတ်တရက်ကြီး လုသွားရတာလဲ။ ပြီးတော့ အထဲမှာ တုတ်ချောင်းအတို ရှိနေတာကိုလည်း ကြိုသိနေပုံရတယ်။
အိပ်မက်ထဲက အတွေ့အကြုံကို စဥ်းစားလိုက်ပြီးနောက် ကျန်းယွင်ကျူးက မျက်ခုံးများကို ပင့်ထားလိုက်သည်။ ဧကန္တ ကျန်းယွင်ရှို့ကရော အိပ်မက်တစ်ခုထဲ မက်ခဲ့တာများလား။
အိပ်မက်ထဲမှာ ကျန်းယွင်ရှို့က ငါ့ကိုလုံးဝ သဘောမကျတာ မှတ်မိနေသေးတယ်။ တစ်ခါက သူ ငါ့ရှေ့မှာ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက သူမသာ အရင်ဆုံးရွေးချယ်ရတဲ့သူ ဖြစ်ခဲ့ရင် သူမက အခုလောက်ဆို နယ်စားအိမ်တော်ရဲ့ သခင်မ ဖြစ်နေလောက်ပြီတဲ့။
ပြီးတော့ သူက လင်ထင်အန်းကိုလည်း မြူဆွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့မျက်နှာက လောကဓံကြောင့် ညှိုးနွမ်းနေခဲ့ပြီလေ။ သူ့ရဲ့လှပတဲ့အချိန်ကလည်း ကုန်သွားတာ ကြာခဲ့ပြီ။ လင်ထင်အန်းက သူ့ကို ဘယ်လိုလုပ်ပြီး ချစ်နိုင်ပါတော့မလဲ။
စိတ်ဝင်စားစရာပဲ။ ကျန်းယွင်ကျူးက မလှုပ်ရှားဘဲ ဆက်ပြီး စောင့်ကြည့်နေလိုက်၏။
“ အမေ သမီး တုတ်ချောင်းအတို ရွေးလိုက်ပြီ”
သည်အခိုက်တွင် ကျန်းယွင်ရှို့သည် အေးဆေးတည်ငြိမ်နေပြီး တရားဝင်ကြေညာလိုက်သည့်နှယ် အမျိုးသမီးချန်ကို ပြောလိုက်လေသည်။
“ယွင်ရှို့” အမျိုးသမီးချန်က သူမအတွက် အလွန်စိတ်ပူသွားတော့သည်။
“ကျန်းယွင်ကျူး ငါ တုတ်ချောင်းအတိုကို ရွေးလိုက်ပြီနော်”
ကျန်းယွင်ရှို့က ကျန်းယွင်ကျူးကို တည့်တည့်ကြည့်လိုက်လေသည်။ သူမသည် ထိုစကားကို ပြောလိုက်ချိန်တွင် မေးစေ့ကို မသိမသာ ချီထားတော့သည်။ ရည်ရွယ်ချက်က အမြင့်ဆုံး ရောက်သွားပြီ။ မိုးကောင်းကင်က သူမကို မျက်နှာသာပေးခဲ့ပြီ။ ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့ သူမက လှလှပပ ချမ်းချမ်းနေရပြီး ဆန့်ကျင်ဘက်နေနဲ့ ကျန်းယွင်ကျူးကတော့ ရွှံ့ထဲမှာ လူးလှိမ့်နေရတော့မယ်။
သူမ၏ ပုံစံကို မြင်လိုက်ရတော့ ကျန်းယွင်ကျူးက သူမ၏ခန့်မှန်းချက်ကို နောက်ဆုံး အတည်ပြုနိုင်သွားတော့သည်။ ကြည့်ရတာ သူမလည်း အိပ်မက်တစ်ခုထဲကို တကယ်မက်ခဲ့တာပဲ။
အန်းဖင်နယ်စားအိမ်တော်က ကိစ္စအဝဝကို စဥ်းစားလိုက်ပြီးနောက် သူမက ပြုံးမိသွားတော့သည်။ ကျန်းယွင်ရှို့က သူမရဲ့အိပ်မက်ထဲက ဘဝကို တကယ်လိုချင်နေတာတဲ့လား။
ဒါဆိုရင်တော့ သူမက ပေးရမှာပေါ့။ နောက်မှ နောင်တမရပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်တယ်။
ထိုကိစ္စကို သည်လိုနှင့် အဆုံးသတ်လိုက်တော့သည်။ နှစ်ဖက်စလုံးက စာချုပ်တစ်ခု ရေးလိုက်ပြီး ငွေချေလိုက်၏။ ကျန်းယွင်ရှို့က သူမ၏ပစ္စည်းများကို သိမ်းထုပ်ကာ ထိုမိန်းမနှင့် ထွက်သွားတော့သည်။
ကျန်းယွင်ရှို့သည် သူမကိုယ်ပေါ်က အဝတ်အစားမှ လွဲလျှင် ဘာတစ်ခုမှ ယူမသွားချေ။ သူမ၏အမြင်တွင်တော့ သည်အိမ်က သည်ပစ္စည်းများသည် ညံ့ဖျင်းသည့်အရောင်အဝါတစ်ခု ရှိနေသည်။ သူတို့ကို သယ်သွားလျှင် လူတွေက သူမကို အထင်သေးသွားလိမ့်မည်ဟူ၍။
ထွက်မသွားခင် သူမက ကျန်းယွင်ကျူးကို ပြောလိုက်လေသည်။
“ အစ်မ နင် အနာဂတ်မှာ ကောင်းကောင်း မနေနိုင်ခဲ့ရင် ငါ့ဆီ လာပြီး တောင်းပန်လှည့်နော်”
သူမ စိတ်ကောင်းဝင်နေရင်တော့ သူ့ကို လျန်တစ်စ နှစ်စလောက် ဆုချချင် ချလိုက်မယ်။ အရင်တုန်းက သူ သူမကို ဖဲသားပိတ်စတွေ ပေးခဲ့သလိုလေ။
သူမကို တောင်းပန်ရမတဲ့လား။ ကျန်းယွင်ကျူး၏နှုတ်ခမ်းထောင့်မှာ မြင့်တက်သွားလေသည်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်လွယ်တယ်လို့ ထင်နေတာတဲ့လား။
ပြီးတော့ ငါက ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ။ ငါ့ရဲ့သာယာတဲ့ဘဝလေးက အခုပဲ စတော့မှာလေ။
…