အခန်း ၁၆၉ ။ ပြိုင်ပွဲအကြိုပြင်ဆင်မှု
အမတဘုံက သာမန်အမတမြို့တွေနဲ့ယှဉ်ရင် ကောင်းကင်အလွန်မှကောင်းကင်များက သိသိသာသာ ပိုကြီးတယ်။ လွန်ကဲတဲ့ လူသွားလမ်းတွေမရှိပေမဲ့လည်း တောင်ထွတ်တွေပေါ်မှာ နန်းတော်တွေ အများကြီးပဲ။ တိုင်းပြည်အသီးသီးကြား ပဋိပက္ခတွေဖြစ်ပွားလာမှာကို တားမြစ်ဖို့အတွက် အမတသက်တံနန်းတော်က ပြိုင်ပွဲဝင်တစ်ဖွဲ့ဝင်ချင်းစီကို တောင်ထွတ်ပေါ်က အမတနန်းတော် ထောက်ပံ့ပေးတယ်။ ရှန်းရင်တို့တွေကိုလည်း သီးသန့်အမတဗိမာန်တစ်ခုဆီ နေရာချထားပေးပြီ။ လူနည်းတာမို့ သူတို့အတွက် နန်းတော်က အတော်လေး ဗလာကျင်းနေသလိုပဲ။
သူတို့တွေ နားပြီးသိပ်မကြာခင်မှာပဲ တာဝန်ရှိအမတတစ်ယောက်က ရောက်လာတယ်။ အဇဋာဧကရာဇ်က တိုင်းပြည်အသီးသီးကို စုဝေးခိုင်စပြီး မနက်ဖြန်ကျင်းပမဲ့ပြိုင်ပွဲအတွက် အကျဉ်းချုံးပြောဖို့ ဖိတ်ကြားလိုက်ကြောင်း ပြောတယ်။ ကူယွဲ့က ယွီဟုန့်ကို မှာစရာရှိတာမှာခဲ့ပြီး ရှန်းရင်၊ ယိချင်းတို့နဲ့ တွေ့ဆုံပွဲဆီ ထွက်လာခဲ့လိုက်တယ်။
အဲတော့မှပဲ သူတို့ အမတသက်တံနန်းတော်ဆိုတာကို မြင်ဖူးတော့တယ်။ တကယ့်ကို အဇဋာဧကရာဇ်တစ်ပါးရဲ့ ဘုံဗိမာန်ဖြစ်ဖို့ထိုက်တန်ပါတယ်။ တခြားအမတဘုံဗိမာန်တွေနဲ့ ကွာခြားပြီး နန်းတော်ရဲ့နန်းဆောင်က ဖန်သားတုံးကြီးတွေနဲ့ ဆောက်ထားသလိုပဲ။ မျက်နှာကျက်တွေက မြင့်လွန်းလို့ ကောင်းကင်နဲ့တောင် ရောနေတဲ့ပုံ။ နေရောင်ခြည်က သက်တံ၇ရောင်အဖြစ်ကွဲထွက်သွားတယ်။ အချိန်နဲ့အမျှ တစ်စုံတစ်ရာက အခန်းထဲတစ်လျှောက် စီးဆင်းနေတယ်။ ကူယွဲ့ အနားကို သွားကြည့်လိုက်တော့ အမတသွေးကြောပဲ နန်းတော်ထဲ ပတ်ပတ်လည်ဝိုင်းနေတဲ့ အမတသွေးကြောတွေ အများကြီး။ ဖန်လိုနံရံတွေကတောင် မသေမျိုးချီပုံစံဖွဲ့ပြီး ဖြစ်ပေါ်လာတဲ့ပုံ။
ကူယွဲ့ရင်ခုန်သွားတယ်။ အမတသွေးကြောကို ရှာရတာခက်တယ်။ အမတသွေးကြော အပြည့်အဝတစ်ခုလုံးက သာမန်မြေအမတကနေ အဆင့်မြင့်အမတအထိ မြင့်တက်သွားစေနိုင်တယ်။ ချင်းခုံးအမတဘုံဗိမာန်ရဲ့ သခင်က ထျန်းလန်လောကကို ထပ်တလဲလဲ ဖျက်ဆီးခဲ့တုန်းက သူ့အမတသွေးကြောကို အာဟာရဖြည့်တင်းဖို့ အကောင်းဆုံးကြိုးစားနေတာမဟုတ်ဘူးလား။ ကူယွဲ့ အမတသွေးကြောတွေက ကောင်းကင်အလွန်မှကောင်းကင်များမှာ တန်ဖိုးမဲ့လွန်းမယ် မထင်ခဲ့ဘူး – အသုံးမဝင်လွန်းလို့ သူတို့ကို နံရံပေါ်က အဆင်အယင်တွေအဖြစ် သုံးကြတာပေါ့။
ဧည့်ကြိုက သူတို့ကို နန်းတော်ဝင်ပေါက်ထိ ခေါ်လာခဲ့ပြီးတော့ ရပ်သွားပြီး သူတို့ရှေ့က ခန်းဆောင်ကြီးတစ်ခုဘက် လက်ညှိုးထိုးပြတယ်။ သူတို့ ရှေ့ကိုနည်းနည်းလျှောက်လာခဲ့ချိန်မှာတင် ခန်းဆောင်ထဲ ဆွေးနွေးသံတွေကို ကြားရသလို ရင်းနှီးနေတဲ့ အရှိန်အဝါကိုလည်း အာရုံခံမိတယ်။
သုံးယောက်သား ဧည့်ကြိုကိုကျေးဇူးတင်ပြီး ခန်းမကြီးထဲဝင်ခဲ့တယ်။ အဲတစ်ချိန်တည်းမှာပဲ ခန်းမထဲက ဆွေးနွေးမှုတွေအားလုံး ပျောက်ဆုံးသွားခဲ့တယ်။ တစ်ယောက်ယောက်ရ ရီမုသုံးပြီး ရပ်ဆိုတဲ့ခလုတ်ကို နှိပ်လိုက်သလိုပဲ။ ခန်းမထဲက လူဆယ်ယောက်ကျော်ရဲ့အကြည့်က သူတို့သုံးယောက် ရပ်နေတဲ့ ဝင်ပေါက်ကိုပဲ စူးစိုက်ကြည့်နေတယ်။ ခန်းမရဲ့ညာဘက်ခြမ်းမှာ ထိုင်နေတဲ့လူ၈ယောက်ကတော့ အတော်လေး ဖြူဖျော့သွားလေရဲ့။ လုံးဝကို စိတ်ဝင်စားစရာကောင်းတာပဲ။ သူတို့တွေ ယိချင်းနဲ့ အကြည့်ချင်း ဆုံတာနဲ့ ချက်ချင်း အကြည့်လွှဲကုန်ကြတယ်။
ခန်းမက ခုတော့ ထူးဆန်းစွာ တိတ်နေပြီ။
“မင်းတို့နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ၊ ဒီလာ ဒီလာ” ညာဘက်ခြမ်းကနေ ရင်းနှီးနေတဲ့ အသံတစ်သံ ထွက်လာတယ်။ ဒီတစ်ချိန်လုံး တိတ်နေတဲ့ ရွှင်ရှူးက ရုတ်တရက် ပျော်သွားတဲ့ပုံ။ သူက ချက်ချင်း ဝင်ပေါက်က သုံးယောက်ကို လက်ယမ်းပြပြီး သူ့ဘေးက နေရာလွတ်ကို လက်ညှိုးထိုးပြတယ်။
သုံးယောက်သားက လျှောက်လာတော့ ချန်ကော ရောက်မလာသေးမှန်း နားလည်သွားတယ်။ ဒါကပုံမှန်ပါပဲ – ဘယ်လိုပဲဖြစ်ဖြစ် သူက အဇဋာဧကရာဇ်ပဲ။ သေချာပေါက် နောက်ဆုံးမှ ရောက်လာမှာပေါ့။ သူတို့တွေကို နောက်ကျတယ်လို့တောင် ပြောလို့ရတယ်။ ခန်းမထဲ လသတော်တော်များများရောက်နေကြပြီ။ သူတို့တွေ ထိုင်နေတဲ့လူအားလုံးကို မှတ်မိတယ်။ ရွှင်ရှုးကလွဲ တခြားဧကရာဇ်တွေက ယိချင်းအရင်က ထုထောင်းခဲ့တဲ့သူတွေ။ အားလုံးက အတော်လေး မသက်မသာ ဖြစ်နေတဲ့ပုံနဲ့ တစ်ယောက်ချင်းစီက သူတို့ပတ်လည်မှာ အမတတချို့ ရပ်နေတယ်။ သူတို့တပည့်တွေ ဖြစ်နိုင်တယ်။
တိုင်းပြည်အသီးသီးရဲ့ ဧကရာဇ်တွေ ယိချင်းကို ကြည့်ပြီး သူတို့ကိုယ်ထဲထူးဆန်းတဲ့နာကျင်မှုကို ခံစားလိုက်ရတယ်။ စိတ်ကူးကြည့်မိနေတာလားတောင် မသေချာဘူး။ သူတို့ အထုထောင်းခံခဲ့ရတဲ့ရက်ကို ပြန်တွေးမိပြီး အမူအရာတွေ ပြောင်းလဲကုန်တယ်။ တစ်ဖက်မှာ ပေါက်ကွဲချင်တဲ့ ရှင်းပြမရတဲ့ဒေါသတွေ ခံစားရပေမဲ့ မပေါက်ကွဲရဲဘူး။ သူတို့တွေ အရင်တစ်ကြိမ်က အထုထောင်းခံခဲ့ရတာ – သေချာပေါက် လက်စားချေချင်တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ဂုဏ်သတင်းအတွက် သူတို့ကိုယ်သူတို့ ထိန်းချုပ်ရတယ်။ ပြီးတော့ သူ့ကျင့်ကြံဆင့်က… သူ့ကိုတစ်ယောက်တည်း အနိုင်ယူဖို့ အခက်အခဲ တွေ့စေတယ်။ အဲဒါကြောင့် သူတို့ အဇဋာဧကရာဇ်ဆီ အရင်တင်ပြခဲ့တာပဲ။ အဇဋာဧကရာဇ်က ယိချင်း ဧကရာဇ်ငယ်ဖြစ်လာတယ်လို့မကြားခင်ထိ ဘာမှမလုပ်ဘဲ နေမယ်လို့ ဘယ်သူက သိမှာလဲ။ အခု ယိချင်းက ဝူတိဂိုဏ်းကိုယ်စားပြုအဖြစ် အစည်းအဝေးတက်ဖို့ ဖိတ်ကြားခံရတယ်။
ဧကရာဇ်တွေက နောက်ကွယ်ကသဘောတွေကို ကောင်းကောင်းနားလည်တာပေါ့။ ယိချင်း ဆန်းကြယ်ဝိညာဉ်များနှင့် အမတများတွေ့ဆုံပွဲဆီ ဖိတ်ကြားခံရတဲ့အချက်က အဇဋာဧကရာဇ်က သူ့အဆင့်အတန်းဟာ တခြားဧကရာဇ်တွေနဲ့တူညီတယ်လို့ အသိအမှတ်ပြုကြောင်း သဘောဆောင်နေတယ်။ သူ နောက်ပိုင်း တိုင်းပြည်တည်ထောင်ခွင့်ရသွားရင်တောင် သူတို့ ဘာမှမလုပ်နိုင်တော့ဘူး။ သူတို့ အရင်တစ်ကြိမ်က အတော်လေး ဆိုးဆိုးဝါးဝါး အထုထောင်းခံခဲ့ရတာကိုး။
သူတို့ သုံးယောက်သား ရွှင်ရှူးဆီလျှောက်လာတာကို ကြည့်နေမိတယ်။ ယိချင်းက အရှေ့ကလျှောက်ပြီး ကျန်တဲ့နှစ်ယောက်က နောက်ကနေ ခပ်ကပ်ကပ် လိုက်လာတယ်။ ဧကရာဇ်တွေ သူတို့ကို ခေါင်းစခြေဆုံး ကြည့်တော့တာပေါ့။ တစ်ယောက်က အဆင့်မြင့်အမတ၊ နောက်တစ်ယောက်ကတော့ မြေအမတ။ နှစ်ယောက်လုံးကို သူတို့မရင်းနှီးဘူး။
ခန်းမထဲလွတ်နေတဲ့ တစ်ခုတည်းသော ထိုင်ခုံအလွတ်က ရွှင်ရှူးဘေးမှာ။ နဂိုကတော့ ယိချင်းထိုင်မယ်ထင်ပေမဲ့ မထင်မှတ်ထားစွာဘဲ ဘေးကိုဖယ်ပြီး သူ့နောက်က အမျိုးသမီးကို ထိုင်ခွင့်ပေးလေတယ်။ သူမက မေးခွန်းမရှိ တုံ့ဆိုင်းမှုမရှိ ထိုင်ချလေတယ်။ အဆင့်မြင့်အမတနဲ့ ယိချင်းက ထိုင်ခုံဘေးမှာ တစ်ဖက်စီရပ်လိုက်ကြတယ်။
ကြည့်နေတဲ့လူတိုင်း အံ့ဩကုန်တယ်။ အမျိုးသမီးက ဘယ်သူလဲနဲ့ ဧကရာဇ်ငယ်ယိချင်းက ဘာလို့ သူမကို အဲလောက်လေးစားမှုပြလဲ ခန့်မှန်းကုန်တယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲလေ့လာလေ့လာ သူမက မြေအမတပုံစံ ဖြစ်နေဆဲပဲ။ ဘယ်သူမှ လျှောက်လာပြီး သူမဘယ်သူလဲဆိုတာ အတည်မပြုရဲကြဘူး။
သူတို့ဘေးက ရွှင်ရှူးတောင် ဘာဖြစ်လဲဆိုတာ မအံ့ဩတဲ့ပုံ။ သူက အုပ်စုဘက် လှည့်လိုက်တယ်။
“မင်းတို့နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ၊ ငါနဲ့ စကားပြောလို့ရတဲ့သူ ဒီခန်းမမှာ တစ်ယောက်မှ မရှိဘူး၊ ငါပျင်းလို့သေတော့မယ်၊ ဟုတ်သား မင်းတို့ ဒီတစ်ကြိမ် ဘယ်နှစ်ယောက်လောက် ပါလာလဲ”
“ဧကရာဇ်ငယ်ရွှင် ခင်ဗျားကြည့်ရတာ သေချာပြင်ဆင်ထားပုံပဲ” ကူယွဲ့က ရွှင်ရှူးမေးခွန်းကို မဖြေ။ အဲအစား ရွှင်ရှူးနောက်က လူလေးငါးယောက်ကို လှမ်းကြည့်လိုက်တယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်ကို မမြင့်ပေမဲ့ ဓားချီတွေ ဝိုင်းထားတယ်။ အားလုံးက ဓားအမတတွေဆိုတာ အသိသာကြီး။ သူတို့အားလုံးကို အသစ်စုဆောင်းထားတာ ဖြစ်လောက်တယ်။
“သေချာပြင်ဆင်ထားတယ်လို့တော့ မပြောပါဘူး” ရွှင်ရှူးကပြုံးပြီး သူ့နောက်ကို လှမ်းကြည့်လိုက်တယ်။
“သူတို့ကိုပဲ ခေါ်လာတာပါ၊ ဒီပြိုင်ပွဲမှာ ပြိုင်ဖူးတာ ပထမဆုံးပဲ၊ ဒါကြောင့် အတွေ့အကြုံတချို့ ပေးမယ်တွေးထားတာ” သေချာပေါက် သူတို့တစ်ခုခုနိုင်ရင်တော့ကောင်းတာပေါ့။
“သိပြီ” ကူယွဲ့ဖြေလိုက်တယ်။ သူ့မျက်လုံးတွေ အရောင်လက်သွားတယ်။
“ဧကရာဇ်ငယ်ရွှင်ရှူး လူရှာတာ ဘယ်လိုအခြေအနေရှိပြီလဲ”
“အရှိန်က အဆင်ပြေပါတယ်” ရွှင်ရှုးက အားရပါးရပြုံးတယ်။ သူ့စပ်ဖြဲဖြဲမျက်နှာက ချက်ချင်းကို ပိုပြီးစိတ်ရှုပ်စရာ။ သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလာတယ်။
“ဆယ်ယောက်ကျော် တွေ့ပြီးပါပြီ”
“ဒါဆို ဧကရာဇ်ငယ်ကို ဂုဏ်ပြုသင့်တာပေါ့” ကူယွဲ့ စိတ်ရင်းနဲ့ပြောပြီး ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆိုကျုပ်ခန့်မှန်းရသလောက်တော့… ဧကရာဇ်ငယ် နောက်တစ်ကြိမ်ကျရင် လက်နက်တွေကို ပိုပြီး စောစော အပ်နိုင်မယ်ထင်တယ်” ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အခု တကယ်ကို လူအင်အားတွေ ပိုများနေပြီပဲ။
“…”
ရွှင်ရှူးအပြုံးက ချက်ချင်းပျောက်ကွယ်သွားတယ်။ သူ သွေးအန်တော့မလိုပဲ။ အစတုန်းကတော့ မျက်နှာသိတွေကို မြင်ရလို့ စိတ်လှုပ်ရှားနေတာ။ ဒါပေမဲ့ အခုတော့ အဲအနွေးဓာတ်အားလုံးက ပျောက်သွားပြီ။ ဟေး၊ မင်းတို့မှာ အရှက်လုံးဝမရှိဘူးလား။ မင်းတို့ငါ့ကို ဘာမှတ်နေတာလဲ။ သူ သူတို့အတွက် အမတလက်နက်တွေလုပ်ပေးတာ နှစ်တွေချီနေပြီ။ သူ့ကိုအလွတ်ပေးအုံးမှာလား။
“အလောမကြီးပါနဲ့ ဧကရာဇ်ငယ် ခင်ဗျား အဲဒါတွေကို ဆယ်ရက်ဆယ့်ငါးရက်စောအပ်လည်း ရပါတယ်၊ စောင့်လို့ရတယ်”
“မင်းတို့ ငါ့ကို တစ်လပဲပေးတာ မဟုတ်ဘူးလား”
“ဟုတ်လား၊ ဒါဆို နောက်တစ်ကြိမ်ကျ… တစ်ပတ်နဲ့လုပ်ရင်ရော ဘယ်လိုထင်လဲ၊ ၇ရက်တစ်သုတ် အပ်ရင်ရော”
“ထွက်သွား”
“ဧကရာဇ်ငယ် ဆေးလုံးတွေ ဖော်နိုင်တဲ့ မိတ်ဆွေတွေများသိလား၊ ဒါမှမဟုတ် အဆောင်ဖန်တီးနိုင်သူတွေလေ”
“ဧကရာဇ်ငယ် ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့၊ ကျုပ်တို့ ဖြည်းဖြည်းချင်းပြောလို့ရတယ်လေ၊ အရမ်းကိုကျိုးကြောင်းသင့်…”
ကူယွဲ့ကတော့ လုံးဝကို စီးပွားရေးဈာန်ဝင်နေပြီ။ သူက ရွှင်ရှူးကို ဘေးခေါ်ပြီး သီးသန့်ဆွေးနွေးဖို့ လုပ်တော့တယ်။ ရွှင်ရှူးက နဂိုတုန်းက ဒေါသထွက်နေတာ အသိသာကြီး။ ဒါပေမဲ့ သူ့ဒေါသကနေ တဖြည်းဖြည်ချင်း ဇဝေဇဝါဖြစ်မှုအဖြစ် ပြောင်းလဲလာပြီး နောက်ဆုံးတော့ အမတဘုံမှာ ဘယ်မိသားစုက စီးပွားရေးလုပ်တာ အတော်ဆုံးလဲဆိုတဲ့စကားဝိုင်းထဲ ကူယွဲ့နစ်မျောသွားခဲ့တယ်။
ကူယွဲ့ဘေးကနှ စ်ယောက်ကတော့ ဒါကိုကျင့်သားရနေပြီ။ တစ်လျှောက်လုံးမျက်တောင် တစ်ချက်တောင် မခတ်။ တစ်ယောက်က အသီးဝါးဖို့ အာရုံစိုက်နေတုန်း တခြားတစ်ယောက်က အသီးကို တည်ခင်းဖို့ အာရုံစိုက်နေတယ်။ အချိန်နဲ့အမျှ ယိချင်းက သူ့ဘေးက သိုလှောင်လွယ်အိတ်ထဲကနေ အသီးတွေ ပိုထုတ်လာသေးတယ်။
ဧကရာဇ်တွေက သူတို့အုပ်စုက ဆက်ပြီးတော့ ပြဿနာရှာဖို့ရည်ရွယ်ချက်မရှိတာမြင်တော့ ဖြည်းဖြည်းချင်း စိတ်အေးသွားကြတယ်။ အဇဋာဧကရာဇ်ရောက်လာမှာကို စောင့်ရင်း သူတို့ဘာသာ ခပ်တိုးတိုး စကားစမြည်ပြောတော့တယ်။
အဲအခိုက်အတန့်မှာ ဆယ့်ငါးဆယ့်ခြောက်အရွယ် မိန်းကလေးတစ်ယောက်က အဝင်ဝမှာ ရောက်လာတယ်။ သူမက အမတသက်တံနန်းတော်အတွက်ထူးခြားတဲ့ ပန်းပွင့်အဆင်နဲ့ ပန်းရောင်ဝတ်ရုံဝတ်ထားတယ်။ သူမရဲ့ကျင့်ကြံဆင့်က မြေအမတအဆင့်ပဲရှိသေးလေရဲ့။
…