အခန်း ၁၆၈ ။ ကောင်းကင်အလွန်မှကောင်းကင်များဆီ ဝင်ရောက်ခြင်း
လူတွေအများကြီးမို့ ရှန်းရင်နဲ့အုပ်စုက ကိုးလွှာနန်းတော်တံခါးများကို ဖြတ်သန်းဖို့ လဝက်ကျော် ကြာခဲ့တယ်။ အရပ်ဆယ်မျက်နှာလှေကာ တံခါးကနေ ထွက်လာချိန် ဆူညံပွက်လောရိုက်နေသံတွေ ကြားလိုက်ရတယ်။
ဓမ္မလက်နက်ကြီးတွေက သူတို့ပတ်လည်မှာ ရပ်တန့်သွားကြတယ်။ အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံ။ တချို့က ကြာပန်း၊ တချို့က စစ်တုရင်၊ တချို့က အမတစည်းတံဆိပ်၊ တချို့က သူတို့လို ရွက်လှေတွေ။ အဝေးကနေပြီး သူတို့တွေ အမတပုဂ္ဂိုလ်တွေ လှုပ်ရှားနေတာကို မြင်နေရတယ်။ သူတို့ကို အထဲကလောကနေ ခွဲခြားထားတဲ့ အင်းကွက်အစီအရင်ကြောင့် ရှင်းရှင်းလင်းလင်းတော့ မမြင်ရဘူး။ သူတို့ အမတဓမ္မလက်နက်တွေ ဘေးကဖြတ်သွားချိန် တစ်ခုချင်းစီက အရင်တစ်ခုထက် ပိုပိုပြီးကြည့်ကောင်း ခမ်းနားလာတယ်။ လေထဲက မသေမျိုးချီကလည်း အတော်လေး ပြင်းလာလေရဲ့။
ဒါပေမဲ့ ဘယ်လက်နက်ကမှ သူတို့ဟာလောက် အသစ်အတိုင်း သန့်မနေဘူး။ သူတို့ရဲ့ ရွက်လှေက ရွှေရောင်တောက်ပနေတယ်။ ထူးထူးဆန်းဆန်းအရောင်တွေပါတဲ့ ရွက်လှေတွေနဲ့ ယှဉ်ရင် သူတို့ဟာက အများကြီးပိုခမ်းနားတယ်။
အမတရွက်လှေတွေထိပ်ပေါ်က လူတွေက အစည်းအဝေးမှာပါဝင်ဖို့ ရောက်နေတဲ့ပုံစံနဲ့။ ဒါပေမဲ့ သူတို့က ဘယ်တိုင်းပြည်ကလဲနဲ့ ဘယ်ဧကရာဇ်လက်အောက်ကလည်းဆိုတာ မသေချာဘူး။ ကူယွဲ့ စဉ်းစားရင်း လှေ၈စင်းထက် ပိုနေတာ နားလည်သွားခဲ့တယ်။ ဒီလူတွေက သူတို့ထက် စောရောက်နေတာ အသိသာကြီး။ အချိန်နဲ့အမျှ အမတတွေက တခြားလှေတွေကနေ ပျံသန်းလာပြီး သူတို့ဓားတွေပေါ် စီးရင်း စကားစမြည်ပြောဖို့ပုံစံနဲ့ တခြားအမတလှေတွေပေါ် တက်သွားကြတယ်။ အဲဒါကြောင့် အားလုံးရှေ့ဆက်နေတာတောင် သူတို့ရွေ့နေတာ အတော်လေးကို နှေးနေတာပဲ။
အရပ်ဆယ်မျက်နှာရွက်လှေ ပေါ်လာတာနဲ့ လူတွေက ရပ်ပြီး စိုက်ကြည့်ကျတယ်။ တချို့တွေဆို လှေပေါ်ဘယ်သူရှိနေလဲစစ်ဖို့ အရပ်ဆယ်မျက်နှာလှေဆီ ကောင်းကင်စိတ်အာရုံတောင် လွှတ်လိုက်တယ်။ ဒါပေမဲ့ လှေပတ်လည်က အင်းကွက်အစီအရင်က ဒါတွေကို တားမြစ်ထားတယ်။ တစ်ခါတည်း လူတွေအများကြီး လှေကို လှည့်ကြည့်ကြတော့တယ်။
ကူယွဲ့ အရှေ့ကို ကြည့်ပြီး အမတလက်နက်တွေအပြည့် ကောင်းကင်ကို လက်ညှိုးထိုးလိုက်တယ်။ သူ ကောင်းကင်အလွန်မှကောင်းကင်များမှာတောင် ယာဉ်ကြောပိတ်တာနဲ့ကြုံရမယ်လို့ မထင်ခဲ့ဘူး။ သူတို့ ဘယ်ချိန်ထိ စောင့်ရဦးမှာလဲ။ ဝတ်ရုံဖြူနဲ့ အမတတစ်ယောက်က ကြိုးကြာတစ်ကောင်ကိုစီးပြီး သူတို့ဆီ ပျံသန်းလာတယ်။ ခေါင်းပေါ်မှာ သရဖူနဲ့။ ကြည့်ရတာ အမတအရာရှိတစ်ယောက်ဖြစ်တဲ့ပုံ။
တကယ်ပဲ အမတက သူတို့လှေဘေးက အစီအရင်ရှေ့ ရပ်လိုက်ပြီး လှေပေါ်ကလူတွေကို ဂါရ၀ပြုလာတယ်။ အတော်လေးကို ကြည်လင်နေတဲ့အသံနဲ့ အမတကပြောလာတယ်။
“ကျုပ်က အဇဋာဧကရာဇ်လက်အောက်က အမတအရာရှိပါ၊ ကျုပ်က ခင်ဗျားတို့အားလုံးကို ကြိုဆိုဖို့ ရောက်လာခဲ့တာပါ၊ ဘယ်ဧကရာဇ်လက်အောက်ကလဲဗျ”
ဒီလိုဆိုတော့ ဒါက ယာဉ်ကြောထိန်းပေါ့။ ကူယွဲ့ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။ သူ့ဘေးက ဆရာတပည့်နှစ်ယောက်ကို လှမ်းကြည့်လိုက်တော့ ဘေးမှာဘာဖြစ်နေလဲဆိုတာ လုံးဝစိတ်မဝင်စားတဲ့ပုံ။ အကျင့်အတိုင်း သူရှေ့ထွက်ပြီးဖြေလိုက်တယ်။
“ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဧကရာဇ်ငယ်ယိချင်းကို ဆန်းကြယ်ဝိညာဉ်များနှင့်အမတများ တွေ့ဆုံပွဲမှာ ပါဝင်ဖို့ ခေါ်လာခဲ့ပါတယ် ကျေးဇူးတင်ပါတယ် အမတအရာရှိ” သူ စကားပြောပြီးတော့ မှော်အတတ်ထုတ်သုံးလိုက်ပြီး ဖိတ်ကြားစာကို အရာရှိဆီ ပျံသန်းသွားစေလိုက်တယ်။
အရာရှိက ဖိတ်ကြားစာကို ဖမ်းယူပြီးရပ်သွားတယ်။ ဘာလို့ ဒီအဖြေက ထူးဆန်းနေရတာလဲ။ တခြားသူတွေက သူတို့ ဘယ်ဧကရာဇ်ခက်အောက်ကလဲနဲ့ ဘယ်တပည့်တွေပြိုင်မှာလဲဆိုတာ ပြန်ဖြေကြတယ်။ ဒီလူက သူ့ဂိုဏ်းကိုမိတ်ဆက်တာတင် ထူးဆန်းနေပြီကို ဂိုဏ်းချုပ်တစ်ယောက်က ဧကရာဇ်ငယ်တစ်ယောက်ကို ခေါ်လာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒါပေမဲ့ အမတအရာရှိ ဖိတ်ကြားစာကို သေချာစစ်ဆေးကြည့်တော့လည်း ထူးဆန်းနေတာမတွေ့။
အများကြီး မစဉ်းစားတော့ဘဲ စစ်ဆေးဖို့အတွက် အရပ်ဆယ်မျက်နှာလှေထဲ မဝင်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲအစား သူက တစ်ဖက်လှည့်ပြီး သူတို့ကို လမ်းပြဖို့ ဦးဆောင်လေတယ်။
“ဒီလမ်းကိုကြွပါ လူကြီးမင်းတို့”
ဘာကြောင့်မှန်းမသိ ဆူညံနေတဲ့ ကောင်းကင်အလွန်မှကောင်းကင်များ ရုတ်တရက် အတော်လေးတိတ်ဆိတ်သွားသလိုပဲ။
အာ။ ဘာလို့ သူတို့ရှေ့က အမတလက်နက်တွေက လမ်းရှင်းပေးနေရတာလဲ။ သူတို့ ဝေးလွန်းလို့ စကားပြောလို့ရအောင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နီးနီးကပ်ကပ်နေချင်လို့လား။ တိုင်းပြည်တွေကြား ဆက်ဆံရေးက ဘယ်တုန်းက အဲလောက်ကောင်းသွားရတာတုံး။ အမတအရာရှိ အရမ်းကို သံသယဖြစ်နေပေမဲ့ သူလုပ်ရမဲ့တာဝန်ကို သတိရသွားတော့ ဒါတွေကို ဘေးဖယ်လိုက်တယ်။ ထပ်ပြီးမစဉ်းစားတော့ဘဲ သူ့နောက်က အမတရွက်လှေကို ဦးဆောင်ပြီး ပြင်ဆင်ထားသလို ကြိုဆိုလိုက်တယ်။
ကူယွဲ့ ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်တယ်။ အမှန်ပဲ အားလုံး သူတို့လှေဆီလွှတ်ထားတဲ့ ကောင်းကင်စိတ်အာရုံတွေကို အသည်းအသန်ပြန်ရုပ်သွားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယိချင်း ထုထောင်းခဲ့တာ သက်ရောက်မှုတော့ရှိသားပဲ။
ရွက်လှေက အမတအရာရှိနောက် လိုက်သွားပြီးနောက်ထပ်၁၀မိနစ်၁၅ မိနစ်လောက် ပျံသန်းခဲ့ရတယ်။ ဒါက တကယ်ကို ကောင်းကင်အလွန်မှကောင်းကင်များပဲ။ သူတို့အထဲကိုဝင်လာလေလေ သူတို့ပတ်လည်က မသေမျိုးချီတွေ ပေါကြွယ်ဝလာတာကို ခံစားမိလေပဲ။ သူတို့ပတ်လည်မှာ မြေပြင်နဲ့တောင်တန်းတွေတစ်ခွင်။
သူတို့အရင်က ရောက်ဖူးတဲ့ တိတ်ဆိတ်လူသူနည်းတဲ့ ဧကရာဇ်တက်လှမ်းမှုစင်မြင်နဲ့ယှဉ်ရင် ဒီနေရာက တကယ့်ကို ပေါကြွယ်ဝပြီး ပိုအားကြီးတဲ့ပုံ။ သူတို့တွေ အမတသွေးကြောတွေရဲ့ အရှိန်အဝါကိုတောင် ခံစားလို့ရတယ်။
ရွက်လှေထဲက တပည့်တွေအားလုံး စိတ်လှုပ်ရှားပြီး သူတို့ပတ်ဝန်းကျင်ကို လေ့လာကာ စပ်စုနေကြတယ်။ အားလုံးပဲ… လန်ဟွားကလွဲလို့ပေါ့။
သူတို့ ကိုးလွှာနန်းတော်တံခါးတွေကို ဖြတ်လာတဲ့အချိန်တည်းက စကားပြောတာရပ်သွားတယ်။ နတ်ဆိုးတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာကြောင့် မသေမျိုးချီတော့ မသက်ရောက်ဘူး။ တကယ်ပဲ ဒီမသေမျိုးချီနည်းနည်းလေးက သူ့အတွက် ဘာမှမဟုတ်ဘူးလို့ သတ်မှတ်လို့ရတယ်။
ဒါပေမဲ့ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကသ်အလွန်မှကောင်းကင်များလေ။ သူသိတာတော့ အခုလက်ရှိအစုတ်ပလုတ် အဇဋာဧကရာဇ်တွေနဲ့ တိုးဦးမယ်ဆိုတာပဲ။ ပုံမှန်ဆိုရင်တော့ သူ မကြောက်ပါဘူး။ ဒါပေမဲ့ လောလောဆယ် သူက ဒီအင်းကွက်အစီအရင်ထဲ ပိတ်မိနေတာ။ သူ့ဘေးမှာတော့ သူ့ကို အရိုးထဲထိမုန်းနေတဲ့ ဧကရာဇ်ငယ်ဓားကျင့်ကြံသူ။ အဇဋာဧကရာဇ်တွေကို ခုခံဖို့နေနေသာသာ သူ့အသက်ကို ထိန်းထားနိုင်ပါ့မလားတောင် မသေချာဘူး။
သူ ထွက်ပြေးဖို့ အခွင့်အရေးရအောင် လမ်းတစ်လျှောက်လုံး သူ့နတ်ဆိုးချီကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာ။ ဒါပေမဲ့ ယိချင်းလို့ခေါ်တဲ့ ဓားကျင့်ကြံသူက သူ့ကိုတကယ်မုန်းနေတဲ့ပုံ။ သူက အကြောင်းရင်းမရှိ သူ့ကိုသတ်ဖို့ခြိမ်းခြောက်နေပြီး သူက တန်ဖိုးကြီးတစ်ခုခုကို ခိုးတော့မဲ့သူခိုးလိုမျိုး ဆက်ဆံနေတယ်။ လန်ဟွား ခြေထောက်လေးဆန့်လိုက်တာနဲ့ ယိချင်းရဲ့ ဓားက သူ့လည်ပင်းအောက်ပေါ်လာတယ်။
သူ ရွေးစရာမရှိတော့ဘဲ ကောင်းကင်အလွန်မှကောင်းကင်များဆီ လိုက်လာရတာပေါ့။ ဟူး သူတော့ ဒီတစ်ကြိမ်သွားပြီ။ ကြည့်ရတာ ဒီလူအုပ်စုက သူ့ကို အဲဒီခွေးကောင်ချန်ကောဆီ တန်းအပ်တော့မဲ့ပုံပဲ။ ဒါတွေအားလုံးက အသုံးမကျတဲ့သူ့စိတ်ကောင်းကြောင့်
“သူဌေး ဒါနင့်အတွက်” သူ လှည့်ကြည့်လိုက်တော့ လည်ပင်းမှာ လေးလံတဲ့တစ်ခုခု တွဲကျနေတာကို ခံစားမိလိုက်တယ်။
“အာ” သူ ရပ်သွားပြီး လည်ပင်းက ဆွဲကြိုးကိုငုံ့ကြည့်လိုက်တယ်။ နောက်တော့ သူ့ကို ပြန်စိုက်ကြည့်နေတဲ့ သူ့စိတ်နှလုံးကောင်းကို မော့ကြည့်လိုက်တယ်။
“ဒါက…”
“ကလေးက နင့်ကို ဒီအကာအကွယ်ပေးတာ” ရှန်းရင်က ချက်ကျလက်ကျပြန်ဖြေလာတယ်။
“နင့်မြူခိုးတွေကို ထိန်းပေးနိုင်တယ်၊ မပျောက်စေနဲ့၊ ငါပြန်ပေးရမှာ”
“…” ဒါဘာအဓိပ္ပာယ်လဲ။ ဘယ်သူက ကလေးတုံး။
လန်ဟွား လုံးဝဇဝေဇဝါဖြစ်သွားပေမဲ့ သေချာကြည့်လိုက်တော့ သူ့နတ်ဆိုးချီက တကယ်ပဲ ပျောက်ကွယ်နေတာ မြင်လိုက်ရတယ်။ သူက ခုဆို သာမန်မြေအမတနဲ့ပဲတူနေပြီ။
“ဒီ… ဒီဆွဲကြိုး…” ဒါက သူ့နတ်ဆိုးချီတွေကို ဖုံးကွယ်ဖို့ ကူညီပေးတာပဲ။
လန်ဟွားရဲ့မျက်လုံးတွေ ပြူးသွားပြီး ငေးကြောင်ကြောင် မော့ကြည့်မိလိုက်တယ်။
“မင်း… မင်းတို့ ကျုပ်ကို အဇဋာဧကရာဇ်ဆီ အပ်မှာ မဟုတ်ဘူးလား”
“အဇဋာဧကရာဇ်လား” ရှန်းရင်က တန့်သွားတယ်။
“နင်သူ့ကို ပိုက်ဆံအကြွေးတင်နေလို့လား”
“ဟင့်… ဟင့်အင်း မတင်ပါဘူး”
“အိုး ဒါဆို ဘာလို့ ငါတို့နင့်ကို သူ့ဆီအပ်ရမှာလဲ”
“…”
လန်ဟွား ပြောစရာစကားပျောက်နေတယ်။ သူ့လည်ပင်းကဆွဲကြိုးကို ထပ်ကြည့်ပြီး အိပ်မွေ့ချခံထားရသလိုပဲ။ ဒါဆို သူတို့ဘာလို့ငါ့ကိုဒီခေါ်လာတာလဲ။ သူတို့ ငါ့ကို ခရီးတစ်ခုခေါ် သွားမယ်ပြောတုန်းက တကယ်ပဲ သာမန်ခရီးတစ်ခုလို့ ဆိုလိုတာလား။ အမတတွေနဲ့ နတ်ဆိုးတွေက ဘယ်တော့မှ မတည့်ဘူး မဟုတ်ဘူးလား။
ရုတ်တရက် သူ့ရင်ဘက်ထဲ ရင်းနှီးနေတဲ့ အနွေးဓာတ်တစ်မျိုး ခံစားလိုက်ရတယ်။ ရှန်းရင်က သူ့ကို သစ်သီးပေးချိန်တုန်းကရခဲ့တဲ့ ခံစားချက်နဲ့အတူတူပဲ။ ခံစားချက်ကလွှမ်းမိုးလွန်းလို့ မျက်လုံးတွေပါ ပူလာတယ်။ ရင်ဘတ်ထဲ တစ်စုံတရာလိမ့်တက်လာလို့ မွန်းကြပ်လာသလိုပဲ။
ခဏ ဒီခံစားချက်က…
Σ(°△°|||)
စိတ်ကောင်းရေ အလောမကြီးနဲ့။
အဲဒါနဲ့ပဲ… သူ့ဝတ်ရုံထဲက နောက်ထပ်သိုလှောင်အိတ်တစ်ခု ထုတ်လိုက်တယ်။
“အမတဆေးလုံး၊ လက်နက်၊ အဆောင်တွေ… မင်းကြိုက်တာသာယူ၊ ကျုပ်ကိုပြန်ပေးစရာမလိုဘူး”
“… နင့်မှာထပ်ရှိသေးတယ်ပေါ့”
(⊙ o ⊙) ချမ်းသာလိုက်တဲ့သူဌေး
“ငါ မိုးမခတောအုပ်ဆီ ပြန်သွားတုန်းက ပစ္စည်းတချို့ထပ်ယူလာသေးတယ်” ဘယ်လိုပဲဖြစ်ဖြစ် သူက အရင်က အဇဋာဧကရာဇ်ဖြစ်ခဲ့တာလေ။ ရတနာတွေဆိုတာ မချို့တဲ့ဘူး။
“ဘာလိုချင်သေးလဲ”
“အာ… အမတ-”
“အမတကျောက်တုံးတွေမလား၊ ဒီမှာ ဒီမှာ…”
သူ မျက်ရည်ကိုပြန်ထိန်းပြီး ဝတ်ရုံထဲက နောက်ထပ်အိတ်လေးနှစ်ခုကို ထုတ်လိုက်တယ်။
“ဒီမှာ အမတကျောက်တုံးတွေ၊ အမတသစ်သီးတွေရောပဲ၊ ယူသွား၊ ယူသွား၊ အားလုံးယူသွား၊ ကျေးဇူးပြုပြီး ကျုပ်နဲ့ဝေးဝေးနေပါတော့၊ ကောင်းကောင်းဆက်ဆံတာလည်း တော်ပါတော့ ဟုတ်ပြီလား”
“ကောင်းပြီလေ ကျေးဇူးတင်ပါတယ် သူဌေး” ရှန်းရင် လှည့်ထွက်သွားတယ်။
လန်ဟွားနှလုံးသားတော့ သွေးယိုနေသလိုပဲ။ သူအမြတ်နိုးရဆုံး ဓမ္မလက်နက်တွေကို မထုတ်မိအောင် အတတ်နိုင်ဆုံးတောင့်ခံနေရတာ။
စိတ်နှလုံးကောင်းတွေက… ကြောက်စရာကောင်းလွန်းတယ်
ပရိသတ်များထဲရှိ ကူယွဲ့ ။ ။ အင်း… ရှန်းရင်ကိုပါ ခေါ်လာတာ ဘယ်လိုပဲဖြစ်ဖြစ် မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ
…