အခန်း ၁၆၇ ။ လန်ဟွားဘဝ
လန်ဟွားက ဉာဏ်ကြီးရှင်။ သူ အမတကျင့်ကြံသူတုန်းကရော နတ်ဆိုးဘဝမှာရော လေ့ကျင့်နေချိန် အမြဲအတော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ခဲ့တာ။ သူ့ဘဝမှာ တစ်ခါမှ ဒါကို သံသယမဝင်ဖူးဘူး။
သူက အောက်ဘုံထဲက အမတတွေကို မွေးထုတ်တာမှာတော်တဲ့ အသိုင်းအဝိုင်းကြီးမိသားစုတွေထဲက တစ်ခုမှမွေးဖွားလာတာ။ သူ့မှာ လူတစ်သောင်းမှာမှ တစ်ယောက်ပါတဲ့ ထိပ်တန်းအဆင့် ဓာတ်ကြီးငါးပါးဝိညာဉ်ကြောပါလာတဲ့အတွက် အဇဋာဝိညာဉ်ကြောနဲ့လူတွေထက် ပိုပြီးမြန်မြန် တိုးတက်ခဲ့တယ်။ သူက ဘယ်လေ့ကျင့်ရေးလမ်းကြောင်းကိုမဆိုရွေးချယ်လို့ရတယ်။ အဆုံးမှာတော့ သူက တခြားလူတွေနဲ့မတူညီတဲ့ လမ်းကြောင်းကို ရွေးခဲ့တယ်။ သူက လမ်းကြောင်းတစ်ခုတည်းတင် မလေ့ကျင့်ဘဲ ဆေးလုံး အဆောင်၊ လက်နက်နဲ့ အစီအရင်တွေအပါအဝင် တစ်ခုချင်းစီကို လေ့ကျင့်ခဲ့တယ်။ သူက သေမျိုးဘုံရော အမတဘုံမှာပါ အားလုံးမှာတော်တဲ့ တစ်ဦးတည်းသောကျင့်ကြံသူအဖြစ် သတ်မှတ်လို့ရတယ်။
သူ နှစ်ငါးရာလောက် လေ့ကျင့်ခဲ့ပြီးတဲ့နောက် မသေမျိုးဆီတက်လှမ်းခဲ့တယ်။ သူ အထက်ကမ္ဘာဆီ ဝင်ရောက်လာပြီးတဲ့နောက် ရွှေအမတဖြစ်ဖို့ နှစ်တစ်ရာ၊ စိတ်တန်ခိုးအမတဖြစ်ဖို့ နှစ်၃၀၀၊ အဆင့်မြင့်အမတဖြစ်ဖို့ နှစ်၆၀၀၊ ဧကရာဇ်ဖြစ်ဖို့ နှစ်၁၀၀၀ အချိန်ယူခဲ့တယ်။ နောက်ထပ်နှစ်၁၀၀၀အကြာမှာတော့ သူက နတ်ဒေဝါဧကရာဇ်ဖြစ်လာခဲ့ပြီ။ နှစ်၄၀၀၀အတွင်း သူက အဇဋာအမတဆရာသခင်ဖြစ်လာပြီး လူတိုင်းက အတော်လေးကြောက်ကြတယ်။ သူ့အမတခရီးလမ်းစဉ်က…
“မသေမျိုးကို နှစ်၅၀၀အတွင်း တက်လှမ်းတာ မြန်တယ်လို့ သတ်မှတ်လို့ရလား” ရှန်းရင်က ကြားဖြတ်ပြောလာတယ်။
“ဒါပေါ့” လန်ဟွား ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်တယ်။
“သေမျိုးဘုံထဲက ဝိညာဉ်ချီက မသေမျိုးချီနဲ့မှ မတူတာ၊ အတော်လေးပါးတယ်လေ၊ မသေမျိုးတက်လှမ်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ နှစ်တစ်ထောင်လောက် ကြိုးစားပမ်းစား မလေ့ကျင့်ဘဲ သာမန်လူတွေက အမတဖြစ်လာဖို့ အိပ်မက်တောင် မက်နိုင်မှာမဟုတ်ဘူး၊ ကျုပ်ကြွားနေတာ မဟုတ်ပေမဲ့ အမတဘုံမှာ ပိုပြီးမြန်မြန်ရောက်လာတဲ့သူကို ရှာမတွေ့ဖူးသေး…”
သူ စကားမဆုံးခင် ကူယွဲ့က ကြားဖြတ်ပြောလာတယ်။
“အော် ကျုပ်က နှစ်၄၀၀လောက် အချိန်ယူခဲ့တာ”
“… ဟမ်” လန်ဟွား ဓားနဲ့ထိုးခံလိုက်ရသလိုပဲ။
သူ ကူယွဲ့ကို မေးခွန်းမထုတ်ခင် နားထောင်နေတဲ့လူတိုင်း မသေမျိုးတက်လှမ်းဖို့ ဘယ်လောက်ကြာလဲဆိုတာ ဆွေးနွေးကြတော့တယ်။
ယိချင်း ။ ။ “ကျုပ်က နှစ်၂ရာမပြည့်ဘူး”
ယွီဟုန် ။ ။ “ကျွန်မက နှစ်၁၈၀လောက်ဖြစ်မယ်၊ နင်တို့ရော”
စစ်ယွီ ။ ။ “နှစ်၉၀မပြည့်ဘူးရယ်”
တတိယတပည့် ။ ။ “၄၅နှစ်လောက်ပေါ့”
စတုတ္ထ ။ ။ “နှစ်၂၀ပဲကြာလိုက်တယ်”
ပဉ္စမ ။ ။ “ဟေး ပြောနေတာရပ်တော့၊ ငါဆို ဒါမတိုင်ခင်က အမတဖြစ်ဖို့ လေ့ကျင့်တာတောင် မလုပ်ရသေးဘူး၊ ငါဂိုဏ်းထဲဝင်ပြီး၂လလောက်ကြာတော့ ဂိုဏ်းတူအစ်မဟုန်က ငါတို့အားလုံး မသေမျိုးတက်လှမ်းသွားပြီလို့ အသိပေးလာတာလေ”
ဖွီ ဖွီ ဖွီ။ လန်ဟွား အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးသွင်းခံလိုက်ရသလိုပဲ
မင်းတို့တွေ ဘယ်သူ့ကိုလိမ်နေတာတုံး။
(╯‵ ′)╯︵┻━┻
သူ နှစ်၄၀၀ တုံ့ပြန်မှုကို အတည်ပေါက်ကြီး စိတ်ထဲမှတ်ယူတော့မို့ပေမဲ့ တခြားသူတွေက သောက်ကျိုးနည်း ဘာတွေပြောနေတာလဲ။ မသေမျိုးတက်လှမ်းဖို့ကို ဘယ်လိုလုပ်အဲလောက်မြန်မှာလဲ။ မသေမျိုးဆီ ၂လနဲ့ ဘယ်လိုတက်လှမ်းလဲ ပြစမ်းပါဦး။
“ဟာ့.. ဟားဟား… ဟားဟားဟား…” လန်ဟွား အသက်ပြင်းပြင်းရှူလိုက်တယ်။ ဟုတ်တယ်၊ ဟုတ်တယ်။ ဒီလူတစ်သိုက်က အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ။ သူ ချက်ချင်း ပေါက်ကွဲသွားတယ်။
“မင်းတို့က ကျုပ်ကို ဒီလိုမျိုးရိုက်နှက်ပြီး အုပ်စုဖွဲ့ ခြိမ်းခြောက်တယ် – ဘာသဘောလဲ၊ မင်းတို့တွေ ကျုပ်ပြောမှာကို စိတ်ဝင်စားသေးရဲ့လား”
“အာ…” သူတို့အားလုံးအမှန်တိုင်းပြောနေတာပါ။ ဒါပေမဲ့ သူ့ရဲ့ရူးနှမ်းနှမ်း အမူအရာကိုမြင်တော့ လူတိုင်းဆွေးနွေးတာ ရပ်လိုက်ကြတယ်။
“ကောင်းပါပြီ၊ ဆက်ပြောပါ ဆက်ပြောပါ…”
ကျေးဇူးပြုပြီး ဆက်ဖျော်ဖြေပါ။
“ဖွီ” လန်ဟွား နှာမှုတ်ပြီး သူ့ဇာတ်လမ်းဆက်ပြောပြတော့တယ်။
လန်ဟွားရဲ့ ဇာတ်လမ်းက အတော်လေး ခွေးသွေးများတယ်။ စကားလုံးနည်းနည်းလေးတည်းနဲ့ အကျဉ်းချုပ်ပြောရရင်တော့ ညီအစ်ကိုတွေကြားက ပဋိပက္ခပဲ။
လန်ဟွားက သူ့ကျင့်ကြံရေးနဲ့ပတ်သက်ရင် ရူးသွပ်တယ်။ သူက လေ့ကျင့်တဲ့လမ်းကြောင်းတိုင်းမှာ အဆင့်တက်ချင်တာ။ ကျင့်ကြံဖို့ကလွဲ ဘာမှစိတ်မဝင်စားဘူး။ သူ့တစ်ဘဝလုံးက ကိစ္စသုံးခုမှာပဲ လည်ပတ်နေခဲ့တယ်။ ဂူအောင်း၊ လေ့ကျင့်၊ ဉာဏ်အလင်းပွင့်ပေါ့။ ဒီဩချလောက်စရာ အာရုံစိုက်မှုက လန်ဟွား အချိန်အတိုဆုံးအတွင်း အားအကြီးဆုံးအဇဋာဧကရာဇ်ဖြစ်လာခဲ့တဲ့ အကြောင်းရင်းပဲ။
လူမှုဆက်ဆံရေးနဲ့ တခြားကိစ္စတွေမှာတော့ လန်ဟွားက ညံ့လွန်းခဲ့တယ်။ ဒါကြောင့် သူ့ညီလန်ယွီကို အမတဘုံဆီခေါ်လာမိတဲ့ အမှားအကြီးကြီးကို လုပ်မိခဲ့တာပဲ။ သူ အုပ်ချုပ်ဖို့ တိုက်ကြီးတစ်ခုလုံးကိုလည်း လက်လွတ်စပယ်ပေးမိခဲ့တယ်။
အခု ပြန်ကြည့်လိုက်ရင် သူငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့တဲ့ညီက လန်ဟွားကို နတ်ဆိုးအဖြစ်လေ့ကျင့်ဖို့ လှည့်စားရလောက်တဲ့အထိ ဘာကြောင့် အဲလောက်မုန်းနေလဲနားမလည်ဘူး။
လန်ဟွား အဇဋာဧကရာဇ်ဖြစ်လာကာ တိုက်ကြီးတစ်ခုကို အုပ်ချုပ်ပြီး သိပ်မကြာခင်မှာတင် သူက လေ့ကျင်တဲ့ နယ်ပယ်လမ်းကြောင်းအမျိုးမျိုးမှာ ကျွမ်းကျင်သူဖြစ်နေပြီ။ သူ့ကြည့်ရတာ ဘဝရည်မှန်းချက် ပျောက်ဆုံးသွားတဲ့ပုံ။ အဲအချိန်လန်ယွီက မတော်တဆ ရှေးဟောင်းအမတကျင့်စဉ်တစ်ခုကို ရှာတွေ့တယ်လို့ ပြောလာခဲ့တယ်။
လန်ဟွား ဒါကိုနားထောင်ပြီး ဝမ်းသာသွားတာပေါ့။ သူ ကျင့်စဉ်အတိုင်း လေ့ကျင့်ဖို့ကြိုးစားပြီး သူ့အစွမ်းတိုးလာတာကိုတွေ့ခဲ့ရတယ်။ သူ ဒီသိုင်းကိုဆက်လေ့ကျင့်ဖို့ စိတ်ဆုံးဖြတ်ခဲ့မိလေတယ်။ ဒါက နတ်ဆိုးမျိုးနွယ်ပိုင်တဲ့ အမတကျင့်ကြံစဉ်မှန်း မထင်ထားခဲ့ဘူး။ အထဲမှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးအစေ့တွေ။ သူက လန်ယွီ့ကို သံသယမဝင်မိခဲ့ဘူး။ သူလျှောက်နေတဲ့ လမ်းကြောင်းကို နားလည်သွားချိန် နောက်ကျလွန်းသွားခဲ့ပြီ။
သူ နတ်ဆိုးဖြစ်လာတာကို မရပ်တန့်နိုင်တော့ဘူး။ နှစ်တစ်ထောင်တည်းနဲ့ သူ့ကိုယ်ထဲက မသေမျိုးချီတစ်ဝက်က နတ်ဆိုးချီအဖြစ် ပြောင်းလဲကုန်တယ်။ အစကတော့ သူအရမ်းကို ဒေါသထွက်ခဲ့တာ။ သူ လန်ယွီ့ကိုသတ်ဖို့ မစောင့်နိုင်တော့ဘူး။ ဒါပေမဲ့ သူလေ့ကျင့်ပြီး နတ်ဆိုးစွမ်းရည်တွေ တိုးတက်လာလေ သူ ယိုယွင်းလာရမဲ့အစား ကြီးထွားလာတာ သိလာရလေပဲ။ နတ်ဆိုးလေ့ကျင့်ရေးက အမတတွေကို အတော်လေးခြားနားစေတယ်။ စိတ်အားထက်သန်နေတဲ့ ကျောင်းသားတစ်ယောက်လိုမျိုး သူလက်မလျှော့ရက်တော့ဘူး။ ဒါကြောင့် သူ သိုင်းကို ဆက်လေ့လာပြီး အပြည့်အဝနတ်ဆိုးဖြစ်လာခဲ့တယ်။
ဒါပေမဲ့ သူ့ရဲ့ အဲဒီယုတ်မာတဲ့ညီငယ်က သူ့ကို အဲလောက်အလွယ်လေး အလွတ်မပေးဘူး။ ချက်ချင်းပဲ လန်ယွီက လန်ဟွား နတ်ဆိုးဖြစ်သွားပြီဆိုတဲ့ သတင်းကိုလွှင့်ခဲ့တယ်။ လန်ယွီက တခြားအဇဋာဧကရာဇ်ကိုးပါးကိုလည်း စုပြီး လန်ဟွားပုန်းအောင်းနေတဲ့ နေရာဆီ ဦးဆောင်ကာ သူ့ကိုသတ်ဖို့ သူတို့အားလုံးကို ကူညီခိုင်းခဲ့တယ်။
ဒေါသပေါက်ကွဲပြီး လန်ဟွား ရှိသမျှအားနဲ့ တိုက်ထုတ်ခဲ့တယ်။ ကိုးယောက်တစ်ယောက် လန်ဟွား ကိုးရက်ဆက်တိုက် တိုက်ခဲ့တယ်။ ကောင်းကင်အလွန်မှကောင်းကင်များလည်း အထက်အောက် ပြောင်းပြန်လန်တော့မလို့။
“ပြီးတော့… နင်ရှုံးသွားတယ်ပေါ့” ရှန်းရင်က ခန့်မှန်းကြည့်လိုက်တယ်။
လန်ဟွားက နောက်တစ်ကြိမ် ဓားစိုက်ခံလိုက်ရလေတယ်။
သူ မျက်နှာနီရဲသွားပြီး ဒေါသတကြီးဖြေတော့တယ်။
“ဘယ်သူရှုံးတာ နိုင်သူရှုံးသူမရှိဘူးကွ ဟုတ်ပြီလား၊ ကျုပ်အကြာကြီး တောင့်ခံပြီး အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့တာ၊ ဒါတွေအားလုံးပေါင်းရင် ကျုပ်နိုင်တယ်ထင်တာပဲ”
“အိုး…”
“…” မင်းရဲ့သံသယဝင်စိတ်ကို ငါနဲ့ဝေးဝေးထားစမ်း။
“ဖွီ ငါကောင်းကင်မိစ္ဆာ မဖြစ်သေးတဲ့အချက်ကြောင့်သာ မဟုတ်ရင် သူတို့ကိုလက်စားချေပြီးနေပြီ”
“အဲဒါကြောင့် အရင်တုန်းက နှစ်ထောင်ချီပုန်းနေခဲ့တာလား”
“…” ဖွီ ရင်ဘတ်ထဲ နောက်ဓားတစ်ချောင်း။ သူတို့ သူနဲ့ ခင်ခင်မင်မင် စကားမပြောနိုင်ဘူးလား။
“ဒါကို ပုန်းတယ်ခေါ်တာလား၊ လေ့ကျင့်နေတာဟ ကျုပ် သူတို့ကိုမကြောက်ဘူး၊ သူတို့က ဧကရာဇ်လက်တစ်ဆုပ်စာပဲ၊ တစ်ယောက်ချင်းစီသာချရရင် သူတို့နှစ်နာရီတောင် ခံမယ်ထင်လို့လား”
“ဒါတောင်… နင် စားဖိုမှူးကိုရှုံးသေးတယ်လား”
“…” သူ့နှလုံးသားလေး နာကျင်လိုက်တာ။
သူ သူတို့နဲ့ စကားဆက်မပြောနိုင်တော့ဘူး
ကူယွဲ့က သူ့ပခုံးကိုပုတ်ပြီး စာနာစွာကြည့်လိုက်တယ်။ မင်း ပျင်းလွန်းလို့ cheat ကို ဘဝအကြောင်း ပြောပြနေတာလား။ ကိုယ့်ဘဝနဲ့ကိုယ်နေလိုက်တာ ပိုမကောင်းဘူးလား။
“သူဌေး နောက်တော့ ဘာဆက်ဖြစ်လဲ၊ နောက်ကျောဓားနဲ့ထိုးတဲ့ ညီဘာဖြစ်သွားလဲ” ရှန်းရင်က ပုံပြင်ကြောင့် အတော်လေး စိတ်လှုပ်ရှားမိနေတာပေါ့။ သူမ အစေ့တစ်ခုခွာပြီး စားလိုက်တယ်။
“သွားစမ်း” ကျုပ် စကားဆက်မပြောတော့ဘူး။ မင်းက ကျုပ်ကို အတော်လေးကို နာကျင်စေတာ။
“လန်ယွီလား၊ လန်… အရှင်မင်းကြီးလန်ယွီများလား” ပိထောင်အမူအရာက လုံးဝအံ့ဩသွားတဲ့ပုံ။ စိတ်လှုပ်ရှားစွာနဲ့ သူကပြောတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျုပ်အခုမှတ်မိပြီ၊ လန်ယွီက ယွင်ဖုန်းနယ်မြေရဲ့ အဇဋာဧကရာဇ်၊ သူ့ညီငယ်က အဇဋာဧကရာဇ်အဖြစ် သူ့နေရာ အစားဝင်ထားတာပဲ”
“ပါးစပ်ပေါက်ပိတ်” ငါ့ဇာတ်လမ်းထဲက ကွက်လပ်တွေကို မင်းလိုက်ဖြည့်ပေးစရာမလိုဘူး။
ဒီဝူတိဂိုဏ်းက ငါ့ကို နှောင့်ယှက်ရုံသက်သက်မဟုတ်လား။ သူတို့တွေ ငါ နတ်ဆိုးဖြစ်တာနဲ့တင် မလေးစားတော့တာလား။
“ကောင်းပြီ ကောင်းပြီ စပ်စုတာတော်တော့ မင်းတို့အားလုံး”
ကူယွဲ့အသံကို နှိမ့်ပြီး သူ့တပည့်တွေကိုပြောလိုက်တယ်။
“နောက်ကျနေပြီ၊ ငါတို့ ကောင်းကင်အလွန်မှ ကောင်းကင်များဆီ မြန်မြန်သွားရမှာ”
ကူယွဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီး စိတ်ဆုံးဖြတ်ပြီးပြီ။ သူ့ဂိုဏ်းက မြေနဲ့စိတ်တန်ခိုးအမတတွေ ပြိုင်ပွဲမှာပဲ ဝင်ပြိုင်မယ်။ အဲဒါကြောင့် သူတို့နဲ့ သွားမဲ့တပည့်၁၅ယောက်ကို ရွေးပြီးပြီ။ သူတို့သုံးယောက်နဲ့ဆို လူ၂၀မပြည့်ဘူး။ ဒါပေမဲ့ လန်ဟွားပေါ်လာတာက သူ့အစီအစဉ်ကို ပျက်သွားစေတယ်။ တပည့်တွေအတွက်၊ ပြီးတော့ သတိထားဖို့အတွက် ကူယွဲ့က လန်ဟွားကိုပါ ခေါ်လာရတော့တယ်။ သူတို့ရဲ့ကျင့်ကြံဆင့်အားလုံးက မတူ။ ကောင်းကင်အလွန်မှ ကောင်းကင်များဆီ အချိန်မီရောက်ဖို့ သူတို့ သူဌေးလန် ကြင်နာစွာ ထောက်ပံ့ပေးလာတဲ့ ပျံသန်းတဲ့ကိရိယာကြီးကြီး ဆယ်မျက်နှာရွက်လှေကို စီးရတော့တယ်။
“ယွီဟုန် စစ်ယွီ ရွက်လှေရှေ့ပိုင်းဆီသွားချေ၊ ချီချန်းယွီ ဖုန်းယင်တို့နဲ့ အလှည့်လဲ၊ တခြားလူတွေအားလုံး ခဏနားကျ၊ ရှေ့မှာပြိုင်ပွဲစောင့်ကြိုနေတာမမေ့ကြနဲ့ စကားပြောတာလျှော့ များများလေ့ကျင့်”
“ဟုတ်ကဲ့ အကြီးအကဲ” တပည့်တွေက ပြိုင်တူဖြေကြတယ်။ တစ်ယောက်ချင်းစီ ခွဲထွက်ကုန်ပြီး ယွီဟုန်နဲ့စစ်ယွီတို့က သူတို့အလှည့်ယူဖို့ အရှေ့ကိုသွားလေတယ်။
လန်ဟွားပဲ အစီအရင်ထဲကျန်ခဲ့ပြီး အမူအရာက မင်ရည်လို မည်းနက်နေလေရဲ့။ မင်းတို့တွေ ငါဝန်ခံဖို့ အတင်းမေးခဲ့တာ မဟုတ်လား။ သူ့စကားက ဘယ်တုန်းက စပ်စုစရာ အတင်းအဖျင်း ခေါင်းစဉ် ဖြစ်လာတာလဲ။ သူတို့တွေ နားထောင်ဖို့ ဂရုမစိုက်မှတော့ ဘာလို့ရိုက်နှက်ပြီး သူ့ကိုတစ်ညလုံး ဒီမှာခေါ်ထားခဲ့တာလဲ။ မင်းတို့အားလုံး ပြန်လာပြီးနားထောင်ကြစမ်း
သူ နတ်ဆိုးအနေနဲ့ ပုန်းအောင်းနေခဲ့တာ နှစ်တွေကြာနေပြီ။ အခု သူတို့က သူ့ကို ပြန်ပေးဆွဲပြီး ကောင်းကင်အလွန်မှကောင်းကင်များဆီ သတ်ခံရအောင် ခေါ်သွားတော့မယ်။ လွယ်လိုက်တာနော်။
ဒါတွေအားလုံးက သူ့ရဲ့အဲမိုက်မဲတဲ့စိတ်နှလုံးကောင်းကြောင့်ပဲ။
ဒီအတွေးက သူ့ခေါင်းထဲ ပေါ်လာချိန် စားနေဆဲ အမျိုးသမီးကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ သူ အော်တော့တယ်။
“ဒါတွေအားလုံးက မင်းကြောင့် – ခဏ မင်းဘာစားနေတာလဲ၊ ဒါ ဘာအသီးကြီးလဲ၊ မသေမျိုးချီတောင် မပါတဲ့ဟာကို စားနေတာလား” သူ့အမူအရာက ပြောင်းလဲသွားတယ်။
“လွှင့်ပစ်လိုက် လွှင့်ပစ်လိုက်၊ ရော့ ဒါက ကျုပ်မနေ့ကခူးထားတဲ့ နှင်းဆီစိမ်းသစ်သီး၊ တစ်ခုခုဝါးချင်ရင် ဒါကိုစား”
“ပြီးတော့ ဘာလို့ အဲခပ်နွမ်းနွမ်းဝတ်ရုံခဲရောင်ကို ဝတ်ထားသေးတာလဲ၊ ကျုပ်မင်းကို အရင်တစ်ခေါက်က ပေးခဲ့တဲ့ ဝတ်ရုံရော ဘယ်မှာလဲ၊ ဘာလို့မလဲတာတုံး၊ ရွက်လှေက သွားတာအရမ်းမြန်နေတာ- မင်းလွင့်သွားရင် ဘယ်လိုလုပ်မလဲ”
“အာ၊ ဘာလို့ အဲလောက်အဝေးကြီးထိုင်နေရတာတုံး၊ အစွန်းနဲ့နီးနေပြီ – မင်းပြုတ်ကျသွားရင် ကျုပ် ဘယ်လိုလှမ်းဖမ်းရမလဲ၊ ဒီကိုလာခဲ့မြန်မြန်”
“ပြီးတော့-”
ချွင်
မြင်နေကျဓားက သူ့လည်ပင်းအောက် ပေါ်လာပြန်တယ်။ တစ်ယောက်ယောက်က အင်မတန်လေးနက်နေတဲ့ လေသံနဲ့ ပြောလေတယ်။
“ဆရာ ကျွန်တော် ဒီလူ့ကိုသတ်လိုက်ရမလား၊ သူက ကျွန်တော်တို့ဂိုဏ်းအတွက် ဝန်ထုပ်ဝန်ပိုးပဲ”
လန်ဟွား ။ ။ “…”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…” မေ-ိုး
…