အခန်း ၁၆၅ ။ စိတ်ထားကောင်းသော သတိပေးချက်
“အဇဋာဧကရာဇ်လား” ကူယွဲ့ ရပ်သွားတယ်။ အထာစမ်းကြည့်ဖို့ ကြိုးစားရင်း သူမေးလိုက်တယ်။
“နဉ်ဇီ- ကျုပ်ဆိုလိုတာက အဇဋာဧကရာဇ်ချန်ကောက ကောင်းကင်အလွန်မှကောင်းကင်များဆီ ပြန်ရောက်ပြီလား” သူ ပေါင်မိသားစုနေအိမ်မှာ ပြန်အနားယူနေတာမဟုတ်ဘူးလား။
ပေါင်ဖေးဖျင်က ခပ်တိုးတိုးရယ်ပြီး ဟိုဟိုဒီဒီကြည့်လိုက်တယ်။ သုံးယောက်ပဲရှိနေတာမြင်တော့မှ သူရှင်းပြလိုက်တယ်။
“ခင်ဗျားကို အမှန်ပြောပြမယ်၊ အဇဋာဧကရာဇ်က သူ့ကျင့်ကြံဆင့်အပြည့် ပြန်ရတာ လွန်ခဲ့တဲ့၂နှစ်တည်းက၊ သူက ကောင်းကင်အလွန်မှကောင်းကင်များရဲ့ အမတသက်တန့်နန်းတော်ဆ္ ပြန်သွားပါပြီ၊ ဒီနေ့ဖုန့်ချန်တိုက်ကြီးထဲက တိုင်းပြည်တွေအားလုံး အဇဋာဧကရာဇ် ပြန်ရောက်လာတဲ့သတင်းကို ရပြီးကြပြီ၊ အဲဒါကြောင့် ဆန်းကြယ်ဝိညာဉ်များနှင့် အမတများတွေ့ဆုံပွဲကို စီစဉ်ရတာပါ၊ ပြိုင်ပွဲစီစဉ်တာအပြင် အဇဋာဧကရာဇ် ပြန်ရောက်လာမှုအတွက် ဂုဏ်ပြုပွဲလည်း ဖြစ်ပါတယ်”
“ဘာပြိုင်ပွဲလဲ” ကူယွဲ့ အရေးကြီးဆုံးအပိုင်းကို ကူယွဲ့ထုတ်မေးလိုက်တယ်။
“အစည်းအဝေးမှာ ပြိုင်ပွဲတစ်ခု ကျင်းပမှာလား”
“ခင်ဗျားတို့ မသိဘူးလား” ပေါင်ဖေးဖျင်က သူတို့ကို ထူးဆန်းတဲ့ပုံမျိုးနဲ့ အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ နောက်တော့ သူစရှင်းပြလေတယ်။
“ဧကရာဇ်ငယ်ယိချင်းက ဧကရာဇ်ငယ်ဖြစ်တာ မကြာသေးတော့ မသိသေးတာ သဘာဝကျပါတယ်၊ ဒီဆန်းကြယ်ဝိညာဉ်နဲ့ အမတများအစည်းအဝေးက နှစ်ရာချီမှတစ်ကြိမ် ကျင်းပတာ၊ အဇဋာဧကရာဇ်တွေကိုယ်တိုင် အစည်းအဝေးကို ဧည့်ခံကျတယ်ပြောပေမဲ့ ဖုန့်ချန်တိုက်ကြီးထဲက တိုင်းပြည်တွေကြား ပြိုင်ပွဲကျင်းပဖို့ ဆင်ခြေသက်သက်ပါပဲ၊ ဧကရာဇ်ငယ်ယိချင်းက အုပ်ချုပ်ဖို့တိုင်းပြည်တစ်ခု မတွေ့သေးဘူးဆိုပေမဲ့ဧကရာဇ်ငယ်ဖြစ်နေပြီ၊ အဲဒါကြောင့် ဒီအစည်းအဝေးကို တက်ဖို့ အခွင့်အရေးရှိတာ သဘာဝပါပဲ”
“အဲလိုကိုး…” ပြောရရင်တော့ ဆန်းကြယ်ဝိညာဉ်နဲ့ အမတများတွေ့ဆုံပွဲက အိုလံပစ်အသေးစားလေးပဲပေါ့။ ဒါကနှစ်ရာချီမှ ကျင်းပရုံပဲ။ ဒီချန်ကောဆိုတာ တကယ့်ကိုဘယ်သူလဲ။ အိုလံပစ်အကြီးအကဲလား။
“တိုင်းပြည်အသီးသီးက ဧကရာဇ်တွေအားလုံးရှိနေမှာလား၊ ကျုပ်ဂိုဏ်းက သေးလွန်းတယ်၊ ကျုပ်တို့…”
သူတို့သာ ဒီပြိုင်ပွဲထဲဝင်ပါရင် တခြားတိုင်းပြည်တွေကို တက်နင်းခွင့်ပေးသလိုဖြစ်မှာမဟုတ်လား။
“အကြီးအကဲကူယွဲ့ စိုးရိမ်တာကိုနားလည်ပါတယ်” ပေါင်ဖေးဖျင်က ဆက်ပြောတယ်။
“ဒါပေမဲ့ ကိုယ်တိုင်အရတော့ ခင်ဗျားဂိုဏ်းက ပြိုင်ပွဲထဲပါသင့်တယ်ထင်တာပဲ”
“အော်” ကူယွဲ့ ပေါင်ဖေးဖျင်စကားထဲ လျှို့ဝှက်အဓိပ္ပာယ်ပါနေမှန်း ပြောနိုင်တယ်။
“ဘာလို့လဲ”
ကူယွဲ့ ပေါင်ဖေးဖျင် ဘာစဉ်းစားနေလဲ မပြောနိုင်ပေမဲ့ သူ့အမူအရာပြောင်းလဲနေတာကိုတော့ သတိထားမိတယ်။ ပေါင်ဖေးဖျင် အံကြိတ်ပြီး အသံကိုတိုးလိုက်တယ်။
“တိုက်ရိုက်ပဲ ပြောပါတော့မယ်၊ တကယ်တော့… လွန်ခဲ့တဲ့၂နှစ်က အဇဋာဧကရာဇ် အမတသက်တန့်နန်းတော်ဆီ ပြန်ရောက်ချိန် တိုင်းပြည်အသီးသီးက ဧကရာဇ်တွေဆီကနေ စာရခဲ့ပါတယ်၊ သူတို့က ခင်ဗျားတို့ဝူတိဂိုဏ်းက ဖုန့်ချန်တိုက်ကြီးမှာ ပြဿနာရှာပြီး နတ်ဒေဝါဧကရာဇ်ကောယိုးရဲ့ မြို့တော်ကို ဖျက်ဆီးဖို့ ကြံနေတယ်တဲ့၊ သူတို့တွေက အဇဋာဧကရာဇ်ကို ဒီကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆိုထားတာ၊ ဒါပေမဲ့ ဧကရာဇ်က ခင်ဗျားတို့ကိုသိပြီးသားဖြစ်ပြီး လုံးဝယုံကြည်တာကို သူတို့မသိဘူး၊ အဇဋာဧကရာဇ်က နောက်ကွယ်မှာ တစ်ခုခုဖြစ်နေတာသိလို့ အားလုံးကို ငြိမ်ဝပ်ပိပြားစေချင်တာပါ”
သူက ယိချင်းကို လှမ်းကြည့်ပြီး ဆက်ပြောလိုက်တယ်။
“အဇဋာဧကရာဇ်က ဖုန့်ချန်တိုက်ကဧကရာဇ်တွေ ဘာစဉ်းစားနေလဲ ကောင်းကောင်းသိပြီးသားပါ၊ ယိချင်း ဧကရာဇ်တက်လှမ်းစင်မြင့်မှာ ဧကရာဇ်အဖြစ်တက်လှမ်းသွားတာ သိချိန် တခြားဧကရာဇ်တွေက ဓားအမတတစ်ယောက်ထပ်ပြီး ဧကရာဇ်အဖြစ် မြင့်တက်လာတာကို မြင်ရတာ မပျော်မရွှင် ဖြစ်ကြတာလို့ ခန့်မှန်းမိပါတယ်၊ အဲဒါက သူတို့ ခင်ဗျားတို့ကို အုပ်စုဖွဲ့ ရန်လိုနေရတဲ့အကြောင်းအရင်း ဖြစ်နိုင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်က ခင်ဗျားတို့ဂိုဏ်းကို အကြွေးတင်နေသလိုခံစားနေရတယ်၊ ကျုပ်တို့က သေချာပေါက် ခင်ဗျားဘက်မှာ ရပ်တည်မှာပါ၊ အဲဒါကြောင့် ဒီအမတအစည်းအဝေးမှာ ကျုပ်ဂိုဏ်းက ချုံလန်တိုင်းပြည်ရဲ့ ကိုယ်စားလှယ်အဖြစ် ဝင်မပြိုင်တော့ဘူး၊ အဲအစား ကိုယ့်နာမည်နဲ့ကိုယ်ပဲ ဝင်ပြိုင်မယ်၊ ဒီလိုနည်းနဲ့ဆို အဇဋာဧကရာဇ်က ခင်ဗျားတို့ဘက်မှာဆိုတာ ရှင်းအောင်လုပ်လို့ရပြီ၊ အဲဒါအပြင် တခြားတိုင်းပြည်က ဧကရာဇ်တွေကိုလည်း နောက်ဆုတ်ဖို့ သတိပေးလို့ရတယ်”
သူ စကားပြောပြီးချိန် ကူယွဲ့အမူအရာကလုံးဝမည်းမှောင်နေပြီ။ ဒီတော့ ဒါက တိုင်းပြည်အသီးသီးက ဧကရာဇ်တွေ ဖန်တီးတဲ့အရှုပ်ကိုး။ သူတို့က ယိချင်းကိုကြောက်သွားပြီလို့ သူထင်နေချိန် အုပ်စုဖွဲ့ပြီး နောက်ကျောကို ဓားနဲ့ထိုးမယ် မထင်ခဲ့ဘူး။ သူတို့ကိုယ်တိုင်က ပေါ်တင်တိုက်ခိုက်ရမှာ ကြောက်တော့ လက်စားချေဖို့ အဇဋာဧကရာဇ်ကို အသုံးချမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အမတသက်တန့်နန်းတော်ဆီ တင်ပြခဲ့တာပဲ။ သူတို့ တော်တော်လေးကို သေချာတွက်ချက်ထားတယ်ပေါ့လေ ဒါပေမဲ့ သူတို့ ဝူတိဂိုဏ်းက အဇဋာဧကရာဇ်ချန်ကောနဲ့ တွေ့ပြီးပြီလို့တော့ ဘယ်တော့မှ ထင်မိမှာမဟုတ်ဘူး။
တကယ်ပဲ အကျိုးသင့်အကြောင်းသင့်ပြောချိန် ရှန်းရင်က လွှတ်ဖို့အကောင်းဆုံးလူပဲ။ သေလုနီးပါးထိ အရိုက်မခံရတဲ့ လူတွေက သူတို့ တိုက်ခိုက်နိုင်တယ်လို့ အမြဲထင်နေကျဆဲပဲ။
“အဲဒါကြောင့် ခင်ဗျားတို့ဂိုဏ်း ဒီတစ်ကြိမ် အမတအစည်းအဝေးကို တက်မှဖြစ်မယ်၊ နိုင်တာမနိုင်တာကဒုတိယ၊ ခင်ဗျားတို့လုပ်ရမှာက တပည့်တချို့ကို လွှတ်လိုက်ရုံပဲ”
ပေါင်ဖေးဖျင် အကြံပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ် အမတရောင်းရင်းပေါင်”
ကူယွဲ့ သူ့ကိုကျေးဇူးတင်ပြီး ဂါရ၀ပြုလိုက်တယ်။
“အဆင့်မြင့်အမတ အရမ်းကိုယဉ်ကျေးလွန်းနေပါပြီ” ပေါင်ဖေးဖျင် ပြုံးလိုက်တယ်။ သူ့မျက်လုံးထဲမှာ စိုးရိမ်မှုအတိုင်းသား။
“အမတအစည်းအဝေးကို ကောင်းကင်အလွန်မှကောင်းကင်များမှာ ကျင်းပမယ်ပြောထားပေမဲ့လည်း ခင်ဗျားတို့ အဇဋာဧကရာဇ်ကို စိုးရိမ်ဖို့မလိုပါဘူး၊ ဧကရာဇ်တွေကသာ ဖြေရှင်းဖို့မလွယ်တာ… ခင်ဗျားတို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ လာတဲ့လမ်းမှာ သတိထားပါ”
“ကျုပ်တို့ဒါကိုမှတ်ထားပါ့မယ်”
ပေါင်ဖေးဖျင်က ခေါင်းညိတ်ပြီး အစည်းအဝေးအသေးစိတ်အကြောင်း အကျဉ်းချုံးပြောပြတယ်။ နောက်တော့ နှုတ်ဆက်လေရော။
“ကျုပ် အမတသက်တန့်နန်းတော်မှာ လုပ်စရာကိစ္စတွေရှိသေးတယ်၊ အခု ကောင်းကင်အလွန်မှကောင်းကင်များဆီ ပြန်လိုက်ပါဦးမယ်”
“ကျေးဇူးပြုပြီး ဂရုစိုက်ပါ အမတရောင်းရင်း” ကူယွဲ့ သူ့ကိုတံခါးဆီ လိုက်ပို့ပေးလိုက်တယ်။
ပေါင်ဖေးဖျင်က သူ့ဓားပေါ်တက်ပြီး အဝေးဆီပျံသန်းသွားတော့တယ်။
သူတို့က သူ့ကိုမမြင်နိုင်တော့တဲ့အချိန် ယိချင်းက နောက်ဆုံးတော့ စကားပြောလာလေတယ်။
“ခင်ဗျား သူ့ကိုယုံလား” သူကတော့ တစ်ခုခုလွဲနေသလိုခံစားနေရတယ်။
“အနည်းနဲ့အများပေါ့” ကူယွဲ့ ပြန်လှည့်ပြီးထိုင်ခုံမှာထိုင်ချလိုက်တယ်။ သူ စားပွဲပေါ်က လက်ဖက်ရည်တစ်ခွက်ယူပြီး သောက်လိုက်တယ်။
“နဉ်ဇီအန်း… ဟင့်အင်း အဲအဇဋာဧကရာဇ်ချန်ကောက နှစ်ပေါင်းထောင်ချီ အဝေးရောက်နေခဲ့တာ၊ သူ့အောက်ကလူတွေက သူဘယ်မှာရှိနေလဲဆိုတာ ခန့်မှန်းစပြုလာတာဖြစ်နိုင်တယ်၊ ဒီအစည်းအဝေးကို ကျင်းပရတဲ့ ရည်ရွယ်ချက်ရှိမှာပဲ၊ ဒါပေါ့ ငါတို့ကို ပံ့ပိုးဖို့ ရည်ရွယ်ချက်သက်သက်ပဲမဟုတ်ဘူး”
ပြီးတော့ သူတို့ သူ့ထောက်ခံမှုကိုလည်းမလိုဘူး။
“ပြီးတော့ သူက တခြားဧကရာဇ်တွေကို ခြိမ်းခြောက်ပြီး သူ့အာဏာကို ကြေညာချင်ရုံပဲနေမှာ” ဘယ်အဇဋာဧကရာဇ်ကများ အထက်တန်းလွှာလူ့မလိုင် မဟုတ်လို့လဲ။
“သွားဖို့လုပ်မှာလား”
“ကျိန်းသေပေါက်သွားရမှာပေါ့” ကူယွဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ ဒါက သိပ်ကိုမိုက်တဲ့ စီးပွားရေးအခွင့်အရေးပဲ။ ယိချင်းကိုမြင်ချိန်ဖြစ်သွားမဲ့ တခြားဧကရာဇ်တွေရဲ့မျက်နှာကိုမြင်ရဖို့ မစောင့်နိုင်တော့ဘူး။ သူ ယိချင်းရဲ့ ဆေးဖိုးကို အရင်တစ်ခေါက်က သူတို့ဆီကနေ မယူရသေးဘူး။ ဒါက အခွင့်ကောင်းပဲ။
“မြို့အရှင်က ဒီပြိုင်ပွဲက ကျင့်ကြံဆင့်တွေခွဲပြီး ကျင်းပမှာလို့ပြောသွားတယ်မဟုတ်လား၊ အဆင့်မြင့်အမတအဆင့်အောက်က လူတွေအားလုံးပြိုင်နိုင်မှာ၊ ငါတို့ စိတ်တန်ခိုးနဲ့ မဟူရာအမတအုပ်စုကို မေ့ထားလိုက်မယ်၊ ငါတို့ ရွှေအမတနဲ့ မြေအမတအုပ်စုတွေမှာပဲ ဝင်ပြိုင်မယ်”
အထူးသဖြင့် မြေအမတအုပ်စု။ ထိပ်ဆုံးဆယ်ယောက်က ဆုချခံရမယ်လို့ ပြောထားတယ်မဟုတ်လား။ သူတို့တွေ ထိပ်သီးဆယ်နေရာကို ယူပစ်မယ်။ ကူယွဲ့ သူ့ဂိုဏ်းထဲက အရုပ်မတွေအပေါ် အတော်လေးယုံကြည်ချက်ရှိတယ်။
“…” ယိချင်းက သူတို့ဂိုဏ်းထဲက မိန်းကလေးတွေရဲ့ရန်လိုမှုကို ပြန်တွေးမိတော့ မေးခွန်းထုတ်တာရပ်သွားတော့တယ်။
——————
ညနက်ချိန်။
ညလေက တကယ်ကိုပြင်းနေပြီး ရှန်းရင်က အိပ်မောကျခါနီးဆဲဆဲ။
“ဟေး အဲ… စိတ်ကောင်း” ရှန်းရင်နားထဲ ရင်းနှီးနေတဲ့အသံကြားပြီး ဆတ်ခနဲနိုးလာခဲ့တယ်။ သူမဟိုဟိုဒီဒီကြည့်လိုက်တော့ မြူခိုးနက်တွေက တဖြည်းဖြည်းအကောင်အထည်ပေါ်လာတာကို မျက်လုံးထောင့်ကနေမြင်လိုက်ရတယ်။
သူမရပ်သွားတယ်။
“ဟဲ့သူဌေး မြူခိုးစုပ်ဖို့ ရောက်လာပြန်တာလား”
သူ ပိုက်ဆံလုံလုံလောက်လောက်ရော ယူလာရဲ့လား။
“ဘာမြူခိုးလဲ” စောနလေးကတင် ပုံစံဖွဲ့လာတဲ့ ပုံသဏ္ဌာန်ကတန့်သွားတယ်။ တစ်ခုခုကို သတိရသွားသလိုမျိုး သူက သတိတကြီးကြည့်ပြီး သူ့အရှိန်အဝါကို ဆုတ်ကာပြောလိုက်တယ်။
“မင်းကို သတိပေးဖို့ ကျုပ်ဒီကို တကူးတကရောက်လာတာ”
“နင် အမတကျောက်တုံးတွေယူလာလား” သူမကရုတ်တရက်မေးလာတယ်။
လန်ဟွားမျက်မှောင်ကြုတ်ပြီး ဇဝေဇဝါဖြစ်နေရင်းမှ ပေါက်ကွဲတော့တယ်။
“အမတကျောက်တုံးတွေကို ဘယ်ကရမှာတုံး၊ မင်းကို အရင်တစ်ခေါက်က အကုန်ပေးလိုက်ပြီမဟုတ်လား”
“အော်” ရှန်းရင်က ခေါင်းအုံးပေါ် ခေါင်းပြန်ချပြီး သူ့ကိုလျစ်လျူရှုတော့တယ်။
“သေစမ်း မင်း ဘယ်လိုအိပ်နေတာလဲ၊ မင်းကိုပြောစရာရှိတယ်လို့ ကျုပ်မပြောဘူးလား” လန်ဟွား သွေးပျက်ပြီး သူမဝတ်ရုံလက်ကိုဆွဲတော့တယ်။
“ဒါက မင်းကောင်းဖို့အတွက်ပဲ၊ ဘာကမင်းအတွက် ကောင်းမှာလဲ သိထားရမှာပေါ့”
အချိန်အတော်ကြာတဲ့အထိ ရှန်းရင်က သူ့ကိုလျစ်လျူရှုနေတုန်းပဲ။
လန်ဟွား မျက်မှောင်ကြုတ်ပြီး ရင်ဘက်ထဲ ဒေါသပေါက်ကွဲလာတော့တယ်။ နားမထောင်ချင်လည်း ထားလိုက်တော့။ သေသေရှင်ရှင် သူ့အတွက် အရေးမပါဘူး။ နောက်တော့… သူအံကြိတ်ပြီး အမတကျောက်တုံးတချို့ထုတ်ယူကာ ရှန်းရင်ဘေးချလိုက်တယ်။
ဒီအကျိုးနည်းစိတ်ကောင်းကတော့။
အိပ်ရာပေါ်ကလူက ထထိုင်ပြီး အမတကျောက်တုံးတွေကို ကောက်ယူလေတယ်။
“သူဌေး ပြောစရာရှိလို့လား”
“…” ဒီလူက ငါ့စိတ်နှလုံးကောင်းပေါ်လာအောင် ဘယ်လိုများလုပ်ခဲ့တာပါလိမ့်။
…