အခန်း ၁၆၃ ။ သုတ်သင်ဖယ်ရှားခြင်း
ရှန်းရင်က အနားကိုတိုးသွားပြီး နတ်ဆိုးချီတွေရှိတဲ့ဘက် လှမ်းကြည့်လိုက်တယ်။ ကြည့်ရတာ နတ်ဆိုးချီထဲ သစ်ပင်သေကြီးနဲ့ဆင်နေတဲ့ ပုံသဏ္ဌာန်တစ်ခုရှိနေသလိုပဲ။ သူမ မှားနေတာလားတော့ မသိပေမဲ့ နတ်ဆိုးချီက တကယ်ကိုပါးလာသလိုပဲ။ သူတို့ဂိုဏ်းထဲ အပင်တွေအများကြီးစိုက်မိလို့ မြူခိုးနက်တွေကို သက်ရောက်သွားတာလား။
ဒါမကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးချီက ဖေဖေနျို့စီးပွားရေးပဲ။ အမတကျောက်တုံးတွေ တစ်ပုံပြီးတစ်ပုံ ဆုံးရှုံးသွားမှာနဲ့ဆင်တယ်။
ရှန်းရသ် အပင်တွေအားလုံးကို ဆက်ထားထားရမလား စဉ်းစားနေတုန်းရှိသေး သူမရှေ့က နတ်ဆိုးချီက တလိပ်လိပ်လှုပ်ရှားလာပြီး အောက်ခြေမှာသွားစုတော့တယ်။ ၏
“မမလေး နတ်ဆိုးချီက… ပျောက်နေပြီ” ရှန်းရင်ပေါင်ကိုဖက်ထားဆဲ မုန်လာဥဖြူက သွေးပျက်တော့တယ်။
“ဒါဘာလို့ဖြစ်နေတာလဲ”
ဟမ်။
ရှန်းရင် နတ်ဆိုးချီက စုလာပြီး တစ်ခုခုကိုရှာတွေ့သလိုမျိုး အောက်ကိုခုန်ဆင်းသွားတာကို ကြည့်နေမိတယ်။
တောင်ခြေမှာ တင်ပျဉ်ခွေထိုင်နေတာကတော့ ဝတ်ရုံနက်နဲ့လူတစ်ယောက်။ သူက သိုင်းကွက်တစ်ခုထုတ်ပြီး တစ်စုံတစ်ရာကို တီးတိုးရေရွတ်တယ်။ တစ်ခါတည်း ဆင့်ခေါ်ခံလိုက်ရသလိုမျိုး နတ်ဆိုးချီတွေအများကြီး သူ့ဆီတလိပ်လိပ်တက်လာတော့တယ်။ သူ့ကိုယ်က နတ်ဆိုးချီတွေအားလုံးကိုစုပ်ယူသွားတယ်။ နတ်ဆိုးချီက ဖောင်းကြွလာတာနဲ့အတူ နတ်ဆိုးအမာရွတ်တွေက မျက်နှာပေါ် ပေါ်လာတယ်။ သူ့ကြည်လင်နေတဲ့ မျက်လုံးကလည်း ဖြည်းဖြည်းချင်းနီရဲလာတော့တယ်။
လန်ဟွား သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ဖို့ကြိုးစားပြီး သူ့စွမ်းအင်ကို နတ်ဆိုးချီတွေစုပ်ယူဖို့ အာရုံစိုက်လိုက်တယ်။ သူ လုပ်နိုင်သမျှကို လုပ်ပြီး ခန္ဓာကိုယ်ထဲက အမတအရိုးအကြွင်းအကျန်တွေကို သန့်စင်ဖို့လုပ်လိုက်တယ်။ သူ သူ့ကျင့်ကြံမှုကို ပယ်ဖျက်ပြီး နတ်ဆိုးအဖြစ် ကျင့်ကြံလာတာ အကြာကြီး ရှိပြီဆိုပေမဲ့ သူ့ကိုယ်ထဲက အဲလက်ကျန်စိတ်ကောင်းလေးကို မပယ်ရှားနိုင်ခဲ့ဘူး။ အဲဒါကြောင့် ကောင်းကင်မိစ္ဆာအစစ်မဖြစ်ဘဲ တန့်နေခဲ့တာ။ အမတဘုံရဲ့ ဒီလိုဝေးလံခေါင်ဖျားတဲ့နေရာမှာ နတ်ဆိုးချီတွေ အများကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူသိခဲ့မှာလဲ။ ကောင်းကင်က သူ့ကို တကယ်ကူညီနေတာ။ ဒီနတ်ဆိုးချီနဲ့ သူ နောက်ဆုံးတော့ အမတအရိုးတွေကို ပယ်ရှားပြီး ကောင်းကင်မိစ္ဆာအစစ်ဖြစ်လာနိုင်တော့မယ်။
သူနတ်ဆိုးချီတွေကို စုပ်ယူဖို့ကြိုးစားလေ သူ့စွမ်းအင်တိုးလာတာကို ခံစားရလေပဲ။ ရူးနှမ်းချင်စရာ စိတ်လှုပ်ရှားမှုက သူ့ကိုလွှမ်းမိုးလာခဲ့တယ်။ သူ့ဝိညာဉ်စင်မြင့်က တဖြည်းဖြည်း မှောင်သထက်မှောင်လာလိုက်တာ နောက်ဆုံး အလင်းရောင်လက်ကျန်ပါ ပျောက်ဆုံးသွားခဲ့တယ်။
သူ နတ်ဆိုးချီတစ်စက်မကျန်စုပ်ယူခဲ့ရင် လုပ်နိုင်တော့မှာ။ လုပ်နိုင်တော့မှာ…။
“ဟေး အစ်ကိုကြီး” သူ့ပခုံးပေါ် လေးလံလာတာခံစားလိုက်ရတယ်။
နတ်ဆိုးချီကို စုပ်ယူဖို့ အာရုံစိုက်နေတဲ့လန်ဟွားကြောင်အမ်းသွားတော့တယ်။ သူ့စုပ်ယူမှုလုပ်ငန်းစဉ်က တန့်သွားလေရဲ့။ သူ မတုံ့ပြန်န်ုငခင် မျက်နှာကြီးတစ်ခု သူ့မြင်ကွင်းထဲ ပေါ်လာတယ်။
ထူးဆန်းတဲ့ မိန်းမတစ်ယောက်က သူ့ရှေ့ ဆောင့်ကြောင့်ထိုင်ချနေတယ်။ သူမက လက်တစ်ဖက်နဲ့ ခေါင်းကိုထောက်ထားရင်း သူ့ကိုစိုက်ကြည့်နေလေရဲ့။
“နင်က… မြူခိုးစုပ်ယူဖို့ ဒီရောက်နေတာလား”
“ဟမ်” သူ ဘယ်လိုတုံ့ပြန်ရမလဲတောင် မစဉ်းစားနိုင်ဘဲ အူကြောင်ကြောင် စိုက်ကြည့်မိနေပြီး ခေါင်းညိတ်ပြလိုက်တယ်။
“နင်က လေသန့်စင်စက်မဟုတ်ဘူးလေ” သူမက အနားက သိသိသာသာပါးလာတဲ့နတ်ဆိုးချီတွေကို ကြည့်လိုက်တယ်။ နတ်ဆိုးချီက မကျန်တော့သလောက်ပဲ။ ဖေဖေနျိုတော့ သေချာပေါက် ဒီနေရာကို ဝင်ခွင့်ပေးမဲ့ နောက်ထပ်ဧည့်သည်တစ်သုတ် ဖြဲတာခံရတော့မယ်။
“မြူခိုးတွေ အရမ်းစုပ်တာ နင့်အတွက်မကောင်းဘူးလေ”
“ဟမ်” အလိုလိုနေရင်း လန်ဟွား သူ့လက်တွေကို ဖြေလျှော့မိလိုက်တယ်။ နှစ်စက္ကန့်နေတော့ သူ သတိပြန်ဝင်လာပြီးမျက်စိတွေပြူးကျယ်သွားခဲ့တယ်။ ခဏ ငါ ဘာလို့သူ့ကိုနားထောင်မိနေတာလဲ။
“မင်းက ဘယ်သူလဲ” ဘယ်လိုလုပ် အနားမှာ အပြင်လူတစ်ယောက်ရှိနေတာကို ငါအာရုံမခံမိတာလဲ
“ငါ့နာမည်ကရှန်းရင်၊ ဒီမှာနေတာ” သူမက အနောက်ဘက်ကို လက်ညှိုးထိုးပြောရင်း ပြောလိုက်တယ်။
ဒီမှာနေတာလား။
ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ အမတဘုံကလူတွေက နတ်ဆိုးချီကို အမြဲကြောက်လို့ ဝေးဝေးနေနိုင်သလောက် ဝေးဝေးနေကြတာ။ ဒီမှာ နေတဲ့သူ ဘယ်လိုလုပ် ရှိရတာလဲ…။
အလိုလိုနေရင်း သူက ရှန်းရင် လက်ညှိုးထိုးပြတဲ့ဘက် လှမ်းကြည့်မိလိုက်တယ်။ တကယ်ပဲ အမတတောင်တစ်ခု ရှိနေပြီး အမတတွေရဲ့ အငွေ့အသက်ကို အာရုံခံမိတယ်။ တကယ်ကိုအများကြီးပဲ။
နတ်ဆိုးချီထဲ နေနေတဲ့လူတွေ တကယ်ရှိတယ်ပေါ့။
သူ စောနက နတ်ဆိုးချီကိုမြင်ချိန် အရမ်းစိတ်လှုပ်ရှားသွားခဲ့တာ။ နတ်ဆိုးချီပေါကြွယ်ဝတာအပြင် သူ နတ်ဆိုးချီထဲ ပုန်းကွယ်နေတဲ့ အမတတောင်ကြီးတစ်ခုလုံးကို သတိမထားမိတာ မဆန်းဘူး။ ဒီအမတတွေ ရူးနေတာလား။ ဘယ်လိုလုပ် ဒီမှာနေနိုင်တာလဲ။
သူရုတ်တရက် သတ်ဖြတ်ချင်စိတ်တွေ ပြည့်လာတယ်။ သူ့နတ်ဆိုးလေ့ကျင့်မှုကို မပြီး မြောက်သေးတာမို့ ကိုယ်ထဲက နောက်ဆုံးလက်ကျန်စိတ်ကောင်းလေးကို မဖယ်ရှားနိုင်သေးဘူး။ သူ တကယ်ပဲ အခု သူ့နေရာကို လုံးဝ မပေးလိုက်နိုင်ဘူး။
“မင်းငါ့ကိုတွေ့သွားပြီဆိုမှတော့ ငါဒီတိုင်းမထား …”
သူက လက်ကိုယမ်းလိုက်တော့ လက်သည်းဖြစ်သွားပြီး ရှန်းရင်နှလုံးသားကိုဖောက်ဖို့ ရင်ဘတ်ဆီ တန်းတန်းမတ်မတ်ချိန်တော့တယ်။
“နင် ဒါကိုစားချင်လို့လား” ဘယ်ကမှန်းမသိ ရှန်းရင်က အသီးတစ်သီးထုတ်လာပြီး သူ့လက်သည်းပေါ် တင်ပေးလာတယ်။
လန်ဟွားတန့်သွားပြီး သူ့လက်သည်းထဲက အသီးကိုကြည့်လိုက်တယ်။ သူ့ကြည့်ရတာ မှင်တက်သွားတဲ့ပုံ။
“… ငါ့အတွက်လား”
“ဟုတ်တယ်လေ” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ ဖေဖေနျိုရဲ့ ဖောက်သည်ဆိုတဲ့အချက်ကြောင့် သူမ သူ့ကို အသီးတစ်လုံးပေးလိုက်တာ။
“နင်မကြိုက်ဘူးလား၊ ငါ့မှာတခြားသစ်သီးမရှိတော့ဘူး- ဒါနောက်ဆုံးတစ်ခုပဲ”
သူမက ပုံစံတူအသီးတစ်လုံးကိုထုတ်ပြီး ကိုက်ချလိုက်တယ်။
“…”
“နင်က ဗိုက်ဆာလွန်းလို့ မြူခိုးကိုတောင် စားနေရတာလေ၊ တကယ်ကိုသနားဖို့ကောင်းတယ်”
ရှန်းရင်သက်ပြင်းချလိုက်တယ်။
လန်ဟွား သူ့လက်ထဲက အသီးကိုကြည့်လိုက်ပြန်တယ်။ အမတအစိုးရအသီးပဲ။ သိပ်မမှည့်သေးပေမဲ့ ကုသတဲ့စွမ်းရည်တွေ ကောင်းကောင်းရှိတုန်းပဲ။ သူက နတ်ဆိုးဆိုတာ သူမ နားမလည်တာတော့ မဖြစ်နိုင်ဘူး။ ဘာလို့ နတ်ဆိုးအမတတစ်ယောက်ကို ဆက်ဆံပုံက…။
သူ သူမကို သတ်ဖို့ဆန္ဒကို ထိန်းချုပ်နိုင်ကာစလေး။ တိတ်ဆိတ်မှုက သူတို့ကြား ကျရောက်လာပြီး ဝိညာဉ်စင်မြင့်ပေါ်က ခပ်မှိန်မှိန်အလင်းရောင်ဟာ ရုတ်တရက် အရှိန်ပြင်းလာတယ်။ သူ့သွေးနဲ့ရောနေတဲ့ နတ်ဆိုးချီတွေက သွေးကြောတွေကိုဖောက်ခွဲတော့တယ်ာ သူ သွေးပါ အန်မိလေရဲ့။
မဖြစ်ဘူး သူ အဲဒီနောက်ဆုံး လက်ကျန် စိတ်ကောင်းလေးကို ဆုပ်ကိုင်ထားမိနေသေးတာပဲ…။
“ဟဲ့ဟဲ့ဟဲ့… နင်ဘာလုပ်နေတာလဲ” ရှန်းရင် သိသိသာသာလန့်သွားတယ်။ သူမ သူ့ဝတ်ရုံကို ကိုင်ထားပြီး သွေးတွေကိုသုတ်ပေးဖို့လုပ်လိုက်တယ်။
“သွေးတွေအများကြီးအန်ပြီး ငါ့ကိုမခြောက်နဲ့လေ”
“ငါ့ကိုမထိနဲ့” သူက သွေးပျက်ပြီး သူမလက်ကိုတွန်းထုတ်လိုက်တယ်။ သူ့နှလုံးထဲကသွေးတွေ ခုဆို ပိုပြီးတောင်ရှုပ်ထွေးနေပြီ။ မဖြစ်ဘူး၊ သူဆက်ပြီးမထိန်းချုပ်နိုင်တော့ဘူးပဲ။
“…”
“မင်း…” သူ ဒေါသတကြီး သူမကို မျက်လုံးနီတွေနဲ့ စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ အစိမ်းလိုက်မျိုချချင်နေတဲ့ပုံ။
“မင်းဘာလို့ အဲလိုလုပ်တာလဲ”
သူ နှစ်ပေါင်းသောင်းချီ ကြိုးစားခဲ့ရတာ… သူ့ကိုယ်ထဲက လက်ကျန်စိတ်ကောင်းလေးကို ချုပ်ထိန်းဖို့အတွက်။ ဒါပေမဲ့ ခုလေးတင် သူ့ကိုယ်ထဲက စိတ်ကောင်းလက်ကျန်က သူမပေးတဲ့ သစ်သီးတစ်လုံးကြောင့် နိုးသွားခဲ့ပြီ။
“ဟမ်” ရှန်းရင် အရမ်းကိုဇဝေဇဝါဖြစ်သွားတယ်။
“ငါဘာလုပ်လို့လဲ”
“မင်း.. မင်း တမင်သက်သက်လုပ်တာ မဟုတ်လား” သူ ဒေါသထွက်လွန်းလို့ ဒေါသနဲ့ မျက်နှာက ရှုံ့မဲ့ကုန်တယ်။ သူက သူမကို ဒေါသတကြီး ဆက်စိုက်ကြည့်နေတယ်။
“အဲတော့ မင်း ငါ့စိတ်ကောင်းကိုနှိုးနိုင်တော့ရော ဘာဖြစ်လဲ၊ ဒီနေ့ မင်းဒီမှာသေရမယ်”
သူ စကားပြောပြီးပြီးချင်း နတ်ဆိုးချီက ရုတ်တရက် ပေါက်ကွဲသွားပြီး အမည်းရောင်ဓားတစ်ချောင်း သူတို့ရှေ့ပေါ်လာတယ်။ ဓားက ရှန်းရင်ဆီတည့်တည့်ဦးတည်နေတာပေါ့။
“ဟဲ့ဟဲ့ဟဲ့…” ရှန်းရင်ကြည့်ရတာ အရင်ကထက် ပိုပြီးတောင် ဇဝေဇဝါဖြစ်နေတဲ့ပုံ။ သူ ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြုမူနေရတာလဲ။ သူမကိုယ်သူမ ကာကွယ်ဖို့လုပ်လိုက်တယ်။
သူက သူမရှေ့နှစ်လှမ်းအလိုမှာ ရပ်သွားပြီး ကိုယ်ကိုင်းကာ သွေးထပ်အန်တော့တယ်။ သူ့ကိုယ်ပတ်လည် နတ်ဆိုးချီက ဓားနဲ့အတူ ပျောက်ကွယ်သွားတယ်။ သူ မြေကြီးပေါ်ကျသွားပြီး ပျို့တက်ကာ ချောင်းဆိုးရင်း သွေးတွေပိုအန်တော့တယ်။
လန်ဟွား ဒေါသထွက်လွန်းလို့ ရှန်းရင်မိဘတွေကိုပါ ကျိန်ဆဲချင်သွားတယ်။ သေစမ်း သူ သူမကို ဘာမှထပ်လုပ်လို့မရတော့ဘူး။ သူ့ကိုယ်ထဲက စိတ်ကောင်းက သူမကြောင့်ပေါက်ဖွားလာတယ်။ သူမက သူ့စိတ်ကောင်းပဲ။ သူက သူမကိုဒဏ်ရာရအောင်လုပ်ဖို့ကြိုးစားရင် သူ့ခန္ဓာကိုယ်က သူ့ကိုယ်သူ တိုက်ခိုက်တော့တယ်။
မဖြစ်ဘူး ငါ သူ့ကိုသတ်မှဖြစ်မယ် မဟုတ်ရင် ငါကောင်းကင်မိစ္ဆာအစစ် ဖြစ်လာမှာမဟုတ်ဘူး။
သူ့ကိုယ်ထဲက သွေးကြောတွေအားလုံး ပေါက်ထွက်မှာကို စွန့်စားပြီး သူမကို နောက်ထပ် ဓားနက်တစ်ချောင်းနဲ့ ဦးတည်တော့တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း…” ‘သေ’ ဆိုတဲ့ စကားလုံးတောင် ပါးစပ်ကမထွက်ရသေး မြေကြီးပေါ်လဲကျသွားခဲ့တယ်။ သူ့လက်ထဲကဓားက လေထဲရပ်သွားပြီး လေသံက သူ့ဆန္ဒမပါဘဲ ပြောင်းလဲသွားလေရဲ့။
“သွား… အဲက ကျောက်တုံးဆီသွားပြီး အနားယူပါ၊ ဒီကနတ်ဆိုးချီက အတော်လေး အားပြင်းတယ်၊ မင်းနေမကောင်းဖြစ်နိုင်တယ်”
“…” ဟမ်။
သူက ဓားကိုသိမ်းပြီး ကျောက်တုံးပေါ်ကဖုန်ကို ဝတ်ရုံလက်နဲ့လှည်းနေတယ်။
ခဏ သူဘာလုပ်နေတာလဲ။
လန်ဟွား စိတ်အာရုံပြန်စုစည်းပြီး နောက်တစ်ကြိမ် ဒေါသတကြီးဖြစ်သွားတယ်။ ဓားကို တတိယအကြိမ်ဆွဲ ပြီး သူမဆီဦးတည်လေရဲ့။
“ငါသတ်လို့မရတာ မယုံ – မင်း ဒီမှာ ရပ်လို့မဖြစ်ဘူး၊ ဒီက နတ်ဆိုးချီက အရမ်းပြင်းလွန်းတယ်၊ လာ မင်း ဒီထိပ်တန်းအဆင့်လက်နက် ကိုင်ထားရင် သက်သာလောက်တယ်”
ရှန်းရင် ။ ။ “…”
သူက ဘာလို့ ဒီလိုပြောနေတာပါလိမ့်။
လေးကြိမ်မြောက် ကြိုးစားတော့တယ်။
“ငါနတ်ဆိုးအစစ် ဖြစ်လာမှာကို ဘယ်သူမှ တားလို့မရဘူး၊ မင်း… ဘာလို့ မင်းဆီမှာ အမတလက်နက်တစ်ခုတောင် မရှိရတာလဲ၊ လာ ဒါကိုကိုင်ထား၊ ငါ အမတကျင့်ကြံသူ ဖြစ်တုန်းက ဒါကိုသုံးခဲ့တာ”
သူ ငါးကြိမ်မြောက် ကြိုးစားလေရဲ့။
“ငါ့စိတ်ကောင်း ထိန်းချုပ်တာကို မခံဘူး၊ မင်း… မင်း အသီးစားချင်လား၊ ဒီအမတအစိုးရအသီးက သာမန်ဆန်လွန်းတယ်၊ ငါ့မှာ ရတနာဝိညာဉ်အသီးတစ်လုံးရှိတယ်၊ မင်းရဲ့ကျင့်ကြံမှုကို တိုးမြှင့်နိုင်တယ်၊ လိုချင်လား”
သူ ခြောက်ကြိမ်မြောက် ကြိုးစားပါတယ်။
“ငါ့မှာ အမတအဆောင်တစ်ခုလည်းရှိတယ်၊ ဓမ္မလက်နက်ရတနာရော…”
ဖြစ်ရပ်တစ်ခုလုံးကို ကြည့်နေသော လူနှစ်ယောက် ။ ။ “…”
“မုန်လာဥဖြူ”
“ဟုတ်”
“နင် ဒီလောက်ရူးတဲ့သူကို မြင်ဖူးလား”
“အရင်ကမမြင်ဖူးပေမဲ့ ခုတော့မြင်ဖူးပါပြီ”
ရှန်းရင် ။ ။ “…”
မုန်လာဥဖြူ ။ ။ “…”
…