ERSY အခန်း ၁၅၀

အခန်း ၁၅၀ ။ ကောယိုး၏ကြံစည်မှု

ဝူဟုန် မတုံ့ပြန်နိုင်ခင် ပြင်းထန်တဲ့ဖိအားတစ်မျိုးနဲ့ လေပြင်းကို ခံစားမိလိုက်တယ်။ သူ အရှိန်ကြောင့် အောက်ပြုတ်ကျပြီး သူ့နောက်ကလိုက်ပျံတက်လာတဲ့ ပြောင်ထင်းကို ထိသွားတယ်။

မိစ္ဆာအမတနှစ်ယောက် တွင်းကြီးထဲ အရှိန်နဲ့ပြုတ်ကျသွားသံပေါ်လာတော့တာပေါ့။ ဒီတစ်ကြိမ်တော့ တောင်တစ်ခုလုံး သူတို့အောက် ပြိုကျသွားပြီ။

“အဲဒါဘယ်သူလဲ” ဝူဟုန်က အော်ပြီး သူ့ကိုယ်က အစက်အပြောက်တိုင်းကနေ အနီရောင်တွေ ထွက်လာတယ်။ နဂိုမူလအသွင်ပြောင်းလိုက်တော့ မီးတောက်နီတွေနဲ့ ငှက်ကြီးတစ်ကောင်။ သူက ဒေါသတကြီးမော့ကြည့်ပေမဲ့ ဘာမှမမြင်ရ။ လေထဲမှာ သူကိုင်ထားခဲ့တဲ့ကလေးမက ဖြည်းဖြည်းချင်း အောက်ကိုလွင့်မျောလာတယ်။

“ကောင်းကင်နတ်ဘုရား… ကောင်းကင်နတ်ဘုရားလား” ကလေးမက ဟိုဟိုဒီဒီအူ‌ကြောင်ကြောင် စိုက်ကြည့်နေရင်းမှ စိတ်လှုပ်ရှားမှုနဲ့ ပေါက်ကွဲတော့တယ်။ သူမက ပတ်လည်ကို လိုက်ရှာ‌လေတယ်။

“ကောင်းကင်နတ်ဘုရား ရှင်ဒီမှာရှိနေတယ်မဟုတ်လား၊ သမီးကို ကာကွယ်ပေးဖို့ ထပ်ရောက်လာတာလား၊ သမီး… သိသားပဲ… ပူဇော်တာကောင်းတယ်ဆိုတာ”

အပေါ်တက်ရန် ခက်ခက်ခဲခဲ နည်းရှာထာူရသော ရှန်းရင် ။ ။ “…”

အဲဒီပူဇော်ဖွယ်တွေအကြောင်း ထည့်မပြောရင် ငါတို့ သူငယ်ချင်းတွေဖြစ်နိုင်သေးတယ်

“ကောင်းကင်နတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ သမီး… ဘာလို့ မမြင်ရတာလဲ”

“နင့်ကိုပြောဖို့မေ့နေတာ” ရှန်းရင် ကလေးကို မြက်ခင်းပြင်ပေါ် ပစ်တင်ပြီး ပြောလိုက်တယ်။

“ငါကအသီးအရွက်မုန်းတယ်”

ကလေးက ရပ်သွားပြီး မျက်မှောင်ကြုတ်တယ်။ ရုတ်တရက်မခံမရပ်နိုင်ဖြစ်နေပုံပဲ။

“ငါ့ကိုဘာမှထပ်မပေးနဲ့တော့၊ ဒါပေမဲ့…”

ရှန်းရင် နဂိုမူလအသွင်ယူထားတဲ့ ငှက်နဲ့သားရဲဘက်ကို လှည့်ကြည့်လိုက်တာ်။

“နင်ဒီတစ်ကြိမ် ပူဇော်လာတဲ့ တိရစ္ဆာန်နှစ်ကောင်ကတော့ မဆိုးဘူး၊ နင်… အသားကင်နည်းသိလား”

ကလေး ။ ။ “…”

တိရစ္ဆာန်နှစ်ကောင် ။ ။ “…”

ဘာကြောင့်မှန်းမသိ ဝူဟုန့်ရဲ့ငှက်ကိုယ်ခန္ဒာတစ်ခုလုံးတောင့်တင်းကုန်တယ်။ သူ ကောင်းကင်စိတ်အာရုံသုံးဖို့ ဘယ်လောက်ကြိုးစားပစေ စကားပြောနေတဲ့သူကို အာရုံခံမရဘူး။ သူ ရွေးစရာမရှိတော့ဘဲ ကလေးမရှိတဲ့ဘက် လှည့်ပြီး အသက်မီးတောက်အစစ်ကို ထွေးထုတ်တော့တယ်။

“မင်းက ဘယ်ကလဲ၊ ဘယ်လိုလုပ် ဒီလိုစကားပြောရဲတာတုန်း”

သူ မီးမှုတ်တော့မဲ့ဆဲဆဲ ခေါင်းမှာပြင်းထန်တဲ့ ဝေဒနာခံစားလိုက်ရတယ်။ သူ ပါးစပ်ဟလိုက်ပေမဲ့ အမည်မသိအားတစ်ခုက သူ့နှုတ်သီးကို ပိတ်ထားတယ်။ သူ မှုတ်ထုတ်မဲ့ အသက်မီးတောက်ပစစ်က လည်ချောင်းဝထဲရောက်နေပေမဲ့ ချောင်ပိတ်မိနေပြီ။ သူ မျိုချလို့လည်းမရ ထွေးထုတ်လို့လည်းမရနဲ့ လည်ပင်းထဲ စပူလောင်လာတော့တယ်။

ဝူဟုန် နာကျင်မှုကြောင့် အော်ဖို့ကိုနှုတ်သီးတောင်မဟနိုင်ရှာဘူး။ အရှင်လတ်လတ် မီးလောင်နေလို့ သူမြေကြီးပေါ်လူးလှိမ့်‌နေရတော့တယ်။

ကိုယ်ထဲက ရှိသမျှမသေမျိုးချီနဲ့ ရုန်းပေမဲ့လည်း သူ့နှုတ်သီးဖွင့်မရသေးတာ မြင်လိုက်ရတယ်။ လုံးဝ ချိတ်ပိတ်ခံထားရသလိုပဲ။

နောက်အခိုက်အတန့်မှာတော့ သူက လေထဲရောက်နေပြီ။ အမျိုးအမည်မသိအရှိန်တစ်ခုက မြေကြီးပေါ်ကနေသူ့ကိုမတယ်။ တုံ့ပြန်ချိန်တောင်မရလိုက်ဘဲ ‌နားဘေးကနေ နောက်ထပ်လေပြင်းတစ်ခုခံစားလိုက်ရပြီး မြေကြီးပေါ် အရှိန်ပြင်းပြင်းသက်ဆင်းသွားပြန်တယ်။

ဒါအဆုံးမသတ်သေးဘူး။ သူ အခု သူ့တစ်ကိုယ်လုံးကိုထိန်းချုပ်မရတော့ဘူး။ နောက်တစ်ကြိမ် သူ အပေါ်အောက် ပစ်ပေါက်ခံရတော့တယ်… အပေါ်အောက် ပစ်ပေါက်ခံရရင်း… ထပ်ပြီးပစ်ပေါက်ခံရ…။

တစ်လောကလုံး ရိုက်နှက်သံတွေ အက်ခိုးထပ်နေတဲ့အတိုင်းပဲ။

ဝူဟုန် တူတစ်ချောင်းလိုမျိုးခံစားနေရတယ်။ တူထုခံနေရတဲ့ ပြောင်ထင် ။ ။ “…”

သူလုံးဝကို… တွန်းလှန်ဖို့ အားမရှိတော့ဘူး

အစကနေအဆုံးထိ သူတို့ ဒါဘယ်သူလုပ်နေလဲဆိုတာကို မမြင်ရဘူး။ တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ သောက်ကျိုးနည်း… ဘယ်သူလဲ

တစ်မိနစ်နေတော့ အားလုံးတိတ်ဆိတ်သွားပြီ။

ရှန်းရင် ပြဿနာတစ်စုံတစ်ရာကိုားလည်သွားတဲ့ပုံ။

“မမှားဘူးဆိုရင် ငါ အသားမကင်ခင် အမွှေးနဲ့ အတောင်ပံတွေကို နှုတ်ရမှာမလား”

သေချင်ယောင်ဆောင်နေတဲ့ အဇဋာဧကရာဇ်များ ။ ။ “…”

(゚Д゚≡゚Д゚)

မဖြစ်ဘူး

——————

အမတဘုံ၊ မြို့တော်။

ခုနှစ်နိုင်ငံက ဧကရာဇ်တွေ ကောယိုးနန်းတော်မှာ စုဝေးနေကြတယ်။ နတ်ဒေဝါဧကရာဇ်ကောယိူက အလယ်ခုံမှာထိုင်ပြီး သူ့ရှေ့မှာကတော့ တခြားဧကရာဇ်တွေက နှစ်တန်းထိုင်နေကြတယ်။ သူတို့က ဒီအစည်းအဝေးအတွက် အသည်းအသန်ပြေးလာခဲ့ကြတာ။ သူတို့ထဲ နတ်ဒေဝါဧကရာဇ်သုံးယောက်နဲ့ ဧကရာဇ်ငယ်လေးယောက်ပါဝင်တယ်။ ကောယိုးက ဒီလူတွေကို မထုံတက်သေးအမူအရာနဲ့ကြည့်ပြီး မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတယ်။ သူက မေးခွန်းမေးလာပေမဲ့ မထူးဆန်းတဲ့ဟန်နဲ့။

“အာ ဘာလို့ ဧကရာဇ်ငယ်ရွှင်ရှူး ဒီမှာရှိမနေတာလဲ”

“ဧကရာဇ်ကောယိုး ခင်ဗျားသိသားပဲ၊ ဒီဧကရာဇ်ငယ်ရွှင်က အမြဲတစ်ကိုယ်တည်းနေတတ်သူလေ”

ညာဘက်က နတ်ဒေဝါဧကရာဇ်တစ်ယောက်က ဟာသမမြောက်စွာရယ်ပြီး ဆက်ပြောတော့တယ်။

“သူက ဘယ်သူ့ကိုမှ လေးစားမှုပြဖို့ ဂရုမစိုက်တာ၊ ဒီနှစ်တွေအားလုံးမှာ အရှင်မင်းကြီးဖိတ်ကြားတဲ့ ကောအမတအစည်းအဝေးကို တစ်ခါမှမတက်ရောက်ဖူးဘူးလေ၊ မဟုတ်ဘူးလား”

“အမှန်ပဲ” နောက်ထပ်ဧကရာဇ်ငယ်က သိသိသာသာ မရွှင်မပျဖြစ်နေတဲ့ပုံ။ သူက ရွှင်ရှူးရဲ့ သူတို့အပေါ်အပြုအမူကို အတော်လေးရွံရှာနေပုံ။

“ဒီဧကရာဇ်ငယ်ရွှင်က ဧကရာဇ်ငယ်ပဲရှိသေးတာ – အကုန်လုံးအမတဧကရာဇ်တွေဖြစ်လာပြီး ကိုယ့်ဘာသာတိုင်းပြည်တည်ထောင်ထားတဲ့ ကျုပ်တို့လိုတောင် မဟုတ်ဘူး၊ သူက သူ့အမတဘုံဗိမာန်လေးထဲမှာပဲ ပိတ်နေပြီး အပြင်လောကက ဘာမှ သူ့ကိုမသက်ရောက်နိုင်သလို ပြုမူနေတာ၊ တိုင်းပြည်အသီးသီးရဲ့ ဧကရာဇ်တွေကြားထဲက ‌တွေ့ဆုံမှုက သူမပါဘဲလုပ်လို့ရတယ်”

“ဟင်း” ကောယိုးက သက်ပြင်းချပြီး စိုးရိမ်နေတဲ့ မျက်နှာနဲ့။

“မင်းတို့အားလုံး ဒါကိုမသိဘူး- ကြည့်ရတာ ဧကရာဇ်ငယ်ရွှင်က ဟိုတလောက လီရွှေ့မြစ်မှာ ဖြစ်ခဲ့တဲ့ကိစ္စအပြီးမှာ ကျုပ်ကိုအထင်လွဲနေပုံပဲ၊ အဲဒါ‌ကြောင့် ကျုပ်ဖိတ်ကြားချက်ကို မတုံ့ပြန်တာနေမှာ”

“လီရွှေ့မြစ်” သူတို့အားလုံး အံ့ဩသွားကြတယ်။ သူတို့တွေ ရောင်းရင်းအမတတွေဖြစ်နေတာ နှစိသောင်းချီကျော်နေပြီ။ ကောယိုး သူတို့ကြားနေကျနဲ့ကွဲတဲ့တစ်ခုခုခုကို ပြောဖို့အရိပ်အယောင်ပြနေတာဆို သူတို့အတွက် ရိပ်မိဖို့လွယ်ကူတယ်။ သူတို့အားလုံး သူ့ကိုချက်ချင်းမျက်နှာချင်းဆိုင်လိုက်ကြတယ်။

“အရှင်မင်းကြီး ဘာများဆိုလိုတာလဲ”

“ဒါပြောရရင်… တကယ်ကို အထင်လွဲမှုသက်သက်ပါပဲ” ကောယိုးမျက်လုံးတွေက လက်ခနဲဖြစ်သွားပြီး နောက်တစ်ကြိမ် သက်ပြင်းချတယ်။

“မင်းတို့အားလုံးသိမှာပါ ကျုပ်က ဓားအမတမဟုတ်ဘူးလေ၊ ဒါပေမဲ့ ကျုပ်ဂိုဏ်းအောက်ကတပည့်တွေကို လေ့ကျင့်ဖို့ ယွီဖုန်းအမတနယ်မြေဆီ မကြာခဏလွှတ်တယ်လေ၊ သူတို့ကို ဓားရှာဖို့ပြောပေမဲ့ အဓိကရည်ရွယ်ချက်က သူတို့ဘာသာလေ့ကျင့်စေဖို့ပါ၊ ဟိုတလောက ကျုပ်ဂိုဏ်းကတစ်ယောက်ကို အမတနယ်မြေဆီ လွှတ်ခဲ့ပြီး အထဲမှာ သူကဧကရာဇ်ငယ်နဲ့ဆုံခဲ့တယ်၊ တိုက်ဆိုင်ချင်တော့ ကျုပ်လွှတ်လိုက်တဲ့ ဓားအမတက ကောင်းကင်လက်နက်ကို ရှာတွေ့သွားခဲ့တယ်၊ ဧကရာဇ်ငယ်က အဆုံးကျ အဲဒါကိုရသွားတယ်ပေါ့၊ ကျုပ် ဓားအမတကို ကြိုဖို့ အဲနေရာကို သွားခဲ့ပေမဲ့ ဧကရာဇ်ငယ်ရွှင်ကိုပါ တွေ့မယ်မထင်ခဲ့ဘူး၊ သူက ကျုပ်ဓားကိုခိုးဖို့ ရောက်လာတယ်ထင်နေတာ၊ အဲဒါကြောင့် အထင်လွဲမှုဖြစ်လာတာပဲ”

“ကောင်းကင်လက်နက်… နဲ့ဓား အဲဒါက” အားလုံး တစ်ယောက်စိတ်ကိုတစ်ယောက်ဖတ်နိုင်သလိုမျိုး အချင်းချင်းကြည့်ကုန်ကြတယ်။ အသည်းအသန် သူတို့က မေးတော့တာပဲ။

“အရှင်မင်းကြီးကောယိုး၊ သူရှာတွေ့ခဲ့တဲ့ ကောင်းကင်လက်နက်က – ဖြစ်နိုင်တာက…”

“ဟုတ်တယ် ကောင်းကင်အစီအရင်ခြောက်မျိုးဓားပဲ” ကောယိုး ခေါင်းညိတ်လိုက်တယ်။

“ဘာ” အားလုံး ပေါက်ကွဲကုန်လေရဲ့။

“တကယ်ပဲ ကောင်းကင်အစီအရင်ခြောက်မျိုးဓားလား”

“ဒဏ္ဍာရီက အမှန်ဖြစ်မယ် မသိခဲ့ဘူး၊ ကောင်းကင်ကိုခွဲတဲ့လက်နက်ပဲ”

“ဧကရာဇ်ငယ်ရွှင်က သဘောထားသေးသိမ်လိုက်တာ – အဲလိုကောင်းကင်လက်နက်ရလိုက်တာတောင် အသံတစ်ချက်မထွက်ဘူး”

“အတိအကျပဲ၊ အရှင်မင်းကြီးကောယိုးကိုတောင် ဓားကိုခိုးချင်တယ်လို့ အထင်လွဲတာကို တွေးရရင် သူ တခြားလူလက်ထဲက ဓားကိုလုထားတာပဲဖြစ်ရမယ်”

“အဇဋာဧကရာဇ်ကပဲ ဒီကောင်းကင်လက်နက်ကို ကိုင်တွယ်ဖို့ သင့်တော်တယ်လို့ ပြောကြတယ်မဟုတ်လား၊ သူက ဧကရာဇ်ငယ်တစ်ယောက်ပဲ – သူက ကောင်းကင်အစီအရင်ခြောက်မျိုးဓားကို ပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်သင့်တော်မှာလဲ”

“ဖွီ သူက ဓားအမတလေ၊ အခု ကောင်းကင်လက်နက်ပါရှိနေပြီ၊ ကျုပ်တို့ကို အခုဘယ်စိတ်ထဲထည့်တော့မလဲ”

သူတို့စကားပြောလေ ပိုပြီးစိတ်တိုလာလေပဲာယ။ သူတို့ပုံစံကြည့်ရတာ ရွှင်ရှူးက ယုတ်မာတဲ့တစ်စုံတရာကို တကယ်ပဲလုပ်ခဲ့တဲ့ပုံမျိုးနဲ့ တရားမျှတမှုရှာဖို့ဆန္ဓရှိနေကြတယ်။

ကောယိုးက အကြည့်ငုံ့လိုက်တယ်။ သူ တမင် သတင်းလွှင့်လိုက်တာ။ တခြားဧကရာဇ်တွေ ဒီလိုတုံ့ပြန်မယ်မျှော်လင့်ခဲ့ပြီးသား။ ဘယ်သူက အဲလိုကောင်းကင်လက်နက်ကို မလိုချင်ဘဲနေမှာလဲ။ ဒါကြောင့် သူ ကောင်းကင်အစီအရင်ခြောက်မျိုးဓားကိုရှာတွေ့တော့ရောဘာဖြစ်လဲ။ ထိန်းသိမ်းထားဖို့အစွမ်းရှိသူပဲ သိမ်းထားပိုင်ခွင့်ရှိတယ်။

သူ့လက်ထဲ အဲလိုကောင်းကင်လက်နက်မျိုးနဲ့ ရျွင်ရှူးက ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ ဘယ်လိုမျှော်လင့်နိုင်တာလဲ။ ကောယိုးမရနိုင်တာကို တခြားလူတွေ မေ့လို့ရပြီ။

ပြီးတော့…။

“ဒီကိစ္စကို အဇဋာဧကရာဇ်ဆီ တင်ပြရမယ်ထင်တယ်” နတ်ဒေဝါဧကရာဇ်တစ်ယောက်က နောက်ဆုံးတော့အကြံပြုလာတယ်။

“ကောင်းကင်အစီအရင်ခြောက်မျိုးဓားက သာမန်လက်နက်မှမဟုတ်တာ၊ အားလုံးသိထားတာအရ ကောင်းကင်မျိုးနွယ်ဖြစ်အောင် တက်လှမ်းဖို့လျှို့ဝှက်ချက်က အဲဓားထဲမှာလေ၊ ဧကရာဇ်ငယ်ရွှင်ရှူးလက်ထဲ ရှိမနေသင့်ဘူး”

“အမှန်ပဲ၊ ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ ဖုန့်ချန်တိုက်ကြီးတစ်ခုလုံးနဲ့ ဆက်စပ်နေတယ်၊ အဇဋာဧကရာဇ်ချန်ကောကို ပေးလိုက်တာပိုကောင်းမယ်” အားလုံးက သဘောတူကြောင်း တီးတိုးရွတ်နေကြတယ်။

“ဧကရာဇ်တို့၊ မင်းတို့အားလုံးပြောတာ သဘာဝကျပါတယ်” ကောယိုးလည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်တယ်။

“ဒါပေမဲ့… အဇဋာဧကရာဇ်ချ‌န်ကောင အမတသက်တန့်‌နန်းတော်ဆီ ဧည့်သည်လာခွင့်ပိတ်ထားတာလို့ကြားတယ်၊ ဒီလိုဖြစ်နေတာ နှစ်တစ်ထောင်ကျော်ပြီလေ၊ ဒီကောင်းကင်တွေကိုကျော်လွန်ပြီး ခရီးသွားဖူးတဲ့အမတ‌တွေတောင် အဇဋာဧကရာဇ်ကို ကိုယ်တိုင်မတွေ့ဖူးကြဘူး၊ ဒီကိစ္စကို ဘယ်လိုတင်ပြကြမလဲ”

အဲတော့မှပဲ အုပ်စုလည်း ဒါကိုသတိရပြီး မျက်မှောင်ကြုတ်ကုန်တယ်။ သူတို့တစ်ခဏ တိတ်သွားပြီး‌တော့ နတ်ဒေဝါဧကရာဇ်တစ်ယောက်က စကားထပြောလာတယ်။

“တကယ်ပဲ အဇဋာဧကရာဇ်အနားယူနေတာကို နှောင့်ယှက်တာမကောင်းပေမဲ့ ဒါကကိစ္စသေးလေးမဟုတ်ဘူး၊ တကယ်လို့ အဇဋာဧကရာဇ် တစ်နေ့နေ့ ဒါကိုသိသွားရင် သူလိုချင်လောက်တယ်၊ ဖုန့်ချန်တိုက်သာ ဓားကိုဆုံးရှုံးသွားတဲ့နေ့ရောက်လာရင် ကျုပ်တို့ အပြစ်တင်ခံရမှာ၊ ဒါကြောင့်…” အမတက အုပ်စုဘက်လှည့်ပြီး ဆက်ပြောတယ်။

“ကျုပ်တို့ရှစ်ယောက် ကောင်းကင်အလွန်ကောင်းကင်များဆီ ကိုယ်တိုင်သွားပြီး အဇဋာဧကရာဇ်ဆီ အရေးကြီးကိစ္စတင်ပြချင်ကြောင်း ခွင့်တောင်းမယ်၊ သူ သေချာပေါက် ကျုပ်တို့ကို ထွက်တွေ့မှာပဲ”

ဒါကိုကြားတော့ လူတိုင်း ခေါင်းညိတ်ကြလေတယ်။

ကောယိုးကတော့ အတော်လေးစိတ်ကျေနပ်နေတာပေါ့။ အားလုံးက သူ့ခန့်မှန်းထားတဲ့အတိုင်းပဲ။ အမတသက်တန့်နန်းတော်ကို ပိတ်ထားတာ နှစ်ထောင်ချီကြာနေပြီ။ ဒါက ပြဿနာဖြစ်လာလိမ့်မယ်လို့ သူ တွေးထားခဲ့ပြီးသား။ ဟိုတလောက အဇဋာဧကရာဇ်ချန်ကောက နန်းတော်ထဲမှာတောင်ရှိမနေဘူးဆိုတဲ့သတင်းရခဲ့တယ်။ ဖြစ်နိုင်တာက ကောင်းကင်အလွန်ကောင်းကင်များထဲတောင် ရှိမနေလောက်ဘူး။

အမတဘုံက ကောင်းကင်အလွန်ကောင်းကင်များဆီမှာ မသေမျိုးချီအကြွယ်ဝဆုံးပဲ။ အဇဋာဧကရာဇ်တွေက အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ ကောင်းကင်အလွန်ကောင်းကင်များထဲကနေ မထွက်ကြဘူး။ ချန်ကော တကယ်သာပျောက်နေရင် ရှင်းပြချက်တစ်ခုပဲရှိတယ်၊ သူပြဿနာတက်နေလို့

ဒီအမတတစ်သိုက် အမတ‌သက်တန့်နန်းတော်သွားရင် သူတို့လည်းတူညီတဲ့ကံကြမ္မာကြုံတွေ့ရမှာပဲ။ အဲကျရင် တစ်ယောက်ယောက်က သေချာပေါက် ဖုန့်ချန်တိုက်ကြီးကိုတာဝန်ယူဖို့ အဇဋာဧကရာဇ်နေရာယူရမှာ။ ကောယိုးက တိုင်းပြည်တွေကြား အသန်မာဆုံးနဲ့ အကျွမ်းကျင်ဆုံး ကျင့်ကြံသူပဲ။ ဒါက တစ်သန်းမှာတစ်ခါအခွင့်အရေးဖြစ်ပြီး အခြေအနေတွေက အတော်လေးမျက်နှာသာပေးနေပြီ။ သူထိပ်ကိုရောက်ပြီဆိုတာနဲ့ ချန်ကောကို ပြန်လာခွင့်မပေးဘူး။

သူ အကြာကြီး‌တွေးခဲ့တဲ့ အစီအစဉ်က နောက်ဆုံးတော့ ဒီမှာ အထွတ်အထိပ်ရောက်နေပြီ။ သူ့အစီအစဉ်အောင်မြင် မအောင်မြင်က ဒီနောက်ဆုံးအဆင့်ပေါ်ပဲမူတည်တယ်။ သူ ထပ်အမှားလုပ်လို့မဖြစ်ဘူး။

ကောယိုးရင်ခုန်သွားတယ်။ သူ အသက်ပြင်းပြင်းရှူပြီး သတိပြန်ထိန်းကာ မတ်တတ်ရပ်ရင်း ခပ်တိုးတိုးပြောလိုက်တယ်။

“ဒီလိုဆိုမှတော့ ကျုပ်တို့…”

ဘန်း

သူ စကားမဆုံးခင် ခန်းမဆောင်တစ်ခုလုံး အသည်းအသန် တုန်ခါနေတော့တယ်။ အပေါ်ကနေ ကျိုးပဲ့သံကြီးထွက်လာတော့တာပဲ – ကောယိုးမျက်နှာကြက်မှာ အပေါက်ကြီးမြင်လိုက်ရတယ်။ ခန်းမဆောင်ထဲ ချထားတဲ့ သီးသန့်ဖယိအစီအရင်က ကျိုးသွားပြီး သူတို့ကြားဝတ်ရုံဖြူလူတစ်ယောက်က ရပ်နေတယ်။ ပုံရိပ်က အလယ်ခေါင်မှာထိုင်နေတဲ့လူဆီ ဓားကို ဦးတည််ပြီး အော်တော့တယ်။

“ကျုပ်ဆရာပေါ် သုံးထားတဲ့ ဂါထာပြန်ဖြည်ပေး၊ မဟုတ်ရင် အလွတ်မပေးဘူး”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset