အခန်း ၁၄၉ ။ မိစ္ဆာအမတနှစ်ယောက်
“ကောင်းကင်နတ်ဘုရားပဲ ဒီရောက်လာတာလား၊ ဒီရောက်လာတာပဲ… ဖြစ်ရမယ်” ရှန်းရင်ဘေးက ကလေးမရဲ့ မျက်နှာက တောက်ပသွားပြီး ထရပ်တယ်။ သူမက တောင်ထွတ်ဆီ လှည့်ပြေးတော့တာပဲ။
ရှန်းရင် မျက်မှောင်ကြုတ်ပြီး တောင်ထိတ်ကို လှမ်းကြည့်လိုက်တယ်။ ဒီအလင်းက… မသေမျိုးချီလား။
သူမ အနားတိုးသွားဖို့ရှိသေး မျက်ဝန်းထောင့်ကနေ ကျောက်ပြားကို လှမ်းကြည့်မိလိုက်တယ်။ သူမ နောက်ပြန်ဆုတ်ပြီး ခြေထောက်ကိုမ ကျောက်တိုင်ကို တက်နင်းချလိုက်တော့တယ်။ အက်ကွဲသံကျယ်ကြီးနဲ့ ကျောက်ပြားက အပိုင်းပိုင်းကွဲသွားတော့တယ်။
ဟမ်၊ ဒါပိုကောင်းတယ်
ကျေနပ်သွားပြီး သူမ တောင်ထိပ်ဆီ လွင့်လာခဲ့တယ်။
ကလေးမက တောင်ထိပ်ဆီပြေးသွားတာ မြန်ချက်ပဲ။ ဒီအချိန် တောင်ထိပ်မှာ တွင်းကြီးတစ်ခုရှိနေပြီ။ တောင်တစ်ဝက်ကျော်က ပျံတက်သွားပြီး မြေကြီးတွေက နေရယအနှံ့ ပျံ့ကျဲကုန်တယ်။ တောင်ခြေက ကွင်းတွေတောင် သက်ရောက်ခံရပြီး ကွင်းတစ်ဝက်ကျော်လောက် ပျက်စီးသွားခဲ့တယ်။ ရွာသားတွေအကုန်လုံး အသက်လုပြေးနေရချိန် – အဲကလေးမပဲ တောင်ထွတ်ဆီ ခပ်မှန်မှန်တက်သွားတယ်။ မောဟိုက်နေရင်း ကလေးမရဲ့ အမြင်ထဲ ရောင်စုံအလင်းတန်းတွေနဲ့ မျောလွင့်နေတဲ့မြေကြီးတွေ ပြည့်သွားတယ်။ ဘာတွေဖြစ်နေလဲဆိုတာ သူမ သိဖို့နည်းကိုမရှိတာ။
ရုတ်တရက် အရာရာတိတ်ဆိတ်ကုန်တယ်။ သူမ စိတ်လှုပ်ရှားလာပေမဲ့ ကောင်းကင်နတ်ဘုရားကိုမြင်ချင်တဲ့ ဆန္ဒက သူမကို အဲမှာပဲ ဆက်နေစေခဲ့တယ်။ သူမက အသက်ပြင်းပြင်းရှူပြီး ဝရုန်းသုန်းကားတွေကြား လျှောက်လာခဲ့တယ်။ ခပ်တိုးတိုးလေး သူမ လှမ်းခေါ်လိုက်တယ်။
“ကောင်းကင်… နတ်ဘုရားလားဟင်”
ဝေါ
သူမ လှမ်းခေါ်ခေါ်ချင်း ဒေါသတကြီး အော်သံကို ကြားလိုက်ရတယ်။ သူမရှေ့မှာ ပုံရိပ်ကြီးတစ်ခု ပေါ်လာတယ်။ သွေးတွေပြည့်နေတဲ့ ပါးစပ်ကိုဟလိုက်တော့ သွေးညှီနံ့တွေ ကလေးမဆီ တလိပ်လိုက်တက်လာတော့တယ်။
“အား” ကလေးမ ကြောက်လန့်သွားတာ ခြေထောက်တွေပျော့ခွေပြီး မြေကြီးပေါ်လဲကျသွားတဲ့အထိပဲ။ သူမ ထွက်ပြေးဖို့တောင် မစဉ်းစားမိဘူး။
အဲတော့မှ သူမရှေ့က သားရဲကို သေချာမြင်ရတော့တယ်။ သားရဲက နဂိုကတောင်လောက်နီးပါး အရပ်ရှည်ပြီး အတော်လေး ရက်စက်ခက်ထန်ပုံပေါ်တယ်။ ကလေးမရဲ့ အရပ်ထပ်ရှည်တဲ့ ခပ်ချွန်ချွန်သွားတွေရှိပြီး သူမဆီ ခပ်မှန်မှန်လျှောက်လာတယ်။ ခြေတစ်လှမ်းတိုင်းမှာ မြေကြီးကပါ တုန်ခါသွားလေရဲ့။ ရုတ်တရက် ပါးစပ်ကြီးဟပြီး သူမဆီ ကိုက်ချလာတယ်။
ကလေးမ ဘာမှမစဉ်းစားနိုင်အောင် ကြောက်လန့်နေခဲ့တယ်။ သူမ သားရဲကို အထိတ်တလန့်စိုက်ကြည့်နေရင်း လုံးဝကို ကြောက်ရွံ့နေခဲ့တာ။ ဟင့်အင်း… ဒါက ကောင်းကင်နတ်ဘုရားမဟုတ်ဘူး
သူမ မျိုချခံရတော့မဲ့ဆဲဆဲ။ ရုတ်တရက် သားရဲကြီးက တစ်ခုခုပေါ် တက်နင်းမိသလိုမျိုး ကြောင်အသွားတယ်။ သူက ချော်လဲပြီး တွင်းကြီးထဲ ဝုန်းခနဲ ပြုတ်ကျသွားတော့တယ်။
အရှိန်က ဖုန်မှုန့်တွေကို နောက်တစ်ကြိမ် နေရာအနှံ့ လွင့်သွားစေပြန်ပြီ။
ဝေါ
သားရဲကြီးက ရုန်းကန်ဖို့တောင် အချိန်မရလိုက်။ နောက်ထပ်သဏ္ဍာန်ကြီးတစ်ခုက ပေါ်လာပြီး တွင်းထဲခုန်ချလေတယ်။ အသံအကျယ်ကြီးအော်ပြီး တခြားသားရဲကို လက်သည်းတွေနဲ့ တိုက်ခိုက်တော့တယ်။ တောင်ပံတဖြတ်ဖြတ်ခတ်သံတွေလည်းရှိနေပြီး နောက်ထပ်လေပြင်းတစ်ချက်ပေါ်လာတော့ ဖုန်မှုန့်တွေလေထဲလွင့်ကုန်ပြန်တယ်။ ဖုန်မှုန့်တွေရှင်းသွားချိန်မှာတော့ သားရဲနှစ်ကောင် အသည်းအသန်တိုက်ခိုက်နေတာကိုသေချာမြင်ရတော့တယ်။
သားရဲတစ်ကောင်က မီးတောက်တွေဖုံးနေတဲ့ ငှက်ကြီးတစ်ကောင်။ သူ့အောက်မှာက ကျားသစ်နက်ခေါင်း၊ မြွေမြီး၊ လင်းယုန်လက်သည်းတွေနဲ့ ခြေလေးချောင်းသားရဲ။ သူ့တစ်ကိုယ်လုံးက အကြေးခွံတွေဖုံးနေပြီး ပါးစပ်မှာ ချွန်မြတဲ့သွားတွေအပြည့်။ ကြည့်ရတာ ဒဏ်ရာရထားပုံ – သူ့ကိုယ်ပေါ်က အကြေးခွံတော်တော်များများ ခွာခံထားရတယ်။ လောလောဆယ် မီးငှက်အောက်မှာ မလှုပ်မယှက်လှဲနေလေရဲ့။
“ဟားဟားဟား ပြောင်ထင် မင်းကျင့်ကြံဆင့်က သနားစရာကောင်းနေတာတောင် ကိုယ့်ကိုယ်ကိုယ် အဇဋာဧကရာဇ်လို့ခေါ်ရဲတယ်ပေါ့၊ ငါတော့ ရယ်ချင်တယ်”
မီးငှက်က တခြားသားရဲကို ဆက်ပြီးလှောင်နေတယ်။
“မင်းရဲ့ အဇဝဋာသင်ကြားရေးဂူဆီပြန်သွားတာ ပိုကောင်းမယ်၊ မင်းကိုယ်မင်းအရှက်ရအောင်မလုပ်နဲ့တော့၊ ချင်းဇယ်တိုက်ကို ငါ့ဆီပြန်ပေး”
“ဝူဟုန်” တခြားသားရဲက ရှိသမျှအားနဲ့ရုန်းပေမဲ့ မီးငှက်ရဲ့လက်သည်းတွေအောက်ကနေ မလွတ်သေးဘူး။ သူကဆက်ပြီးပဲ အော်ဟစ်နေရှာတယ်။
“မင်းက ငှက်ပုတ်တစ်ကောင်ဆိုတာ အသိသာကြီးပဲ၊ ငါ ဒီနေ့ မင်းလက်အောက်ရောက်နေရတာက ငါ့ရဲ့ မသိလစ်ဟင်းမှုကြောင့်ပဲရှိတယ်၊ ပြတ်ပြတ်သာလုပ်လိုက်၊ မင်း ငါ့ကို သတ်ချင်ရင် အခုသတ်”
“ဟမ့်” မီးငှက်က တခြားသားရဲကို တောင်ပံတစ်ဖက်နဲ့ ရိုက်ပြီး ဆက်မတိုက်တော့ဘူး။ အဲအစားနောက်ပြန်ဆုတ်ပြီး ငှက်ပတ်လည်မှာ အမတအလင်းရောင်တွေ ဖျတ်ခနဲလင်းလာတယ်။ သားရဲကြီးကို စိုက်ကြည့်နေတဲ့ ဝတ်ရုံစိမ်းနဲ့လူအဖြစ် အသွင်ပြောင်းသွားလေရဲ့။
“မင်းရဲ့ သားရဲမျိုးနွယ်လို ငါက တုံးအတယ်များထင်နေလား၊ ပြော ငါ့မှာမင်းနဲ့ ဘာရန်ငြိုးမှမရှိတာကို ဘာကြောင့် ငါ့ ဇာမဏီနန်းတော်ကို ဖျက်ဆီးရတာလဲ”
“ဖွီ မင်းကိုယ်မင်း ကောင်းကင်ဧကရာဇ်လို့ခေါ်တယ်ပေါ့၊ မင်းသာ အရှက်မရှိ ငါ့မီးတောက်ခြောက်ပွင့်ပုလဲကို မခိုးသွားရင် မင်းရဲ့ ရွတ်တွနေတဲ့ နေရာကို ငါစိတ်ထဲထည့်မနေဘူး” ပြောင်ထင်က အံကြိတ်တယ်။
“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ မင်းအသိုက်ကိုဖျက်ဆီးတာ ငါညှာပေးထားတာ”
“ဘယ်သူက မင်းရဲ့ မီးတောက်ခြောက်ပွင့်ပုလဲကို ခိုးလို့လဲ” ဝူဟုန့်အမူအရာက မာကြောသွားတယ်။
“မင်းရဲ့ အသုံးမကျတဲ့ပုလဲကို ဂရုမစိုက်ဘူး”
“ငြင်းဖို့ မကြိုးစားနဲ့” ပြောင်ထင် ပိုစိတ်တိုလာတယ်။
“မင်းရဲ့ ငှက်မျိုးနွယ်က အရောင်တလက်လက်ပစ္စည်းတွေစုရတာကြိုက်တယ်လေ၊ မင်းရဲ့စုတ်ပြတ်နေတဲ့အသိုက်မှာ ပုလဲမရှားဘူး၊ ပြီးတော့ အဇဋာဧကရာဇ်ဆယ်ယောက်ကြားမှာ မင်းတစ်ယောက်တည်း မီးဝိညာဉ်ကြောလေ၊ မင်းမခိုးလို့ ဘယ်သူခိုးမှာလဲ၊ မင်းလုပ်ရဲပြီး ဝန်မခံရဲဘူးပေါ့၊ တကယ်လို့ မင်း ငါ့ကိုအခုမသတ်ရင် ငါ သေချာပေါက် မကြာခင်မင်းနဲ့ စာရင်းရှင်းမယ်”
“မယုံရင်လည်းနေ၊ ငါသိတာတော့ ငါမင်းပုလဲကို မယူဘူးဆိုတာပဲ” ဝူဟုန်လည်း သိသိသာသာ စိတ်တိုသွားပုံ။
“စိတ်တိုင်းကျသာလုပ်၊ မင်းလက်ထဲရောက်နေပြီပဲ၊ ငါကြောက်မယ်မယ်များထင်နေလား”
သူစကားပြောပြီးတဲ့နောက် ကျားသစ်နက်မျက်နှာပေါ်က နှုတ်ခမ်းမွှေးတစ်ခုကို ဆွဲနှုတ်လိုက်တယ်။
“မင်း” ပြောင်ထင် ခု ဒေါသတလိပ်လိပ်တက်နေပေမဲ့ ဒဏ်ရာတွေကြောင့် ဘာမှမလုပ်နိုင်ဘူး။ သူ ဝတ်ရုံစိမ်းလူဆီ တစ်ရှိန်ထိုးသွားရန်မဖြစ်ဘဲ ဝတ်ရုံနက်လူအဖြစ် အသွင်ပြောင်းပြီး ဝတ်ရုံစိမ်းနဲ့လူကို ဒေါသတကြီး ကြည့်တော့တယ်။
“ငါမင်းကိုမနိုင်ဘူးမထင်နဲ့၊ ဒီနေ့ တစ်ယောက်ဝင်ရှုပ်ပြီး ငါ့ကိုနှောင့်ယှက်တာကြောင့်သာ မဟုတ်ရင် ငါ…”
တစ်ခုခုသတိရသွားတဲ့ပုံနဲ့ မြေကြီးပေါ်ထိုင်နေတဲ့ ကလေးမကိုလှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ပြူးကျယ်နေပြီး ဒေါသနဲ့သတ်ဖြတ်တော့မဲ့ပုံမျိုးဖြစ်နေတယ်။
“ဒီစုတ်ချာချာသေမျိုးကို အပြစ်တင်ရမယ်”
ကလေးမကတုန်ရီသွားပြီး ထွက်ပြေးဖို့ သတိရသွားခဲ့တယ်။ သူမ ယိုင်တိုင်တိုင်ထရပ်ပေမဲ့ နောက်ကျလွန်းသွားပြီ။ ပြောင်ထင်က မသေမျိုးချီတစ်သိုက်ကို သူမဆီ ပစ်လွှတ်လိုင်တယ်။ နောက်တော့ လက်သီးဆုပ်လိုက်တာနဲ့ ကလေးမက လေထဲ လွင့်ပါသွားတယ်။ သူမကိုယ်ကို သူမ မထိန်းချုပ်နိုင်တော့ဘဲ သူ့လက်ထဲ ရောက်သွားတော့တာပေါ့။
ပြောင်ထင်က သူမလည်ပင်းကိုခပ်တင်းတင်းညှပ်တော့တယ်။
ကလေမးက ရှိသမျှအားနဲ့ရုန်းပေမဲ့ တစ်ဖက်လူရဲ့ အင်္ကျီလက်ကိုတောင် မထိနိုင်ဘူး။ သာမန်သေမျိုးတစ်ယောက်က ဘယ်လိုလုပ် အထက်ဘုံက လူကို နာကျင်အောင် လုပ်နိုင်မှာလဲ။ ပြီးတော့ သူမက ကလေးတစ်ယောက်။ ရင်ထဲသွေးပျက်မှုတွေမြင့်တက်လာပြီး မျက်ရည်တွေကျလာတော့တယ်။ ရှိသမျှအားသုံးပြီး သူမလှမ်းခေါ်လိုက်တယ်။
“ကောင်းကင်… ကောင်းကင်နတ်ဘုရား၊ ကာကွာ်ပေးပါ… သမီးကို…”
“ကောင်းကင်နတ်ဘုရားလား” သူမခေါ်ပုံကို ကြားတော့ ပြောင်ထင်က ဟာသမမြောက်စွာ ရယ်တော့တယ်။
“ငါက မင်းပြောနေတဲ့ ကောင်းကင်နတ်ဘုရားပဲ”
ကလေးမက သူ့ကို အူကြောင်ကြောင်စိုက်ကြည့်နေတယ်။ သူမ အသက်ရှူကြပ်နေပေမဲ့ မျက်လုံးတွေပြူးသွားပြီး ရုတ်တရက် အားတွေထွက်လာတော့တယ်။ အသည်းအသန်ကန်ပြီး သူမပြောလိုက်တယ်။
“ဟင့်အင်း… မဟုတ်ဘူး ရှင်မဟုတ်ဘူး” လူလိမ် သူမရဲ့ ကောင်းကင်နတ်ဘုရားက အဲလိုမဟုတ်ဘူး မဖြစ်နိုင်ဘူး
“ဟမ့် ပုရွက်ဆိတ်လေးတစ်ကောင်ပါပဲ” ပြောင်ထင်က သူမရုန်းကန်နေတာကို လျစ်လျူရှုပြီး ပိုညှစ်တော့တယ်။ လည်ပင်းညှစ်သတ်ဖို့ အသင့်ဖြစ်နေတာပဲ။
“ခဏ” မီးငှက် ဝူဟုန်က သူ့လက်ကိုဆွဲဖမ်းလာတယ်။
“ဘာလဲ ရန်ဖြစ်ချင်သေးလို့လား” ပြောင်ထင်က သူ့ကို ဘဝင်မကျမှုနဲ့ကြည့်ပြီး လှောင်တော့တယ်။
“မင်းက အကူအညီလိုတဲ့သေမျိုးတွေကို ကူညီပေးမဲ့ ကောင်းကင်နတ်ဘုရားဖြစ်လာဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ မမေ့နဲ့ မင်းမသေမျိုးတက်လှမ်းလာတာကြာပြီဆိုပေမဲ့ မိစ္ဆာတစ်ယောက်ဖြစ်နေတုန်းပဲ”
ဘယ်မိစ္ဆာကလူကယ်ချင်မှာလဲ။
“ဒီကလေးက…” ယွီဟုန်က သူ့ကိုလျစ်လျူရှုထားတယ်။ လက်ထဲက ကလေးကို အသည်းအသန်ကြည့်ပြီး တစ်ခုခုသိသွားသလိုမျိုး မျက်လုံးမှေးလိုက်လေတယ်။
ပြောင်ထင်လည်း တစ်ခုခုပုံမှန်မဟုတ်တာ တွေ့သွားတယ်။ သူ လက်လွှတ်လိုက်တော့ ကလေးကဖင်ထိုင်လျက်သား ပြုတ်ကျသွားလေရဲ့။ သူမက ချောင်းဆိုးပြီး မေ့လဲတော့မဲ့ဟန် ပျို့တက်နေတယ်။
ပြောင်ထင်ကတော့ ဂရုမစိုက်။ သူ မသေမျိုးချီတစ်စကိုထုတ်ပြီး ကလေးနဖူးကို ထိလိုက်တယ်။ မသေမျိုးချီက သူမကိုယ်ထဲဝင်သွားတော့ နာကျင်မှုကြောင့် အော်ဟစ်ကာလူးလွန့်နေတော့တယ်။
“ဒါသန့်စင်တဲ့ယင်ခန္ဓာကိုယ်ပဲ” ပြောင်ထင် ထိတ်လန့်သွားတယ်။ သူက ခပ်ဖွဖွရယ်လိုက်တယ်။
“သွေဖည်မီးလျှံတွေကို သန့်စင်ဖို့ အကောင်းဆုံးတည်ဆောက်မှုပဲ” သူက ဝူဟုန့်ကို အထိတ်လယတလန့်ကြည့်လာတယ်။
“မင်းသူ့ကိုလိုချင်နေတာတော့ မဟုတ်ပါဘူးနော်”
“ဘာလို့လဲ၊ အခုဘာဖြစ်နေလဲနားလည်သွားတော့ မင်း သူ့ကိုငါ့ဆီကလုယူဖို့ စဉ်းစားနေတာလား”
ဝူဟုန်က နှာမှုတ်တယ်။
ပြောင်ထင် နှုတ်ခမ်းစေ့ပြီး အမုန်းတရားတို့က သူ့မျက်နှာမှာအထင်းသား။ အံကြိတ်ပြီး မြေကြီးပေါ်က ကလေးမကို စိန်းစိန်းဝါးဝါးပဲကြည့်နေရတယ်။
ဝူဟုန်က
ဝူဟုန် သူ့ရန်သူရှေ့မှာတင် ကလေးမကို ကောက်ယူလိုက်တယ်။ ဒီသေမျိုးလေးက အနတအရိုးတွေမရှိတော့ သွေဖည်မီးလျှံကို အက်ြမ်ရေတချို့ပဲတောင့်ခံနိုင်မှာဆိုပေမဲ့ ရှားပါးမျိုးစိတ်ဖြစ်နေတုန်းပဲ။ နှမျောစရာ။ သူ ခေါင်းမော့ပြီး လျင်မြန်စွာပိတ်နေပြီဖြစ်တဲ့ ဘုံတံခါးကို ကြည့်လိုက်တယ်။
“ပြောင်ထင် ငါမင်းကို ဒီတစ်ကြိမ် လွှတ်ပေးလိုက်မယ်၊ နောက်တစ်ကြိမ် မင်းဆင်းလာပြီး ငါ့ဇာမဏီနန်းတော်မှာ ပြဿနာလာရှာရင် ငါမင်းကိုမညှာတဲ့အပေါ်အပြစ်မတင်နဲ့”
သူက စကားပြောပြီးတာနဲ့ ဘုံတံခါးဆီပျံတက်လာခဲ့တယ်။ ပြောင်ထင် ဒေါသကြောင့် အံကြိတ်ထားပေမဲ့ ဒေါသမျိုသိပ်ရုံကလွဲ ရွေးစရာမရှိတော့ဘူး။ သူ အသက်ဝဝရှူပြီး နောက်ကလိုက်သွားလိုက်တယ်။
ကလေးမက ဆွဲချီခံရပြီးတဲ့နောက် သွေးပျက်နေတော့တယ်။ မျက်ရည်တွေထိန်းချုပ်မရ စီးကျလာပြီး အားကုန်ထုတ်ရုန်းတော့တယ်။
“ဟင့်အင်း၊ သမီးကိုလွှတ်ပေး… ကူညီပေးပါဦး၊ ကောင်းကင်နတ်ဘုရား… သမီးမှာ ကောင်းကင်နတ်ဘုရားအကာအကွယ်ရှိတယ်… ကောင်းကင်နတ်ဘုရားရှိတယ်… ကြားရလားဟင်”
“တိတ်တိတ်နေ” ဝူဟုန်က စိတ်တိုပြီး မျက်မှောင်ကြုတ်တော့တယ်။
“ငါခိုင်းတဲ့အတိုင်းလုပ်ရင် ရက်နည်းနည်း အသက်ရှင်ရမယ်၊ ငါက ကောင်းကင်နတ်ဘုရားပဲ၊ ဝူဟုန်ဆိုတဲ့ငါ ဒီသုံးလောကမှာ လိုချင်တာရှိရင်ရမှာပဲ၊ တခြားသူတွေလာကယ်မှာကို မမျှော်နဲ့
“တကယ်လား” သူ စကားပြောပြီးပြီးချင်း သူ့ဘေးမှာတင် ကြွစောင်းစောင်းအသံတစ်သံ ကြားလိုက်ရတော့တယ်။
“…” ဘာကြောင့်မှန်းမသိ သူ တုန်ယင်မိသွားပါရဲ့။
…