အခန်း ၁၃၉ ။ စစ်ပွဲကြီးတစ်ခုနိုးလာခြင်း
ကျောက်တောင်တွေကြားမှာ မီးတောက်တွေ ရုတ်ခြည်းတက်လာပြီး ကောင်းကင်ကို ဟပ်သွားခဲ့တယ်။ မြေကြီးက အသည်းအသန်တုန်ခါလာပြီး ကူယွဲ့ ချက်ချင်းပဲ မြေကြီးပေါ် အိပ်နေတဲ့ တစ်စုံတစ်ယောက်ပေါ် အလိုလို ဖောက်ထွင်းမြင်ရတဲ့ သီးခြားအင်းကွက်တစ်ခု ဖွဲ့တည်လိုက်တယ်။
နောက်တစ်ခဏမှာတင် ဝိညာဉ်ကျောက်တုံးတွေက တောင်တွေပေါ်က လိမ့်ဆင်းလာပြီး ပတ်လည်မှာ အက်ကွဲသံတွေ ပေါ်လာလေရဲ့။ ခပ်ကြီးကြီးတစ်စုံတစ်ရာက မြေကြီးထဲကနေ အပြင်ကို ဖောက်ထွက်လာပြီး မီးတောင်လိုမျိုး လောင်ကျွမ်းနေတဲ့မီးလျှံတွေနဲ့ ဖုံးလွှမ်းနေတယ်။ ကောင်းကင်တစ်ခုလုံး မီးခိုးတွေ ဖုံးနေပုံပဲ။ အဲအရာက ပါးစပ်ဟလိုက်ပြီး သူတို့နောက်တစ်ကြိမ် ကောင်းကင်နဲ့ မြေကြီးကိုပါ လှုပ်ခတ်သွားစေမဲ့ပုံပေါ်တဲ့ ဟိန်းဟောက်သံကြီး ကြားလိုက်ရတယ်။
ကူယွဲ့နဲ့ယိချင်း အင်းကွက်ထဲကလူကို အလိုလိုလှမ်းကြည့်ပြီး စိတ်အေးဟန် သက်ပြင်းချလိုက်တယ်။ ကံကောင်းလို့ သီးခြားအင်းကွက် အမြန်ချမိလိုက်တာ။ ဆူညံသံက အစီအရင်ကိုဖြတ်မသွားဘဲ သူ အိပ်နေသေးတယ်
“ဒါ ဘယ်လိုသားရဲပါလိမ့်”
ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ အဲလိုသားရဲမျိုး တစ်ခါမှမမြင်ဖူးဘူး။ ကြီးလွန်းလို့ အသွင်လက္ခဏာကိုတောင် သေချာခွဲမရဘူး။ သူ့ကိုယ်ကိုဖုံးလွှမ်းထားတဲ့ မီးတောက်တွေကလည်း ပိုပြီး အခက်တွေ့စေတယ်။ သာမန်မီးတောက်မဟုတ်တာ အသိသာကြီးပဲ။ သားရဲပေါ်ပေါ်လာချင်း ဘေးကအရာအားလုံး ပြာဖြစ်ကုန်တယ်။ သူတို့အမတကိုယ်ခန္ဓာတွေတောင် ဒီလောက်အဝေးကြီးကနေ ပူစပ်စပ်ဖြစ်သေး။
“ဟင့်အင်း၊ ဒါသားရဲမဟုတ်ဘူး” ကူယွဲ့ အသံတိုးပြီး ဇဝေဇဝါပိုဖြစ်လာတယ်။ သူ ကောင်းကင်တစ်ဝက်ကို မီးမြှိုက်ထားပြီဖြစ်တဲ့ အရာကြီးဆီ လက်ညိုးထိုးလိုက်တယ်။
“မြန်မြန် မီးထဲကြည့်လိုက်ကြ”
ယိချင်း ကောင်းကင်စိတ်အာရုံကိုသုံးပြီး မီးထဲအာရုံစိုက်လိုက်တယ်။ သွေဖည်မီးလျှံတွေ အထပ်ထပ်ဖုံးအုပ်နေပုံက သံချပ်ကာလိုပဲ။ မီးထဲမှာ ဘော်ကြယ်လိုမျိုး အဆောင်တချို့လည်း တလက်လက် တောက်ပနေတယ်။
“ဒါ…” ဝိညာဉ်သားရဲလို့ခေါ်တာထက် လက်နက်လို့ပြောတာ ပိုနီးစပ်ဦးမယ် ဒါပေမဲ့ သူတို့ကြားတဲ့အသံက တကယ်ပဲသားရဲကနေ လာသလိုမျိုးပဲ။ ဟိုဟာဆိုရင်တော့…။
ယိချင်းက ရုတ်တရက် ဘာဖြစ်နေလဲ သဘောပေါက်သွားပြီး အော်လိုက်တယ်။
“ဒါလက်နက်ဝိညာဉ်ပဲ”
လက်နက်က အသိစိတ် ရှိနေပြီ လောကကြီးထဲက သက်ရှိသတ္တဝါအားလုံး အသိစိတ်ရှိဖို့ဆိုတာတင် ခက်နေပြီ – ဒါပေမဲ့ ဒီလက်နက်ကတော့ သက်မဲ့အရာဆိုတာ အသိသာကြီး။ အသိစိတ်ရနေပြီဆိုတာ ယုံရခက်ခက် ဒါက သာမန်လက်နက်မဟုတ်ဘူးဆိုတာကို သက်သေပြနေတယ်။ ဖြစ်နိုင်တာက နတ်လက်နက်လိုတစ်ခုခုပဲ။
“ငါတို့ ဘာလို့ ဒါကို အစောကြီးတွေ့ရတာလဲ၊ ဒါက အနန္တဓားသေတ္တာပဲ” ရွှင်ရှူးလက်မြှောက်ပြီး တောက်လောင်နေတဲ့မီးတောက်ကနေ အုပ်စုကိုကာကွယ်ဖို့ အကာအကွယ်အစီအရင်ဖော်လိုက်တယ်။ နောက်တော့ သူ ဆက်ပြောလိုက်တယ်။
“ဒါက ဒီမြေကိုကာကွယ်တဲ့ လက်နက်ဝိညာဥ်ပဲ၊ သူ့ကိုယ်ခန္ဓာကိုယ်တိုင်က ကောင်းကင်လက်နက်လေ၊ ဒီမီးကို နဝမအမှောင်ဇောမီးတောက်လို့ သိကြတယ်၊ အမတတွေ မပြောနဲ့ ကောင်းကင်မျိုးနွယ်တွေတောင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ဘူး၊ သာမန်ရေအမတသိုင်းတွေက သူနဲ့ဆို အသုံးမဝင်ဘူး၊ ငါတို့လုပ်နိုင်တာ အကောင်းဆုံးတိုက်ခိုက်ဖို့ပဲ၊ အထဲမှာဆို…”
သူ စကားမဆုံးခင် သတ္တုချင်းထိခတ်သံတွေက လေထဲပြည့်သွားခဲ့တယ်။ မီးတောက်တွေလွှမ်းခြုံနေတဲ့ ဧရာမလက်နက်ကြီးကနေ အမတဓားသောင်းချီထွက်လာတယ်။ ဓားတစ်ချောင်းချင်းစီက ပြင်းထန်တဲ့ဓားချီတွေ သယ်ဆောင်နေတယ်။ နောက်တော့ ဓားအားလုံးက အုပ်စုလေးဆီ ဦးတည်ပြီး ပျံသန်းလာတော့တယ်။ စက္ကန့်ပိုင်းအတွင်း ကောင်းကင်က ဓားတွေဖုံးလွှမ်းသွားပြီ။
ဓားသန်းချီအင်းကွက် ပြီးတော့ မသေမျိုးချီတွေလည်း အများကြီးပါနေတယ် အဲဓားတစ်ချောင်းစီက အစစ်တွေ
ယိချင်းမျက်နှာ ပျက်ယွင်းပြီး ချက်ချင်း သူ့ကိုယ်ထဲက မသေမျိုးချီတွေအားလုံးကို အသက်သွင်းလိုက်တယ်။ သူ တစ်ဖက်လှည့်ပြီး ကူယွဲ့ကိုညွှန်ကြားလိုက်တယ်။
“ဆရာ့ကိုစောင့်ကြည့်ထားပါ” နောက်တော့ လေထဲပျံတက်ပြီး သူ့ဓားချီနဲ့ နဂါးတစ်ကောင်ဖန်တီးကာ ဓားတွေဆီ ဦးတည်စေတော့တယ်။
“သိပြီ” ကူယွဲ့ နှုတ်ခမ်းထောင့်ဖျားတွေ တွန့်သွားပြီး နောက်ဆုတ်လိုက်တယ်။ ယိချင်းရဲ့ နဂါးဆီကနေ လွတ်လာတဲ့ ဓားတွေကို အစီအရင်တွေနဲ့ ဓားကိုသုံးပြီး ဓားတွေကို လမ်းလွှဲပစ်နေရတယ်။ ရှန်းရင်ကိုထည့်ထားတဲ့ သီးခြားအင်းကွက်ကို တစ်ခုလေးမှတောင်ထိခွင့်မပေးဘူး။
“ခဏ၊ မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ” ရွှင်ရှူး သူတို့နှစ်ယောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တယ်။
“ငါတို့ အခု ဘယ်အဆင့် ရောက်နေတာလဲ၊ ဒါတောင် သူ့ကိုမနှိုးမိအောင် ကြိုးစားနေသေးတယ် ဒါက ကောင်းကင်လက်နက်ဝိညာဉ်နော်၊ မင်းတို့အပြင်မှာ လွယ်လင့်တကူတွေ့နိုင်တဲ့ သာမန်ဓားချီမဟုတ်ဘူး၊ မင်းတို့ ဒါကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး” ကောင်းကင်လက်နက်တွေက ကိုယ်တိုင်တောင် ကြောက်ဖို့ကောင်းတဲ့လက်နက်တွေ။ ပြီးတော့ ဒီကောင်းကင်လက်နက်က အသိစိတ်ပါရှိနေတာ။ နတ်ဒေဝါဧကရာဇ်ဆယ်ယောက်လာကယ်ရင်တောင် သူတို့အသက်မရှင်လောက်ဘူး။
“ငါတို့ မြန်မြန် ရှန်းရင်ကို နှိုးသင့်တယ် နိုင်ရင်နိုင်လောက်-”
သူပြောရင်း တစ်ဖက်လှည့်ပြီး သီးသန့်ဖယ်အင်းကွက်ဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။
“ဟင့်အင်း” ကူယွဲ့ ချက်ချင်းဖြူဖျော့သွားခဲ့တယ်။ ဓားတစ်ချက်ဝှေ့ယမ်းလိုက်တော့ ဝိညာဉ်ဓားတွေ ပေါ်လာတယ်။ သူတို့က ရွှင်ရှူးဆီ ပျံသန်းသွားပြီး ပြန်ဆွဲခေါ်လာတော့တယ်။ ကူယွဲ့ အရင်ကထက် ပိုတင်းကြပ်တဲ့လေသံနဲ့ ပြောလိုက်တယ်။
“ကျွန်တော့်ကိုယုံ၊ သူ့ကိုနှိုးမိတဲ့ အကျိုးဆက်က လက်နက်ဝိညာဉ်ကို ရင်ဆိုင်ရတာထက် အများကြီး ပိုကြောက်စရာကောင်းတယ်”
“…”
သောက်ကျိုးနည်း။
ရွှင်ရှူးက တန့်သွားတယ်။ သူ တစ်ခုခုပြောမလို့ရှိသေး မြေကြီးက အသည်းအသန် တုန်ခါလာတယ်။ အမတဓားတွေက မြေကြီးဆီကနေ ရုတ်တရက် ပျံထွက်လာပြီး သူတို့နောက်က သီးခြားအင်းကွက်ဆီ ဦးတည်တော့တယ်။
သွားပြီ
ကူယွဲ့က ရင်ထိတ်သွားတယ်။ သူ ဓားတွေကို လမ်းလွှဲဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားပြီ။ သူ အခုလုပ်နိုင်သမျှက မြေကြီးကထွက်လာတဲ့ အမတဓားတွေ သူ စောနကချထားခဲ့တဲ့ သီးခြားအင်းကွက်ကိုဖောက်ထွက်သွားပဲ ကြည့်နေရတယ်။
ဒါက အဆုံးမဟုတ်သေးဘူး။ လက်နက်ဝိညာဉ်ကြီးက ရုတ်တရက် မီးတောက်ကြီးမှုတ်ထုတ်လိုက်တော့ ယိချင်း နောက်ပြန်ဆုတ်ရတော့တယ်။ နောက်တော့ အဲဒါက ငုံ့လာပြီး ပါးစပ်ကို ဟ သူတို့ဆီ ကိုက်ချလေတယ်။
“ဆရာ” ယိချင်း ထိတ်လန့်တကြား အော်လိုက်မိတယ်။
သူ လက်နက်ဝိညာဉ်ကြီးက ရှန်းရင်အိပ်နေတဲ့ မြေအပိုင်းကို ဆွဲဖြဲပြီး ဟိန်းသံအကျယ်ကြီးနဲ့အတူ မျိုချတာကို မြင်လိုက်ရတယ်။ ရှန်းရင်လှဲနေခဲ့တဲ့နေရာမှာ ခြစ်ခြစ်တောက်ပူနေတဲ့ တွင်းကြီး ကျန်ခဲ့လေရဲ့။
ဝေါ
ဟိန်းသံကျယ်ကြီးက ညယံကိုနောက်တစ်ကြိမ် ဖြိုခွင်းသွားခဲ့တယ်။
ရွှင်ရှူး ။ ။ “…”
သူ စား… စားခံလိုက်ရတာလား
(⊙_⊙)
ယိချင်းနဲ့ ကူယွဲ့ အင်မတန်ဖြူဖျော့နေတယ်။ သူတို့ ကြောင်အပြီး မြေကြီးပေါ် မလှုပ်မယှက်ရပ်နေတယ်။
“ငါပြောတယ်လေ… သူ့ကိုနှိုးဖို့” ရွှင်ရှူးက သူတို့နှစ်ယောက်ကို သနားစွာကြည့်လိုက်တယ်။
“မဟုတ်ရင် သူ…”
“ပြေးတော့” ရွှင်ရှူး စကားတောင်မဆုံးခင် ကူယွဲ့က အော်တော့တယ်။ ချက်ချင်းပဲ ကူယွဲ့က လှည့်ထွက်ပြီး တစ်ရှိန်ထိုးပြေးထွက်သွားတယ်။
အဲအချိန်မှာတင် ယိချင်းကလည်း သူ့ဓားပျံပေါ်တက်ပြီး ထွက်ပြေးဖို့လုပ်တော့တယ်။ ရွှီခနဲအသံကျယ်ကြီးနဲ့အတူ သူက ပျောက်သွားခဲ့တယ်။
“…”
ဟမ်။
ဘာတွေဖြစ်နေတာလဲ။ သူတို့ အဖော် ခုလေးတင် သေသွားတာဝမ်းမနည်းဘူးလား။ ဘာကြောင့် ပြေးထွက်သွားတာလဲ။
ရွှင်ရှူး ဇတေဇဝါဖြစ်ပြီး မျက်နှာကရှုံ့မဲ့သွားတယ်။ သူ တုံ့ပြန်ဖို့အချိန်တောင် မရှိသေး သူ့ရှေ့က လက်နက်ဝိညာဉ်က အသည်းအသန်တုန်ခါတော့တယ်။ ပေါက်ကွဲသံတွေဆက်တိုက်ပေါ်လာပြီး မျှော်စင်တစ်ခုပြိုလဲသွားသလို ပသံကြီးပေါ်လာတယ်။ ကြီးမားလှတဲ့ ကောင်းကင်လက်နက်က မြေကြီးပေါ် အပိုင်းပိုင်းပြိုကျသွားတယ်။ ပတ်လည်က မြေကြီးတွေပေါ် ပျက်စီးနေတဲ့ သံတွေဖုံးနေပြီး လေထဲကအမတဓားတွေလည်း မြေကြီးပေါ်က ပျက်စီးနေတဲ့သံတွေပေါ် ကျသွားခဲ့တယ်။
မြေကြီးပေါ်က ကောင်းကင်လက်နက်က အလယ်တည့်တည့်ကပွင့်သွားပြီး ရွှေရောင်အလင်းတန်းတွေ ထွက်လာတယ်။ ရွှေရောင်အလင်းတန်းအလယ်မှာတော့ လူတစ်ယောက်က လမ်းလျှောက်လာတယ်။ ရွှေရောင်အလင်းနဲ့အတူ အဲလူရဲ့ဒေါသတကြီး အသံက လေထဲ ရောနေလေရဲ့။
“ဘာတွေဆူညံနေတာလဲ”
ရွှင်ရှူး အင်မတန်အားပြင်းတဲ့ တစ်စုံတစ်ရာက သူ့ဆီ ပျံသန်းလာတာကိုခံစားမိပြီး အသက်မနည်းရှူနေရတယ်။
သတ်ဖြတ်… သတ်ဖြတ်လိုတဲ့ ဆန္ဒက အရမ်းကိုပြင်းထန်နေတာ။
သူ့တစ်ကိုယ်လုံး အကြောက်တရားနဲ့ အကြောဆွဲနေပြီး ရေခဲတမျှအေးစက်နေတယ်။ ခေါင်းထဲမှာ ကျန်ရစ်တဲ့စာလုံးတစ်ခုက : သေမင်း
ရုတ်တရက် ယိချင်းနဲ့ကူယွဲ့ရဲ့ တုံ့ပြန်မှုက အဓိပ္ပာယ်ရှိလာတယ်။ သူ လိုက်သွားခဲ့ရမှာ။
“ပြေး” သူ့ကိုယ်ထဲက အမတခွန်အား အားလုံးကို အသက်သွင်းပြီး ဟိုနှစ်ယောက်ပျောက်သွားတဲ့ဘက် လိုက်ခဲ့တော့တယ်။ ဧကရာဇ်ငယ် တခြားနှစ်ယောက်လိုမျိုး အားကုန်ထုတ် ပြေးခဲ့ရတော့တာပေါ့။
သူ လွတ်နိုင်ပါစေလို့သာ ဆုတောင်းမိရုံ…။
မျက်စိရှေ့ အလင်းတန်းဖြူကြီး ပေါ်လာပြီး ရင်းနှီးနေတဲ့လူတစ်ယောက်က သူတို့သုံးယောက်ရှေ့ ပေါ်လာလေတယ်။
သုံးယောက်သား ။ ။ “…”
အဲဒါမြန်လွန်းတယ်
ရှန်းရင် တိတ်တဆိတ်နဲ့ သူတို့ရှေ့ မျက်နှာသေကြီး ရပ်နေတယ်။ သုံးယောက်သား ကျောစိမ့်ပြီး ရင်တထိတ်ထိတ်နဲ့။
ရှန်းရင်က မျက်လုံးမှေးပြီး ညာဘက်အစွန်ဆုံးမှာ ရပ်နေတဲ့လူကို စိုက်ကြည့်လိုက်တယ်။
ယိချင်းက တုန်ယင်နေတယ်။ သူက ဘယ်ကမှန်းမသိ အသားကင်တစ်တုံး ဆွဲထုတ်လာပြီး အော်တော့တယ်။
“ဆရာ ညစာ အဆာပြေစားချင်ပါသလား”
သူမက ရပ်သွားပြီး နောက်တော့ သူ့ဘေးကလူဘက် မျက်နှာမူလေတယ်…။
“ငါ့မှာ အဆာသွတ်မုန့်တွေရှိတယ်၊ မင်းစားချင်လား” ကူယွဲ့ ချက်ချင်း အဆာသွတ်မုန့် ပန်းကန်လုံး ထုတ်ပေးလိုက်တယ်။
တော်သေးတယ်၊ ညစာစာတုန်းက သူ့အတွက်သူ သိမ်းထားမိခဲ့လို့။
သူမက တစ်ကြိမ်ရပ်သွားပြန်ပြီး နောက်ဆုံးလူဘက် မျက်နှာလှည့်လိုက်တယ်…။
ရွှင်ရှူး ။ ။ “…” မေ-ိုး
“ခဏ မင်း ဘာလိုချင်လို့လဲ… ထပြီးသေချာကြည့်ပါဦး… ငါ ရွှင်ရှူးလေ… မလုပ်နဲ့… ကူညီကြပါဦး”
…