အခန်း ၁၃၈ ။ လက်ထဲရှိ တာဝန်
“ဒါအမတနယ်မြေရဲ့ မြေပုံပဲ၊ နတ်ဒေဝါဧကရာဇ်က ကျွန်တော်တို့မထွက်ခွာခင် ဒါပေးလိုက်တာ”
ယိချင်းက ပြောရင်း မြေပုံတစ်ခုထုတ်လိုက်တယ်။ အမှတ်အသားလုပ်ထားတဲ့ မြေနေရာတချို့ရှိတယ် – တချို့က တောရိုင်းတွေ၊ တချို့က ပင်လယ်၊ တချို့က ထူထဲတဲ့ မိုးသစ်တောတွေပေမဲ့ အများစုကတော့ ကန္တာရကြီးပဲ။
“ဒါက အမတနယ်မြေရဲ့အစိတ်အပိုင်းတစ်ခုစာပဲရှိသေးတယ်၊ နေရာတစ်ခုလုံး ဘယ်လောက်ကြီးလဲ ဘယ်သူမှမသိဘူး၊ မြေပုံပေါ်မတွေ့တဲ့နေရာတွေက ဘယ်သူမှအရင်ကမရောက်ဖူးတဲ့နေရာတွေ”
ကူယွဲ့ မြေပုံကိုသေချာကြည့်လိုက်တော့ မြေအစိတ်အပိုင်းတစ်ခုစီပေါ် စာရင်းတစ်ခု ရေးထားတာ တွေ့လိုက်တယ်။ စာရင်းထဲမှာ သူတို့အဲမှာတွေ့ရမဲ့ တိရစ္ဆာန် ဒါမှမဟုတ် ပစ္စည်းအမျိုးအစားတွေ ပါနေတယ်။
“ငါတို့ဘယ်လမ်းသွားရမလဲဆိုတာ ပြောလိုက်လား”
ယိချင်း ခေါင်းညိတ်ပြီး အလယ်ကို လက်ညှိုးထိုးပြလိုက်တယ်။
“သူက ဒီမြေပုံပေါ်က ဘယ်နေရာကိုမှ ဂရုမစိုက်ဖို့ ပြောလိုက်တယ်၊ အလယ်က ဒီလမ်းကြောင်းကိုပဲ လိုက်ပြီး အနောက်ဘက်ဆီ ဦးတည်တဲ့၊ ဘယ်သူမှ အရင်ကမရောက်ဖူးတဲ့နေရာတွေကို ဦးတည်ရမယ်တဲ့”
“ဘာလို့လဲ” ကူယွဲ့ တန့်သွားတယ်။ လူတွေအရင်ကရောက်ဖူးတဲ့နေရာမှာနေတာ ပိုဘေးမကင်းဘူးလား။
“ဟမ့် သေချာပေါက် သူ ကောင်းကင်အစီအရင်ခြောက်မျိုးဓားကို ရှာချင်လို့ပေါ့” ရွှင်ရှူးက နှာမှုတ်တယ်။
“ပြောရရင် အမတဘုံထဲက လူတိုင်း ဒီမြေပုံရဲ့ပုံတူရှိကြတယ်၊ မရေမတွက်နိုင်တဲ့ ဓားအမတတွေ ဒီနေရာတွေကို သွားဖူးပြီးပြီ၊ တကယ်လို့ ဓားသာရှိနေရင် သူတို့ဟိုအရင်တည်းက တွေ့ပြီးပြီပေါ့၊ သေချာပေါက် သူ မင်းကိုတခြားမှာရှာစေချင်တာ သဘာဝပဲ”
“ဒီနတ်ဒေဝါဧကရာဇ်က ဒီဓားကို အတော်လေးလိုချင်နေတာပဲ၊ ပြောမှ…” ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ရွှင်ရှူးကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“ခင်ဗျားကရော ဘာလို့ဒီရောက်နေတာလဲ”
ပြီးတော့ ခဏနေပြန်မဲ့ပုံလည်းမပေါ်ဘူး။
“ငါ… ငါ… ငါက ဘာလို့ဒီနေရာမှာ ရှိမနေနိုင်မှာလဲ” သွေးပျက်တဲ့ပုံစံ ရွှင်ရှူးမျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ သူက ချက်ချင်း သတိပြန်ထိန်းပြီး တရှူးရှူးတရှဲရှဲ ပြောတော့တယ်။
“ပြီးတော့ ငါ… ရှန်းရင်ကိုခွင့်လွှတ်ပေးပြီးပေမဲ့ မင်းကိုခွင့်မလွှတ်ရသေးဘူး၊ မင်း ငါ့ကို အမတဓားနဲ့ ဆောင်းဝိညာဉ်သစ်ပင်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်စရာရှင်းပြချက် မပေးသေးဘူး၊ ရှောင်လွှဲဖို့ မစဉ်းစားနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ငါ့အဖိုးတန်ဆောင်းဝိညာဉ်သစ်ပင်ကို ပြန်မစိုက်ပေးသရွေ့သုံးလလုံး မင်းတို့နောက်လိုက်နေမှာ”
သူက အဆာသွတ်မုန့်ဝါးနေတဲ့ ရှန်းရင်ကို အလိုလို လှမ်းကြည့်မိလိုက်သေးတယ်။
“ဒီမှာ” ကူယွဲ့က သူ့ပေါင်က မုန်လာဥဖြူကို ဆွဲဖြုတ်ပြီး ရွှင်ရှူးဆီ ထိုးပေးလိုက်တယ်။
“ဒီမုန်လာ အာ ဆိုလိုတာက ခင်ဗျား အပင်ဝိညာဉ်ကိုယူသွားပြီး သစ်ပင်ဘေးစိုက်ထားလို့ရတယ်လေ၊ တစ်ပင်တင်မကဘူး အနည်းဆုံး အပင်၁ရာလောက် စိုက်နိုင်မှာသေချာတယ်”
မုန်လာဥဖြူက အပင်ဝိညာဉ်အသွင်ယူထားတဲ့ ပုံစံသက်သက်ပဲ။ အပင်ဝိညာဉ်နား ပေါက်တဲ့ ဘယ်အပင်မဆို အောက်ဘုံပဲဖြစ်ဖြစ် အမတဘုံပဲဖြစ်ဖြစ် ကောင်းကောင်းကြီးထွားလာလိမ့်မယ်။
“ကျီကျီကျီ…” မုန်လာဥဖြူက ချက်ချင်း ရွှင်ရှူးလက်ထဲက ခုန်ထွက်ပြီး ရွံရှာတဲ့ပုံနဲ့ သစ်ရွက်တွေကို ခါတော့တယ်။
“ဖွီ” ဘယ်သူက ပြန်သွားပြီး ဒီရုပ်ဆိုးကောင် စိုက်တာခံချင်မှာလဲ။
“လုံးဝမဖြစ်ဘူး” ရွှင်ရှူးလည်း ကိစ္စတွေကို ပြင်ဖို့ ကူယွဲ့ရဲ့ ဒီစိတ်မပါတပါ ကြိုးစားမှုအပေါ် ထပ်တူထပ်မျှမကျေမနပ်ဖြစ်သွားခဲ့တယ်။ သူက သူ့ရှည်လျားပြီး စင်းလှတဲ့ဆံပင်ကို သပ်ပြီး ပြောတော့တယ်။
“ဒါက အစစ်ဟုတ်မဟုတ် ဘယ်သူသိမှာလဲ၊ ငါ့သစ်ပင်ပြန်စိုက်မရခင် မင်းတို့ တာဝန်ယူမှု ရှောင်ဖယ်တာကို မေ့ထားလိုက်တော့”သူက ရှန်းရင်ကို နောက်တစ်ချက် ကြည့်လိုက်ပြန်တယ်။ ပြီးတော့ အဲလူရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းနဲ့ဆို သူတို့တကယ်ပဲ…။
“နင်လည်း အဲဓားလိုချင်တာမလား” ရှန်းရင် ရုတ်တရက် မေးလိုက်တယ်။
ရွှင်ရှူး ကြောက်လန့်တကြား ထခုန်မိသွားတယ်။ သူ့မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတော့တာပေါ့။ သူ့မျက်နှာမှာ လူမိသွားလို့ မလုံမလဲဖြစ်နေတဲ့အမူအရာက အတိုင်းသား။
“ဘယ်သူ… ဘယ်သူ… ဘယ်သူက ကောင်းကင်အစီအရင်ခြောက်မျိုးဓားကို လိုချင်လို့လဲ၊ ငါ… ငါ အမတနယ်မြေထဲ မရောက်တာ အချိန်အတော်ကြာပြီမို့၊ ပျင်းတာနဲ့… မင်းတို့အားလုံးကို အဖော်လုပ်ပေးဖို့ စိတ်ထားကောင်းကောင်းနဲ့ သဘောတူပေးတာကို၊ မဟုတ်ရင် ဘာဖြစ်မှန်းတောင် မသိဘဲ မင်းတို့သေသွားလောက်ပြီ”
ရှန်းရင်က သူ့ကိုစက္ကန့်နည်းနည်းစိုက်ကြည့်နေတယ်။
“အိုး…” သူမက သူလိုချင်တာ ကောင်းကင်အစီအရင်ခြောက်မျိုးဓားလို့ အတိအကျမှမပြောခဲ့ဘဲ။
ရွှင်ရှူး ။ ။ “…”
“ကောင်းပြီလေ၊ ဗိုက်ပြည့်ရင် စထွက်ကြရအောင်” သူကဘယ်လိုပဲဖြစ်ဖြစ် မှားခဲ့တာဆိုတော့ ရည်ရွယ်ချက်ကို ရှိနေတဲ့လူတိုင်းသိတဲ့ ရွှင်ရှူးနဲ့ သိပ်ပြီး ဆက်စကားမများချင်တော့ဘူး။ သူ ထရပ်ပြီး ဝတ်ရုံကို ဖုန်ခါလိုက်တယ်။
“သွားကြရအောင်”
ရှန်းရင်နဲ့ ယိချင်း ထရပ်လိုက်တယ်။ ယိချင်းက သူ့အမတဓားကိုထုတ်ပြီး ကူယွဲ့ စောနကညွှန်ပြတဲ့ဘက် စတင်ပျံသန်းတော့တယ်။ သူတို့က နတ်ဒေဝါဧကရာဇ် ယိချင်းကိုသွားခိုင်းလိုက်တဲ့ အလယ်လမ်းကို မရွေးခဲ့ကြဘူး။
ရွှင်ရှူး သက်ပြင်းချပြီး နောက်ကလိုက်သွားခဲ့တယ်။ သူ နဂိုတုန်းက တွေးခဲ့တာက အမတနယ်မြေက ကျယ်တာမို့ သုံးရက်အတွင်းတော့ မြေပုံမှာ မရှိတဲ့နေရာတွေဆီ ရောက်မယ်ပေါ့။ ဘေးကင်းဖို့အတွက် သူတို့နေရာသစ်တွေဆီရောက်ရင် မတော်တဆဖြစ်မှာဆိုးလို့ တစ်ဖွဲ့လုံးအတွက် ကိုယ်တိုင် အကာအကွယ်အစီအရင် လုပ်ပေးခဲ့သေးတယ်။
ဒါပေမဲ့ ငါးရက်ကြာသွားပြီး… သူတို့က မြေပုံထဲကနေရာထဲမှာပဲရှိနေတုန်း။
ဆယ်ရက်ကြာသွားပြီး… သူတို့က မြေပုံထဲကနေရာထဲမှာပဲရှိနေတုန်း။
ဆယ့်ငါးရက်ကြာသွားပြီး… သူတို့က…။
တစ်လကုန်သွားတာတောင် သူတို့က မြေပုံထဲက နေရာတွေဆီမှာ လျှောက်ပတ်နေတုန်းပဲ။ ပိုဆိုးတာက သူတို့က ထပ်တလဲလဲ ရှေ့နောက်ခေါက်ပြန်သွားနေတာ။ ကျောက်တုံးတွေ၊ အပင်တွေရှိတဲ့ ထူးဆန်းတဲ့နေရာတွေဆီ တမင်သက်သက်သွားနေတာလို့ခံစားရတယ်။ သူတို့က ကျောက်တုံးအသစ်တစ်မျိုး တွေ့တာနဲ့ ဆင်းပြီး တစ်ခုပဲလုပ်တယ်။ တူး၊ တူးပြီး တူးနေတာ
သူတို့ ဒဿမအဆင့်လက်နက်ဖန်တီးဖို့အတွက် ကုန်ကြမ်းတွေတွေ့တော့ တူးတယ်၊ တူးပြီးရင်း တူးတယ်…။
သူတို့ အဠမအဆင့် လက်နက်ဖန်တီးဖို့အတွက် ကုန်ကြမ်းတွေတွေ့တော့ တူးတယ်၊ တူးပြီးရင်းတူးတယ်…။
သူတို့ အဋ္ဌမအဆင့်လက်နက်တွေ ဖန်တီးဖို့အတွက် ကုန်ကြမ်းတွေတွေ့တော့ တူးတယ်၊ တူးပြီးရင်းတူးတယ်…။
သူတို့ ဒုတိယအဆင့်လက်နက်တွေ ဖန်တီးဖို့ ကုန်ကြမ်းတွေတွေ့တော့ တူးတယ်၊ တူးပြီးရင်း တူးတယ်…။
သူ့မျက်စိရှေ့မှာတင် လူတစ်ယောက်အရပ်ရဲ့ ဘယ်နှစ်ဆမက ကျောက်တုံးတောင်ကြီးက ပြားချပ်နေတဲ့အထိ လျှော့ချခံလိုက်ရတယ်။ ပတ်ပတ်လည်က မြေဆီလွှာတွေတောင် တူးခံလိုက်ရတာပဲ။
“ကူယွဲ့၊ ခင်ဗျားမှာ နောက်ထပ် သိုလှောင်အိတ်ရှိလား၊ ပထမအဆင့် လသလင်းကျောက် ဒီမှာရှိတယ်”
ယိချင်းက သူ့ခြေထောက်က ကျောက်တုံးတစ်ခုကို လက်ညှိုးထိုးပြတယ်။
“ကျွန်တော့်သိုလှောင်အိတ်၁၅ခုလုံး ပြည့်နေပြီ”
မဖြုန်းတီးသင့်ဘူး။
“အင်း” ကူယွဲ့ သိုလှောင်အိတ်တစ်လုံးကို ယိချင်းဆီ ပစ်ပေးပြီး ညွှန်ကြားလိုက်တယ်။
“မြန်မြန်တူး၊ မင်းမှာ သိုလှောင်အိတ်မရှိတောပရင် ငါ့မှာအိတ်တွေပါလာသေးတယ်”
သူသေချာပြင်ဆင်လာခဲ့တာလေ။
“တော်လောက်ပြီ” ရွှင်ရှူး ဆက်သည်းမခံနိုင်တော့ဘူး။ သူ့အမတဂေါ်ပြားကို မြေကြီးပေါ် ဒေါသတကြီး ပစ်ချလိုက်တယ်။
“ဘယ်တော့မှ တူးကြတာရပ်တော့မှာလဲ”
ကောင်းကင်လက်နက်ကို ရှာဖို့ကျငြင်းပြီး ကျောက်တုံးတွေကိုပဲ တူးနေတယ် – ပြီးတော့ ငါ့ကိုတောင် ကူညီဖို့မျှော်လင့်နေကြတယ်ပေါ့
“လက်နက်တွေအတွက် ကုန်ကြမ်းပစ္စည်းတွေတူးဖို့ ရောက်လာတာလား၊ ဓားကိုရှာဖို့လား”
သုံးယောက်သား တန့်သွားတယ်။ ကူယွဲ့ရော ယိချင်းရော ဆက်မတူးကြတော့ဘူး။ အသီးဝါးနေတဲ့ ရှန်းရင်တောင် ရပ်ပြီး ရွှင်ရှူးကိုလှည့်ကြည့်လာတယ်။ သူတို့က တစ်ခဏစဉ်းစားနေပြီး တစ်ညီတည်း ဖြေလိုက်ကြတယ်။
“ကုန်ကြမ်းပစ္စည်းတွေ တူးဖို့ပေါ့”
ရွှင်ရှူး ။ ။ “…” မင်းတို့ တကယ်ဝန်ခံတယ်ပေါ့။ ဒီနေရာကို ဘာများမှတ်နေကြတာလဲ။
“ကျွန်တော်တို့ဝူတိဂိုဏ်းက လက်နက်အဆင့်အမျိုးမျိုးအတွက် အတော်လေး ချို့တဲ့နေတာ၊ ပြဿနာရှိလို့လား” ကူယွဲ့က စိန်ခေါ်လာတယ်။ သူတို့အစွမ်းအစနဲ့သူတို့ အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ကြိုးစားနေတာလေ – အဲဒါဘာမှားလို့လဲ။
“…” ရွှင်ရှူး ဆွံ့အသွားတယ်
ဟင့်အင်း သူ သူတို့ကိုထပ်ပြီး တူးဆွခွင့်ပြုလို့မဖြစ်တော့ဘူး။ မဟုတ်ရင် အမတနယ်မြေတစ်ခုလုံး မြေဆီလွှာတောင် ဆုံးရှုံးသွားလောက်တယ်။ သူက အသက်ပြင်းပြင်းရှူပြီး တစ်ယောက်ချင်းစီကို ကြည့်ကာ နောက်ဆုံးတော့စိတ်ပူပန်မှု လျော့သွားခဲ့တယ်။
“ဒီမှာတူးနေလို့ အကျိုးမရှိဘူး၊ ဓားအမတတွေပဲ အမတနယ်မြေထဲ ဝင်နိုင်တယ်ဆိုပေမဲ့ ဒီအပြင်ပိုင်းဒေသတွေမှာ ပစ္စည်းကောင်းရှိတာမဟုတ်ဘူး၊ မင်းတို့ရှာနေတဲ့ မထမအဆင့် ဒုတိယအဆင့် ကုန်ကြမ်းတွေက ဒီနယ်မြေအပြင်မှာလည်း အလွယ်လေးရှာတွေ့နိုင်တယ်၊ ဘာလို့ သူတို့ကိုစုဆောင်းဖို့ အများကြီးအားကုန်ခံမှာလဲ၊ အဆင့်မြင့်ကုန်ကြမ်းတွေအားလုံးက အထဲမှာ၊ အထဲမှာဆို ဒဿမအဆင့်မပြောနဲ့ ကောင်းကင်မီးကျောက်တုံးလိုမျိုး ရှားပါးကုန်ကြမ်းတွေတောင်ရှာတွေ့နိုင်တယ်”
“ဟင်း…” ကူယွဲ့ ဘေးဘီဝဲယာကြည့်ပြီး ရွှင်ရှူးပြောတာကို စဉ်းစားနေမိတယ်။ သူ တကယ်ပဲ နယ်မြေရဲ့ အပြင်ဘောင်နဲ့ နီးလာလေ တွေ့ရတဲ့ ကုန်ကြမ်းတွေက ပိုပြီးရိုးရှင်းလာလေဆိုတာ တကယ်ပဲလေ့လာမိတယ်။ သူက စီးပွားရေး ကြိုးပမ်းအားထုတ်မှုတွေအားလုံးမှာ တည်ငြိမ်မှုကို အမြဲအလေးပေးခဲ့တာ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိုလေ့ကျင့်ဖို့ရောက်လာတာပဲ။ သုံးယောက်သား အထဲဝင်ပြီး ကံစမ်းတာက စိတ်ကူးယဉ်အဆင့်တော့ မဟုတ်ပါဘူး။ ပြီးတော့ သူတို့ အပြင်ဘက်မှာ တူးတာဒီလောက်ကြာနေပြီ။ အနည်းနဲ့အများတော့ ကုန်ကြမ်းက လုံလောက်ပြီမို့ ဆက်ချီတက်ဖို့ အချိန်ပဲ။
“ကောင်းပြီလေ ဒီပထမအဆင့် ဒုတိယအဆင့်ကုန်ကြမ်းတွေကို အာရုံမစိုက်နဲ့တော့၊ ဆက်သွားကြရအောင်” သူ လက်တစ်ဖက်ယမ်းပြီး သူ့အဖော်သုံးယောက်နဲ့အတူ မြေပုံထဲမပါသေးတဲ့ ဒေသတွေဆီ ချီတက်ခဲ့တယ်။
ရွှင်ရှူး စိတ်ချမ်းသာပြီး သက်ပြင်းချလိုက်တယ်။ ကျောက်တစ်တုံးတောင် အလွတ်မပေးချင်တဲ့ ငွေမျက်နှာတွေကို တကယ်နားချနိုင်ခဲ့တာပဲ။ ဒီလောက်ကြာကြာတူးပြီးတဲ့နောက် ဒီနေရာက တကယ်တော့ ဘယ်လောက်အန္တရာယ်ကြီးလဲဆိုတာတောင် ရွှင်ရှူးမေ့နေပြီ။
အင်မတန်မြန်မြန်ပဲ သူ့မှာ နောက်ပြဿနာတစ်ခုရှိတာနားလည်သွားခဲ့တယ်။
“ဘာလို့ ဒီမှာရပ်လိုက်တာလဲ” သူ့ရှေ့က သူတို့တွေ နားဖို့လုပ်နေတာ သတိထားမိတော့ ရွှင်ရှူးမေးလိုက်တယ်။
“မှောင်နေပြီလေ” ယိချင်းက စောင်ကိုထုတ်ပြီး ရှန်းရင်ပေါ် အသာလေးခြုံပေးလိုက်တယ်။ သူက ချက်ကျလက်ကျပါပြောလိုက်သေး။
“ကျွန်တော်တို့အိပ်သင့်ပြီ”
“မင်းတို့က အမတတွေ မဟုတ်ဘူးလား” သူတို့ ဘာလို့နားဖို့လိုတာလဲ။
“ဘယ်အမတက အိပ်ဖို့လိုသေးတာလဲ”
“ရှန်းရင်ပေါ့” ကူယွဲ့က အိပ်မောကျနေပြီဖြစ်တဲ့ သူ့ဘေးကလူကို လက်ညှိုးထိုးပြလိုက်တယ်။
“ဒါပေမဲ့ တစ်ညလုံး အိပ်ဖို့မလိုဘူးလေ၊ ဘယ်လောက်ပဲပင်ပန်းပါစေ နာရီဝက်အိပ်တာက လုံလောက်သင့်တာပဲမလား” သူ အခြေအနေနဲ့ပတ်သက်ပြီး မပျော်တာ အသိသာကြီး။
“မမေ့ကြနဲ့၊ အမတနယ်မြေက သုံးလပဲပွင့်တာ၊ ဒီလိုမဖြစ်ဘူး၊ ငါတို့သူ့ကိုနှိုးရမယ်”
“ဟင့်အင်း” သူက ရှန်းရင်ကို နှိုးတော့မဲ့ဆဲဆဲ ကူယွဲ့နဲ့ယိချင်းက သူ့ဘေးတစ်ဖက်စီကို ပျံသန်းလာပြီး တားကြတော့တယ်။
ယိချင်း ။ ။ “ဆရာ့ကိုမနှိုးနဲ့”
ကူယွဲ့ ။ ။ “မသေချင်ဘူးဆိုရင်ပေါ့”
“…” ရွှင်ရှူးရင်ထိတ်သွားတယ်။
ဘာလဲဟ။
သူ နားလည်အောင်ကြိုးစားတုန်းရှိသေး သူတို့အောက်ကမြေကြီး တုန်ခါသွားတာကိုခံစားမိလိုက်တယ်။ မဝေးတဲ့တစ်နေရာဆီကနေ ဟိန်းဟောက်သံကြီးက အေးချမ်းတဲ့ညလေးကို ဖြိုခွင်းလာခဲ့တယ်။
ဝေါ
…