အခန်း ၁၃၇ ။ ကျိုးကြောင်းသင့်ကြရအောင်
“ဆရာ…”
“စားဖိုမှူး” ရှန်းရင်က ရေထဲ သစ်ပင်ကို ပစ်ထည့်ရင်း နှုတ်ဆက်လိုက်တယ်။ သူတို့နှစ်ယောက်ကို သူမနဲ့အတူဆွဲခေါ်ရင်း မြစ်ထဲခုန်ချတော့တယ်။
“လှေမြန်မြန်မောင်းတော့ သွားသွားသွား”
“ဆရာ ဘာဖြစ်တာလဲ”
“အု”
ရှန်းရင် ရှင်းမပြနိုင်ခင် မျောနေတဲ့ သစ်ပင်ပင်စည်ကြီးကိုဖက်ထားတဲ့ ကူယွဲ့ အန်တော့တယ်။ ပထမဆုံးအကြိမ်အနေနဲ့ လေယာဉ်မူး၊ ကားမူး၊ သင်္ဘောမူးတာအပြင် ပြေးပြီးမူးတာလည်းရှိသေးတာ သိလိုက်ရပြီ။ အဲငတုံးရှန်းရင်က ပြေးတာမြန်လွန်းတာကိုး။
“ရှင်းပြဖို့အချိန်မရှိဘူး၊ မြန်မြန်လှော်တော့” ရှန်းရင်က လောလိုက်တယ်။
ကြောင်နေပေမဲ့ ယိချင်း လေသိုင်းတစ်ခုထုတ်လိုက်တယ်။
ချက်ချင်းပဲ သုံးယောက်သား မြစ်လယ်ဆီ မျောလာကြတယ်။ သစ်ပင် ပင်စည်ထိပ်ဖျားမှာ ရပ်ရင်း သုံးယောက်သား နောက်ဆုံးတော့ မြစ်လယ်ဆီရောက်ခဲ့ပြီ။
ရုတ်တရက် မြစ်ကမ်းကနေ ဒေါသတကြီးအော်သံကို ကြားလိုက်ရတယ်။
ဝတ်ရုံပြာနဲ့လူတစ်ယောက်က ရုတ်တရက် ကမ်းခြေမှာပေါ်လာတယ်။ သူ့ကိုယ်မှာ လွှမ်းနေတဲ့ မသေမျိုးချီက ထူလွန်းလို့ ကောယိုးတောင် မှင်တက်သွားတယ်။ မျက်လုံးပြူးပြီး မယုံကြည်နိုင်တဲ့ အမူအရာနဲ့ မေးလိုက်တယ်။
“ဧကရာဇ်ငယ်ရွှင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
ရွှင်ရှူးက သူ့ရှန်းတုန်းအမတဘုံဗိမာန်ကနေ ထွက်တာ ရှားချက်ကိုး။
ဒါပေမဲ့ ရွှင်ရှူးက သူ့ကိုလျစ်လျူရှုနေတယ်။ အဲအစား မြစ်ကမ်းခြေက သစ်ရွက်ကြွေတစ်ခုကို ကောက်ယူပြီး သိုင်းကွက်တစ်ခု ထုတ်လိုက်တယ်။ ချက်ချင်းပဲ သစ်ရွက်လေးက ဧရာမသစ်ရွက်ကြီး ဖြစ်သွားပါလေရော။ ရွှင်ရှူး သစ်ရွက်ကို ရေထဲပစ်ချပြီး ခုန်တက်လိုက်တယ်။ နောက်တော့ သစ်ရွက်လှေကို လမ်းကြောင်းပေးပြီး ဝူတိဂိုဏ်းသားသုံးယောက်ဆီ ဦးတည်ရင်း ဒေါသတကြီး အော်ပြောတော့တယ်။
“မင်းတို့ဘယ်သွားလို့ရမယ်ထင်နေလဲ၊ ပြန်လာခဲ့စမ်း”
ကောယိုး ။ ။ “…” ဘာတွေဖြစ်နေတာလဲ။
“ဟိုလီရှစ်” ပြန်လှည့်ကြည့်ပြီး ကူယွဲ့ရဲ့စိမ်းဖန့်ဖန့်မျက်နှာက အကြောက်တရားနဲ့ ချက်ချင်း ဖြူဆုတ်သွားတော့တယ်။
“သူဘယ်လိုလုပ် အဲလောက်မြန်မြန်မှီလာတာလဲ၊ ရှန်းရင် မင်း သူ့ကိုမျက်ခြည်ဖြတ်နိုင်ပြီလို့ထင်နေတာ”
နောက်တော့ဗျာများနေတဲ့လေသံနဲ့ ယိချင်းကို လောတော့တယ်။
“စားဖိုမှူး၊ မြန်မြန်၊ လေလိုသွား မရပ်နဲ့”
“ဒါပေမဲ့ ငါ့ကိုမြန်မြန်မပြေးဖို့ နင်ပဲပြောနေတာလေ” ရှန်းရင်ခွန်းတုံ့ပြန်ပြီး မျက်ဆန်လှန်လိုက်တယ်။ မဟုတ်ရင် ရွှင်ရှူး သူတို့ကိုမှီမှာမဟုတ်ဘူး။
“သောက်ကျိုးနည်းပေါ့ မင်းက အဲဒါကို ပြေးတယ်ခေါ်တာလား၊ အဲဒါ နေရာရွှေ့ပြောင်းတာကြီး” ကူယွဲ့ အန်ချင်နေမိတယ်။ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်ရတယ်။
“ပြီးတော့ ဘာလို့ သစ်ပင်တစ်ပင်လုံး ဆွဲနုတ်ရတာတုံး”
“နင်က သစ်ပင် သစ်ပင် ဆိုပြီး ဆက်တိုက်ပြောနေတာကိုး… ဒါကြောင့် ငါနုတ်ဖို့ ပြန်သွားခဲ့တာ”
“ငါသစ်ပင်လို့ပြောလို့လား၊ သစ်ရွက်လို့ပြောတာဟ” နောက်ဆို မလှုပ်ရှားခင် သေချာလေးနားထောင်ပေးလို့ရမလား။
“…” နင်ပဲ တလွဲညွှန်ကြားချက်တွေပေးပြီး ခုကျ ငါ့အပြစ်တင်နေတယ်ပေါ့
“ကောင်းပြီ ထားလိုက်တော့၊ လှေလှော်ဖို့ ကူညီဦး” ရှန်းရင်ကို တစ်ချက်တွန်းပြီး ကူယွဲ့ တိုက်တွန်းလိုက်တယ်။
“မြန်မြန်၊ ငါတို့တွေ ယွီဖုန်းအမတမြို့ထဲရောက်တာနဲ့ ဘေးကင်းပြီ၊ ဓားအမတတွေပဲ အဲမြို့ထဲဝင်လို့ရတာ၊ သူ ငါတို့နောက်ဆက်လိုက်နိုင်မှာမဟုတ်ဘူး”
တစ်ချိန်တည်းမှာပဲ သူက လေသိုင်းတစ်ခုထုတ်လိုက်တယ်။ ချက်ချင်းပဲ လေပြင်းတွေ သူတို့ဆီ တိုက်ခတ်လာပြီး သစ်ပင်တစ်ပင်လုံးကို မြှားတစ်စင်းလို ဓားချီတွေဖုံးလွှမ်းနေတဲ့ တစ်ဖက်မြစ်ကမ်းဆီ ပစ်လွှတ်စေတော့တယ်။ သူတို့ ယွီဖုန်းအမတမြို့ဆီရောက်တာနဲ့ ဝင်သွားပြီးရင် ဘေးကင်းတော့မယ်…။
ငါးမိနစ်အကြာမှာတော့ သူတို့ယွီဖုန်းမြို့ဆီ ရောက်လာခဲ့ပြီ။
သုံးယောက်သား သူတို့ရှေ့ရပ်နေတဲ့ လူကို ကြည်ြနေမိတယ်။ အညစ်အကြေးတွေ ပေကျံနေတဲ့ ဝတ်ရုံပြာကို ဝတ်ထားရင်း သူ့တစ်ကိုယ်လုံးက သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ထုတ်လွှင့်နေလေတယ်။
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ပကတိတိတ်ဆိတ်မှုပဲ ကြီးစိုးနေလေတယ်။
“ဟီး… ဟီးဟီး… ဟီးဟီးဟီး”
(╯‵□′)╯(┻━┻
ငါ့ကိုနောက်နေတာပဲဖြစ်ရမယ်
ရွှင်ရှူးလည်း ဓားအမတဆိုတာ ဘယ်သူမှ သူ့ကိုဘာလို့ မပြောပြခဲ့တာလဲ။
“ပြေး ဆက်သာပြေး” ရွှင်ရှူးရဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာက ဒေါသနဲ့ပြည့်နေတယ်။ သူတို့ကို ဒေါသတကြီးစိုက်ကြည့်ပြီး နှာမှုတ်တော့တယ်။
“ဟမ့် မင်းတို့လို အရှက်မရှိတဲ့လူတွေ တစ်ခါမှ မတွေ့ဖူးဘူး”
သူတို့က သူ့မှာရှိတဲ့ထိပ်တန်းအရည်အသွေး အမတဓားကို ဖျက်ဆီးရုံတင်မကဘူး သူ့ဆောင်းဝိညာဉ်သစ်ပင်ကိုပါ ဆွဲနုတ်ရဲတယ်။ သူတို့တစ်ယောက်ချင်းစီကို အရေခွံမခွာရသရွေ့ ဘယ်တော့မှ မနားဘူး
“ဟဲဟဲဟဲ… ရွှင်… ဧကရာဇ်ငယ်၊ ကျွန်တော် ခုလေးတင် ပြောနေချင်နေတာ… ကျွန်တော်တို့ အသင့်သစ်ပင်ကိုဆွဲထုတ်ဖို့ဆန္ဒမရှိခဲ့ဘူးလို့ပြောရင် ယုံကြည်မလား”
“ဟမ့်” ရွှင်ရှူးက အေးစက်စက်နှာမှုတ်ပြီးသူ့တစ်ကိုယ်လုံး ဒေါသကြောင့်တုန်ရီနေတယ်။
“မင်းသာ ငါဆိုရင်ရောယုံမလား”
“အာ…” ပြောစရာစကားပျောက်သွားပြီး ကူယွဲ့ က ရွှင်ရှူးဆီ သစ်ပင်ကြီးတွန်းလိုက်တယ်။
“ကျွန်တောာ်တို့… သစ်ပင်ကိုပြန်ပေးရင်ရော”
ရွှင်ရှူးအမူအရာက ပိုပြီးမှောင်မည်းလာပြီး အေးစက်စက် ပြန်ပြောတော့တယ်။
“ငါ မင်းတို့ကိုအရေခွံခွာပြီးရင် ငါလည်း မင်းတို့ကိုပြန်ပေးမယ်လေ”
“…” ကူယွဲ့ ဒီမချေပနိုင်တဲ့သဘောတရားကြောင့် ဆွံ့အသွားတယ်။
ဒါပေမဲ့လည်း…။
“ကောင်းပါပြီ၊ ဒါကတကယ်ပဲ ကျွန်တော်တို့အမှားဆိုတာ ဝန်ခံပါတယ်၊ ကျွန်တော်တို့အမှားတွေကို ဝန်ခံဖို့ ငြင်းတဲ့သူမျိုးမဟုတ်ပါဘူး”
ကူယွဲ့က တည်ကြည်စွာပြောတော့တယ်။ သက်ပြင်းမောကြီးချပြီး သူက ရွှင်ရှူးဘက်လှည့် ယဉ်ကျေးပျူငှာစွာ ဂါဝရပြုလိုက်တယ်။
“ဧကရာဇ်ငယ်ရွှင်ရှူး ချမှတ်ချင်တဲ့ ဘယ်ပြစ်ဒဏ်မဆိုလက်ခံပါမယ်”
“ဟမ့် ဒါဆို သေဖို့ပြင်တော့” ရွှင်ရှူးကဓားကိုမြှောက်ပြီး တိုက်ခိုက်ဖို့ ပြင်တယ်။
“ဒါပေမဲ့… မစခင် ရှင်းစရာကိစ္စတစ်ခုရှိပါတယ်” ကူယွဲ့က ရွှင်ရှူးကို တားလိုက်တယ်။
“ဘာလဲ”
ဘေးကိုဖယ်ပြီး တည်ကြည်နေတဲ့ ကူယွဲ့က လက်ကိုမြှောက် အနောက်ဘက်ဆီ လက်ညှိုးထိုးပြတော့တယ်။
“သူက အမတဓားကို ခြေမွှပြီး၊ သစ်ပင်ကိုဆွဲနှုတ် ထွက်ပြေးဖို့ အကြံထုတ်ခဲ့တဲ့သူပါ၊ ရှင်း ကျေးဇူးပြုပြီး သူနဲ့ရှင်းပေးပါ ကျေးဇူးတင်လှပါတယ်”
အဲလိုနဲ့ သူက နောက်ကိုထပ်ဆုတ်ပြီး ကြောင်အမ်းအမ်းဖြစ်နေတဲ့ရှန်းရင်ကို ပြလိုက်တယ်။
ရှန်းရင် ။ ။ “…” ခွေး*သား
ရွှင်ရှူးရဲ့ ဒေါသက သူ့ရှေ့ကလူပေါ် ချက်ချင်းလှည့်သွားတယ်။ ဓားကိုလှည့်ပြီး ရှန်းရင်ဆီ အပြေးဦးတည်တော့တယ်။
“ကောင်းပြီ ငါမင်းကို အရင်ရှင်းရတာပေါ့”
ရှန်းရင် စိတ်ထဲကနေ ကူယွဲ့ကို ကျိန်ဆဲမိတော့တယ်။ အခုတော့ လူတစ်ယောက်က သူတို့အသင်းဖော်ကို ‘နတ်ဘုရားအဆင့်သစ္စာဖောက်’ လို့ခေါ်ချိန် ဘာဆိုလိုလဲဆိုတာ နားလည်သွားခဲ့ပြီ။
တစ်ခဏနေတော့…။
“ဟိုက်၊ ငါပြောတာက… ဥယျာဉ်မှူးရဲဘော်ရယ်၊ ပြေပြေလည်လည် ဆွေးနွေးလို့မရတာ မရှိဘူးလေ၊ နင်မြင်တဲ့အတိုင်းပဲ… နင် ငါ့ကိုဖွင့်ခိုင်းတဲ့ သေတ္တာက အရည်အသွေးက ညံ့တာကိုး၊ အဲဒါကြောင့် ငါ့ကိုအပြစ်တင်လို့ရလို့လား” အသက်ဝ၀ရှူပြီး ရှန်းရင်က စိတ်ရှည်လက်ရှည်အသံနဲ့ ဆက်ပြောတော့တယ်။
“ပြီးတော့ အဲသစ်ပင်၊ ဒါက တကယ်ကို အထင်မှားမှုပါ၊ ဖေဖေနျိုနဲ့ငါ့ကြား ဆက်သွယ်ရေးနည်းနည်း နှောင့်နှေးသွားတာ၊ ငါ ဆွဲနုတ်ဖို့မရည်ရွယ်ခဲ့ပါဘူး၊ တကယ်လို့ နင်စိတ်အနှောင့်အယှက်ဖြစ်နေရင် ငါနင့်အတွက် ပြန်စိုက်ပေးမယ်လေ ဟုတ်ပြီလား၊ ငါတို့အားလုံးက ကျိုးကြောင်းသင့်တဲ့လူတွေပဲ၊ အနိုင်ကျင့်သူတွေ မဟုတ်ဘူးဆိုတာ နင်ပြောနိုင်မှာသေချာပါတယ် ဟုတ်ပြီလား”
ရွှင်ရှူးပါးစပ်တွန့်ချိုးသွားတော့တယ်။ သူ အံကြိတ်နေတဲ့ပုံက တစ်ခုခုကို အသည်းအသန် မျိုသိပ်နေရတဲ့ပုံ။ နောက်ဆုံးတော့ သူ စကားတစ်လုံးထုတ်ပြောနိုင်လာတယ်။
“… ကောင်းပြီ”
“ငါတို့နားလည်မှုရသွားတာ ဝမ်းသာတယ်”
ရှန်းရင် ကျေနပ်စွာခေါင်းညိတ်လိုက်တယ်။
“ဒါဆို အမတဓားနဲ့ပတ်သက်တဲ့ကိစ္စက…”
“… ထားလိုက်တော့”
“သစ်ပင်ကရော”
“ငါ… စိုက်လိုက်မယ်”
“ကောင်းပြီ၊ နင်က တကယ့်ကို ရည်မွန်ပြီး နားလည်နိုင်စွမ်းရှိတဲ့ ဧကရာဇ်ပဲ၊ ကြည့်လေ တည်ငြိမ်တဲ့ဆွေးနွေးမှုနဲ့ ဖြေရှင်းလို့မရတာ မရှိဘူး”
“ပြောချင်လို့…”
“အိုး”
“အခုရင်ဘတ်ပေါ်ကနေ ခြေထောက်ဖယ်ပေးလို့ရမလား”
အဲတော့ သူမရဲ့ ‘တည်ငြိမ်တဲ့ဆွေးနွေးမှု’ ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ‘အရင်ရိုက်၊ ပြီးမှပြော’ ပေါ့။ ဘိုးအေပဲ သူ အခုသေခါနီးဆဲဆဲလို့ တကယ်တွေးနေမိတာ။ ဒီလူက ဘယ်သူလဲ။ သူမခွန်အားက တကယ်ကြောက်ဖို့ကောင်းပြီး သူလုံးဝမတွန်းလှန်နိုင်ခဲ့ဘူး။
“အိုး…” ခြေထောက်ပြန်ရုပ်ပြီး ရှန်းရင်က မြေကြီးပေါ်မှာရှိတဲ့ ဖူးယောင်နေတဲ့မျက်နှာနဲ့လူကို ငုံ့ကြည့်လိုက်တယ်။ တစ်ခဏစဉ်းစားပြီးတော့ သူမ လက်ကမ်းပေးလိုက်တယ်။
“လာ ငါ…”
“မင်း ဘာလုပ်ချင်သေးလို့လဲ”
ရွှင်ရှူးက ကြောက်လန့်တကြား ထအော်ပြီး မျက်နှာက အလောင်းကောင်လိုဖြူဖျော့သွားတယ်။ သူမလက်သီးတွေက သူ့ပေါ်ထပ်ပြီးကြဲချလာတာကို ကြောက်တဲ့ပုံစံနဲ့ အဝေးကိုဆုတ်သွားတယ်။
ရှန်းရင် ။ ။ “…” ငါ နင့်ကိုထူဖို့လုပ်ရုံကို၊ အဲလောက် အသည်းအသန် တုံ့ပြန်ဖို့လိုလို့လား။
ဘေးရပ်ကြည့်နေသူ၂ယောက် ။ ။ “…”
“အဟမ်း အဲဒါ…” ကိစ္စဖြေရှင်းပြီးပြီဆိုတော့ ကူယွဲ့ ခုလေးတင် မျက်မြင်ကြုံခဲ့ရတဲ့ မြင်ကွင်း -ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်အတွက် နည်းနည်းမမျှတဲ့ တစ်ဖက်သတ်ရန်ပွဲ – ကနေ အာရုံကို ပြန်ဆွဲထုတ်လိုက်တယ်။ ချောင်းဟန့်ပြီး သူ ယိချင်းကို တံတောင်နဲ့ တွတ်လိုက်တယ်။
“ငါတို့ ဓားရှာရမှာမလား၊ ဘယ်ကစမလဲ”
တစ်ချက်နှစ်ချက်ရိုက်တာက မဖြေရှင်းနိုင်တာ ဘာမှမရှိဘူးဆိုတာ အမှန်ကိုး။
ယိချင်းက ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
“နေ့လယ်တောင်ရောက်နေပြီ၊ နတ်ဒေဝါဧကရာဇ်ကောယိုး ပြောတာတော့ ယွီဖုန်းအမတမြို့က နေ့လယ်ခင်း ယန်ချီအထွတ်အထိပ်ရောက်နေချိန်မှာ ဘေးအကင်းဆုံးတဲ့၊ ဒါကြောင့်…” သူက နောက်လှည့်ပြီး အမတအုပ်စုကို အကြည့်ဖြတ်သန်းသွားရင်း တည်ငြိမ်နေတယ်။
“ဆရာ၊ ဗိုက်ဆာပြီလား၊ ကျွန်တော်တို့ မထွက်ခွာခင် နေ့လယ်စာအရင်စားကြမလား”
ကူယွဲ့ ။ ။ “…”
ရွှင်ရှူး ။ ။ “…”
တော်လိုက်တဲ့စားဖိုမှူး
…